မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့

ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့

ထွက်မြောက်ရာ ၃၄:၆၊ ၇

ဘုရားသခင်၏အရည်အသွေးများနှင့် လုပ်ဆောင်ပုံနည်းလမ်းများကို သင် မည်သို့ပုံဖော်မည်နည်း။ သင်သည် ထိုအကြောင်းများကို ကိုယ်တော့်ထံမေးမြန်းနိုင်ပြီး ကိုယ်တော့်ဖြေဆိုချက်ကို နားထောင်နေသည်ဟု မြင်ယောင်ကြည့်ပါ။ ပရောဖက်မောရှေသည် ထိုအခြေအနေကို တွေ့ ကြုံခဲ့သည်။ သူသည် ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုဖြင့် ယင်းအကြောင်းကို မှတ်တမ်းတင်ခဲ့သည်မှာ ဝမ်းသာစရာပင်။

သိနာတောင်ပေါ်တွင် မောရှေသည် “ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏” ဟုယေဟောဝါထံ လျှောက်ဆိုခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၁၈) နောက်တစ်နေ့တွင် သူသည် ဘုရားသခင်၏ထည်ဝါသောအသရေကို တစ်စွန်းတစ်စမြင်တွေ့ ခွင့်ရခဲ့သည်။ * မောရှေသည် ထိုခမ်းနားလှသောအဆင်းအာရုံတွင် မြင်တွေ့ခဲ့ရာများကို အသေးစိတ်မဖော်ပြပါ။ ယင်းအစား ပို၍အရေးကြီးသောအရာဖြစ်သည့် ဘုရားသခင့်မိန့်ဆိုချက်ကို သူမှတ်တမ်းတင်ခဲ့သည်။ ထွက်မြောက်ရာ ၃၄:၆၊ ၇ တွင်တွေ့ရသည့်အတိုင်း ယေဟောဝါမိန့်ဆိုခဲ့ရာကို ဆန်းစစ်ကြည့်ကြစို့။

ယေဟောဝါသည် မိမိနှင့်ပတ်သက်၍ ဦးဆုံးဖော်ပြသည့်အရာမှာ မိမိသည် ‘ချစ်သနားခြင်းမေတ္တာ၊ ကရုဏာနှင့်ပြည့်စုံသောဘုရားသခင်’ ဖြစ်သည်ဟူ၍ဖြစ်၏။ (အခန်းငယ် ၆) ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ “ချစ်သနားခြင်းမေတ္တာ” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် “သားသမီးများအပေါ်ထားရှိသော ဖခင်၏သနားကြင်နာမှုကဲ့သို့သော ဘုရားသခင်၏သနားကြင်နာမှု” ကိုရည်ညွှန်းသည်။ “ကရုဏာ” ဟုပြန်ဆိုသောစကားလုံးသည် “လိုအပ်နေသူအား ကူညီလိုစိတ်ရှိသူကို ဖော်ပြသော” ကြိယာနှင့်ဆက်စပ်နေသည်။ ရှင်းနေသည်မှာ၊ သားသမီးများကိုချစ်မြတ်နိုးပြီး သူတို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးသော မိဘသဖွယ် ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို ကြည့်ရှုစောင့်ရှောက်နေကြောင်း ကျွန်ုပ်တို့ကိုသိရှိစေလိုသည်။—ဆာလံ ၁၀၃:၈၊ ၁၃

တစ်ဖန်၊ ယေဟောဝါက မိမိသည် “စိတ်ရှည်” ကြောင်း ပြောဆိုသည်။ (အခန်းငယ် ၆) ကိုယ်တော်သည် မြေကြီးပေါ်ရှိ မိမိ၏ကျေးကျွန်များကို အလွယ်တကူအမျက်မထွက်ပါ။ ယင်းအစား၊ စိတ်ရှည်ပြီး သူတို့၏အပြစ်လမ်းစဉ်ကိုပြောင်းလဲရန် အချိန်ပေးကာ သူတို့၏မစုံလင်မှုများကို သည်းခံတော်မူသည်။—၂ ပေတရု ၃:၉

ထို့နောက် ဘုရားသခင်က မိမိသည် “ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ” ကြောင်း ဆက်မိန့်ဆို၏။ (အခန်းငယ် ၆) ကျေးဇူးပြုခြင်း သို့မဟုတ် တည်ကြည်သောမေတ္တာသည် အဖိုးထိုက်အရည်အသွေးတစ်ခုဖြစ်၏။ ယေဟောဝါသည် ၎င်းအရည်အသွေးဖြင့် မိမိနှင့်မိမိလူမျိုးကြား တည်မြဲခိုင်ခံ့သော သံယောဇဉ်နှောင်ကြိုးဖွဲ့၏။ (တရားဟောရာ ၇:၉) ယေဟောဝါသည် သစ္စာတရား၏ရင်းမြစ်လည်းဖြစ်၏။ ကိုယ်တော်သည် မည်သည့်အခါမျှ မလှည့်စားသကဲ့သို့ ကိုယ်တော်တိုင်လည်း အလှည့်စားမခံပါ။ ကိုယ်တော်သည် “သစ္စာစောင့်တော်မူသောဘုရားသခင်” ဖြစ်သောကြောင့် အနာဂတ်နှင့်ပတ်သက်သော ကတိတော်များအပါအဝင် ကိုယ်တော်၏မိန့်ဆိုချက်မှန်သမျှကို ကျွန်ုပ်တို့ ကျိန်းသေယုံကြည်စိတ်ချနိုင်သည်။—ဆာလံ ၃၁:၅

ယေဟောဝါသည် ‘မကောင်းမှုပြုခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို’ ဖြေလွှတ်သည်ဟူသော မိမိနှင့်ပတ်သက်သည့် နောက်ထပ်အရေးကြီးအမှန်တရားကိုလည်း ကျွန်ုပ်တို့အား သိရှိစေလိုသည်။ (အခန်းငယ် ၇) ကိုယ်တော်သည် နောင်တယူသောအပြစ်သားများကို “အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” သည်။ (ဆာလံ ၈၆:၅သမ္မာ) တစ်ချိန်တည်းတွင် ယေဟောဝါသည် ဆိုးသွမ်းမှုများကို လက်ခံနိုင်ဖွယ်ရာအဖြစ် မည်သည့်အခါမျှ မရှုမြင်ပါ။ အပြစ်များကို “အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူ” ဟူ၍ ကိုယ်တော်မိန့်ဆိုသည်။ (အခန်းငယ် ၇) သန့်ရှင်းမြင့်မြတ်၍ တရားမျှတသောဘုရားသခင်သည် တမင်တကာအပြစ်ကျူးလွန်သူများကို အပြစ်မပေးဘဲနေမည်မဟုတ်ပါ။ သူတို့ကျူးလွန်သောအပြစ်၏ အကျိုးဆက်များကို အနှေးနှင့်အမြန် ပြန်ခံစားရပေမည်။

မိမိ၏အရည်အသွေးများအကြောင်း ယေဟောဝါ၏မိန့်ဆိုချက်များက ကျွန်ုပ်တို့ကို ကိုယ်တော့်အား သိကျွမ်းစေလိုကြောင်း၊ ကိုယ်တော့်အရည်အသွေးနှင့် နည်းလမ်းတော်များကို အကျွမ်းတဝင်ရှိစေလိုကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ထို့ကြောင့် ကိုယ်တော်၏ ကောင်းမြတ်လှသောအရည်အသွေးများကို ပို၍သင်ယူလိုစိတ် ဖြစ်ပေါ်လာသည်မဟုတ်လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 မောရှေသည် ယေဟောဝါကို အမှန်တကယ်မတွေ့မြင်ခဲ့ပါ၊ အကြောင်းမှာ ဘုရားသခင်၏မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိသောကြောင့်ဖြစ်၏။ (ထွက်မြောက်ရာ ၃၃:၂၀) ယေဟောဝါသည် မိမိ၏ထည်ဝါသောအသရေဆိုင်ရာ အဆင်းအာရုံကို မောရှေအား ဖော်ပြပြီး ကောင်းကင်တမန်မှတစ်ဆင့် စကားပြောခဲ့ခြင်းဖြစ်သည်။