မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ပေါလုရဲ့တူ—သူ့ဦးလေးရဲ့အသက်ကို ကယ်တင်ခဲ့တယ်

ပေါလုရဲ့တူ—သူ့ဦးလေးရဲ့အသက်ကို ကယ်တင်ခဲ့တယ်

တမန်တော်ပေါလုရဲ့ ဆွေမျိုးတချို့က ယေရှုရဲ့နောက်လိုက်တွေ ဖြစ်တယ်ဆိုတာ ကလေးတို့ သိကြသလား။ *— သူတို့က ပေါလုရဲ့ညီမနဲ့ အဲဒီညီမရဲ့သား ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ အဲဒီတူလေးက ပေါလုအသက်ကို ကယ်တင်ခဲ့တာပေါ့။ သူနဲ့ သူ့အမေရဲ့ နာမည်ကို တို့တွေမသိရပေမဲ့ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ သိတယ်။ ကလေးတို့ကော အဲဒီအကြောင်းကို သိချင်သလား။—

ပေါလုက တတိယမြောက် ခရစ်ယာန်သာသနာပြု ခရီးစဉ်ကနေ ဂျေရုဆလင်မြို့ကို ပြန်ရောက်ခါစပဲ ရှိသေးတယ်။ အဲဒီအချိန်က အေဒီ ၅၆ လောက်မှာ ဖြစ်နိုင်တယ်။ ပေါလု အဖမ်းခံရပြီး ရုံးတင်စစ်ဆေးခံရတော့မယ်။ ဒါပေမဲ့ ပေါလုရဲ့ ရန်သူတွေက ဒီလိုရုံးတင်စစ်ဆေးမှာကို မလိုလားဘူး။ တစ်ခါတည်း အပြတ်ရှင်းပစ်ချင်တာ။ ဒါကြောင့် ပေါလုကိုသတ်ဖို့ လူ ၄၀ ကျော်ကို လမ်းမှာ ချောင်းမြောင်းစောင့်ခိုင်းလိုက်တယ်။

ဒီအကြံအစည်ကို ပေါလုရဲ့တူလေး ကြားသွားရော။ ဒီတော့ သူဘာလုပ်ခဲ့တယ်ဆိုတာ ကလေးတို့ သိသလား။— သူ ပေါလုဆီသွားပြီး အကြောင်းစုံ ပြောပြလိုက်တယ်။ ပေါလုလည်း ချက်ချင်းပဲ တပ်မှူးတစ်ယောက်ကိုခေါ်ပြီး ‘ဒီလုလင်ကို စစ်သူကြီးဆီ ပို့ပေးပါ။ လျှောက်တင်စရာ ရှိပါတယ်’ လို့ပြောလိုက်တယ်။ တပ်မှူးက လုလင်ကို စစ်သူကြီး ကလောဒိလုသိဆီ ခေါ်သွားပြီး ဒီလုလင်မှာ အရေးကြီးသတင်း ပြောစရာရှိတဲ့အကြောင်း ရှင်းပြတယ်။ ကလောဒိက ပေါလုရဲ့တူကို သီးသန့်ခေါ်ထုတ်ပြီး မေးမြန်းတဲ့အခါ အဲဒီလူငယ်လေးက အကြောင်းစုံ ပြောပြလိုက်တယ်။

ဒါနဲ့၊ ကလောဒိက ‘ငါ့ကို ဒီလိုလျှောက်တင်တာကို ဘယ်သူ့ကိုမှ မပြောနဲ့’ လို့ ပေါလုရဲ့တူကို သတိပေးတယ်။ အဲဒီနောက် တပ်မှူးနှစ်ယောက်ကိုခေါ်ပြီး ကဲသရိမြို့ကိုသွားဖို့ စစ်သည် ၂၀၀၊ မြင်းစီးသူရဲ ၇၀၊ လှံစစ်သည် ၂၀၀ ကို အသင့်ပြင်ခိုင်းတယ်။ ညကိုးနာရီမှာ စစ်သူရဲ ၄၇၀ က ပေါလုကို ခေါ်ထုတ်သွားပြီး ကဲသရိမြို့မှာရှိတဲ့ ရောမဘုရင်ခံ ဖေလဇ်ဆီ ဘေးမသီရန်မခ ပို့ဆောင်ကြတယ်။ ဖေလဇ်မင်းဆီ ရေးပေးလိုက်တဲ့ ကလောဒိရဲ့ စာထဲမှာ ပေါလုကို လုပ်ကြံမယ့် အစီအစဉ်တွေအကြောင်း ရေးထားတယ်။

ဂျူးတွေက ပေါလုကို စွဲချက်တင်နိုင်ဖို့ ကဲသရိမြို့တရားရုံးကို ရောက်လာကြတယ်။ ဒါပေမဲ့ ပေါလု မဟုတ်တာလုပ်တယ်ဆိုတဲ့သက်သေ သူတို့မှာ မရှိဘူး။ ဒါနဲ့တောင် ဘာအပြစ်မှမရှိတဲ့ ပေါလုကို နှစ်နှစ်အထိ အကျဉ်းချထားကြတယ်။ ပေါလုက ရောမမှာ ရုံးတင်စစ်ဆေးဖို့ တောင်းဆိုတဲ့အတွက် သူ့ကို ရောမမြို့ကို ပို့လိုက်တယ်။—တမန်တော် ၂၃:၁၆–၂၄:၂၇။ ၂၅:၈-၁၂

ပေါလုရဲ့တူလေးနဲ့ပတ်သက်တဲ့ ဒီမှတ်တမ်းကနေ တို့တွေ ဘာသင်ယူနိုင်သလဲ။— မှန်ရာကိုပြောဖို့ သတ္တိမွေးရမှာဖြစ်ပြီး အဲဒီလိုလုပ်မယ်ဆိုရင် အသက်ကိုတောင် ကယ်တင်နိုင်တယ်။ ယေရှုက သူ့ကို ရန်သူတွေ ‘သတ်ဖို့ကြံစည်နေ’ မှန်းသိရက်နဲ့ ဘုရားသခင်ရဲ့နိုင်ငံတော် သတင်းကို ဆက်ဟောပြောခဲ့တယ်။ တို့တွေကိုလည်း အဲဒီလိုပဲလုပ်ဖို့ ယေရှု မိန့်မှာခဲ့တယ်။ တို့တွေ ဒီလိုပဲလုပ်ကြမလား။ ပေါလုရဲ့တူလို သတ္တိရှိမယ်ဆိုရင် တို့တွေလုပ်နိုင်ပါလိမ့်မယ်။—ယောဟန် ၇:၁။ ၁၅:၁၃။ မဿဲ ၂၄:၁၄။ ၂၈:၁၈-၂၀

ပေါလုက သူ့ရဲ့မိတ်ဆွေ လူငယ်တိမောသေကို ‘ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်သွန်သင်ခြင်းကို အမြဲဂရုပြုပါ။ အဲဒီအရာတွေနဲ့အညီ နေထိုင်ပါ။ ဒီလိုလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်သွန်သင်ခြင်းကို နားထောင်သူတွေကို ကယ်တင်လိမ့်မယ်’ ဆိုပြီး အားပေးခဲ့တယ်။ (၁ တိမောသေ ၄:၁၆) ပေါလုရဲ့ အဲဒီလိုအားပေးချက်မျိုးကို သူ့ရဲ့တူလေး လိုက်နာခဲ့တာ သေချာတယ်။ ကလေးတို့ကော လိုက်နာကြမလား။

^ အပိုဒ်၊ 3 သင်သည် ကလေးနှင့် အတူဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့်အမှတ်အသား ဖြစ်သည်။