မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းပါ—‘ယေဟောဝါ၏နေ့ကြီး နီးပြီ’

ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းပါ—‘ယေဟောဝါ၏နေ့ကြီး နီးပြီ’

ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းပါ—‘ယေဟောဝါ၏နေ့ကြီး နီးပြီ’

“ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းနေကြစို့။”—ဟေဗြဲ ၆:၁

၁၊ ၂။ အဘယ်အခွင့်အရေးက ယေရုရှလင်နှင့်ယုဒပြည်ရှိ ပထမရာစုခရစ်ယာန်များ “တောင်ပေါ်သို့ပြေး” ရန်လမ်းပွင့်ခဲ့သနည်း။

ယေရှုမြေကြီးပေါ်ရှိစဉ် တပည့်များသည် ကိုယ်တော်ထံချဉ်းကပ်ကာ ဤသို့မေးခဲ့၏– ‘ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။’ သူတို့၏မေးခွန်းကို ပရောဖက်ပြုချက်များဖြင့် အဖြေပေးခဲ့ပြီး ယင်းတို့၏ကနဦးပြည့်စုံမှုသည် ပထမရာစုတွင် ဖြစ်ပျက်ခဲ့သည်။ အဆုံးနီးပြီဖြစ်ကြောင်းအချက်ပြမည့် ပုံမှန်မဟုတ်သောအဖြစ်အပျက်ကို ယေရှုမိန့်တော်မူခဲ့၏။ ယင်းအဖြစ်အပျက်ကို တွေ့ရသည့်အခါ “ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြ” ရန်ဖြစ်သည်။ (မ. ၂၄:၁-၃၊ ၁၅-၂၂) ယေရှု၏တပည့်များသည် ယင်းနိမိတ်ကို သတိပြုမိကြပြီး ကိုယ်တော့်ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ကြမည်လော။

ယင်းနောက် ဆယ်စုနှစ်သုံးခုနီးပါးဖြစ်သော စီအီး ၆၁ တွင် တမန်တော်ပေါလုက ယေရုရှလင်မြို့နှင့် ယင်းဝန်းကျင်ရှိ ဟေဗြဲခရစ်ယာန်များထံ အားပါပြီးဆင်ခြင်တုံတရားနှင့်ညီသည့် သတင်းစကားကိုရေးခဲ့သည်။ ‘ကြီးစွာသောဆင်းရဲခြင်း’ အစကိုမှတ်သားဖော်ပြသည့် နိမိတ်ဖြစ်ပျက်ရန် ငါးနှစ်ခန့်သာလိုတော့သည်ကို ပေါလုရော သူ၏ယုံကြည်သူချင်းတို့ပါ မသိခဲ့ကြပါ။ (မ. ၂၄:၂၁) စီအီး ၆၆ တွင် စက်စ်တီးယပ်စ် ဂဲလပ်စ်ဦးဆောင်သော ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင်လုနီးပါးဖြစ်နေသည်။ သို့သော် သူသည် ရုတ်တရက်တပ်ဆုပ်သွားရာ အန္တရာယ်အတွင်းကျရောက်နေသူများ လုံခြုံရာသို့ထွက်ပြေးရန် လမ်းပွင့်သွားခဲ့သည်။

၃။ ပေါလုသည် ဟေဗြဲခရစ်ယာန်များအား အဘယ်တိုက်တွန်းချက် ပေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

ထိုခရစ်ယာန်များသည် အဖြစ်အပျက်များကို သတိပြုမိပြီးထွက်ပြေးရန်မှာ အဖြစ်အပျက်များသည် ယေရှု၏စကားပြည့်စုံချက်ဖြစ်သည်ကို ပိုင်းခြားသိမြင်ဖို့လိုသည်။ သို့သော် အချို့သူတို့သည် “နားထိုင်း” လာခဲ့ကြသည်။ သူတို့သည် “နို့” ကိုသာသုံးဆောင်သော ဝိညာဉ်ရေးကလေးသူငယ်နှင့်တူကြသည်။ (ဟေဗြဲ ၅:၁၁-၁၃ ကိုဖတ်ပါ။) အချို့သူတို့သည် အမှန်တရားလမ်းစဉ်တွင် ဆယ်စုနှစ်သုံးခုနီးပါး လျှောက်လှမ်းခဲ့ကြပြီဖြစ်သည့်တိုင် “အသက်ရှင်တော်မူသောဘုရားသခင်ထံမှ ဆုတ်ခွာသွား” သည့်အရိပ်အခြည်ပြခဲ့ကြသည်။ (ဟေဗြဲ ၃:၁၂) ထိုဆင်းရဲခြင်းဘေး “နေ့ရက် နီးလာ” ချိန်တွင် အချို့သူတို့သည် ခရစ်ယာန်အစည်းအဝေးများကို ပျက်ကွက်သည့် “ထုံးစံ” ရှိနေခဲ့ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ပေါလုသည် သူတို့ကို ဤသို့အချိန်တန်တိုက်တွန်းခဲ့၏– “ယခု ငါတို့သည် ခရစ်တော်နှင့်ဆိုင်သော အခြေခံအယူဝါဒများကိုချန်ထား၍ ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းနေကြစို့။”—ဟေဗြဲ ၆:၁

၄။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင်နိုးနိုးကြားကြားရှိနေရန် အဘယ်ကြောင့်အရေးကြီးသနည်း၊ ယင်းသို့နိုးကြားနေဖို့ အဘယ်အရာက အထောက်အကူပြုမည်နည်း။

ကျွန်ုပ်တို့သည် ယေရှု၏ပရောဖက်ပြုချက် နောက်ဆုံးပြည့်စုံချိန်အတွင်း အသက်ရှင်နေရကြသည်။ စာတန်၏စနစ်တစ်ခုလုံးကို အဆုံးတိုင်စေမည့်နေ့ဖြစ်သော ‘ယေဟောဝါ၏နေ့ကြီး နီးပြီ။’ (ဇေ. ၁:၁၄) ကျွန်ုပ်တို့သည် တစ်ခါနှင့်မျှမတူအောင် ဝိညာဉ်ရေးတွင် နိုးကြားတက်ကြွနေရမည်။ (၁ ပေ. ၅:၈) ကျွန်ုပ်တို့သည် ထိုသို့အမှန်လုပ်ဆောင်နေကြပါသလော။ ခရစ်ယာန်ရင့်ကျက်မှုက ကျွန်ုပ်တို့သည် ခေတ်ရေစီးကြောင်းတွင် မည်သည့်နေရာတွင်ရောက်ရှိနေသည်ကို ဂရုပြုမိရန် အထောက်အကူပြုမည်။

ခရစ်ယာန်ရင့်ကျက်မှုဟူသည်

၅၊ ၆။ (က) ဝိညာဉ်ရေးရင့်ကျက်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) ရင့်ကျက်ခြင်းအဖြစ်သို့ တက်လှမ်းရာ၌ အဘယ်ကဏ္ဍနှစ်ခုကို ကြိုးစားအားထုတ်ဖို့လိုသနည်း။

ပေါလုက ပထမရာစုဟေဗြဲခရစ်ယာန်များအား ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်းရန်သာ အားပေးခဲ့သည်သာမက ရင့်ကျက်မှုတွင် အဘယ်အရာပါဝင်ကြောင်းကိုလည်း ပြောပြခဲ့သည်။ (ဟေဗြဲ ၅:၁၄ ကိုဖတ်ပါ။) “ရင့်ကျက်သူများ” သည် “နို့” ကိုသုံးဆောင်ခြင်းဖြင့်သာ ကျေနပ်မနေကြပါ။ “ကြေခဲသောအစာ” ကို သူတို့စားသုံးကြသည်။ ထို့ကြောင့် သူတို့သည် အမှန်တရားဆိုင်ရာ “အခြေခံအကြောင်းများ” ကိုရော “နက်နဲရာ” တို့ကိုပါ သိရှိကြသည်။ (၁ ကော. ၂:၁၀) ထို့ပြင် သူတို့သည် အသုံးပြုခြင်း—သိရှိလာရာကိုလက်တွေ့ကျင့်သုံးခြင်း—ဖြင့် လေ့ကျင့်ထားသော သူတို့၏သိနားလည်နိုင်စွမ်းသည် အမှားအမှန်ကိုပိုင်းခြားသိမြင်ရန် အထောက်အကူပြုသည်။ ယင်းသို့လေ့ကျင့်ထားမှုက ဆုံးဖြတ်ချက်တစ်ခုချချိန်တွင် အဘယ်ကျမ်းစာမူများ ပါဝင်ပတ်သက်သည်၊ ယင်းတို့ကို မည်သို့ကျင့်သုံးနိုင်သည်ကို သိမြင်စေသည်။

“ငါတို့သည် မည်သည့်အခါမျှ မရွေ့မျောသွားရန် ငါတို့ကြားခဲ့ရာများကို သာမန်ထက် ပို၍အာရုံစိုက်ဖို့လို၏” ဟုပေါလုရေးခဲ့သည်။ (ဟေဗြဲ ၂:၁) ထိုသို့ယုံကြည်ခြင်းမှရွေ့မျောသွားမှုသည် ကျွန်ုပ်တို့သတိမထားမိမီတွင် ဖြစ်သွားနိုင်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအမှန်တရားများကို ဆင်ခြင်သုံးသပ်ချိန်များတွင် “သာမန်ထက် ပို၍အာရုံစိုက်” ခြင်းဖြင့် ယင်းသို့မဖြစ်ရန်ရှောင်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီ ဤသို့မေးဖို့လိုသည်– ‘ကျွန်ုပ်သည် အခြေခံအကြောင်းများကိုသာ ဆင်ခြင်သုံးသပ်နေဆဲလော။ အမှန်တရားတွင် အပြည့်အဝစိတ်မပါဘဲ သမားရိုးကျ၊ လုပ်ရိုးလုပ်စဉ်မျှသာ လုပ်ဆောင်နေခြင်းလော။ ဝိညာဉ်ရေးတွင်အမှန်တိုးတက်ရန် မည်သို့လုပ်ဆောင်နိုင်သနည်း။’ ရင့်ကျက်ခြင်းအဖြစ်သို့တက်လှမ်းရာ၌ အနည်းဆုံး ကဏ္ဍနှစ်ခုတွင် ကြိုးစားအားထုတ်ဖို့လိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ကောင်းစွာအကျွမ်းတဝင်ရှိရမည်။ နာခံမှုကိုသင်ယူဖို့လိုသည်။

နှုတ်မြွက်စကားတော်နှင့် ကောင်းစွာအကျွမ်းတဝင်ရှိလာပါ

၇။ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ကောင်းစွာအကျွမ်းဝင်လာခြင်းမှ မည်သို့အကျိုးရရှိနိုင်သနည်း။

“နို့ကိုသုံးဆောင်သူတိုင်းသည် သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရားစကားတော်ကို အကျွမ်းဝင်သူမဟုတ်” ဟုပေါလုရေးခဲ့သည်။ (ဟေဗြဲ ၅:၁၃) ကျွန်ုပ်တို့သည် ရင့်ကျက်သူဖြစ်ရန် ကျွန်ုပ်တို့အတွက်ကိုယ်တော့်သတင်းစကားဖြစ်သော ဘုရားသခင့်တရားစကားတော်နှင့် ကောင်းစွာအကျွမ်းတဝင်ရှိလာရမည်။ ကိုယ်တော့်သတင်းစကားများသည် ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်ပါရှိသောကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် ‘တည်ကြည်ပြီး သတိပညာရှိကျွန်’ ပြင်ဆင်ပေးသောစာပေများကို ကောင်းစွာလေ့လာသည့် ကျောင်းသားကောင်းများဖြစ်သင့်သည်။ (မ. ၂၄:၄၅-၄၇) ယင်းနည်းဖြင့် ဘုရားသခင့်စဉ်းစားပုံကိုလေ့လာခြင်းက ကျွန်ုပ်တို့၏သိနားလည်နိုင်စွမ်းကို လေ့ကျင့်ရာတွင် အထောက်အကူပြုနိုင်သည်။ အောကစ်အမည်ရှိသော ခရစ်ယာန်တစ်ဦး၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ * သူဤသို့ပြော၏– “ကျွန်မရဲ့ဘဝအသက်တာမှာ အကြီးမားဆုံးအကျိုးသက်ရောက်မှုဖြစ်စေခဲ့တဲ့ သတိပေးချက်ကတော့ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ပါဆိုတဲ့ အချက်ဖြစ်တယ်။ ကျမ်းစာတစ်ကျမ်းလုံးဖတ်ပြီးဖို့ နှစ်နှစ်လောက်ကြာခဲ့ပေမဲ့ ဖန်ဆင်းရှင်ကို ဦးဆုံးအကြိမ်သိလာရသလို ခံစားခဲ့ရတယ်။ ကိုယ်တော်ရဲ့နည်းလမ်းတော်တွေ၊ ကိုယ်တော်ကြိုက်နှစ်သက်ရာ၊ မနှစ်သက်ရာတွေ၊ ကိုယ်တော်ရဲ့တန်ခိုးကြီးမားမှု၊ ဉာဏ်ပညာရှိမှုတွေကို သိလာခဲ့ရတယ်။ ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းက ကျွန်မဘဝရဲ့အမှောင်ဆုံးအချိန်တွေမှာ အထောက်အမဖြစ်ခဲ့တယ်။”

၈။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ကျွန်ုပ်တို့ကို အဘယ်တန်ခိုးရှိစေနိုင်သနည်း။

ဘုရားသခင့်နှုတ်မြွက်စကားတော် အပိုင်းတစ်ပိုင်းကို မှန်မှန်ဖတ်ခြင်းဖြင့် ယင်းတွင်ပါသောသတင်းစကားက ကျွန်ုပ်တို့ကို “တန်ခိုးရှိ” စေသည်။ (ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။) ထိုကဲ့သို့ဖတ်ရှုခြင်းက ကျွန်ုပ်တို့၏အတွင်းလူကို ပုံသွင်းပေးနိုင်ပြီး ယေဟောဝါ၏နှစ်သက်မှုကို ပိုရရှိစေသည်။ သင်သည် ကျမ်းစာဖတ်ရှုခြင်း၊ ယင်းတွင်ပါရှိရာကိုဆင်ခြင်သုံးသပ်ခြင်းတွင် အချိန်ပိုသုံးဖို့ ကိုယ်ပိုင်ဇယားဆွဲရန် လိုအပ်ပါသလော။

၉၊ ၁၀။ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အကျွမ်းဝင်လာခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ဥပမာပြပါ။

သမ္မာကျမ်းစာနှင့်အကျွမ်းဝင်လာခြင်းဟူသည် ယင်းတွင်ဆိုထားရာကို သိရှိရုံထက်မက ပါဝင်သည်။ ပေါလုခေတ်က ဝိညာဉ်ရေးတွင်သူငယ်ဖြစ်သူတို့သည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်ပါ အသိပညာအချို့သာ သိရှိပုံရသည်။ သို့သော် သူတို့သည် ယင်းကိုကိုယ်တိုင်အသုံးပြုခြင်း၊ အမှန်ကျင့်သုံးခြင်းဖြင့် ယင်း၏တန်ဖိုးကိုဆန်းစစ်ခြင်းမရှိခဲ့ကြပါ။ သူတို့သည် ကျမ်းစကားနှင့် အကျွမ်းဝင်ခြင်းမရှိ၍ မိမိတို့၏အသက်တာတွင် ပညာရှိဆုံးဖြတ်ချက်များချဖို့ ကျမ်းစကားကို လမ်းညွှန်အဖြစ်ခွင့်မပြုခဲ့ကြပါ။

၁၀ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အကျွမ်းဝင်လာခြင်းဟူသည် ကျမ်းစာမိန့်ဆိုချက်ကိုသိရှိပြီး ယင်းအသိပညာကို လက်တွေ့ကျင့်သုံးခြင်းကို ဆိုလိုသည်။ ယင်းကိုမည်သို့ပြုလုပ်နိုင်ကြောင်း ခိုင်လ်အမည်ရှိသော ခရစ်ယာန်ညီအစ်မတစ်ဦး၏ အတွေ့အကြုံက ဖော်ပြသည်။ ခိုင်လ်သည် အလုပ်ဖော်တစ်ဦးနှင့် စကားအချေအတင်ဖြစ်ခဲ့သည်။ ယင်းပြဿနာကိုဖြေရှင်းရန် သူအဘယ်အရာပြုလုပ်ခဲ့သနည်း။ သူဤသို့ရှင်းပြ၏– “ကျွန်မစိတ်ထဲ ချက်ချင်းဝင်လာတဲ့ကျမ်းချက်က ‘သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့’ လို့ပြောထားတဲ့ ရောမ ၁၂:၁၈ ဖြစ်တယ်။ အလုပ်ပြီးတဲ့အခါ အဲ့ဒီအလုပ်ဖော်နဲ့တွေ့ဖို့ ချိန်းလိုက်တယ်။” ယင်းတွေ့ဆုံမှုသည် အလွန်အောင်မြင်ခဲ့သည်၊ ခိုင်လ် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းကို သူ၏အလုပ်ဖော် အလွန်စွဲမှတ်သွားခဲ့သည်။ “ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဘယ်တော့မှမမှားနိုင်ဘူးဆိုတာကို ကျွန်မသိရှိခဲ့ရတယ်” ဟုခိုင်လ်ပြောသည်။

နာခံမှုကိုသင်ယူပါ

၁၁။ ခက်ခဲသည့်အခြေအနေများအောက်တွင် နာခံရန်မှာ စိန်ခေါ်ချက်ဖြစ်နိုင်ကြောင်း အဘယ်အရာက တင်ပြသနည်း။

၁၁ အထူးသဖြင့် အခြေအနေများခက်ခဲချိန်တွင် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ ဥပမာ၊ ဣသရေလလူမျိုးကို အီဂျစ်အချုပ်အနှောင်မှ ယေဟောဝါကယ်နုတ်ပြီးနောက် မကြာမီတွင် သူတို့သည် “မောရှေကိုရန်တွေ့ကြ” ခြင်းဖြင့် “ယေဟောဝါကိုစုံစမ်း” ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သောက်ဖို့ရာရေမရှိသောကြောင့်ဖြစ်သည်။ (ထွ. ၁၇:၁-၄) ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ပြီး ‘ယေဟောဝါမိန့်တော်မူသမျှ’ ကိုလုပ်ဆောင်မည်ဟု ကတိပြုသည်မှာ နှစ်လပင်မပြည့်မီတွင် သူတို့သည် နွားသငယ်ရုပ်ကို ကိုးကွယ်ခြင်းဖြင့် ကိုယ့်တော်ပညတ်ကို ချိုးဖောက်ခဲ့ကြသည်။ (ထွ. ၂၄:၃၊ ၁၂-၁၈; ၃၂:၁၊ ၂၊ ၇-၉) မောရှေသည် ဟောရပ်တောင်ပေါ်တွင် သွန်သင်ချက်ခံယူနေ၍ ကြာရှည်စွာပျောက်နေသောကြောင့် သူတို့ကြောက်ရွံ့၍ ထိုသို့လုပ်ခဲ့ကြခြင်းလော။ အစောပိုင်းတွင် အာမလက်လူတို့ကို အောင်မြင်ခဲ့သည်မှာ မောရှေ၏လက်ဆန့်ထားခြင်းကြောင့်ဖြစ်ပြီး မောရှေမရှိချိန်တွင် အာမလက်လူတို့သည် တစ်ဖန်ပြန်တိုက်ခိုက်လာကြမည်၊ ဣသရေလလူမျိုးအဖို့ မျှော်လင့်ချက်မရှိဟု သူတို့ထင်မှတ်ခဲ့ခြင်းကြောင့်လော။ (ထွ. ၁၇:၈-၁၆) ဖြစ်နိုင်သည်၊ သို့သော် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ဣသရေလလူတို့သည် ‘နားမထောင်ဘဲ ငြင်းပယ်’ ခဲ့ကြသည်။ (တ. ၇:၃၉-၄၁) ပေါလုက ခရစ်ယာန်များအား ဣသရေလလူမျိုး ကတိထားရာပြည်ထဲဝင်ရန် ကြောက်ရွံ့ချိန်တွင်တင်ပြခဲ့သည့် “နာခံမှုကင်းမဲ့သူများနည်းတူ ဖြစ်သွား” ခြင်းကိုရှောင်ရန် “အစွမ်းကုန်ကြိုးစား” ဖို့တိုက်တွန်းခဲ့သည်။—ဟေဗြဲ ၄:၃၊ ၁၁

၁၂။ နာခံမှုကို ယေရှုမည်သို့သင်ယူခဲ့သနည်း၊ အဘယ်အကျိုးကျေးဇူးရရှိခဲ့သနည်း။

၁၂ ရင့်ကျက်ခြင်းအဖြစ်သို့ တက်လှမ်းရာတွင် ယေဟောဝါအားနာခံရန် အစွမ်းကုန်ကြိုးစားဖို့လိုသည်။ ယေရှုခရစ်ပုံသက်သေချမှတ်ခဲ့သည့်အတိုင်း ဆင်းရဲဝေဒနာခံခြင်းဖြင့် နာခံမှုကို သင်ယူရလေ့ရှိသည်။ (ဟေဗြဲ ၅:၈၊ ၉ ကိုဖတ်ပါ။) မြေကြီးပေါ်မကြွလာမီ ယေရှုသည် ခမည်းတော်ကို နာခံခဲ့သည်။ သို့သော် မြေကြီးပေါ်၌ ခမည်းတော်၏အလိုတော်ဆောင်ရာတွင် ကာယနှင့်စိတ်ပိုင်းဆိုင်ရာဆင်းရဲခက်ခဲမှု ပါဝင်ခဲ့သည်။ ယေရှုသည် ပြင်းထန်သည့်ဆင်းရဲဝေဒနာခံရချိန်တစ်လျှောက်လုံး နာခံမှုတင်ပြခဲ့ရာ ကိုယ်တော်သည် ဘုရားသခင်ရည်ရွယ်ထားသောဘုရင်နှင့် ယဇ်ပုရောဟိတ်အခွင့်အရာသစ်အတွက် “စုံလင်ခြင်းသို့ရောက်” ခဲ့သည်။

၁၃။ ကျွန်ုပ်တို့သည် နာခံမှုကိုသင်ယူနေမနေ အဘယ်အရာကဖော်ပြသနည်း။

၁၃ ကျွန်ုပ်တို့ကော အသို့နည်း။ စိတ်သောကရောက်စေသည့်ပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင်ပင် ယေဟောဝါအားနာခံရန် စိတ်ပိုင်းဖြတ်ထားပါသလော။ (၁ ပေတရု ၁:၆၊ ၇ ကိုဖတ်ပါ။) ကိုယ်ကျင့်တရား၊ ရိုးသားခြင်း၊ လျှာကိုတော်လျော်စွာအသုံးပြုခြင်း၊ ကျမ်းစာကိုကိုယ်ပိုင်ဖတ်ရှုလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းတို့နှင့်သက်ဆိုင်သော ဘုရားသခင့်ဆုံးမစကားများသည် အလွန်ရှင်းလင်းသည်။ (ယောရှု ၁:၈; မ. ၂၈:၁၉၊ ၂၀; ဧ. ၄:၂၅၊ ၂၈၊ ၂၉; ၅:၃-၅; ဟေဗြဲ ၁၀:၂၄၊ ၂၅) အခက်အခဲအောက်၌ပင် ယင်းကိစ္စများနှင့်ပတ်သက်၍ ယေဟောဝါအား ကျွန်ုပ်တို့နာခံမှုပြသလော။ ကျွန်ုပ်တို့၏နာခံမှုသည် ရင့်ကျက်ခြင်းသို့တက်လှမ်းနေသည့် အမှတ်အသားတစ်ခုဖြစ်သည်။

ခရစ်ယာန်ရင့်ကျက်မှု—အဘယ့်ကြောင့်အကျိုးရှိသနည်း

၁၄။ ရင့်ကျက်ခြင်းသို့တက်လှမ်းခြင်းသည် အကာအကွယ်တစ်ခုဖြစ်နိုင်ပုံကို ဥပမာပေးပါ။

၁၄ “အရှက်အကြောက်မရှိ” သောလောကတွင် အမှားအမှန်ကိုပိုင်းခြားသိမြင်စေသည့် တော်လျော်စွာလေ့ကျင့်ထားသော သိနားလည်နိုင်စွမ်းရှိခြင်းသည် ခရစ်ယန်တစ်ဦးအတွက် အမှန်ပင်အကာအကွယ်ဖြစ်သည်။ (ဧ. ၄:၁၉) ဥပမာ၊ ကျမ်းစာ,စာပေများကို မှန်မှန်ဖတ်ရှုပြီး အလွန်တန်ဖိုးထားသော ဂျိမ်းစ်အမည်ရှိ ညီအစ်ကိုတစ်ဦးသည် အလုပ်တစ်ခုလက်ခံရရှိခဲ့ပြီး သူ၏အလုပ်ဖော်အားလုံးမှာ အမျိုးသမီးများဖြစ်ကြသည်။ ဂျိမ်းစ်ဤသို့ပြောပြ၏– “အများစုကတော့ ကိုယ်ကျင့်တရားလျော့ရဲတာကို အထင်အရှားတင်ပြကြပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ အမူအကျင့်ကောင်းပုံရပြီး သမ္မာကျမ်းစာအမှန်တရားကိုလည်း စိတ်ဝင်စားပုံပြခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ပဲ အလုပ်ခန်းထဲရှိတဲ့အချိန်မှာ လိင်နဲ့ပတ်သက်လို့ သူစပြီးမြှူဆွယ်သွေးဆောင်လာတယ်။ နောက်ပြောင်နေတယ်လို့ ကျွန်တော်ထင်ခဲ့တာ၊ ဒါပေမဲ့ သူ့လုပ်ရပ်ကိုရပ်ခိုင်းလို့မရဘူးဆိုတာ တွေ့လိုက်ရတယ်။ အလုပ်မှာ ဒီလိုစမ်းသပ်မှုမျိုးကြုံခဲ့ရတဲ့ ညီအစ်ကိုတစ်ဦးအကြောင်း ကင်းမျှော်စင်မှာဖော်ပြထားတဲ့ တွေ့ကြုံမှုကို ကျွန်တော်ချက်ချင်းသတိရလိုက်တယ်။ အဲ့ဒီဆောင်းပါးက ယောသပ်နဲ့ ပေါတိဖာရဲ့မိန်းမဥပမာကိုသုံးထားတယ်။ * ကျွန်တော်ချက်ချင်းပဲ သူ့ကို တွန်းထုတ်လိုက်တယ်၊ ဒါနဲ့ သူပြေးထွက်သွားတယ်။” (က. ၃၉:၇-၁၂) နောက်ဘာမျှဆက်မဖြစ်လာသည့်အတွက်နှင့် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်အောင် ထိန်းနိုင်ခဲ့သည့်အတွက် ဂျိမ်းစ်ကျေးဇူးတင်ခဲ့သည်။—၁ တိ. ၁:၅

၁၅။ ရင့်ကျက်ခြင်းသို့တက်လှမ်းခြင်းသည် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို မည်သို့ကြံ့ခိုင်စေနိုင်သနည်း။

၁၅ ရင့်ကျက်ခြင်းသည် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို ကြံ့ခိုင်စေပြီး “ထူးဆန်းသောသွန်သင်ချက်အမျိုးမျိုးကြောင့် လမ်းမလွဲ” စေခြင်းအကျိုးလည်း ဖြစ်စေသည်။ (ဟေဗြဲ ၁၃:၉ ကိုဖတ်ပါ။) ဝိညာဉ်ရေးတိုးတက်ရန် ကြိုးစားသည့်အခါ ကျွန်ုပ်တို့၏စိတ်သည် “သာ၍အရေးကြီးသောအရာများ” အပေါ် အာရုံစိုက်သည်။ (ဖိ. ၁:၉၊ ၁၀) သို့ဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အကျိုးအဖို့ ဘုရားသခင့်ပြင်ဆင်ပေးချက်အားလုံးအတွက် ကိုယ်တော်ကို ကျေးဇူးတင်စိတ်တိုးများလာသည်။ (ရော. ၃:၂၄) ‘သိနားလည်နိုင်စွမ်း၌ ကြီးရင့်သူ’ ခရစ်ယာန်တစ်ဦးသည် ထိုသို့သောကျေးဇူးတင်စိတ်ရှိပြီး ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးတွင် ပျော်မွေ့သည်။—၁ ကော. ၁၄:၂၀

၁၆။ ညီအစ်မတစ်ဦးကို ‘စိတ်နှလုံးခိုင်ခံ့’ ရန်အဘယ်အရာက အထောက်အကူပြုခဲ့သနည်း။

၁၆ လူးဝစ္စအမည်ရှိညီအစ်မတစ်ဦးသည် နှစ်ခြင်းခံပြီး အချိန်အတန်ကြာသည်အထိ ခရစ်ယာန်လုပ်ဆောင်မှုများကို သူဆက်လုပ်နေသည့် အဓိကအကြောင်းရင်းမှာ လူ့အကြိုက်ဆောင်လို၍ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ သူဤသို့ပြော၏– “မှားတာဘာတစ်ခုမှ ကျွန်မ,မလုပ်ပေမဲ့ ယေဟောဝါအမှုတော်ဆောင်လိုတဲ့စိတ် မပြင်းပြခဲ့ဘူး။ ကျွန်မတတ်နိုင်သမျှ ယေဟောဝါကိုပေးဆက်နေတယ်လို့ ခံစားချင်ရင် အပြောင်းအလဲတချို့လုပ်ရမယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ အကြီးမားဆုံးပြုပြင်ပြောင်းလဲမှုကတော့ ကိုယ်တော့်ဝတ်ပြုရေးမှာ ကျွန်မစိတ်နှလုံးအကြွင်းမဲ့ ပါဝင်ဖို့ဖြစ်တယ်။” ထိုသို့ဖြစ်ရန်ကြိုးစားအားထုတ်ခြင်းဖြင့် လူးဝစ္စသည် ‘စိတ်နှလုံးခိုင်ခံ့’ လာခဲ့ပြီး စိတ်သောကဖြစ်စေသည့် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်ရချိန်တွင် ယင်းသို့ခိုင်ခံ့ရန်အရေးကြီးကြောင်း သိရှိခဲ့ရသည်။ (ယာ. ၅:၈) လူးဝစ္စဤသို့ဆို၏– “ကျွန်မ အကြီးအကျယ်တိုက်လှန်ခဲ့ရတယ်၊ ဒါပေမဲ့ ယေဟောဝါနဲ့ တကယ်ပဲ ရင်းနှီးလာတယ်။”

‘စိတ်နှလုံးထဲမှနာခံပါ’

၁၇။ ပထမရာစုတွင် နာခံမှုသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။

၁၇ “ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း” ပါဟူသည့်ပေါလု၏ဆုံးမစကားသည် ယေရုရှလင်နှင့်ယုဒပြည်တွင်နေထိုင်သော ပထမရာစုခရစ်ယာန်များ၏အသက်ကို ကယ်တင်ခဲ့သည်။ ယင်းစကားကိုအလေးဂရုပြုသူတို့သည် “တောင်ပေါ်သို့ပြေး” ရန်အချက်ပြသော ယေရှုပေးခဲ့သည့်နိမိတ်ကိုသတိပြုမိရန် ဝိညာဉ်ရေးပိုင်းခြားသိမြင်မှုလိုအပ်ခဲ့သည်။ “ဖျက်ဆီးတတ်သော ရွံရှာဖွယ်ရာသည် သန့်ရှင်းရာအရပ်၌ရှိနေသည်၊” တစ်နည်းဆိုရလျှင် ရောမစစ်တပ်သည် ယေရုရှလင်မြို့ကိုဝိုင်းရံထားပြီး ထိုးဖောက်တိုက်ခိုက်သည်ကို သူတို့မြင်ရသည့်အခါ ထွက်ပြေးရမည့်အချိန်ဖြစ်ကြောင်း သူတို့သိခဲ့ကြသည်။ (မ. ၂၄:၁၅၊ ၁၆) ခရစ်ယာန်သမိုင်းပညာရှင် ယူစီးဘီးယပ်စ်အဆိုအရ ခရစ်ယာန်များသည် ယေရှု၏ပရောဖက်ပြုသတိပေးချက်ကိုလိုက်နာကာ ယေရုရှလင်မြို့ကိုမဖျက်ဆီးမီ မြို့ထဲမှထွက်ပြေးခဲ့ကြပြီး ဂိလဒ်နယ်တောင်တန်းဒေသရှိ ပဲလ္လမြို့တွင် နေထိုင်ခဲ့ကြသည်။ သို့ဖြင့် သူတို့သည် ယေရုရှလင်မြို့သမိုင်းတွင် အဆိုးရွားဆုံးသောပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့ကြသည်။

၁၈၊ ၁၉။ (က) ကျွန်ုပ်တို့ခေတ်တွင် နာခံမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်ကြမည်နည်း။

၁၈ ယေရှု၏ပရောဖက်ပြုချက်အကြီးစားပြည့်စုံချိန်ဖြစ်သည့် အကြီးမားဆုံး ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ တွင်လည်း ရင့်ကျက်ခြင်းအဖြစ်သို့တက်လှမ်းခြင်းမှ တင်ပြသည့်နာခံမှုက အသက်ရှင်လွတ်မြောက်စေမည်။ (မ. ၂၄:၂၁) ကျွန်ုပ်တို့သည် ‘တည်ကြည်သောဘဏ္ဍာစိုး’ ထံမှရရှိနိုင်သည့် အရေးတကြီးဖြစ်သော နောက်ထပ်မည်သည့်ညွှန်ကြားချက်ကိုမဆို နာခံကြောင်း တင်ပြကြမည်လော။ (လု. ၁၂:၄၂) “စိတ်နှလုံးထဲမှနာခံ” တတ်ရန်သင်ယူထားကြဖို့ အလွန်အရေးကြီးသည်။—ရော. ၆:၁၇

၁၉ ရင့်ကျက်ခြင်းသို့ရောက်ရန် ကျွန်ုပ်တို့၏သိနားလည်နိုင်စွမ်းကို လေ့ကျင့်ဖို့လိုသည်။ ယင်းသို့ပြုရာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ပို၍ကောင်းစွာအကျွမ်းဝင်လာရန် ကြိုးစားအားထုတ်ပြီး နာခံမှုရှိရန်သင်ယူဖို့လိုသည်။ ခရစ်ယာန်ရင့်ကျက်ခြင်းသို့ တက်လှမ်းခြင်းသည် လူငယ်များအတွက် အထူးစိန်ခေါ်ချက်ဖြစ်သည်။ နောက်ဆောင်းပါးက ယင်းစိန်ခေါ်ချက်များကို အောင်မြင်စွာကိုင်တွယ်နိုင်ပုံကို သုံးသပ်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 နာမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 14 အောက်တိုဘာ ၁၊ ၁၉၉၉ ကင်းမျှော်စင်တွင်ပါရှိသော “မှားယွင်းခြင်းကိုငြင်းဆိုရန် အခိုင်အခံ့ဖြစ်စေ” ခေါင်းစဉ်ရှိဆောင်းပါးကိုကြည့်ပါ။

သင်အဘယ်အရာသိရှိခဲ့သနည်း

• ဝိညာဉ်ရေးတွင်ရင့်ကျက်ခြင်းဟူသည် အဘယ်နည်း၊ မည်သို့အားဖြင့် ယင်းသို့ရင့်ကျက်လာမည်နည်း။

• ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အကျွမ်းဝင်လာခြင်းသည် ရင့်ကျက်ခြင်းသို့တက်လှမ်းရာတွင် အဘယ်ကဏ္ဍမှပါဝင်သနည်း။

• နာခံမှုကို ကျွန်ုပ်တို့ မည်သို့သင်ယူကြသနည်း။

• ရင့်ကျက်ခြင်းသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကို အကျိုးပြုသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျမ်းစာဆုံးမစကားကို လက်တွေ့ကျင့်သုံးခြင်းက ပြဿနာများကို ရင့်ကျက်စွာကိုင်တွယ်ရန် အထောက်အကူပြု

[စာမျက်နှာ ၁၂၊ ၁၃ ပါရုပ်ပုံ]

ယေရှု၏ဆုံးမစကားကို လိုက်လျှောက်ခြင်းက အစောပိုင်းခရစ်ယာန်များ၏အသက် ကယ်တင်ခံရခဲ့