မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် “ခရစ်တော်” နောက် လိုက်ရသနည်း

အဘယ်ကြောင့် “ခရစ်တော်” နောက် လိုက်ရသနည်း

အဘယ်ကြောင့် “ခရစ်တော်” နောက် လိုက်ရသနည်း

“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ရမည်။ . . . ငါ့နောက်သို့ မပြတ်လိုက်ရမည်။”—လု. ၉:၂၃

၁၊ ၂။ ကျွန်ုပ်တို့ “ခရစ်တော်” နောက်လိုက်သင့်သည့်အကြောင်းရင်းကို သုံးသပ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

ယေဟောဝါသည် ကမ္ဘာပေါ်ရှိ ကိုယ်တော်အားဝတ်ပြုကိုးကွယ်နေသည့်ပရိသတ်အလယ်တွင် အသင်စိတ်ဝင်စားသူလူသစ်များနှင့် လူငယ်များကို မြင်တွေ့ရခြင်းသည် အလွန်ပျော်ရွှင်မည်ဖြစ်ခြင်း! သင်သည် ကျမ်းစာကိုဆက်လေ့လာပြီး ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ကာ ဘုရားသခင့်နှုတ်မြွက်တော်တွင်တွေ့ရသော အသက်ရစေမည့်အမှန်တရားအသိပညာ တိုးများလာသည်နှင့်အမျှ ယေရှု၏ဤဖိတ်ခေါ်ချက်ကို အလေးအနက်စဉ်းစားဖို့ လိုအပ်သည်– “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ရမည်။ မိမိ၏ညှဉ်းဆဲရာသစ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့မပြတ်လိုက်ရမည်။” (လု. ၉:၂၃) ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ခြင်းနှင့် ကိုယ်တော့်နောက်လိုက်ဖြစ်လာခြင်းသည် သင်လုပ်သင့်သည့်အရာဖြစ်သည်ဟု ယေရှုပြောနေခြင်းဖြစ်သည်။ သို့ဖြင့် “ခရစ်တော်” နောက်လိုက်သင့်သည့်အကြောင်းရင်းကို သုံးသပ်ရန် ကျွန်ုပ်တို့အတွက်အရေးကြီးသည်။—မ. ၁၆:၁၃-၁၆

ယေရှုခရစ်၏ခြေရာကို  လိုက်လျှောက်နှင့်ပြီးဖြစ်သောကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့သည် “သာ၍အပြည့်အဝ လျှောက်လှမ်းနေကြ” ရန်တိုက်တွန်းခံရကြသည်။ (၁ သက်. ၄:၁၊ ၂) မှန်သောဝတ်ပြုရေးကို မကြာသေးမီကလက်ခံခဲ့သည်ဖြစ်စေ၊ နှစ်များစွာကလက်ခံခဲ့သည်ဖြစ်ပါစေ ခရစ်တော်နောက်လိုက်ရသည့်အကြောင်းရင်းများကို ပြန်လည်တွေးတောခြင်းက ပေါလု၏တိုက်တွန်းနှိုးဆော်ချက်ကို လိုက်နာရန်နှင့် ကျွန်ုပ်တို့နေ့စဉ်အသက်တာတွင် ကိုယ်တော့်နောက် သာ၍အပြည့်အဝလျှောက်လှမ်းနေကြရန် အထောက်အကူပြုမည်။ ခရစ်တော်နောက် လိုက်လိုစိတ်ရှိသင့်သည့်အကြောင်းရင်းငါးခုကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါနှင့်ကျွန်ုပ်တို့ ပိုမိုရင်းနှီးလာစေရန်

၃။ အဘယ်နည်းနှစ်နည်းဖြင့် ယေဟောဝါကို သိကျွမ်းနိုင်သနည်း။

တမန်တော်ပေါလုသည် “အာရေတောင်တွင်ရပ်လျက်” အေသင်မြို့သားများကိုစကားပြောသောအခါ ဤသို့ဆိုသည်– “[ဘုရားသခင်] သည် အချိန်ကာလကိုလည်းကောင်း၊ နေရာဒေသကိုလည်းကောင်း ပိုင်းခြားသတ်မှတ်ပေးတော်မူ၏။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့နိုင်မည်အကြောင်းတည်း။ အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တ. ၁၇:၂၂၊ ၂၆၊ ၂၇) ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရှာစမ်းနိုင်ပြီး ကိုယ်တော်ကို အမှန်တကယ်သိလာနိုင်သည်။ ဥပမာ၊ ဖန်ဆင်းရာလက်ရာများကို ကျွန်ုပ်တို့လေ့လာသောအခါ ဘုရားသခင့်အရည်အသွေးများနှင့် အရည်အချင်းများကို များစွာသင်ယူသိရှိလာသည်။ ကိုယ်တော်၏ဖန်ဆင်းရာလက်ရာများကို လေးမြတ်တန်ဖိုးထားစိတ်နှင့်တွေးတောဆင်ခြင်ခြင်းက ဖန်ဆင်းရှင်အကြောင်း များစွာသိရှိစေနိုင်သည်။ (ရော. ၁:၂၀) ထို့ပြင် ယေဟောဝါသည် မိမိအကြောင်းကို ရေးသားထားသောနှုတ်မြွက်တော် သမ္မာကျမ်းစာတွင် အသေးစိတ်ဖော်ပြထား၏။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်ုပ်တို့သည် ‘ကိုယ်တော်ပြုတော်မူသမျှကို စဉ်းစား၍ စီရင်တော်မူသောအရာများကို ဆင်ခြင်’ လေ ယေဟောဝါကို ပို၍သိကျွမ်းနိုင်လေဖြစ်သည်။—ဆာ. ၇၇:၁၂သမ္မာ။

၄။ ခရစ်တော်နောက်လိုက်ခြင်းက ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိလာရန် မည်သို့အထောက်အကူပြုနိုင်သနည်း။

ယေဟောဝါနှင့် ပို၍ရင်းနှီးလာနိုင်သည့် အလွန်ကောင်းမွန်သောနည်းတစ်နည်းမှာ ခရစ်တော်နောက်လိုက်ခြင်းဖြစ်သည်။ “ဤလောကမတည်မီ” ခမည်းတော်ဘေးတွင် ယေရှုရရှိခဲ့သောတင့်တယ်ခြင်းအသရေကို စဉ်းစားကြည့်ပါ! (ယော. ၁၇:၅) ကိုယ်တော်သည် “ဘုရားသခင့် ဖန်ဆင်းခြင်း၏အစ” ဖြစ်သည်။ (ဗျာ. ၃:၁၄) “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” အနေနှင့် ကိုယ်တော်သည် ခမည်းတော်ယေဟောဝါနှင့်အတူ ကောင်းကင်တွင် အတိုင်းမသိကြာရှည်စွာ နေထိုင်ခဲ့သည်။ (ကော. ၁:၁၅) လူသားဘဝမတိုင်မီ ယေရှုသည် ခမည်းတော်နှင့်အတူ ရှိနေရုံထက်မက လုပ်ဆောင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏သီးသန့်အဖော်အဖက်ဖြစ်ခဲ့ပြီး အတိုင်းအဆမဲ့တန်ခိုးရှင်နှင့်အတူ ပျော်ရွှင်စွာအမှုတော်ထမ်းကာ ရှိခဲ့ဖူးသမျှတွင် အခိုင်မာဆုံးမေတ္တာနှောင်ကြိုးဖွဲ့ခဲ့သည်။ ယေရှုသည် ခမည်းတော်၏လုပ်ဆောင်ပုံနည်းလမ်းကို ဂရုတစိုက်စောင့်ကြည့်ရုံသာမက ခမည်းတော်၏ခံစားချက်၊ အရည်အသွေးတော်များကိုမှတ်သားကာ ခမည်းတော်အကြောင်း သင်ယူခဲ့သမျှကို မှတ်မိစွဲလမ်းပြီး ခံယူတော်မူခဲ့သည်။ ရလဒ်အနေနှင့် နာခံမှုရှိသောဤသားတော်သည် “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏” ဟုကျမ်းစာရည်ညွှန်းသည်အထိ ခမည်းတော်နှင့်အလွန်တူလာခဲ့သည်။ (ကော. ၁:၁၅) ခရစ်တော်နောက် ထက်ကြပ်မကွာလိုက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ပို၍ရင်းနှီးသောဆက်ဆံရေး ရရှိလာနိုင်သည်။

ယေဟောဝါကို သာ၍အပြည့်အဝတုပရန်

၅။ ယေဟောဝါကို သာ၍အပြည့်အဝတုပရန် အဘယ်အရာက အထောက်အကူပြုမည်နည်း၊ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့သည် ‘ဘုရားသခင့်ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း ဖန်ဆင်းခံရ’ သောကြောင့် ဘုရားသခင့်အရည်အသွေးတော်များကို ရောင်ပြန်ဟပ်နိုင်စွမ်းရှိသည်။ (က. ၁:၂၆) တမန်တော်ပေါလုသည် ခရစ်ယာန်များအား “ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြ” ရန်တိုက်တွန်းခဲ့သည်။ (ဧ. ၅:၁) ခရစ်တော်နောက်လိုက်ခြင်းက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို တုပရန် အထောက်အကူပြု၏။ အကြောင်းမှာ အခြားမည်သူထက်မဆို ယေရှုသည် ဘုရားသခင်၏စဉ်းစားပုံ၊ ခံစားချက်နှင့် ဥပဓိရုပ်တို့ကို စေ့စေ့စပ်စပ်ရောင်ပြန်ဟပ်နိုင်၊ ရှင်းပြနိုင်သောကြောင့်ဖြစ်သည်။ ယေရှု ကမ္ဘာပေါ်ရှိခဲ့စဉ်တွင် ယေဟောဝါ၏နာမတော်ကို သိစေရုံသာ ပြုတော်မမူခဲ့ပါ။ ယင်းအမည်ခံယူထားသောအရှင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကိုယ်တော်ဖော်ပြခဲ့သည်။ (မဿဲ ၁၁:၂၇ ဖတ်ပါ။) ယင်းကို ယေရှုသည် မိမိ၏အပြောနှင့်အလုပ်၊ မိမိ၏သွန်သင်ချက်များနှင့် ပုံသက်သေတို့ဖြင့် တင်ပြတော်မူခဲ့သည်။

၆။ ယေရှု၏သွန်သင်ချက်များက ယေဟောဝါအကြောင်း အဘယ်အရာဖော်ပြသနည်း။

ကျွန်ုပ်တို့ကို ဘုရားသခင်အဘယ်အရာတောင်းဆိုကြောင်းနှင့် မိမိအားဝတ်ပြုကိုးကွယ်သူတို့ကို ကိုယ်တော်မည်သို့ယူမှတ်ကြောင်းတို့ကို ယေရှုသည် မိမိ၏သွန်သင်ချက်များအားဖြင့် တင်ပြတော်မူခဲ့သည်။ (မ. ၂၂:၃၆-၄၀; လု. ၁၂:၆၊ ၇; ၁၅:၄-၇) ဥပမာ၊ ယေရှုသည် ပညတ်တော်ဆယ်ပါးထဲမှတစ်ပါးဖြစ်သော “အိမ်ထောင်ရေး မဖောက်ပြန်ရ” ကိုကိုးကားပြီးနောက် ယင်းလုပ်ရပ်ကို လူတစ်ဦးမလုပ်မီ ကြာမြင့်စွာကပင် သူ၏နှလုံးတွင်ဖြစ်ပျက်သည့်အရာကို ဘုရားသခင်မည်သို့ရှုမြင်ကြောင်း ကိုယ်တော်ရှင်းပြတော်မူခဲ့သည်။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” (ထွ. ၂၀:၁၄ကဘ; မ. ၅:၂၇၊ ၂၈) ပညတ်ကျမ်းပါဖော်ပြချက်တစ်ခုနှင့်ပတ်သက်၍ ဖာရိရှဲတို့၏အနက်ဖွင့်ဆိုပုံဖြစ်သော “လူသားချင်းကို ချစ်လော့။ သင့်ရန်သူကိုမူ မုန်းလော့” ကိုဖော်ပြပြီးနောက် ယေရှုသည် ယေဟောဝါ၏စဉ်းစားပုံကိုဖော်ပြကာ ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။” (မ. ၅:၄၃၊ ၄၄; ထွ. ၂၃:၄; ဝတ်. ၁၉:၁၈) ဘုရားသခင့်စဉ်းစားပုံ၊ ခံစားချက်နှင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုရာတို့ကို သိနားလည်ခြင်းက ကိုယ်တော်အား သာ၍အပြည့်အဝတုပရန် အထောက်အကူဖြစ်စေသည်။

၇၊ ၈။ ယေရှု၏စံနမူနာမှ ယေဟောဝါအကြောင်း ကျွန်ုပ်တို့အဘယ်အရာသင်ယူရရှိသနည်း။

ခမည်းတော်သည် အဘယ်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်း စံနမူနာအားဖြင့် ယေရှုဖော်ပြတော်မူခဲ့သည်။ အကူအညီလိုအပ်နေသူတို့ကို ယေရှုသနားစိတ်ရှိပုံ၊ ဆင်းရဲဝေဒနာခံရသူတို့ကို ကိုယ်ချင်းစာပေးပုံ၊ ကလေးများကိုပြစ်တင်ပြောဆိုကြသောတပည့်များအား ကိုယ်တော်အမျက်ထွက်ခဲ့သည်တို့ကို ခရစ်ဝင်ကျမ်းတွင်ကျွန်ုပ်တို့ဖတ်ရှုရသောအခါ ခမည်းတော်သည် အလားတူခံစားရကြောင်း ကျွန်ုပ်တို့သိရှိရသည်မဟုတ်လော။ (မာ. ၁:၄၀-၄၂; ၁၀:၁၃၊ ၁၄; ယော. ၁၁:၃၂-၃၅) ယေရှု၏လုပ်ရပ်များက ဘုရားသခင်၏အဓိကအရည်အသွေးတော်များကို သိမြင်စေရန် အထောက်အကူပြုပုံကို စဉ်းစားကြည့်ပါ။ ခရစ်တော်ပြုလုပ်ခဲ့သောအံ့ဖွယ်အမှုများက ကိုယ်တော့်တွင် ကြီးမားလှသောတန်ခိုးရှိသည်ကို တင်ပြသည်မဟုတ်လော။ သို့တိုင် ကိုယ်တော်သည် ထိုတန်ခိုးကို မိမိအကျိုးအတွက် သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာစေရန် ဘယ်တော့မျှ အသုံးမပြုခဲ့ပါ။ (လု. ၄:၁-၄) ဝတ်ပြုရာအိမ်တော်မှ လောဘကြီးသောကုန်သည်များကို မောင်းထုတ်သောကိုယ်တော်၏လုပ်ရပ်က ယေရှု၏တရားမျှတသောစိတ်ဓာတ်ကို ထင်ရှားစွာဖော်ပြ၏! (မာ. ၁၁:၁၅-၁၇; ယော. ၂:၁၃-၁၆) ကိုယ်တော်၏သွန်သင်ချက်များနှင့် လူတို့၏နှလုံးကို ထိမိရန်အသုံးပြုခဲ့သော နှစ်လို့ဖွယ်နှုတ်တော်ထွက်စကားများက ကိုယ်တော်သည် ဉာဏ်ပညာတွင် “ရှောလမုန်ထက် သာ၍ကြီးမြတ်သူ” ဖြစ်ကြောင်းဖော်ပြ၏။ (မ. ၁၂:၄၂) ယေရှုသည် အခြားသူများအတွက် မိမိအသက်ပေးဆက်ခဲ့ခြင်းဖြင့် ကိုယ်တော်တင်ပြခဲ့သည့်မေတ္တာနှင့်ပတ်သက်၍ကော အဘယ်အရာပြောနိုင်သနည်း၊ ယင်း “မေတ္တာထက် သာ၍ကြီးမြတ်သောမေတ္တာမရှိ” ဟုသမ္မာကျမ်းစာဆိုသည်။—ယော. ၁၅:၁၃

ဘုရားသခင့်သားတော်သည် အရာရာ၌ အပြောဖြင့်ရော အလုပ်ဖြင့်ပါ ယေဟောဝါအား စုံလင်စွာကိုယ်စားပြုခဲ့သောကြောင့် ယေရှုဤသို့ပြောနိုင်သည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်းမြင်ပြီ။” (ယောဟန် ၁၄:၉-၁၁ ကိုဖတ်ပါ။) ယေရှုနောက်လိုက်ခြင်းသည် ယေဟောဝါနောက်လိုက်ခြင်းမည်၏။

ယေရှုသည် ယေဟောဝါ၏ဘိသိက်ပေးခြင်းခံရသူဖြစ်

၉။ ယေရှုသည် အဘယ်အချိန်တွင်နှင့် မည်သို့အားဖြင့် ဘုရားသခင့်ဘိသိက်ပေးခံရသူဖြစ်လာခဲ့သနည်း။

အသက် ၃၀ ရှိပြီဖြစ်သောယေရှုသည် နှစ်ခြင်းဆရာယောဟန်ထံကြွလာခဲ့ချိန်၊ စီအီး ၂၉ ဆောင်းဦးရာသီတွင် ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ “ယေရှုသည် နှစ်ခြင်းခံပြီး ရေထဲမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက် ဘုရားသခင်၏စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ် ဆင်းသက်သည်ကိုမြင်လေ၏။” ထိုအချိန်တွင် ကိုယ်တော်သည် ခရစ်တော် သို့မဟုတ် မေရှိယဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါက ယေရှုသည် မိမိဘိသိက်ပေးသူဖြစ်ကြောင်း ဖော်ပြတော်မူခဲ့ပြီး ဤသို့မိန့်တော်မူ၏– “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏။” (မ. ၃:၁၃-၁၇) ယင်းသည် ယေရှုနောက်လိုက်သင့်သည့် အကြောင်းရင်းကောင်းတစ်ခုပင်!

၁၀၊ ၁၁။ (က) “ခရစ်တော်” ဟူသောဘွဲ့အမည်ကို အဘယ်နည်းများဖြင့် ယေရှုနှင့်ပတ်သက်၍ အသုံးပြုခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်ကြောင့် ယေရှုခရစ်နောက်သို့ မပျက်မကွက်လိုက်သင့်သနည်း။

၁၀ သမ္မာကျမ်းစာတွင် “ခရစ်တော်” ဟူသောဘွဲ့အမည်ကို ယေရှုခရစ်တော်၊ ခရစ်တော်ယေရှုနှင့် ခရစ်တော်ဟူ၍ အမျိုးမျိုးဖော်ပြသည်။ အမည်နာမနောက်တွင် ဘွဲ့ကိုထားခြင်းဖြစ်သော “ယေရှုခရစ်တော်” ဟူသောအသုံးအနှုန်းကို ယေရှုကိုယ်တော်တိုင် ဦးဆုံးအသုံးပြုခဲ့သည်။ ကိုယ်တော်သည် ခမည်းတော်ထံဆုတောင်းရာတွင် ဤသို့ပြောခဲ့သည်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့်အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယော. ၁၇:၃) ယင်းအသုံးအနှုန်းက ဘုရားသခင်စေလွှတ်ခြင်းခံရသူ၊ ကိုယ်တော်၏ဘိသိက်ပေးခြင်းခံရသူကို အာရုံစိုက်စေသည်မှာ ထင်ရှားသည်။ “ခရစ်တော်ယေရှု” ကဲ့သို့သော အမည်နာမရှေ့တွင်ဘွဲ့ထူးကိုထားသည့်အခါ ပုဂ္ဂိုလ်ကိုမဟုတ်ဘဲ ရာထူးအဆင့်ကို အလေးပေးခြင်းဖြစ်သည်။ (၂ ကော. ၄:၅) ယေရှု၏အမည်နာမ,မပါဘဲ ဘွဲ့အမည်ဖြစ်သည့် “ခရစ်တော်” ဟူသောအသုံးအနှုန်းက မေရှိယအဖြစ် ကိုယ်တော်၏ရာထူးကို အလေးပေးခြင်းဖြစ်သည်။—တ. ၅:၄၂

၁၁ “ခရစ်တော်” ဟူသောဘွဲ့အမည်ကို ယေရှုနှင့်ပတ်သက်၍ မည်သို့ပင်အသုံးပြုပါစေ ယင်းသည် ဤအရေးကြီးသောအမှန်တရားကို ပေါ်လွင်စေ၏– ဘုရားသခင့်သားတော်သည် လူသားအနေနှင့် မြေကြီးသို့ကြွလာကာ ခမည်းတော်၏အလိုတော်ကိုဖော်ပြသော်လည်း ကိုယ်တော်သည် သာမန်လူသားတစ်ဦးမျှသာမဟုတ်သကဲ့သို့ ပရောဖက်တစ်ပါးမျှသာလည်းမဟုတ်ပါ၊ ကိုယ်တော်သည် ယေဟောဝါ၏ဘိသိက်ပေးခံရသူတစ်ဦးဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့သည် ဤဘိသိက်ပေးခံရသူနောက်သို့ မပျက်မကွက်လိုက်ရမည်။

ကယ်တင်ခြင်းရရန် ယေရှုသည် တစ်ခုတည်းသောနည်းလမ်းဖြစ်

၁၂။ တမန်တော်သောမအား အဘယ်အရေးကြီးသောဖော်ပြချက်ကို ယေရှုမိန့်တော်မူခဲ့သနည်း။

၁၂ မေရှိယနောက် ဆက်၍လိုက်နေရန် အရေးကြီးသောနောက်အကြောင်းရင်းကို ယေရှုမသေဆုံးမီ နာရီပိုင်းအလိုလေးတွင် မိမိတည်ကြည်သောတမန်တော်များအား ကိုယ်တော်မိန့်တော်မူခဲ့သောစကားတွင် ဖော်ပြခဲ့သည်။ သူတို့အတွက် နေစရာအရပ်ပြင်ဆင်ရန် မိမိထွက်ခွာသွားမည်ဟူသော ယေရှု၏မိန့်ဆိုချက်ကို သောမမေးခွန်းမေးရာတွင် ယေရှုဤသို့ဖြေကြားခဲ့သည်– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယော. ၁၄:၁-၆) ထိုအချိန်တွင် ယေရှုသည် တည်ကြည်သောတမန်တော် ၁၁ ပါးနှင့် စကားပြောနေခြင်းဖြစ်သည်။ ကိုယ်တော်သည် သူတို့ကို ကောင်းကင်တွင်နေရမည်ဟု ကတိပေးခဲ့သည်၊ သို့သော် ကိုယ်တော်၏စကားများသည် မြေကြီးပေါ် ထာဝရအသက်မျှော်လင့်ချက်ရှိသူတို့အတွက်လည်း အဓိပ္ပာယ်ရှိ၏။ (ဗျာ. ၇:၉၊ ၁၀; ၂၁:၁-၄) မည်သို့အားဖြင့်နည်း။

၁၃။ အဘယ်သဘောဖြင့် ယေရှုသည် “လမ်းခရီး” ဖြစ်တော်မူသနည်း။

၁၃ ယေရှုခရစ်သည် “လမ်းခရီး” ဖြစ်၏။ ဆိုလိုသည်မှာ ကိုယ်တော်မှတစ်ဆင့်သာလျှင် ဘုရားသခင်ထံချဉ်းကပ်၍ ရနိုင်သည်။ ယင်းသည် ဆုတောင်းခြင်းကိစ္စတွင် မှန်ကန်၏၊ အကြောင်းမှာ ခမည်းတော်၏အလိုတော်နှင့်အညီ အဘယ်အရာပင်တောင်းဆိုပါစေ ယေရှုနာမမှတစ်ဆင့် ဆုတောင်းမှသာ ကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။ (ယော. ၁၅:၁၆) သို့သော် ယေရှုသည် နောက်တစ်နည်းဖြင့်လည်း “လမ်းခရီး” ဖြစ်သေးသည်။ အပြစ်တရားသည် လူသားတို့အား ဘုရားသခင်ထံမှ ကင်းကွာစေခဲ့သည်။ (ဟေရှာ. ၅၉:၂) ယေရှုသည် ‘လူများအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိအသက်ကိုစွန့်’ တော်မူ၏။ (မ. ၂၀:၂၈) ယင်းကြောင့် ကျမ်းစာက ဤသို့ရှင်းပြသည်– “ယေရှု၏အသွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှမှ သန့်စင်စေပြီ။” (၁ ယော. ၁:၇) သို့ဖြင့် သားတော်သည် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေသည့်လမ်းကို ဖွင့်ပေးတော်မူခဲ့သည်။ (ရော. ၅:၈-၁၀) ယေရှုကိုယုံကြည်ပြီး ကိုယ်တော်ကိုနာခံခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရရှိစေနိုင်သည်။—ယော. ၃:၃၆

၁၄။ ယေရှုသည် မည်သို့ “အမှန်တရား” ဖြစ်တော်မူသနည်း။

၁၄ ယေရှုသည် “အမှန်တရားလည်း” ဖြစ်၏၊ အမှန်တရားကိုမိန့်တော်မူပြီး ယင်းနှင့်အညီအသက်ရှင်သောကြောင့်သာမဟုတ်ဘဲ မေရှိယအကြောင်း ရေးသားထားသောပရောဖက်ပြုချက်အားလုံး ကိုယ်တော်တွင် ပြည့်စုံခဲ့သောကြောင့်ဖြစ်သည်။ တမန်တော်ပေါလုဤသို့ရေးခဲ့သည်– “ဘုရားသခင်၏ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် အဟုတ်အမှန် ဖြစ်လာကြ၏။” (၂ ကော. ၁:၂၀) မောရှေပညတ်တွင်ပါဝင်ခဲ့သော “နောင်ဖြစ်လာမည့် အရာများ၏အရိပ်” ပင်လျှင် ခရစ်တော်ယေရှု၌ အစစ်အမှန် ဖြစ်လာခဲ့သည်။ (ဟေဗြဲ ၁၀:၁; ကော. ၂:၁၇) ယေရှုသည် ပရောဖက်ပြုချက်အားလုံးဦးတည်ရာဖြစ်ပြီး ယင်းတို့သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များပြည့်စုံမှုတွင် ကိုယ်တော်၏အဓိကအခန်းကဏ္ဍကို နားလည်စေရန် အထောက်အကူပြုသည်။ (ဗျာ. ၁၉:၁၀) ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်ပြည့်စုံမှုမှ အကျိုးရရှိရန် ကျွန်ုပ်တို့သည် မေရှိယနောက်လိုက်ဖို့လိုသည်။

၁၅။ ယေရှုသည် အဘယ်သဘောဖြင့် “အသက်” ဖြစ်တော်မူသနည်း။

၁၅ ယေရှုသည် “အသက်လည်း” ဖြစ်၏၊ အကြောင်းမှာ လူသားတို့ကို မိမိအသွေးဖြင့် ဝယ်ယူတော်မူခဲ့ပြီး ထာဝရအသက်မှာ “ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့်” ဘုရားသခင်ပေးသောဆုကျေးဇူးဖြစ်သည်။ (ရော. ၆:၂၃) ယေရှုသည် သေလွန်သောသူတို့အတွက်လည်း “အသက်” ဖြစ်တော်မူ၏။ (ယော. ၅:၂၈၊ ၂၉) ထို့ပြင် ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်တွင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကိုယ်တော်လုပ်ဆောင်မည့်အရာများကို စဉ်းစားကြည့်ပါ။ ကိုယ်တော်သည် မြေကြီးဆိုင်ရာလက်အောက်ခံများအား အပြစ်နှင့်သေခြင်းမှ ထာဝစဉ်ကယ်နုတ်တော်မူမည်ဖြစ်သည်။—ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၈

၁၆။ ယေရှုနောက်လိုက်ရန် ကျွန်ုပ်တို့တွင် အဘယ်အကြောင်းရင်းရှိသနည်း။

၁၆ သို့ဖြင့် သောမအား ယေရှုဖြေကြားချက်သည် ကျွန်ုပ်တို့အတွက် များစွာအဓိပ္ပာယ်ရှိသည်။ ယေရှုသည် လမ်းခရီး၊ အမှန်တရားနှင့် အသက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သာ ကမ္ဘာပေါ်သို့ ဘုရားသခင်စေလွှတ်တော်မူသောသူဖြစ်ပြီး ကိုယ်တော်အားဖြင့် ဤလောကကယ်တင်ခြင်းရရန်ဖြစ်သည်။ (ယော. ၃:၁၇) ကိုယ်တော့်ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံမရောက်နိုင်။ သမ္မာကျမ်းစာ ဤသို့ရှင်းလင်းစွာဖော်ပြသည်– “ငါတို့ကယ်တင်ခြင်းရရန် ကောင်းကင်အောက်တွင် နာမတစ်ခုတည်းသာ လူတို့ကို ပေးထား၏။ ကယ်တင်ခြင်းကို အခြားမည်သူ့ထံကမျှ မရနိုင်ကြောင်း သိကြပါစေ။” (တ. ၄:၁၂) ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သည့်နောက်ခံပင်ရှိပါစေ ယေရှုအား ယုံကြည်ပြီး ကိုယ်တော့်နောက်လိုက်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပြီး ယင်းက အသက်ရစေမည်ဖြစ်သည်။—ယော. ၂၀:၃၁

ကျွန်ုပ်တို့သည် ခရစ်တော်၏စကားကိုနားထောင်ရန် မိန့်မှာခံရ

၁၇။ ဘုရားသခင့်သားတော်၏စကားကို နားထောင်ရန် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၇ ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့သည် ကိုယ်တော်၏ကိုယ်ယောင်ပြောင်းခြင်းကို မျက်မြင်တွေ့ရှိသူများဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့သည် ကောင်းကင်မှ ဤသို့ပြောသံကို ကြားခဲ့ကြသည်– “ဤသူသည် ငါရွေးချယ်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့။” (လု. ၉:၂၈၊ ၂၉၊ ၃၅) မေရှိယ၏စကားကို နားထောင်ပါဟူသောအမိန့်ကိုနာခံခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်။—တမန်တော် ၃:၂၂၊ ၂၃ ကိုဖတ်ပါ။

၁၈။ ယေရှုခရစ်၏စကားကို ကျွန်ုပ်တို့ မည်သို့နားထောင်နိုင်သနည်း။

၁၈ ယေရှု၏စကားကိုနားထောင်ခြင်းတွင် ‘ကိုယ်တော်အား စေ့စေ့ကြည့်ရှုခြင်း၊ ကိုယ်တော်၏ပုံသက်သေကို စေ့စေ့ဆင်ခြင်ခြင်း’ ပါဝင်သည်။ (ဟေဗြဲ ၁၂:၂၊ ၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်ယာန်အစည်းအဝေးများတွင် ကိုယ်တော့်အကြောင်း ကြားခဲ့ရာအပြင် သမ္မာကျမ်းစာနှင့် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ ထုတ်ဝေသောစာပေများတွင် ကိုယ်တော့်အကြောင်းဖတ်ရှုရာများကို “သာမန်ထက် ပို၍အာရုံစိုက်” သင့်သည်။ (ဟေဗြဲ ၂:၁; မ. ၂၄:၄၅) ကိုယ်တော်၏သိုးများအနေနှင့် ကျွန်ုပ်တို့သည် ယေရှု၏စကားကို စိတ်အားထက်သန်စွာနားထောင်ပြီး ကိုယ်တော့်နောက်လိုက်ကြစို့။—ယော. ၁၀:၂၇

၁၉။ ခရစ်တော်နောက် အဆက်မပြတ်လိုက်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို အထောက်အကူပြုမည်နည်း။

၁၉ ကျွန်ုပ်တို့သည် အခက်အခဲများကြား ခရစ်တော်နောက် အဆက်မပြတ်လိုက်နိုင်ပါသလော။ ကျွန်ုပ်တို့သင်ယူသိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံကို ခရစ်တော်ယေရှု၌ရှိသော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ ဆုပ်ကိုင်ထား” မည်ဆိုလျှင် အမှန်ဖြစ်နိုင်ပါသည်။—၂ တိ. ၁:၁၃

သင်အဘယ်အရာသိရှိခဲ့သနည်း

• “ခရစ်တော်” နောက်လိုက်ခြင်းက ယေဟောဝါနှင့်ကျွန်ုပ်တို့၏ရင်းနှီးမှုကို အဘယ်ကြောင့် တိုးပွားစေနိုင်သနည်း။

• ယေရှုအား တုပခြင်းသည် ယေဟောဝါအား တုပခြင်းပင်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

• ယေရှုသည် မည်သို့ဖြင့် ‘လမ်းခရီး၊ အမှန်တရားနှင့် အသက်’ ဖြစ်တော်မူသနည်း။

• ကျွန်ုပ်တို့သည် ယေဟောဝါဘိသိက်ပေးသူ၏စကားကို အဘယ်ကြောင့် နားထောင်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယေရှု၏သွန်သင်ချက်များက ယေဟောဝါ၏ မြင့်မြတ်သောစဉ်းစားပုံကို ရောင်ပြန်ဟပ်ခဲ့

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် ယေဟောဝါ ဘိသိက်ပေးထားသူနောက် တည်ကြည်စွာလိုက်ရမည်

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယေဟောဝါဤသို့ကြွေးကြော်ခဲ့သည်– ‘ဤသူသည် ငါ၏သားပေတည်း၊ သူ၏စကားကို နားထောင်ကြလော့’