မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခင်ပွန်းသည်တို့၊ ခရစ်တော်၏မေတ္တာကို တုပကြပါ!

ခင်ပွန်းသည်တို့၊ ခရစ်တော်၏မေတ္တာကို တုပကြပါ!

ခင်ပွန်းသည်တို့၊ ခရစ်တော်၏မေတ္တာကို တုပကြပါ!

ယေရှုသည် မြေကြီးအသက်တာနောက်ဆုံးညတွင် မိမိ၏တည်ကြည်သောတမန်တော်များကို ဤသို့မိန့်တော်မူ၏– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကိုငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့သိရကြလိမ့်မည်။” (ယော. ၁၃:၃၄၊ ၃၅) မှန်ပါသည်၊ စစ်မှန်သောခရစ်ယာန်များသည် အချင်းချင်းချစ်ကြရမည်။

ခရစ်ယာန်ခင်ပွန်းသည်များအား ဦးတည်ပြောဆိုရာတွင် တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။” (ဧ. ၅:၂၅) ခရစ်ယာန်ခင်ပွန်းသည်တစ်ဦးသည် မိမိ၏အိမ်ထောင်တွင် အထူးသဖြင့် သူ၏ဇနီးသည် ယေဟောဝါကို အပ်နှံထားသူတစ်ဦးဖြစ်သောအခါတွင် ဤကျမ်းစာတိုက်တွန်းချက်ကို မည်သို့ကျင့်သုံးနိုင်သနည်း။

ခရစ်တော်သည် အသင်းတော်ကို မြတ်နိုးတော်မူ၏

သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။ မိမိဇနီးကို ချစ်သောသူသည် ကိုယ့်ကိုယ်ကိုချစ်သောသူဖြစ်၏။ အကြောင်းမူကား မည်သူမျှ မိမိခန္ဓာကိုယ်ကိုမုန်းသည်မရှိ။ လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍မြတ်နိုးတတ်၏။ ခရစ်တော်သည် အသင်းတော်ကိုကျွေးမွေး၍ မြတ်နိုးတော်မူသကဲ့သို့ဖြစ်၏။” (ဧ. ၅:၂၈၊ ၂၉) ယေရှုသည် မိမိတပည့်များကို ချစ်ခင်ကြင်နာပြီး နှစ်သက်တော်မူသည်။ သူတို့ကို မြတ်နိုးတော်မူ၏။ သူတို့သည် မစုံလင်ကြသော်လည်း ကိုယ်တော်သည် သူတို့အပေါ်နူးညံ့သိမ်မွေ့ပြီး ကြင်နာမှုပြ၏။ ယေရှုသည် မိမိတပည့်များ၏ကောင်းသောအရည်အသွေးများကို အာရုံစိုက်ခဲ့သည်။—ဧ. ၅:၂၇

ခရစ်တော်သည် အသင်းတော်ကိုချစ်ကြောင်းဖော်ပြခဲ့သကဲ့သို့ ခင်ပွန်းသည်,သည် အပြောနှင့်ရော အလုပ်နှင့်ပါ မိမိအိမ်ထောင်ဖက်ကိုချစ်ကြောင်း တင်ပြရမည်။ မိမိခင်ပွန်းသည်၏မေတ္တာဖော်ပြချက်ကို လက်ခံရရှိနေကျဇနီးသည်တစ်ဦးသည် မြတ်နိုးခံရသည်ဟု ခံစားရပြီး ပျော်ရွှင်၏။ အခြားတစ်ဖက်တွင်မူ အိမ်ကောင်းကောင်းနှင့် စည်းစိမ်များစွာခံစားနေရသောအမျိုးသမီးတစ်ဦးသည် ခင်ပွန်းသည်၏ဂရုစိုက်မခံရ သို့မဟုတ် လျစ်လျူရှုခံရပါက သူသည် အလွန်စိတ်ဆင်းရဲနိုင်သည်။

ခင်ပွန်းသည်,သည် မိမိဇနီးကို ချစ်ခင်မြတ်နိုးကြောင်း မည်သို့တင်ပြမည်နည်း။ လူအများနှင့်ရှိနေချိန်တွင် မိမိဇနီးကို အခြားသူများနှင့် ဂုဏ်သိက္ခာရှိရှိမိတ်ဆက်ပေးကာ သူ၏ထောက်မမှုအတွက် ပွင့်ပွင့်လင်းလင်းချီးမွမ်းမည်။ ဇနီးသည်,သည် မိသားစုကြုံတွေ့ရသောအောင်မြင်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပါက ခင်ပွန်းဖြစ်သူသည် ယင်းကို အခြားသူများအား မတွန့်ဆုတ်ဘဲထုတ်ဖော်ပြောပြသည်။ နှစ်ဦးတည်းရှိနေချိန်တွင် ဇနီးသည်,သည် ခင်ပွန်း၏မြတ်နိုးမှုကို ခံစားရသည်။ လက်ကိုင်ခြင်း၊ ပြုံးပြခြင်း၊ ပွေ့ဖက်ခြင်းနှင့် ချီးမွမ်းခြင်းတို့သည် သေးငယ်သောအရာများဖြစ်ပေမည်၊ သို့သော် အမျိုးသမီးတစ်ဦးအတွက် များစွာတာသွားနိုင်သည်။

“သူတို့ကို ‘ညီအစ်ကိုများ’ ဟုခေါ်ရန်ရှက်တော်မမူ”

ခရစ်တော်ယေရှုသည် “သူတို့ [ဘိသိက်ပေးခံရသောနောက်လိုက်များ] ကို ‘ညီအစ်ကိုများ’ ဟုခေါ်ရန် ရှက်တော်မမူ။” (ဟေဗြဲ ၂:၁၁၊ ၁၂၊ ၁၇) သင်သည် ခရစ်ယာန်ခင်ပွန်းသည်ဖြစ်ပါက သင့်ဇနီးသည် သင့်ခရစ်ယာန်ညီအစ်မဖြစ်ကြောင်းကိုလည်း သတိရပါ။ သူသည် သင့်ကိုလက်မထပ်မီနှစ်ခြင်းခံသည်ဖြစ်စေ၊ လက်ထပ်ပြီးနောက် နှစ်ခြင်းခံသည်ဖြစ်စေ ယေဟောဝါထံ သူ၏အပ်နှံမှုသည် လက်ထပ်ကတိကဝတ်ထက် ပိုအရေးကြီးသည်။ အသင်းတော်အစည်းအဝေး၌ ဦးစီးနေသောညီအစ်ကိုသည် သင့်ဇနီးကို မှတ်ချက်ပေးဖို့ခေါ်သောအခါ “ညီအစ်မ—” ဟု သင့်လျော်စွာခေါ်ဆိုသည်။ သူသည် သင်၏ညီအစ်မလည်းဖြစ်သည်၊ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်သာမက အိမ်တွင်ပါဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် သူ့ကို ကြင်ကြင်နာနာ၊ ရည်မွန်စွာဆက်ဆံရန်ဖြစ်သည့်နည်းတူ အိမ်တွင်လည်း အလားတူဆက်ဆံရန် အရေးကြီးသည်။

သင်သည် အသင်းတော်တွင် နောက်ထပ်လုပ်ငန်းတော်အခွင့်ထူးများရရှိပါက အသင်းတော်တာဝန်နှင့် မိသားစုတာဝန်များကို မျှတစွာထမ်းဆောင်ရန် အခက်တွေ့သည့်အခါများရှိပေမည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ ကောင်းစွာပူးပေါင်းဆောင်ရွက်ခြင်းနှင့် တာဝန်များကို ကောင်းစွာလွှဲအပ်ခြင်းက သင့်ကို အလိုအပ်ဆုံးညီအစ်မဖြစ်သော သင့်ဇနီးအတွက် ပို၍အချိန်ရရှိစေမည်ဖြစ်သည်။ သင့်အား တာဝန်ပေးထားသည့် အသင်းတော်လုပ်ငန်းများကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်သော ညီအစ်ကိုများစွာရှိသည်၊ သို့သော် သင်တစ်ဦးတည်းသာ သင့်ဇနီးနှင့်ထိမ်းမြားထားသော ညီအစ်ကိုဖြစ်သည်ကို သတိရပါ။

ထို့ပြင် သင်သည် သင့်ဇနီး၏ဦးခေါင်းဖြစ်သည်။ သမ္မာကျမ်းစာဤသို့ဖော်ပြသည်– ‘ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်၏၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်၏။’ (၁ ကော. ၁၁:၃) ယင်းဦးစီးမှုကို သင်မည်သို့ကျင့်သုံးသင့်သနည်း။ အထက်ပါကျမ်းချက်ကို မကြာခဏကိုးကားခြင်းနှင့် ရိုသေမှုကိုတောင်းဆိုခြင်းဖြင့်မဟုတ်ဘဲ မေတ္တာဖြင့်ဖြစ်သည်။ လျောက်ပတ်စွာဦးစီးရန်သော့ချက်ကား သင့်ဇနီးကို ဆက်ဆံရာတွင် ယေရှုခရစ်ကို တုပခြင်းဖြစ်သည်။—၁ ပေ. ၂:၂၁

‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’

ယေရှုသည် မိမိတပည့်များကို ငါ၏မိတ်ဆွေများဟု ခေါ်ခဲ့သည်။ ကိုယ်တော် သူတို့ကိုဤသို့မိန့်တော်မူခဲ့သည်– “ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟုမခေါ်တော့။ ကျွန်မူကား ကိုယ့်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကို မိတ်ဆွေဟုငါခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံမှကြားသမျှကို သင်တို့အားပြောပြ၏။” (ယော. ၁၅:၁၄၊ ၁၅) ယေရှုနှင့်ကိုယ်တော်၏တပည့်များသည် ကောင်းမွန်သောပြောဆိုဆက်သွယ်မှုရှိသည်။ သူတို့သည် ကိစ္စရပ်များကို အတူတကွလုပ်ဆောင်ခဲ့ကြသည်။ ‘ယေရှုနှင့် တပည့်များ’ သည် ကာနမြို့မှမင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားခံခဲ့ကြရသည်။ (ယော. ၂:၂) သူတို့သည် ဂေသရှေမန်ဥယျာဉ်ကဲ့သို့သော ကြိုက်နှစ်သက်ကြသည့်နေရာများရှိသည်။ ‘ထိုအရပ်သို့ ယေရှုသည် တပည့်တို့နှင့်အတူ ကြိမ်ဖန်များစွာသွားဖူး’ သည်ဟုသမ္မာကျမ်းစာဆိုသည်။—ယော. ၁၈:၂

ဇနီးသည်,သည် မိမိခင်ပွန်း၏အရင်းနှီးဆုံးအဖော်အဖက်ဟူ၍ ခံစားရဖို့ အမှန်လိုအပ်သည်။ အသင် ခင်ပွန်းသည်နှင့်ဇနီးသည်တို့သည် ဘဝကို အတူတကွပျော်မွေ့ရန် အလွန်အရေးကြီးသည်။ ဘုရားသခင့်အမှုတော်ကို အတူတကွဆောင်ရွက်ပါ။ အတူတကွ ကျမ်းစာလေ့လာခြင်းတွင် ပျော်မွေ့ပါ။ အတူတကွ အချိန်သုံးပါ—အတူတူလမ်းလျှောက်၊ စကားပြော၊ အစာစားကြပါ။ အိမ်ထောင်သည်ဇနီးမောင်နှံထက်မက ဖြစ်ကြပါ၊ မိတ်ဆွေကောင်းများဖြစ်ကြပါ။

ကိုယ်တော်သည် ‘သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏’

ယေရှုသည် ‘မိမိတပည့်များကို အဆုံးတိုင်အောင်ချစ်တော်မူ၏။’ (ယော. ၁၃:၁) ခင်ပွန်းသည်အချို့သည် ဤကိစ္စတွင် ခရစ်တော်ကိုတုပဖို့ ပျက်ကွက်ကြသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ပို၍ငယ်ရွယ်သူကိုရခြင်းငှာ “အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို” စွန့်ပစ်ထားခြင်းပင် ဖြစ်ပေမည်။—မာလ. ၂:၁၄၊ ၁၅

ဝီလီကဲ့သို့သော အခြားသူတို့သည် ခရစ်တော်ကိုတုပကြသည်။ ကျန်းမာရေးချို့တဲ့သောကြောင့် ဝီလီ၏ဇနီးသည် နှစ်များစွာ အမြဲမပြတ်ကြည့်ရှုစောင့်ရှောက်ဖို့လိုအပ်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဝီလီမည်သို့ခံစားခဲ့ရသနည်း။ သူဤသို့ပြောသည်– “ကျွန်တော့်ဇနီးကို ဘုရားသခင်ပေးတဲ့ဆုကျေးဇူးအဖြစ် အမြဲယူမှတ်ပြီး သူ့ကို အဲဒီလိုပဲ လေးမြတ်တန်ဖိုးထားတယ်။ ဒီပြင် ပျော်ရွှင်ရတဲ့အချိန်မှာရော စိတ်ညစ်ရတဲ့အချိန်မှာပါ သူ့ကိုဂရုစိုက်ပါမယ်လို့ လွန်ခဲ့တဲ့အနှစ် ၆၀ တုန်းက ကျွန်တော်ကတိပေးခဲ့တယ်။ အဲဒီကတိကို ကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။”

ခရစ်ယာန်ခင်ပွန်းသည်တို့၊ ခရစ်တော်၏မေတ္တာကို တုပကြပါ။ သင့်ညီအစ်မနှင့် မိတ်ဆွေဖြစ်သော ဘုရားသခင်ကိုကြောက်ရွံ့သည့် သင့်ဇနီးကို ချစ်ခင်မြတ်နိုးပါလေ။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင့်ဇနီးသည် သင်၏အရင်းနှီးဆုံးအဖော်အဖက်ဖြစ်သလော

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

“သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့”