မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရာများတွင် တွေ့မြင်ရသော ယေဟောဝါ၏ဉာဏ်ပညာ

ဖန်ဆင်းရာများတွင် တွေ့မြင်ရသော ယေဟောဝါ၏ဉာဏ်ပညာ

ဖန်ဆင်းရာများတွင် တွေ့မြင်ရသော ယေဟောဝါ၏ဉာဏ်ပညာ

‘ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် မျက်မြင်မရသော ဘုရားသခင်၏ဂုဏ်ရည်တော်များကို သိမြင်ရ၏။’—ရော. ၁:၂၀

၁။ လောကဉာဏ်ပညာသည် ယနေ့လူများစွာအပေါ် အဘယ်သက်ရောက်မှုရှိသနည်း။

လူတို့သည် “ဉာဏ်ပညာ” ဟူသောစကားလုံးကို လျော့ရဲစွာအသုံးပြုကြသည်။ လူတစ်ဦးသည် အသိပညာအတော်အတန်ဆည်းပူးထားရုံနှင့် သူ့ကို ပညာရှိဟု အချို့ပြောကြသည်။ သို့သော် လောကတွင် ပညာရှိများဟု ယူမှတ်ခံရသူတို့သည် ဘဝ၏စစ်မှန်သောအဓိပ္ပာယ်ကို ရှာတွေ့ရန် ယုံကြည်စိတ်ချထိုက်သည့်လမ်းညွှန်ချက်မပေးကြပါ။ ယင်းအစား ထိုသို့သောသူတို့၏သြဇာလွှမ်းမိုးမှုခံရန် မိမိတို့ကိုယ်ကိုခွင့်ပြုသူတို့သည် “လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသောသွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်းကြ” ပြီးလမ်းဆုံးကြသည်။—ဧ. ၄:၁၄

၂၊ ၃။ (က) အဘယ်ကြောင့် ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” သနည်း။ (ခ) ဘုရားသခင့်ဉာဏ်ပညာသည် လောကဉာဏ်ပညာနှင့် မည်သို့ကွာခြားသနည်း။

စစ်မှန်သောဉာဏ်ပညာ၏ရင်းမြစ်ဖြစ်သူ ယေဟောဝါဘုရားသခင်ထံမှ ဆည်းပူးသူတို့နှင့် ခြားနားလှသည်! ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” သည်ဟုကျမ်းစာဆိုသည်။ (ရော. ၁၆:၂၇) ဖန်ဆင်းခံစကြဝဠာ၊ ယင်းကိုမည်သို့ဖန်ဆင်းခဲ့ပုံနှင့် ယင်း၏သမိုင်းအပါအဝင် အရာခပ်သိမ်းကို ကိုယ်တော်သိရှိတော်မူ၏။ လူတို့သုတေသနပြုရာတွင် အခြေခံရသည့် သဘာဝနိယာမတရားများသည်လည်း ယေဟောဝါပုံစံပြုထားရာများဖြစ်၏။ ထို့ကြောင့် ကိုယ်တော်သည် လူ့တီထွင်မှုများကို အထင်မကြီး၊ အဆင့်မြင့်အတွေးအခေါ်ဟု လူတို့ယူဆသည့် လောကဉာဏ်ပညာကို စိတ်ဝင်စားတော်မမူပါ။ “လောကဉာဏ်ပညာသည် ဘုရားသခင့်ရှေ့တော်၌ မိုက်မဲခြင်းဖြစ်၏။”—၁ ကော. ၃:၁၉

ယေဟောဝါသည် မိမိကျေးကျွန်များအား “ဉာဏ်ပညာကိုပေးတော်မူ” ၏ဟု သမ္မာကျမ်းစာဆိုသည်။ (သု. ၂:၆ကဘ) လူ့အတွေးအခေါ်များနှင့်မတူဘဲ ဘုရားသခင်ထံမှလာသော ဉာဏ်ပညာမူကား မရှင်းမလင်းမဖြစ်ပါ။ သို့အစား ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းကို အလေးပေးတင်ပြပြီး တိကျမှန်ကန်သောအသိပညာနှင့် နားလည်မှုတို့အပေါ် အခြေပြုသည်။ (ယာကုပ် ၃:၁၇ ကိုဖတ်ပါ။) တမန်တော်ပေါလုသည် ယေဟောဝါ၏ဉာဏ်ပညာကို အံ့သြခဲ့သည်။ သူဤသို့ရေးခဲ့သည်– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။” (ရော. ၁၁:၃၃) ယေဟောဝါသည် ဉာဏ်ပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သောကြောင့် ကိုယ်တော့်ပညတ်များသည် ကျွန်ုပ်တို့အား အကောင်းဆုံးဘဝအသက်တာသို့ လမ်းညွှန်ပေးသည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချသည်။ အမှန်တွင် ကျွန်ုပ်တို့ပျော်ရွှင်ရန် အဘယ်အရာလိုအပ်သည်ကို အခြားမည်သူတစ်ဦးတစ်ယောက်ထက်မဆို ယေဟောဝါပို၍သိတော်မူ၏။—သု. ၃:၅၊ ၆

ယေရှု—“ကျွမ်းကျင်လုပ်သား”

၄။ ယေဟောဝါ၏ဉာဏ်ပညာကို ကျွန်ုပ်တို့သိမြင်နိုင်သည့်နည်းတစ်နည်းမှာ အဘယ်နည်း။

ယေဟောဝါ၏ပြိုင်ဘက်ကင်းသော အခြားအရည်အသွေးများနှင့်အတူ ကိုယ်တော်၏ဉာဏ်ပညာကို ကိုယ်တော်ဖန်ဆင်းသည့်လက်ရာများတွင် မြင်တွေ့နိုင်သည်။ (ရောမ ၁:၂၀ ကိုဖတ်ပါ။) အကြီးဆုံးမှ အငယ်ဆုံးအထိဖြစ်သော ယေဟောဝါ၏ဖန်ဆင်းရာလက်ရာများသည် ကိုယ်တော်၏အရည်အသွေးများကို ဖော်ပြ၏။ ကျွန်ုပ်တို့သည် အထက်မိုးကောင်းကင် သို့မဟုတ် မြေကြီးမည်သည့်နေရာကိုပင်ကြည့်ကြည့် ဉာဏ်ပညာအရှိဆုံးနှင့် မေတ္တာရှိသောဖန်ဆင်းရှင်ရှိကြောင်း အထောက်အထားများစွာ တွေ့မြင်ရသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ဖန်ဆင်းရာများကို စဉ်းစားသုံးသပ်ခြင်းဖြင့် ကိုယ်တော့်အကြောင်း များစွာသင်ယူနိုင်ပါသည်။—ဆာ. ၁၉:၁; ဟေရှာ. ၄၀:၂၆

၅၊ ၆။ (က) ဖန်ဆင်းခြင်းတွင် ယေဟောဝါအပြင် အဘယ်သူပါဝင်ခဲ့သနည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း၊ အဘယ်ကြောင့်နည်း။

ယေဟောဝါသည် “ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ” ချိန်တွင် ကိုယ်တော်တစ်ပါးတည်းရှိသည်မဟုတ်ပါ။ (က. ၁:၁) ရုပ်ပိုင်းဆိုင်ရာများမဖန်ဆင်းမီ ကြာမြင့်စွာကပင် ကိုယ်တော်သည် ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးကို ဖန်ဆင်းတော်မူခဲ့ပြီး ထိုပုဂ္ဂိုလ်အားဖြင့် “[အခြား] အရာခပ်သိမ်း” ကိုဖြစ်စေတော်မူကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ထိုဝိညာဉ်ပုဂ္ဂိုလ်သည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်—“ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး”—ဖြစ်ပြီး နောက်ပိုင်းတွင် လူသားယေရှုအဖြစ် ကမ္ဘာပေါ် အသက်ရှင်တော်မူခဲ့သည်။ (ကော. ၁:၁၅-၁၇) ယေဟောဝါကဲ့သို့ပင် ယေရှုသည် ဉာဏ်ပညာပိုင်ဆိုင်တော်မူ၏။ အမှန်တွင် နယပုံပြင်အခန်းကြီး ၈ တွင် ယေရှုကို ဉာဏ်ပညာ၏ပြယုဂ်အဖြစ် ခိုင်းနှိုင်းဖော်ပြခဲ့သည်။ ထိုကျမ်းစာအခန်းကြီးတွင်ပင် ယေရှုကို ဘုရားသခင်၏ “ကျွမ်းကျင်လုပ်သား” အဖြစ်ရည်ညွှန်းထားသည်။—သု. ၈:၁၂၊ ၂၂-၃၁

ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာဖန်ဆင်းရာများက ယေဟောဝါနှင့် ကိုယ်တော်၏ကျွမ်းကျင်လုပ်သားဖြစ်သော ယေရှု၏ဉာဏ်ပညာကို ဖော်ပြသည်။ ယင်းတွင် ကျွန်ုပ်တို့အတွက် အဖိုးတန်သင်ခန်းစာများပါရှိသည်။ နယပုံပြင် ၃၀:၂၄ [ကဘ]-၂၈ တွင် ‘ပင်ကိုအသိဉာဏ်ရှိသော’ ဟုဖော်ပြသည့် ဖန်ဆင်းခံပုံနမူနာလေးခုကို သုံးသပ်ကြည့်ကြစို့။ *

လုံ့လဝီရိယရှိရန်သင်ခန်းစာ

၇၊ ၈။ ပုရွက်ဆိတ်အကြောင်း အဘယ်စိတ်ဝင်စားဖွယ်အချက်များကို သင်တွေ့ရှိသနည်း။

“မြေကြီးပေါ်မှာ သေးနုပ်” သောအရာပင် ၎င်းတို့၏ဒီဇိုင်းပုံစံနှင့် လုပ်ဆောင်မှုများကိုလေ့လာသောအခါ ကျွန်ုပ်တို့ကို သင်ခန်းစာများပေးသည်။ ဥပမာ၊ ပုရွက်ဆိတ်၏ပင်ကိုအသိဉာဏ်ကို သုံးသပ်ကြည့်ပါ။—သု. ၃၀:၂၄၊ ၂၅ ကိုဖတ်ပါ။

သုတေသီအချို့က လူတစ်ယောက်လျှင် ပုရွက်ဆိတ်အကောင် အနည်းဆုံး ၂၀၀,၀၀၀ အချိုးရှိသည်ဟုယုံကြည်သည်၊ ၎င်းတို့အားလုံးသည် မြေပေါ်မြေအောက်တွင် ကြိုးစားအလုပ်လုပ်နေကြသည်။ ပုရွက်ဆိတ်များသည် အုံဖွဲ့နေထိုင်ကြသည်၊ ပုရွက်ဆိတ်အုံအများစုတွင် ဘုရင်မများ၊ အထီးများနှင့် လုပ်သားများဟူ၍ ပုရွက်ဆိတ်အမျိုးအစားသုံးမျိုးတွေ့ရှိနိုင်သည်။ အုပ်စုတစ်ခုစီသည် ပုရွက်ဆိတ်အုံ၏ လိုအပ်ရာများကို အသီးသီးဖြည့်ဆည်းပေးကြသည်။ ထူးခြားသောပုရွက်ဆိတ်တစ်မျိုးဖြစ်သည့် တောင်အမေရိကရှိ ရွက်ဖြတ်ပုရွက်ဆိတ်ကို ကျွမ်းကျင်သောဥယျာဉ်မှူးဟု ခေါ်နိုင်သည်။ ဤအကောင်ငယ်သည် အစားအစာအများဆုံးရရှိစေနိုင်သည့်နည်းများဖြင့် မြေအောက်မှိုဥယျာဉ်များကို မြေသြဇာချ၍ ပြောင်းရွှေ့စိုက်ပျိုးပြီး အခက်အလက်များကိုချိုင်ကြသည်။ ဤကျွမ်းကျင်သော “ဥယျာဉ်မှူး” သည် ပုရွက်ဆိတ်အုံအတွက် လိုအပ်သည့်အစာပမာဏပေါ်မူတည်ပြီး အလိုက်သင့်ကြိုးစားအားထုတ်၍ အလုပ်လုပ်သွားကြောင်းကို သုတေသီများတွေ့ရှိကြသည်။ *

၉၊ ၁၀။ ပုရွက်ဆိတ်များ၏လုံ့လဝီရိယရှိမှုကို ကျွန်ုပ်တို့မည်သို့တုပနိုင်ကြသနည်း။

ကျွန်ုပ်တို့သည် ပုရွက်ဆိတ်များထံမှ သင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရလဒ်ကောင်းရရှိလိုပါက လုံ့လဝီရိယစိုက်ထုတ်ဖို့လိုကြောင်း သင်ပေးသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ပြောသည်– “အချင်းလူပျင်း ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကိုရှာဖွေသိုထားတတ်၏။” (သု. ၆:၆-၈) ယေဟောဝါနှင့် ကိုယ်တော်၏ကျွမ်းကျင်လုပ်သားယေရှုသည် လုံ့လဝီရိယရှိသောပုဂ္ဂိုလ်များဖြစ်ကြသည်။ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်၏။”—ယော. ၅:၁၇

၁၀ ဘုရားသခင်နှင့် ခရစ်တော်ကိုတုပသူများအနေနှင့် ကျွန်ုပ်တို့လည်း လုံ့လဝီရိယရှိသူများဖြစ်သင့်သည်။ ဘုရားသခင့်အဖွဲ့အစည်းတွင် အဘယ်တာဝန်ပင်ရထားပါစေ ကျွန်ုပ်တို့အားလုံးသည် “သခင်၏အမှုတော်တွင် အလုပ်များလျက်” နေသင့်သည်။ (၁ ကော. ၁၅:၅၈) ထို့ကြောင့် ရောမရှိခရစ်ယာန်များအား ပေါလုတိုက်တွန်းခဲ့ရာကို ကျွန်ုပ်တို့လိုက်လျှောက်သင့်သည်– ‘သင်တို့၏လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်။ စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့။ ယေဟောဝါကို အစေခံကြလော့။’ (ရော. ၁၂:၁၁) ယေဟောဝါ၏အလိုတော်ထမ်းဆောင်ခြင်းတွင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် အချည်းနှီးမဖြစ်ပါ၊ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့အာမခံထားသောကြောင့်ဖြစ်သည်– “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။”—ဟေဗြဲ ၆:၁၀

ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ကာကွယ်ခြင်း

၁၁။ ခွေးတူဝက်တူ၏ ထူးခြားချက်အချို့ကို ဖော်ပြပါ။

၁၁ ကျွန်ုပ်တို့အား အရေးကြီးသောသင်ခန်းစာများပေးနိုင်သည့် အတော်အတန်သေးငယ်သောနောက်သတ္တဝါမှာ ရှာဖန်ယုန် [“ခွေးတူဝက်တူ၊” ကဘ] ဖြစ်သည်။ (သု. ၃၀:၂၆ ကိုဖတ်ပါ။) ယင်းသည် ယုန်ကြီးတစ်ကောင်နှင့် အတော်အတန်တူ၏၊ သို့သော် တိုပြီးဝိုင်းသောနားရွက်နှင့် တိုသောခြေထောက်များရှိသည်။ ဤသေးငယ်သောတိရစ္ဆာန်သည် ကျောက်ဆောင်ပေါသောနေရာတွင် နေထိုင်သည်။ ကိုယ့်ကိုယ်ကိုကာကွယ်ရန် ထက်မြက်သောအမြင်အာရုံကို အသုံးပြုသည်၊ အပေါက်များ၊ အက်ကြောင်းများရှိသည့်ကျောက်ဆောင်ပေါသော ၎င်း၏သဘာဝဇာတိမြေသည် သားရဲတိရစ္ဆာန်များရန်မှ လုံခြုံရာအရပ်ဖြစ်စေသည်။ ခွေးတူဝက်တူသည် အနီးကပ်စုပေါင်းအုပ်စုဖွဲ့နေတတ်ရန် ပုံစံပြုခံရသည်၊ ယင်းက ကာကွယ်မှုဖြစ်စေပြီး ဆောင်းကာလတွင် အနွေးဓာတ်ရစေရန်အထောက်အကူပြုသည်။ *

၁၂၊ ၁၃။ ခွေးတူဝက်တူမှ အဘယ်သင်ခန်းစာများ သင်ယူနိုင်သနည်း။

၁၂ ခွေးတူဝက်တူသတ္တဝါမှ အဘယ်အရာသင်ယူနိုင်သနည်း။ ဦးစွာ ယင်းတိရစ္ဆာန်သည် တိုက်ခိုက်မခံရအောင်နေကြောင်း သတိပြုပါ။ ယင်းအစား၊ အဝေးတွင်ရှိသော သားရဲတိရစ္ဆာန်များကို မြင်ရန် မိမိ၏ထက်မြက်သောအမြင်အာရုံကို အကျိုးရှိရှိအသုံးပြုသည်၊ လုံခြုံရာအရပ်ဖြစ်နိုင်သည့် အပေါက်များနှင့် အက်ကြောင်းများနေရာအနီးတွင် နေထိုင်သည်။ အလားတူပင် ကျွန်ုပ်တို့သည် စာတန့်လောကတွင် ကြုံတွေ့တတ်သည့်အန္တရာယ်များကို သိမြင်နိုင်ရန် နိုးနိုးကြားကြားရှိနေဖို့လိုသည်။ တမန်တော်ပေတရုသည် ခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့သည်– ‘သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကိုမျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။’ (၁ ပေ. ၅:၈) ယေရှု မြေကြီးပေါ်ရှိခဲ့ချိန်တွင် သတိရှိလျက်နိုးကြားနေတော်မူခဲ့သည်၊ ကိုယ်တော်သည် မိမိ၏သမာဓိစောင့်သိမှုကို ချိုးဖျက်ရန် စာတန်၏သွေးဆောင်မှုမှန်သမျှကို သတိထားပြီးနေခဲ့သည်။ (မ. ၄:၁-၁၁) ယေရှုသည် မိမိနောက်လိုက်များအတွက် ကောင်းသောပုံသက်သေပင်။

၁၃ သတိရှိလျက်နိုးကြားနေနိုင်သည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့ရရှိနိုင်အောင် ယေဟောဝါပြုလုပ်ပေးထားသည့် ဝိညာဉ်ရေးကာကွယ်မှုမှ အကျိုးရယူခြင်းဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်တော်ကိုလေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းတို့ကို လျစ်လျူမရှုသင့်ပါ။ (လု. ၄:၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ပြင် ခွေးတူဝက်တူသတ္တဝါသည် အနီးကပ်စုပေါင်းအုပ်စုဖွဲ့နေတတ်သကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်ယာန်ချင်းများနှင့် “အပြန်အလှန် အားပေးခွင့်” ရနိုင်ရန် သူတို့နှင့်အနီးကပ်နေထိုင်ဖို့လိုသည်။ (ရော. ၁:၁၂) ယေဟောဝါ၏ကာကွယ်ပေးမှုရရှိရန် ကျွန်ုပ်တို့ပြုလုပ်ရမည့်အရာကို ပြုလုပ်ခြင်းအားဖြင့် ဤသို့ရေးသားခဲ့သောဆာလံဆရာဒါဝိဒ်နှင့် သဘောတူကြောင်း တင်ပြရာရောက်သည်– ‘ယေဟောဝါသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရားသခင်၊ ငါကိုးစားသောအစွမ်းသတ္တိ’ ဖြစ်တော်မူသည်။—ဆာ. ၁၈:၂

ဆန့်ကျင်မှုကြား စွဲမြဲစွာလုပ်ဆောင်ခြင်း

၁၄။ ကျိုင်းကောင်တစ်ကောင်သည် စွဲမှတ်စရာမကောင်းသော်လည်း ကျိုင်းကောင်အုပ်ကိုကား မည်သို့ပြောနိုင်သနည်း။

၁၄ ကျိုင်းကောင်မှလည်း သင်ခန်းစာယူနိုင်သည်။ အရှည်နှစ်လက်မခန့်သာရှိသော ကျိုင်းကောင်တစ်ကောင်သည် စွဲမှတ်စရာမကောင်းဘဲရှိပေမည်၊ သို့သော် ကျိုင်းကောင်အုပ်မူကား အံ့ဖွယ်ကောင်း၏။ (သု. ၃၀:၂၇ ကိုဖတ်ပါ။) အာသာငမ်းငမ်းစားလိုစိတ်ပြင်းပြခြင်းကြောင့် လူသိများသည့် မမောနိုင်မပန်းနိုင်သောဤအင်းဆက်အုပ်သည် ရိတ်သိမ်းရန်အသင့်ဖြစ်နေသောလယ်ပြင်ကို တစ်မဟုတ်ချင်းတွင် ဖျက်ဆီးပစ်နိုင်သည်။ သမ္မာကျမ်းစာက ကျိုင်းကောင်များအပါအဝင် အင်းဆက်များ အုပ်စုလိုက်ချဉ်းကပ်လာသံကို ရထားမြည်သံ၊ အမှိုက်ကိုလောင်သောမီးမြည်သံနှင့် နှိုင်းယှဉ်ထားသည်။ (ယောလ ၂:၃၊) လူတို့သည် ကျိုင်းကောင်အုပ်၏ချီတက်လာမှုကို ရပ်တန့်စေဖို့ကြိုးစားရာတွင် မီးရှို့ခဲ့ကြသည်၊ သို့သော် ယင်းသည် များသောအားဖြင့် ထိရောက်မှုမရှိပါ။ အဘယ်ကြောင့်နည်း။ မီးထိသေသွားသောကျိုင်းကောင်များ၏ခန္ဓာကိုယ်များကြောင့် မီးငြိမ်းသွား၏၊ ထို့နောက် ကျန်ရှိသည့်ကျိုင်းကောင်အုပ်သည် ဟန့်တား၍မရအောင် ဆက်၍ချီတက်လာသည်။ ဘုရင် သို့မဟုတ် ခေါင်းဆောင်မရှိသည့်တိုင် ကျိုင်းကောင်အုပ်တစ်အုပ်သည် အတားအဆီးအားလုံးနီးပါးကို အောင်မြင်ကျော်လွှားခြင်းဖြင့် ကောင်းစွာဖွဲ့စည်းထားသောစစ်တပ်တစ်တပ်ကဲ့သို့ လုပ်ဆောင်သည်။ *ယောလ ၂:၂၅

၁၅၊ ၁၆။ မျက်မှောက်ခေတ် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် ကျိုင်းကောင်အုပ်နှင့် မည်သို့တူကြသနည်း။

၁၅ ပရောဖက်ယောလသည် ယေဟောဝါကျေးကျွန်များ၏လုပ်ဆောင်မှုကို ကျိုင်းကောင်များ၏လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်ခဲ့သည်။ သူဤသို့ရေးခဲ့သည်– “သူတို့သည် သူရဲကဲ့သို့ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကိုတက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီးမိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။ တစ်ဦးကိုတစ်ဦးမတိုက်ဘဲ မိမိလမ်းသို့မိမိလိုက်ကြလိမ့်မည်။ ဓားသွားကိုထိသော်လည်း ရှနခြင်းကိုမခံရကြ။”—ယောလ ၂:၇၊ ၈

၁၆ ယင်းပရောဖက်ပြုချက်သည် မျက်မှောက်ခေတ် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများကို ကောင်းစွာပုံဖော်ပြသည်! မည်သည့်ဆန့်ကျင်မှု “မြို့ရိုး” ကမျှ သူတို့၏ဟောပြောခြင်းကို မရပ်တန့်စေနိုင်ပါ။ ယင်းအစား၊ များစွာသောသူတို့၏ မထီမဲ့မြင်ပြုမှုကိုခံခဲ့ရသည့်တိုင် ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းတွင်စွဲမြဲခဲ့သူ ယေရှုကို သူတို့တုပကြသည်။ (ဟေရှာ. ၅၃:၃) မှန်ပါသည်၊ အချို့သောခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းကြောင့် အသေသတ်ခံရခြင်းဖြင့် “ဓားသွားကိုထိ” ခဲ့ကြသည်။ သို့တိုင် ဟောပြောခြင်းလုပ်ငန်းသည် ဆက်ရှိနေပြီး ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအရေအတွက်မှာ တိုးများလျက်ရှိသည်။ အမှန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို အခြားမည်သည့်နည်းဖြင့်မျှ ကြားရမည်မဟုတ်သောသူတို့ထံ သတင်းကောင်းရောက်သွားလေ့ရှိသည်။ (တ. ၈:၁၊) သင့်ကိုယ်ပိုင်ဓမ္မအမှုတွင် လျစ်လျူရှုမှု၊ ဆန့်ကျင်မှုများရင်ဆိုင်ရသည့်တိုင် ကျိုင်းကောင်ကဲ့သို့ စွဲစွဲမြဲမြဲလုပ်ဆောင်ပါသလော။—ဟေဗြဲ ၁၀:၃၉

‘ကောင်းသောအရာကို မှီဝဲကြ’

၁၇။ တောက်တဲ့၏ခြေချောင်းသည် ချောမွတ်သောမျက်နှာပြင်တွင် အဘယ်ကြောင့်တွယ်ကပ်နေသနည်း။

၁၇ သေးငယ်သောအိမ်မြှောင် [“တောက်တဲ့၊” ကဘ] သည် ဆွဲငင်အားကို လွန်ဆန်နေပုံရသည်။ (သု. ၃၀:၂၈ ကိုဖတ်ပါ။) အမှန်တွင် ဤသေးငယ်သောသတ္တဝါသည် နံရံများတွင်ပြေးတက်နိုင်ပြီး ချောမွတ်သောမျက်နှာကြက်တွင် အောက်မကျဘဲ ဖြတ်သန်းခြင်းပင်ပြုနိုင်စွမ်းရှိသည်ကို သိပ္ပံညာရှင်များအံ့သြခဲ့ကြသည်။ တောက်တဲ့သည် ယင်းသို့မည်သို့လုပ်နိုင်သနည်း။ လျှို့ဝှက်ချက်မှာ စုပ်ခွက်များ သို့မဟုတ် တစ်စုံတစ်ရာသောကော်အမျိုးအစားကြောင့် မဟုတ်ပါ။ ယင်းအစား၊ တောက်တဲ့၏ခြေချောင်းခြေဖဝါးတွင် ဆံခြည်မျှင်နှင့်တူသော ကားထွက်နေသည့်ရိုးတံများ ထောင်နှင့်ချီပါရှိသည်။ တစ်ဖန် ယင်းကားထွက်သည့်အရာတစ်ခုစီတွင် ထိပ်ဖျားသည် လက်ဖက်ရည်ပန်းကန်ပြားပုံစံဖြင့် အမျှင်ရာနှင့်ချီရှိသည်။ ယင်းအမျှင်များအားလုံးမှ မော်လီကျူးကြားရှိ သက်ရောက်အားသည် မှန်မျက်နှာပြင်တွင် ဇောက်ထိုးဖြင့် ပေါ့ပါးလျင်မြန်စွာဖြတ်သွားသည့်အခါတွင်ပင် တောက်တဲ့၏ကိုယ်အလေးချိန်ထက်ပိုသောအလေးကို လုံလောက်စွာပင့်စေသည်။ တောက်တဲ့၏ခြေချောင်းကို တုပပြုလုပ်သောပစ္စည်းများသည် အားကောင်းလှသောကော်အဖြစ် အသုံးပြုနိုင်သည်ဟု တောက်တဲ့၏စွမ်းရည်ကို စိတ်ဝင်စားသောသုတေသီများက ပြောကြသည်။ *

၁၈။ ကျွန်ုပ်တို့သည် အစဉ်အမြဲ ‘ကောင်းသောအရာကို မှီဝဲ’ ကြောင်း မည်သို့ပြုလုပ်နိုင်သနည်း။

၁၈ တောက်တဲ့ထံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့တိုက်တွန်းထားသည်– ‘ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းသောအရာကို မှီဝဲကြလော့။’ (ရော. ၁၂:၉) စာတန့်လောကတွင်ပျံ့နှံ့နေသည့် မကောင်းသောသြဇာလွှမ်းမိုးမှုများက ကျမ်းစာမူများဆုပ်ကိုင်ခြင်းကို လျော့သွားစေနိုင်သည်။ ဥပမာ၊ ကျောင်းတွင်၊ အလုပ်တွင် သို့မဟုတ် မသင့်လျော်သောဖျော်ဖြေမှုပုံစံတချို့မှတစ်ဆင့် ဘုရားသခင့်ပညတ်များကို မကိုင်စွဲသူတို့နှင့်ပေါင်းသင်းခြင်းက မှန်ရာကိုလုပ်ရန် ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်မှုကို ထိခိုက်နိုင်သည်။ သင့်ကိုယ်သင် ထိုသို့ဖြစ်ခွင့်မပြုပါနှင့်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့သတိပေးသည်– “ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။” (သု. ၃:၇) ယင်းအစား၊ ရှေးအချိန်က ဘုရားသခင့်လူမျိုးတော်ကို မောရှေပေးခဲ့သည့်ပညာရှိဤအကြံပေးချက်ကို လိုက်လျှောက်ပါ– ‘သင်၏ဘုရားသခင် ယေဟောဝါကိုကြောက်ရွံ့၍ အမှုတော်ကိုဆောင်ရွက်ရမည်။ ကိုယ်တော်၌မှီခိုရမည်။’ (တရား. ၁၀:၂၀) ယေဟောဝါ၌မှီခိုခြင်းဖြင့် ကျွန်ုပ်တို့သည် ယေရှုကို တုပကြမည်၊ ယေရှုနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်– “သင်သည် ဖြောင့်မတ်ခြင်းကိုချစ်၍ မတရားမှုကို မုန်း၏။”—ဟေဗြဲ ၁:၉

ဖန်ဆင်းရာများမှ သင်ခန်းစာများ

၁၉။ (က) ဖန်ဆင်းရာများတွင် ယေဟောဝါ၏အဘယ်အရည်အသွေးများကို သင်မြင်တွေ့ရသနည်း။ (ခ) ဘုရားသခင့်ဉာဏ်ပညာက ကျွန်ုပ်တို့အား မည်သို့အကျိုးပြုနိုင်သနည်း။

၁၉ ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း ယေဟောဝါ၏အရည်အသွေးများသည် ကိုယ်တော်ပြုလုပ်သည့်အရာများတွင် အထင်အရှားမြင်တွေ့ရပြီး ကိုယ်တော့်ဖန်ဆင်းရာများကလည်း အဖိုးတန်သင်ခန်းစာများပေးသည်။ ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာများကို ရှာဖွေတွေ့ရှိလေ ကိုယ်တော်၏ဉာဏ်ပညာကို ပို၍အံ့သြလေဖြစ်သည်။ ဘုရားသခင့်ဉာဏ်ပညာကို အာရုံစိုက်ခြင်းက ယခုအချိန်တွင် ကျွန်ုပ်တို့အား ပို၍ပျော်ရွှင်စေမည်ဖြစ်ပြီး အနာဂတ်တွင် ကာကွယ်ခံရကြမည်ဖြစ်သည်။ (ဒေ. ၇:၁၂) မှန်ပါသည်၊ နယပုံပြင် ၃:၁၃၊ ၁၈ တွင်တွေ့ရသော စကားများမှန်ကန်ကြောင်း ကျွန်ုပ်တို့ကိုယ်တိုင်တွေ့ကြုံရပါလိမ့်မည်၊ ယင်းကျမ်းချက်တွင် ဤသို့ဖော်ပြသည်– “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည်မင်္ဂလာရှိ၏။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အထူးသဖြင့် လူငယ်မောင်မယ်များသည် ဖော်ပြသွားမည့်အောက်ခြေရည်ညွှန်းချက်များကို ရှာဖွေနိုင်ပြီး အသင်းတော်တွင် ကင်းမျှော်စင်သင်တန်း၌ ဤဆောင်းပါးဆွေးနွေးသည့်အခါ မိမိတို့ရှာဖွေတွေ့ရှိချက်များကို မှတ်ချက်ပေးနိုင်သည်။

^ အပိုဒ်၊ 8 ရွက်ဖြတ်ပုရွက်ဆိတ်နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များအတွက် နိုးလော့! မတ် ၈၊ ၁၉၉၈၊ စာမျက်နှာ ၂၃ နှင့် မေ ၈၊ ၂၀၀၃၊ စာမျက်နှာ ၂၃ တို့တွင်ကြည့်ပါ။

^ အပိုဒ်၊ 11 ခွေးတူဝက်တူနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် နိုးလော့! စက်တင်ဘာ ၈၊ ၁၉၉၀၊ စာမျက်နှာ ၁၅-၁၆ [လိပ်] ကိုကြည့်ပါ။

^ အပိုဒ်၊ 14 ကျိုင်းကောင်နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် နိုးလော့! အောက်တိုဘာ ၂၂၊ ၁၉၇၆၊ စာမျက်နှာ ၁၁ [လိပ်] ကိုကြည့်ပါ။

^ အပိုဒ်၊ 17 တောက်တဲ့နှင့်ပတ်သက်သော ထပ်ဆင့်အချက်အလက်များအတွက် နိုးလော့! ဧပြီ၊ ၂၀၀၈၊ စာမျက်နှာ ၂၆ [လိပ်] တွင်ကြည့်ပါ။

သင်မှတ်မိသလော

• ပုရွက်ဆိတ်

• ခွေးတူဝက်တူ

• ကျိုင်းကောင်

• တောက်တဲ့

ထံမှ အဘယ်လက်တွေ့ကျသင်ခန်းစာ ရရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သင်သည် ရွက်ဖြတ်ပုရွက်ဆိတ်များကဲ့သို့ လုံ့လဝီရိယရှိသလော

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ခွေးတူဝက်တူသတ္တဝါသည် အနီးကပ် စုပေါင်းအုပ်စုဖွဲ့နေခြင်းဖြင့် ကာကွယ်မှုရရှိသည်။ သင်သည် အလားတူပြုပါသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျိုင်းကောင်များကဲ့သို့ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် စွဲစွဲမြဲမြဲလုပ်ဆောင်ကြကြောင်းတင်ပြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တောက်တဲ့သည် မျက်နှာပြင်တွင် တွယ်ကပ်သကဲ့သို့ ခရစ်ယာန်များသည် ကောင်းသောအရာ၌ မှီဝဲကြ

[Credit Line]

Stockbyte/Getty Images