မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာ၍ကြီးမြတ်သောဒါဝိဒ်၊ သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သူယေရှုကို တန်ဖိုးထားလေးမြတ်ခြင်း

သာ၍ကြီးမြတ်သောဒါဝိဒ်၊ သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သူယေရှုကို တန်ဖိုးထားလေးမြတ်ခြင်း

သာ၍ကြီးမြတ်သောဒါဝိဒ်၊ သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သူယေရှုကို တန်ဖိုးထားလေးမြတ်ခြင်း

“ဤနေရာတွင်ကား ရှောလမုန်ထက် သာ၍ကြီးမြတ်သူရှိ၏။”—မ. ၁၂:၄၂

၁၊ ၂။ ဒါဝိဒ်အား ဘုရင်အဖြစ်ဘိသိက်ပေးရန် ရှမွေလညွှန်ကြားခံရသည့်အခါ လူ့ရှုထောင့်မှကြည့်လျှင် အဘယ်ကြောင့်အံ့အားသင့်စရာဖြစ်သနည်း။

သူသည် ဘုရင်တစ်ပါးပုံစံမျိုး မထွက်ပါ။ ပရောဖက်ရှမွေလ၏အမြင်တွင် လူငယ်သိုးကျောင်းသားလေးထက် ဘာမျှမပိုပေ။ ထို့ပြင် သူ၏ဇာတိမြို့ဖြစ်သော ဗက်လင်မြို့သည် ထင်ရှားကျော်ကြားသောမြို့မဟုတ်ပါ။ ယင်းကို ‘ယုဒမြို့တို့တွင် မြို့ငယ်’ ဖြစ်သည်ဟု ဖော်ပြထားသည်။ (မိ. ၅:၂) သို့သော် မြို့ငယ်လေးတစ်မြို့မှ အရေးပါပုံမရသော ယင်းလူငယ်လေးသည် အနာဂတ်ဣသရေလဘုရင်အဖြစ် ပရောဖက်ရှမွေလ၏ ဘိသိက်ပေးမှုကို ခံရတော့မည်ဖြစ်သည်။

လူငယ်ဒါဝိဒ်သည် ဘိသိက်ပေးမှုကိုခံယူရန် ရှမွေလထံသို့ ဖခင်ဖြစ်သူယေရှဲ ဦးဆုံးခေါ်ဆောင်လာခဲ့သူမဟုတ်ပါ၊ ဒုတိယ သို့မဟုတ် တတိယအနေနှင့် ခေါ်ဆောင်ခံရသူလည်းမဟုတ်ပါ။ တည်ကြည်သူယေရှဲ၏ သားများထဲမှတစ်ဦးကို တိုင်းပြည်၏ နောက်တက်မည့်ဘုရင်အဖြစ်ဘိသိက်ပေးရန် ယေရှဲ၏အိမ်သို့ ရှမွေလရောက်ရှိချိန်တွင် ယေရှဲ၏သားရှစ်ယောက်တွင် အငယ်ဆုံးဖြစ်သောဒါဝိဒ်သည် အိမ်၌ပင်မရှိချေ။ သို့သော် ဒါဝိဒ်သည် ယေဟောဝါရွေးချယ်သူဖြစ်ပြီး ယင်းသည် အရေးအကြီးဆုံးဖြစ်သည်။—၁ ရာ. ၁၆:၁-၁၀

၃။ (က) ယေဟောဝါသည် လူတစ်ဦးတစ်ယောက်ကို စစ်ဆေးသည့်အခါ အဘယ်အရာကို အရေးအကြီးဆုံးအရာအဖြစ် ရှုမြင်သနည်း။ (ခ) ဒါဝိဒ်အားဘိသိက်ပေးပြီးနောက် သူ့အပေါ် အဘယ်အရာသက်ရောက်လာခဲ့သနည်း။

ရှမွေလမမြင်နိုင်သည့်အရာကို ယေဟောဝါမြင်တော်မူခဲ့သည်။ ဒါဝိဒ်၏နှလုံးအခြေအနေကို ဘုရားသခင်သိတော်မူခဲ့ပြီး ယင်းကို ကိုယ်တော်နှစ်သက်တော်မူခဲ့သည်။ ဘုရားသခင်အဖို့ အရေးအကြီးဆုံးမှာ အပြင်ပန်းအသွင်အပြင်မျှသာမဟုတ်ဘဲ အဘယ်လူစားမျိုးဖြစ်သည်ဟူသော အတွင်းစိတ်ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၇ ကိုဖတ်ပါ။) ထို့ကြောင့် ယေဟောဝါသည် ယေရှဲ၏သားအကြီးခုနစ်ဦးကို မည်သူ့ကိုမျှမရွေးကြောင်း ရှမွေလသိသည့်အခါ အငယ်ဆုံးသားကို စားကျက်မှခေါ်ခဲ့ရန် တောင်းဆိုခဲ့သည်။ မှတ်တမ်းက ဤသို့ဆို၏– ယေရှဲသည် လူကို ‘စေလွှတ်၍ [ဒါဝိဒ်] ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်းရှိ၏။ ယေဟောဝါက ဤသူပေတည်း။ ထ၍ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။ ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ယေဟောဝါ၏စွမ်းအားတော်သည် ဒါဝိဒ်အပေါ်မှာသက်ရောက်လေ၏။’—၁ ရာ. ၁၆:၁၂၊ ၁၃

ဒါဝိဒ်သည် ခရစ်တော်၏ ရှေ့ပြေးပုံရိပ်ဖြစ်

၄၊ ၅။ (က) ဒါဝိဒ်နှင့်ယေရှု၏ ဆင်တူချက်အချို့ကိုဖော်ပြပါ။ (ခ) ယေရှုကို သာ၍ကြီးမြတ်သောဒါဝိဒ်ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်သနည်း။

ယေရှုသည် ဒါဝိဒ်ကဲ့သို့ပင် ဗက်လင်မြို့၌ မွေးဖွားခဲ့သည်၊ ဒါဝိဒ်မွေးပြီး နှစ်ပေါင်း ၁,၁၀၀ ခန့်တွင်ဖြစ်သည်။ လူအများ၏အမြင်တွင် ယေရှုသည်လည်း ဘုရင်တစ်ပါးပုံစံမျိုးမထွက်ပါ။ ကိုယ်တော်သည် ဣသရေလလူများစွာမျှော်လင့်ခဲ့သည့် ဘုရင်ပုံစံမျိုးမဟုတ်ခဲ့ပါ။ သို့တိုင် ဒါဝိဒ်ကဲ့သို့ပင် ကိုယ်တော်သည် ယေဟောဝါရွေးချယ်သူဖြစ်သည်။ ဒါဝိဒ်ကဲ့သို့ပင် ကိုယ်တော်သည် ယေဟောဝါနှစ်သက်မြတ်နိုးသူဖြစ်သည်။ * (လု. ၃:၂၂) ယေရှု၏အဖြစ်တွင်လည်း ‘ယေဟောဝါ၏စွမ်းအားတော်သည် ကိုယ်တော့်အပေါ်မှာ သက်ရောက်လေသည်။’

ဒါဝိဒ်နှင့်ယေရှုတွင် ဆင်တူချက်များစွာရှိသေးသည်။ ဥပမာ၊ ဒါဝိဒ်သည် မိမိ၏အကြံပေးအရာရှိ အဟိသောဖေလ၏ သစ္စာဖောက်မှုကိုခံခဲ့ရပြီး ယေရှုသည် မိမိ၏တမန်တော် ယုဒရှကာရုတ်၏သစ္စာဖောက်မှုကို ခံခဲ့ရသည်။ (ဆာ. ၄၁:၉; ယော. ၁၃:၁၈) ဒါဝိဒ်နှင့်ယေရှုနှစ်ဦးစလုံးသည် ယေဟောဝါအားဝတ်ပြုရာနေရာအတွက် စိတ်ထက်သန်ခဲ့ကြသည်။ (ဆာ. ၂၇:၄; ၆၉:၉; ယော. ၂:၁၇) ယေရှုသည် ဒါဝိဒ်၏အမွေခံလည်းဖြစ်သည်။ ယေရှုမမွေးဖွားမီ ကောင်းကင်တမန်က မယ်တော်အား ဤသို့ဆိုခဲ့၏– “သူ့အဖ ဒါဝိဒ်၏ရာဇပလ္လင်ကို ယေဟောဝါဘုရားသခင်သည် သူ့အားပေးတော်မူမည်။” (လု. ၁:၃၂; မ. ၁:၁) သို့သော် မေရှိယနှင့်ဆိုင်သောကတိတော်အားလုံး ယေရှုတွင်ပြည့်စုံသောကြောင့် ကိုယ်တော်သည် ဒါဝိဒ်ထက်သာ၍ကြီးမြတ်သည်။ ကိုယ်တော်သည် သာ၍ကြီးမြတ်သောဒါဝိဒ်၊ ကြာရှည်စွာမျှော်လင့်ခဲ့ကြသော မေရှိယဘုရင်ဖြစ်သည်။—ယော. ၇:၄၂

သိုးထိန်း-ဘုရင်နောက် လိုက်ပါ

၆။ ဒါဝိဒ်သည် အဘယ်နည်းများဖြင့် သိုးထိန်းကောင်းတစ်ဦးဖြစ်ခဲ့သနည်း။

ယေရှုသည် သိုးထိန်းတစ်ဦးလည်းဖြစ်တော်မူ၏။ သိုးထိန်းကောင်းတစ်ဦး၏ သွင်ပြင်လက္ခဏာများမှာ အဘယ်နည်း။ မိမိ၏သိုးအုပ်ကို တည်ကြည်စွာ၊ သတ္တိရှိစွာ ထိန်းကျောင်း၊ ကျွေးမွေး၊ စောင့်ရှောက်သူဖြစ်သည်။ (ဆာ. ၂၃:၂-၄) ငယ်စဉ်အချိန်က ဒါဝိဒ်သည် သိုးထိန်းတစ်ဦးဖြစ်ပြီး ဖခင်၏သိုးများကို ကောင်းစွာကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ခြင်္သေ့တစ်ကောင်နှင့် ဝံတစ်ကောင်သည် သိုးအုပ်ကိုရန်ပြုသည့်အခါ မိမိ၏အသက်အန္တရာယ်ရှိသည့်ကြားမှ သိုးတို့ကိုကာကွယ်ရန် ရဲစွမ်းသတ္တိရှိခဲ့သည်။—၁ ရာ. ၁၇:၃၄၊ ၃၅

၇။ (က) ဘုရင်အဖြစ် မိမိ၏တာဝန်များအတွက် ဒါဝိဒ်ကို အဘယ်အရာက ပြင်ဆင်ပေးခဲ့သနည်း။ (ခ) ယေရှုသည် သိုးထိန်းကောင်းဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။

ကွင်းပြင်များတွင်နှင့် တောင်ကုန်းများတွင် သိုးတို့ကိုထိန်းကျောင်းရင်း ဒါဝိဒ်ကုန်လွန်ခဲ့သည့်နှစ်များသည် ဣသရေလလူမျိုးကို ထိန်းကျောင်းရာတွင်လိုအပ်သော တာဝန်ဝတ္တရားများအတွက် ပြင်ဆင်ပေးခဲ့သည်။ * (ဆာ. ၇၈:၇၀၊ ၇၁) ယေရှုသည်လည်း စံပြသိုးထိန်းကောင်းဖြစ်ကြောင်း သက်သေထူခဲ့သည်။ ကိုယ်တော်သည် မိမိ၏ “သိုးစုငယ်” နှင့် “အခြားသိုးများ” ကို ထိန်းကျောင်းရာတွင် ယေဟောဝါထံမှ ခွန်အားနှင့်လမ်းညွှန်မှုရယူသည်။ (လု. ၁၂:၃၂; ယော. ၁၀:၁၆) ထို့ကြောင့် ယေရှုသည် သိုးထိန်းကောင်းဖြစ်သည်။ ကိုယ်တော်သည် မိမိသိုးအုပ်ကို ကောင်းစွာသိကျွမ်းသောကြောင့် သိုးတို့ကို နာမည်ဖြင့်ခေါ်သည်။ မိမိ၏သိုးတို့ကို အလွန်ချစ်မြတ်နိုးသောကြောင့် ကိုယ်တော်သည် မြေကြီးပေါ်ရှိစဉ် သိုးတို့အကျိုးအတွက် လိုလိုလားလားစွန့်လွှတ်အနစ်နာခံခဲ့သည်။ (ယော. ၁၀:၃၊ ၁၁၊ ၁၄၊ ၁၅) သိုးထိန်းကောင်းအနေနှင့် ယေရှုသည် ဒါဝိဒ်ဘယ်တော့မှမပြုလုပ်နိုင်ရာကို ပြီးမြောက်အောင်ဆောင်ရွက်တော်မူသည်။ ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်သည် လူသားတို့အား အပြစ်မှလွတ်မြောက်ရန် လမ်းပွင့်ခဲ့သည်။ ကိုယ်တော်သည် “သိုးစုငယ်” ကို မသေနိုင်သောကောင်းကင်အသက်တာသို့ ထိန်းကျောင်းခေါ်ဆောင်ခြင်းကိုနှင့် ကိုယ်တော်၏ “အခြားသိုးများ” ကို ဝံပုလွေနှင့်တူသောသားရဲများရန်မှကင်းဝေးသည့် ဖြောင့်မတ်ခြင်းတည်ရာကမ္ဘာသစ်တွင် ထာဝရအသက်ရရန် ဦးဆောင်ခေါ်သွားခြင်းကို မည်သည့်အရာကမျှ ရပ်တန့်စေနိုင်မည်မဟုတ်ပါ။ယောဟန် ၁၀:၂၇-၂၉ ကိုဖတ်ပါ။

အောင်မြင်လျက်ရှိသောဘုရင်နောက် လိုက်ပါ

၈။ ဒါဝိဒ်သည် အောင်မြင်သောဘုရင်တစ်ပါးဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။

ဘုရင်အနေနှင့် ဒါဝိဒ်သည် ဘုရားသခင့်လူမျိုး၏ပြည်တော်ကိုကာကွယ်ခဲ့သူ ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်ဦးဖြစ်ခဲ့ပြီး ‘ဒါဝိဒ်သွားလေရာရာ၌ ယေဟောဝါစောင့်မတော်မူ၏။’ ဒါဝိဒ်၏ဦးဆောင်မှုအောက်တွင် နိုင်ငံနယ်နိမိတ်သည် အီဂျစ်မြစ်နားမှ ဥဖရတ်မြစ်နားတိုင်အောင် ကျယ်ဝန်းခဲ့သည်။ (၂ ရာ. ၈:၁-၁၄) ယေဟောဝါ၏ခွန်အားဖြင့် ဒါဝိဒ်သည် တန်ခိုးအကြီးမားဆုံးဘုရင်ဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– ‘ဒါဝိဒ်သတင်းသည် အတိုင်းတိုင်းအပြည်ပြည်တို့၌ နှံ့ပြား၍ ခပ်သိမ်းသောလူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှာ ယေဟောဝါစီရင်တော်မူ၏။’—၅ ရာ. ၁၄:၁၇

၉။ မင်းလောင်းအနေနှင့်ယေရှုသည် အောင်မြင်သူတစ်ဦးမည်သို့ဖြစ်သည်ကို ရှင်းပြပါ။

ဘုရင်ဒါဝိဒ်ကဲ့သို့ လူသားယေရှုသည် ရဲစွမ်းသတ္တိရှိသူဖြစ်သည်။ မင်းလောင်းအနေနှင့် ကိုယ်တော်သည် နတ်ဆိုးစွဲနေသူတို့ကို ကယ်လွှတ်ပေးခြင်းဖြင့် နတ်ဆိုးများအပေါ် မိမိ၏အခွင့်အာဏာကိုပြခဲ့သည်။ (မာ. ၅:၂၊ ၆-၁၃; လု. ၄:၃၆) အဓိကရန်သူဖြစ်သောစာတန်ပင်လျှင် ကိုယ်တော့်ကို မချုပ်ကိုင်နိုင်ခဲ့ပါ။ ယေဟောဝါ၏ထောက်မမှုဖြင့် ယေရှုသည် စာတန့်ဩဇာအောက်တွင်ရှိသော လောကကိုအောင်ခဲ့သည်။—ယော. ၁၄:၃၀; ၁၆:၃၃; ၁ ယော. ၅:၁၉

၁၀၊ ၁၁။ ကောင်းကင်တွင် စစ်သူကြီးဘုရင်အဖြစ် ယေရှု၏အခန်းကဏ္ဍမှာ အဘယ်နည်း။

၁၀ ယေရှုသေဆုံးကာ ရှင်ပြန်ထမြောက်ပြီးနောက် နှစ်ပေါင်း ၆၀ ခန့်အကြာတွင် ကောင်းကင်တွင်စစ်သူကြီးဘုရင်အနေနှင့် ယေရှု၏အခန်းကဏ္ဍဆိုင်ရာ ပရောဖက်ပြုချက်စိတ်အာရုံတစ်ခုကို တမန်တော်ယောဟန်ရရှိခဲ့သည်။ ယောဟန်ဤသို့ရေး၏– “ထိုအခါ ငါကြည့်လိုက်သော် မြင်းဖြူတစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲသည် လေးကိုကိုင်ထား၏။ သူ့အားသရဖူကိုပေး၏။ သူသည် အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း ထွက်သွားလေ၏။” (ဗျာ. ၆:၂) မြင်းဖြူစီးသူမှာ ယေရှုဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် ဘုရင်အဖြစ်နန်းတင်ခံရချိန် ၁၉၁၄ ခုနှစ်တွင် “သူ့အား သရဖူပေး” ခဲ့သည်။ ယင်းနောက် ‘သူသည် အောင်မြင်လျက် ထွက်သွားလေ၏။’ မှန်ပါသည် ဒါဝိဒ်ကဲ့သို့ပင် ယေရှုသည် အောင်မြင်သောဘုရင်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်တွင် ဘုရင်အဖြစ် ခန့်အပ်ခံရပြီးမကြာမီတွင် စာတန်ကိုအောင်နိုင်ခဲ့ပြီး စာတန်နှင့် သူ၏နတ်ဆိုးများကို မြေကြီးသို့ပစ်ချခဲ့သည်။ (ဗျာ. ၁၂:၇-၉) ကိုယ်တော်၏အောင်ပွဲခံစီးနင်းမှုသည် စာတန်၏ဆိုးညစ်သောစနစ်ကို အပြီးအပိုင်ဖျက်ဆီးခြင်းဖြင့် “အပြီးအောင်မြင်” သည်အထိ ဆက်၍စီးနင်းမည်ဖြစ်သည်။—ဗျာ. ၁၉:၁၁၊ ၁၉-၂၁ ကိုဖတ်ပါ။

၁၁ သို့သော် ဒါဝိဒ်ကဲ့သို့ပင် ယေရှုသည် ထောက်ထားစာနာတတ်သောဘုရင်ဖြစ်ပြီး အာမဂေဒုန်တစ်လျှောက် “လူအုပ်ကြီး” ကိုကာကွယ်တော်မူမည်။ (ဗျာ. ၇:၉၊ ၁၄) ထို့ပြင် ယေရှုနှင့် ကိုယ်တော်၏တွဲဖက်အမွေခံများဖြစ်ပြီး ရှင်ပြန်ထမြောက်ပြီဖြစ်သော ၁၄၄,၀၀၀ တို့၏ အုပ်ချုပ်မှုအောက်တွင် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်” ကြပါလိမ့်မည်။ (တ. ၂၄:၁၅) မြေကြီးပေါ်ရှင်ပြန်ထမြောက်လာကြသူတို့သည် ထာဝရအသက်ရှင်ရန် အလားအလာရှိကြမည်။ အလွန်ကောင်းမွန်သောအနာဂတ် စောင့်ကြိုလျက်ရှိသည်။ ကျွန်ုပ်တို့အားလုံးသည် ‘ကောင်းသောအကျင့်ကို’ ဆက်၍ကျင့်ကြရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ၊ သို့မှသာ သာ၍ကြီးမြတ်သောဒါဝိဒ်၏အုပ်ချုပ်မှုအောက် ဖြောင့်မတ်၊ ပျော်ရွှင်သောလက်အောက်ခံများ ပြည့်နေသည့်ကမ္ဘာတွင် အသက်ရှင်နိုင်ကြမည်။—ဆာ. ၃၇:၂၇-၂၉

ဉာဏ်ပညာပေးရန် ရှောလမုန်၏ဆုတောင်းချက် ဖြေကြားခံရ

၁၂။ ရှောလမုန်သည် အဘယ်အရာတောင်းဆိုခဲ့သနည်း။

၁၂ ဒါဝိဒ်၏သားရှောလမုန်သည်လည်း ယေရှု၏ရှေ့ပြေးပုံရိပ်ဖြစ်ခဲ့သည်။ * ရှောလမုန်ဘုရင်ဖြစ်လာသည့်အခါ ယေဟောဝါသည် အိပ်မက်တွင်ထင်ရှားလျက် သူတောင်းဆိုရာမှန်သမျှကိုပေးမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ရှောလမုန်သည် စည်းစိမ်ဥစ္စာနှင့် တန်ခိုးပိုရှိရန် သို့မဟုတ် အသက်ပိုရှည်ရန် တောင်းဆိုနိုင်ခဲ့သည်။ သို့သော် သူသည် ကိုယ်ကျိုးမရှာဘဲ ယေဟောဝါအား ဤသို့တောင်းဆိုခဲ့၏– “အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်း။” (၆ ရာ. ၁:၇-၁၀) ရှောလမုန်၏ဆုတောင်းချက်ကို ယေဟောဝါဖြေကြားခဲ့သည်။၂ ရာဇဝင်ချုပ် ၁:၁၁၊ ၁၂ ကိုဖတ်ပါ။

၁၃။ ရှောလမုန်၏ဉာဏ်ပညာသည် မည်သို့ပြိုင်ဘက်ကင်းသနည်း၊ ယင်း၏ရင်းမြစ်မှာ အဘယ်နည်း။

၁၃ ယေဟောဝါအပေါ် ရှောလမုန် တည်ကြည်သည်ကာလပတ်လုံး ရှောလမုန်၏ပညာရှိစကားများသည် သူ၏တစ်ခေတ်တည်းသားများအလယ်တွင် ပြိုင်ဘက်ကင်းခဲ့သည်။ ရှောလမုန်သည် ‘ပညာရှိစကားသုံးထောင်’ ပြောခဲ့သည်။ (၃ ရာ. ၄:၃၀၊ ၃၂၊ ၃၄) ယင်းတို့ထဲမှများစွာကို စာဖြင့်ရေးသားထားပြီး ပညာရှာမှီးလိုသူတို့အတွက် ယနေ့ထက်တိုင် အဖိုးတန်ဆဲဖြစ်သည်။ ရှေဘမိဖုရားသည် “နက်နဲခက်ခဲသောပြဿနာအားဖြင့်” ရှောလမုန်၏ပညာကိုစုံစမ်းရန် မိုင် ၁,၅၀၀ ခန့်ရှိသောခရီးကို နှင်လာခဲ့သည်။ သူသည် ရှောလမုန်ပြောဆိုရာနှင့် ရှောလမုန်နိုင်ငံ၏စည်းစိမ်တို့ကြောင့် စိတ်စွဲမှတ်ခဲ့သည်။ (၃ ရာ. ၁၀:၁-၉) ရှောလမုန်ဉာဏ်ပညာ၏ရင်းမြစ်ကို သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသောပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှာ မျက်နှာတော်ကိုဖူးလာကြ၏။”—၃ ရာ. ၁၀:၂၄

ပညာရှိဘုရင်နောက် လိုက်ပါ

၁၄။ အဘယ်နည်းများဖြင့် ယေရှုသည် “ရှောလမုန်ထက် သာ၍ကြီးမြတ်သူ” ဖြစ်သနည်း။

၁၄ လူသားတို့ထဲတွင် ဉာဏ်ပညာအရာ၌ ရှောလမုန်ထက် ထင်ရှားစွာသာလွန်သူ တစ်ဦးတည်းရှိသည်။ ထိုသူမှာ မိမိကိုယ်ကို “ရှောလမုန်ထက် သာ၍ကြီးမြတ်သူ” ဟုဆိုခဲ့သော ယေရှုခရစ်ဖြစ်သည်။ (မ. ၁၂:၄၂) ယေရှုသည် “ထာဝရအသက်နှင့်ဆိုင်သောစကား” ကိုပြောဆိုခဲ့သည်။ (ယော. ၆:၆၈) ဥပမာ၊ တောင်ပေါ်တရားတော်တွင် ရှောလမုန်၏ပညာရှိစကားများထဲမှ တချို့မူများကို အကျယ်ချဲ့တင်ပြထားသည်။ ယေဟောဝါအားဝတ်ပြုကိုးကွယ်သူတစ်ဦး ပျော်ရွှင်မှုရရှိစေသည့် အရာများစွာကို ရှောလမုန်ဖော်ပြခဲ့သည်။ (သု. ၃:၁၃; ၈:၃၂၊ ၃၃; ၁၄:၂၁; ၁၆:၂၀) စစ်မှန်သောပျော်ရွှင်မှုသည် ယေဟောဝါအားဝတ်ပြုကိုးကွယ်ခြင်း၊ ဘုရားသခင့်ကတိတော်များပြည့်စုံခြင်းနှင့် ဆက်နွှယ်သည့်အရာများကြောင့်သာရရှိကြောင်း ယေရှုအလေးပေးဖော်ပြခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (မ. ၅:၃) ယေရှု၏သွန်သင်ချက်များတွင်တွေ့ရသောမူများကို လက်တွေ့ကျင့်သုံးသူတို့သည် “အသက်စမ်းရေတွင်း” သို့မဟုတ် အသက်၏ပင်ရင်းအမြစ်ဖြစ်သော ယေဟောဝါနှင့်ရင်းနှီးလာကြသည်။ (ဆာ. ၃၆:၉; သု. ၂၂:၁၁; မ. ၅:၈) ခရစ်တော်သည် “ဘုရားသခင်၏ဉာဏ်ပညာတော်” ကိုကိုယ်စားပြုသည်။ (၁ ကော. ၁:၂၄၊ ၃၀) မေရှိယဘုရင်အနေနှင့် ယေရှုခရစ်တွင် ‘ဉာဏ်ပညာကိုပေးသောစွမ်းအားတော်’ ရှိသည်။—ဟေရှာ. ၁၁:၂

၁၅။ ဘုရားသခင်ထံကလာသောဉာဏ်ပညာမှ ကျွန်ုပ်တို့မည်သို့ အကျိုးရရှိနိုင်သနည်း။

၁၅ သာ၍ကြီးမြတ်သောရှောလမုန်၏ နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံကလာသော ဉာဏ်ပညာမှ မည်သို့အကျိုးရရှိနိုင်သနည်း။ ကိုယ်တော်၏နှုတ်မြွက်တော်တွင် ယေဟောဝါ၏ဉာဏ်ပညာဖော်ပြထားသောကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို၊ အထူးသဖြင့် မှတ်တမ်းတင်ထားသောယေရှု၏စကားများကို ဂရုတစိုက်လေ့လာခြင်း၊ ဖတ်ရှုရာကို တွေးတောဆင်ခြင်ခြင်းဖြင့် ဉာဏ်ပညာရှာတွေ့ရန် ကြိုးစားအားထုတ်ရမည်။ (သု. ၂:၁-၅) ထို့ပြင် ဉာဏ်ပညာပေးရန် ဘုရားသခင်ထံ စွဲစွဲမြဲမြဲတောင်းဆိုဖို့လိုသည်။ ကျွန်ုပ်တို့သည် စိတ်ရင်းမှန်နှင့် အကူအညီတောင်းဆိုသည်ကို ဖြေကြားခံရမည်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်တော်က အာမခံသည်။ (ယာ. ၁:၅) သန့်ရှင်းသောစွမ်းအားတော်အကူအညီဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်တွင်ပါသော အဖိုးထိုက်ဉာဏ်ပညာကို ရှာတွေ့မည်ဖြစ်ပြီး ယင်းက အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ပညာရှိဆုံးဖြတ်ချက်များချရန် အထောက်အကူပြုနိုင်သည်။ (လု. ၁၁:၁၃) ရှောလမုန်အား “အသိပညာကိုဆက်လက်သွန်သင်သည့်” “စုစည်းသူ” ဟုလည်းခေါ်ဆိုထားသည်။ (ဒေ. ၁၂:၉၊ ၁၀ကဘ) ခရစ်ယာန်အသင်းတော်၏ဦးခေါင်းဖြစ်သော ယေရှုသည်လည်း မိမိလူမျိုးကိုစုစည်းသူဖြစ်သည်။ (ယော. ၁၀:၁၆; ကော. ၁:၁၈) ထို့ကြောင့် ကျွန်ုပ်တို့ကို “ဆက်လက်သွန်သင်” လျက်ရှိသည့် အသင်းတော်အစည်းအဝေးများကို တက်ရောက်ဖို့သင့်လျော်လှသည်။

၁၆။ ရှောလမုန်နှင့် ယေရှုတွင် အဘယ်ဆင်တူချက်ရှိသနည်း။

၁၆ ရှောလမုန်သည် အလွန်အလုပ်လုပ်သော ဘုရင်တစ်ပါးဖြစ်သည်။ နိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးအစီအစဉ်ကို စီစဉ်ဖွဲ့စည်းခဲ့ပြီး နန်းတော်များ၊ လမ်းများ၊ ရေသွယ်စနစ်များ၊ ဘဏ္ဍာတော်သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များတည်ဆောက်ရာတွင် ကြီးကြပ်ခဲ့သည်။ (၃ ရာ. ၉:၁၇-၁၉) တစ်နိုင်ငံလုံးသည် သူ၏ဆောက်လုပ်ရေးလုပ်ငန်းမှ အကျိုးရရှိခဲ့သည်။ ယေရှုသည်လည်း တည်ဆောက်သူဖြစ်ခဲ့သည်။ ကိုယ်တော်သည် အသင်းတော်ကို “ကျောက်ဆောင်” ပေါ်တည်ဆောက်ခဲ့သည်။ (မ. ၁၆:၁၈) ကိုယ်တော်သည် ကမ္ဘာသစ်တွင်လုပ်ဆောင်မည့် ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ကြီးကြပ်တော်မူမည်။—ဟေရှာ. ၆၅:၂၁၊ ၂၂

ငြိမ်သက်ခြင်းမင်းနောက်လိုက်ပါ

၁၇။ (က) ရှောလမုန်အုပ်ချုပ်မှု၏ ထူးခြားသောသွင်ပြင်လက္ခဏာတို့မှာ အဘယ်နည်း။ (ခ) ရှောလမုန်သည် အဘယ်အရာကို မလုပ်ဆောင်နိုင်ခဲ့သနည်း။

၁၇ ရှောလမုန်အမည်သည် “ငြိမ်သက်ခြင်း” အဓိပ္ပာယ်ရှိသော ရင်းမြစ်မှ ဆင်းသက်လာသည်။ ဘုရင်ရှောလမုန်သည် “နှစ်ဆသောငြိမ်သက်ခြင်းပိုင်ဆိုင်ရာ” ဟုအဓိပ္ပာယ်ရှိသော ယေရုရှလင်မြို့မှ အုပ်ချုပ်ခဲ့သည်။ သူ၏အနှစ် ၄၀ အုပ်ချုပ်ချိန်တွင် ဣသရေလနိုင်ငံသည် ပြိုင်နှိုင်းစရာမရှိသည့် ငြိမ်သက်အေးချမ်းမှုဖြင့် ထင်ရှားခဲ့သည်။ ယင်းနှစ်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။” (၃ ရာ. ၄:၂၅) သို့တိုင် ရှောလမုန်သည် မိမိ၏ဉာဏ်ပညာဖြင့် မိမိ၏လက်အောက်ခံတို့အား ဖျားနာမှု၊ အပြစ်နှင့်သေခြင်းအနှောင်အဖွဲ့မှ မလွတ်မြောက်စေနိုင်ခဲ့ပါ။ သို့သော် သာ၍ကြီးမြတ်သောရှောလမုန်သည် မိမိ၏လက်အောက်ခံတို့အား ယင်းတို့အားလုံးမှ လွတ်မြောက်စေမည်။—ရောမ ၈:၁၉-၂၁ ကိုဖတ်ပါ။

၁၈။ ခရစ်ယာန်အသင်းတော်တွင် အဘယ်အခြေအနေ၌ ကျွန်ုပ်တို့ပျော်မွေ့နေကြသနည်း။

၁၈ ယခုအချိန်၌ပင် ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်တွင် ငြိမ်သက်မှုခံစားကြရသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သည့်ပရဒိသုတွင် ပျော်မွေ့နေကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အပြင် လူသားချင်းနှင့် အသင့်အတင့်ရှိကြသည်။ ယနေ့ကျွန်ုပ်တို့ခံစားနေရသည့် အခြေအနေနှင့်ပတ်သက်၍ ဟေရှာယပရောဖက်ပြုထားသည်ကို သတိပြုကြည့်ပါ– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” (ဟေရှာ. ၂:၃၊ ၄) ကျွန်ုပ်တို့သည် ဘုရားသခင့်စွမ်းအားတော်နှင့်အညီ ပြုမူကြခြင်းဖြင့် ယင်းငြိမ်သက်မှုကို တိုးပွားစေကြသည်။

၁၉၊ ၂၀။ ကျွန်ုပ်တို့တွင် ရွှင်လန်းဝမ်းမြောက်ရန် အဘယ်အကြောင်းရင်းများရှိသနည်း။

၁၉ သို့ရာတွင် အနာဂတ်သည် ပို၍ပင်ကောင်းမွန်ပါလိမ့်မည်။ နာခံမှုရှိသောလူသားတို့သည် ယေရှု၏အုပ်ချုပ်မှုအောက်တွင် ပြိုင်နှိုင်းစရာမရှိသည့်အတိုင်းအတာဖြင့် ငြိမ်သက်ပျော်ရွှင်ကြကာ သူတို့သည် လူ့စုံလင်ခြင်းသို့မရောက်မချင်း “ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ” တဖြည်းဖြည်း “လွတ်မြောက်” ကြမည်။ (ရော. ၈:၂၁) အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အဆုံး၊ နောက်ဆုံးစမ်းသပ်မှုကို ကျော်လွန်သွားပြီးနောက် “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာ. ၃၇:၁၁; ဗျာ. ၂၀:၇-၁၀) မှန်ပါသည်၊ ခရစ်တော်ယေရှု၏အုပ်ချုပ်မှုသည် ကျွန်ုပ်တို့မြင်ယောင်၍မရနိုင်သေးသော နည်းလမ်းများဖြင့် ရှောလမုန်ထက်သာလွန်မည်။

၂၀ ဣသရေလလူမျိုးသည် မောရှေ၊ ဒါဝိဒ်နှင့် ရှောလမုန်တို့၏ ဦးစီးမှုအောက်တွင် ရွှင်လန်းဝမ်းမြောက်စရာ အကြောင်းကောင်းများရှိခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၏အုပ်ချုပ်မှုအောက်တွင် ပို၍ပင်ရွှင်လန်းဝမ်းမြောက်စရာအကြောင်းရင်းများရှိသည်။ (၃ ရာ. ၈:၆၆) သာ၍ကြီးမြတ်သောမောရှေ၊ ဒါဝိဒ်နှင့် ရှောလမုန်ဖြစ်သည့် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကျွန်ုပ်တို့အဖို့ စီစဉ်ပေးမှုအတွက် ကျွန်ုပ်တို့အားလုံး ယေဟောဝါအား ကျေးဇူးတင်ကြသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ဒါဝိဒ်အမည်သည် “ချစ်အပ်သောသူ” ဟုအဓိပ္ပာယ်ရှိပုံရသည်။ ယေရှုနှစ်ခြင်းခံချိန်နှင့် ကိုယ်ယောင်ပြောင်းလဲချိန်တွင် ယေဟောဝါက ကိုယ်တော်အား “ငါ၏ချစ်သား” ဟု ကောင်းကင်မှခေါ်ခဲ့သည်။—မ. ၃:၁၇; ၁၇:၅

^ အပိုဒ်၊ 7 တစ်ချိန်တည်းတွင် ဒါဝိဒ်သည် ယုံကြည်ကိုးစားတတ်သော သိုးသငယ်နှင့်တူသည်။ သူသည် အကာအကွယ်နှင့် လမ်းညွှန်မှုအတွက် မဟာသိုးထိန်းရှင် ယေဟောဝါကို မျှော်ကိုးခဲ့သည်။ ‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌အဘယ်အရာမျှမလိုရ’ ဟုယုံကြည်စိတ်ချမှုအပြည့်နှင့် ပြောခဲ့သည်။ (ဆာ. ၂၃:၁သမ္မာ) နှစ်ခြင်းဆရာယောဟန်က ယေရှုအား “ဘုရားသခင်၏ သိုးသငယ်” ဟုဖော်ပြခဲ့သည်။—ယော. ၁:၂၉

^ အပိုဒ်၊ 12 စိတ်ဝင်စားစရာမှာ ရှောလမုန်၏ဒုတိယနာမည်မှာ ယေဒိဒိဖြစ်ပြီး “ဂျား ချစ်မြတ်နိုးသူ” ဟုအဓိပ္ပာယ်ရှိသည်။—၂ ရာ. ၁၂:၂၄၊ ၂၅

သင်ရှင်းပြနိုင်သလော

• ယေရှုသည် မည်သို့အားဖြင့် သာ၍ကြီးမြတ်သောဒါဝိဒ်ဖြစ်သနည်း။

• ယေရှုသည် မည်သို့အားဖြင့် သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သနည်း။

• သာ၍ကြီးမြတ်သောဒါဝိဒ်၊ သာ၍ကြီးမြတ်သောရှောလမုန်လည်းဖြစ်သူကို အဘယ်ကြောင့် သင်တန်ဖိုးထားလေးမြတ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင်ပေးသော ရှောလမုန်၏ ဉာဏ်ပညာက သာ၍ကြီးမြတ်သော ရှောလမုန်၏ ဉာဏ်ပညာကို ပုံရိပ်ပြခြင်းဖြစ်

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယေရှု၏အုပ်ချုပ်မှုသည် ကျွန်ုပ်တို့မြင်ယောင်၍မရနိုင်သေးသော နည်းလမ်းများဖြင့် ရှောလမုန်၊ ဒါဝိဒ်၏အုပ်ချုပ်မှုထက် သာလွန်မည်