မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် စိတ်ပြောင်းလဲတတ်သလော

ဘုရားသခင်သည် စိတ်ပြောင်းလဲတတ်သလော

ဘုရားသခင်သည် စိတ်ပြောင်းလဲတတ်သလော

ဘုရားသခင်နှင့်ပတ်သက်၍ ကျမ်းစာက “ရွှေ့ပြောင်းတတ်သောအရိပ်ကဲ့သို့ ကိုယ်တော်၌ ပြောင်းလဲခြင်းမရှိ” ဟုဆိုသည်။ ထို့ပြင် ‘ငါသည် ယေဟောဝါဖြစ်၏။ ပြောင်းလဲခြင်းမရှိ’ ဟုဘုရားသခင်ကိုယ်တိုင် ကတိပြုထားသည်။ (ယာကုပ် ၁:၁၇; မာလခိ ၃:၆) ထို့ကြောင့် အမြဲတမ်း စိတ်ပြောင်းနေသည့်အတွက် အလိုမကျနိုင်သူ၊ ယုံကြည်စိတ်ချ၍မရနိုင်သူတို့နှင့် ယေဟောဝါဘုရားသခင်သည် အခြားကြီးခြားနားပါသည်။

သို့သော် ဘုရားသခင် စိတ်ပြောင်းသွားပြီလောဟု ကျမ်းစာဖတ်ရှုသူအချို့ ဇဝေဇဝါဖြစ်နေကြသည်။ ဥပမာ၊ တစ်ချိန်တွင် ယေဟောဝါဘုရားသခင်သည် ခရစ်ယာန်များအား အံ့ဖွယ်အမှုများ ပြုလုပ်နိုင်သည့်တန်ခိုး ပေးသနားခဲ့သော်လည်း ယခု မပေးတော့ပါ။ ရှေးခေတ်တွင် ဘုရားသခင်သည် မယားအများယူစနစ်ကို ခွင့်ပြုထားသော်လည်း ယခု ခွင့်မပြုတော့ပါ။ ယေဟောဝါသည် မောရှေပညတ်တွင် သတ္တမနေ့စောင့်ထိန်းရန် တောင်းဆိုခဲ့သော်လည်း ယခု မတောင်းဆိုတော့ပါ။ ထိုဥပမာများက ဘုရားသခင်ပြောင်းလဲသွားပြီကို ဖော်ပြနေသည်မဟုတ်လော။

ဦးစွာ၊ ဘုရားသခင်သည် မိမိ၏မေတ္တာနှင့် တရားမျှတမှုစံနှုန်းများကို ဘယ်တော့မျှ မပြောင်းလဲကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ကိုယ်တော်၏နိုင်ငံတော်အားဖြင့် လူသားတို့ကို ကောင်းချီးပေးမည်ဟူသော “ထာဝရရည်ရွယ်တော်မူချက်” လည်း ဘယ်တော့မျှမပြောင်းလဲပါ။ (ဧဖက် ၃:၁၁) သို့သော် သင့်ကိုအမြဲစိတ်ပျက်စေသူတစ်ဦးအပေါ် သင်စိတ်ပြောင်းသွားနိုင်သကဲ့သို့ ယေဟောဝါသည်လည်း ပြောင်းလဲသွားသောအခြေအနေများကို တုံ့ပြန်ဆောင်ရွက်ရာတွင် ပြောင်းလဲတော်မူသည်။

ဘုရားသခင်သည် မိမိလူတို့၏အခြေအနေနှင့် လိုအပ်ရာများနှင့်အညီလည်း မိမိ၏ညွှန်ကြားချက်များကို ပြောင်းလဲသည်။ ယင်းကို ကျွန်ုပ်တို့မအံ့သြသင့်ပါ။ အတွေ့အကြုံရှိဧည့်လမ်းညွှန်တစ်ဦးသည် ရှေ့တွင်အန္တရာယ်ကို တွေ့မြင်ပါက အဘယ်အရာပြုမည်ကို တွေးကြည့်ပါ။ အန္တရာယ်ကင်းသော အခြားလမ်းဖြင့်သွားရန် မိမိအဖွဲ့ကိုပြောမည်သာဖြစ်သည်။ သို့သော် ယင်းက ခရီးလမ်းဆုံးနှင့်ပတ်သက်၍ သူ စိတ်ပြောင်းသွားသည်ဟု ဆိုလိုပါသလော။ မဆိုလိုပေ။ ထို့ကြောင့် လူအချို့ကို စိတ်ရှုပ်စေသော အထက်တွင်ဖော်ပြထားသည့် ဥပမာသုံးခုကို ဆန်းစစ်ကြည့်ကြစို့။

အံ့ဖွယ်အမှုများ အဘယ်ကြောင့် ရပ်စဲသွားသနည်း

ဘုရားသခင်သည် ပထမရာစုရှိ ခရစ်ယာန်အချို့အား အံ့ဖွယ်အမှုပြုလုပ်နိုင်သည့်တန်ခိုးကို အဘယ်ကြောင့်ပေးသနားခဲ့သနည်း။ အစ္စရေးနိုင်ငံသည် ဘုရားသခင့်ရွေးချယ်ခံနိုင်ငံဖြစ်စဉ်က ကိုယ်တော်သည် သူတို့နှင့်အတူရှိကြောင်းပြရန် အံ့ဖွယ်အမှုများကို မကြာခဏအသုံးပြုခဲ့ကြောင်း သင်သိပေမည်။ အီဂျစ်ပြည်မှ အစ္စရေးလူမျိုးကို လွတ်မြောက်စေရာတွင်၊ ကတိထားရာပြည်သို့သွားသည့် တောကန္တာရတစ်လျှောက် လမ်းညွှန်ရာတွင် ဘုရားသခင်သည် မောရှေမှတစ်ဆင့် မိမိ၏တန်ခိုးကို အသုံးပြုတော်မူခဲ့သည်။ ဝမ်းနည်းစရာမှာ အစ္စရေးလူမျိုးသည် ကိုယ်တော့်ကို အကြိမ်ပေါင်းများစွာ မယုံကြည်ခဲ့ကြပေ။ နောက်ဆုံး အစ္စရေးလူမျိုးကို ယေဟောဝါငြင်းပယ်ပြီး ခရစ်ယာန်အသင်းတော်တည်ထောင်ချိန်တွင် ကိုယ်တော်သည် တမန်တော်များနှင့် အခြားသူတို့ကို အံ့ဖွယ်အမှုများပြုလုပ်နိုင်သည့်တန်ခိုး ပေးသနားခဲ့သည်။ ဥပမာ၊ တမန်တော်ပေတရုနှင့်ယောဟန်သည် မွေးရာပါခြေဆွံ့သူတစ်ဦးကို ကုသပေးခဲ့ပြီး ပေါလုသည် လူသေတစ်ဦးကို ရှင်ပြန်ထမြောက်ပေးခဲ့သည်။ (တမန်တော် ၃:၂-၈; ၂၀:၉-၁၁) သူတို့ပြုလုပ်သော အံ့ဖွယ်အမှုများသည် ဒေသများစွာတွင် ခရစ်ယာန်ဘာသာတရားကို လက်ခံစေရန် ထောက်ကူပေးသည်။ သို့ဆိုလျှင် အံ့ဖွယ်အမှုများ အဘယ်ကြောင့် ရပ်စဲသွားသနည်း။

တမန်တော်ပေါလုက “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏” ဟုပုံဥပမာတစ်ခုဖြင့် ရှင်းပြ၏။ (၁ ကောရိန္သု ၁၃:၁၁) မိဘများသည် ကလေးတစ်ဦးနှင့် အရွယ်ရောက်သားတစ်ဦးကို ဆက်ဆံပုံ ကွာခြားသည့်နည်းတူ ခရစ်ယာန်အသင်းတော်သည် “သူငယ်” တစ်ဦးမဟုတ်တော့ချိန်တွင် ယေဟောဝါ၏ဆက်ဆံပုံမှာ ပြောင်းလဲသွား၏။ တမန်တော်ပေါလုက ဘာသာခြားစကားပြောနိုင်စွမ်း သို့မဟုတ် ပရောဖက်ပြုနိုင်စွမ်းစသော အံ့ဖွယ်ဆုကျေးဇူးများသည် “ကွယ်ပျောက်သွားလိမ့်မည်” ဟုဆို၏။—၁ ကောရိန္သု ၁၃:၈

မယားအများယူစနစ်ကို အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း

“ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” ဟုပထမလူသားမောင်နှံကို ဘုရားသခင်မိန့်ဆိုချိန်တွင် အိမ်ထောင်အတွက် စံနှုန်းတစ်ခုချမှတ်ပေးခဲ့ကြောင်း ယေရှုဖော်ပြသည်။ (မဿဲ ၁၉:၅) အိမ်ထောင်ရေးသည် လူနှစ်ဦးကြား ထာဝရနှောင်ကြိုးဖြစ်ရမည်။ သို့သော် အစ္စရေးလူမျိုးကို နိုင်ငံတစ်ခုအဖြစ် ဘုရားသခင်ဖွဲ့စည်းတည်ထောင်ပြီး ပညတ်တရားပေးခဲ့ချိန်တွင် မယားအများယူစနစ်သည် ပြုလေ့ပြုထရှိသောထုံးစံတစ်ခုဖြစ်နေပြီ။ ထို့ကြောင့် ဘုရားသခင်သည် မယားအများယူစနစ်ကို အစပြုခဲ့သူ သို့မဟုတ် အားပေးအားမြှောက်ပြုသူ မဟုတ်သော်လည်း ယင်းနှင့်ပတ်သက်သောပညတ်များကို ထုတ်ပြန်ခဲ့၏။ ခရစ်ယာန်အသင်းတော်တည်ထောင်ချိန်တွင်မူ မယားအများယူစနစ်ကို ဘုရားသခင့်တရားစကားတော်တွင် ပြတ်သားစွာတားမြစ်ထားသည်။—၁ တိမောသေ ၃:၂

ယေဟောဝါဘုရားသခင်သည် ပြုပြင်တည့်မတ်ပေးရမည့် အချိန်မတန်မချင်း ကိစ္စအချို့ကို သည်းခံခွင့်ပြုခဲ့သည်။ (ရောမ ၉:၂၂-၂၄) အစ္စရေးလူတို့၏ “စိတ်နှလုံး မာကြော” မှုကြောင့် ယေဟောဝါသည် မသင့်လျော်သော ထိမ်းမြားခြင်းဓလေ့များကို ယာယီ “ခွင့်ပြု” ခဲ့သည်ဟု ယေရှုမိန့်ဆိုသည်။—မဿဲ ၁၉:၈; သု. ၄:၁၈

သတ္တမနေ့စောင့်ထိန်းခြင်းသည် အဘယ်ကြောင့် ယာယီအတွက်သာဖြစ်သနည်း

ဘုရားသခင်သည် အစ္စရေးလူတို့ကို အီဂျစ်ပြည်မှ ကယ်လွှတ်ပြီးနောက် အပတ်စဉ်သတ္တမနေ့စောင့်ထိန်းရန် မိန့်မှာခဲ့သည်။ နောက်ပိုင်း ယင်းကို ပညတ်တရားတွင် ထည့်သွင်းခဲ့၏။ (ထွက်မြောက်ရာ ၁၆:၂၂-၃၀; ၂၀:၈-၁၀) တမန်တော်ပေါလုက ယေရှုသည် မိမိကိုယ်ကို ယဇ်အဖြစ်ပူဇော်ပြီး “နည်းဥပဒေသ အထုံးအဖွဲ့များပါဝင်သည့် ပညတ်ကျမ်း . . . ကို . . . ဖယ်ရှား” ကာ “ပဋိညာဉ်စာချုပ်ကို . . . ပယ်ဖျက်ခဲ့ပြီ” ဟုရှင်းပြခဲ့သည်။ (ဧဖက် ၂:၁၅; ကောလောသဲ ၂:၁၄) “ဖယ်ရှား” ကာ “ပယ်ဖျက်” လိုက်သောအရာများတွင် သတ္တမနေ့စောင့်ထိန်းခြင်းပညတ်ပါဝင်ကြောင်း ကျမ်းစာက ဤသို့ဆို၏– ‘ထို့ကြောင့် အဘယ်အရာ စားသောက်ရမည်၊ ပွဲခံရမည်၊ လဆန်းနေ့၊ သတ္တမနေ့တို့ကို စောင့်ထိန်းရမည်ဟူ၍ သင်တို့ကို မည်သူမျှ မစီရင်ပါစေနှင့်။’ (ကောလောသဲ ၂:၁၆) သို့ဆိုလျှင် ဘုရားသခင်သည် သတ္တမနေ့စောင့်ထိန်းခြင်းပညတ်ပါဝင်သော ပညတ်တရားကို ယခင်က အဘယ်ကြောင့်ပေးခဲ့သနည်း။

တမန်တော်ပေါလုက “ပညတ်တရားသည် ငါတို့ကို ခရစ်တော်ထံ ပို့ဆောင်ပေးသော ငါတို့၏အထိန်း ဖြစ်လာပြီ။ ယခုမူကား ယုံကြည်ခြင်းတရား ရောက်လာသဖြင့် ငါတို့သည် ထိုအထိန်း၏လက်အောက်၌ မရှိတော့” ဟု ရေးခဲ့သည်။ (ဂလာတိ ၃:၂၄၊ ၂၅) ဘုရားသခင်သည် စိတ်ပြောင်းသွားခြင်းမဟုတ်ပါ။ ဝတ်ပြုရေးကိစ္စများကို တွေးတောဆင်ခြင်ဖို့ ပုံမှန်အချိန်ယူသင့်ကြောင်း မိမိလူတို့ကိုသင်ကြားပေးရန် သတ္တမနေ့စောင့်ထိန်းခြင်းပညတ်ကို ယာယီအစီအစဉ်အဖြစ် ဘုရားသခင်အသုံးပြုခဲ့ခြင်းဖြစ်၏။ သတ္တမနေ့စောင့်ထိန်းခြင်းပညတ်သည် ယာယီအတွက်သာဖြစ်သော်လည်း ယင်းက လူသားတို့၏ ရုပ်ပိုင်းနှင့်ဝိညာဉ်ရေးပိုင်း ပြဿနာများ ထာဝစဉ်အဆုံးတိုင်တော့မည့် အနာဂတ်ကို ကြိုတင်ပြညွှန်သည်။—ဟေဗြဲ ၄:၁၀; ဗျာ. ၂၁:၁-၄

ယုံကြည်စိတ်ချထိုက်သော မေတ္တာရှင်ဘုရားသခင်

အထက်တွင်သုံးသပ်ခဲ့သော ကျမ်းစာပါဥပမာများက ယေဟောဝါဘုရားသခင်သည် အချိန်အခါတစ်မျိုးစီတွင် သွန်သင်ညွှန်ကြားချက် တစ်မျိုးစီပေးခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ယင်းက ကိုယ်တော်စိတ်ပြောင်းခဲ့သည်ဟု မဆိုလိုပါ။ ယင်းအစား အခြေအနေအမျိုးမျိုးအောက်ရှိ မိမိလူတို့၏လိုအပ်ရာများနှင့်အညီ ပြုမူခဲ့ခြင်းဖြစ်ပြီး ယင်းက သူတို့၏ကောင်းကျိုးအတွက်ဖြစ်သည်။ ယနေ့လည်း အလားတူပင်။

ယေဟောဝါသည် မိမိစံနှုန်းများကို မပြောင်းလဲသောကြောင့် ကိုယ်တော့်စိတ်တော် ရွှင်လန်းစေရန် အဘယ်အရာပြုလုပ်ရမည်ကို ကျွန်ုပ်တို့အစဉ်သိနိုင်သည်။ ထို့ပြင် ဘုရားသခင်ကတိပြုထားရာမှန်သမျှ ပြည့်စုံလာမည်ကိုလည်း ယုံကြည်စိတ်ချနိုင်သည်။ အကြောင်းမှာ “ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်၊ . . . ကြံသည်အတိုင်း စီရင်မည်” ဟု ယေဟောဝါမိန့်ဆိုထားသောကြောင့်ပင်ဖြစ်သည်။—ဟေရှာယ ၄၆:၁၀၊ ၁၁

[စာမျက်နှာ ၂၁ ပါအကျဉ်းဖော်ပြချက်]

ဘုရားသခင်သည် မိမိ၏မေတ္တာနှင့် တရားမျှတမှုစံနှုန်းများကို ဘယ်တော့မျှ မပြောင်းလဲပါ

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

ပေါလုက အချိန်တန်လျှင် အံ့ဖွယ် ဆုကျေးဇူးများ “ကွယ်ပျောက်သွား လိမ့်မည်” ဟုဆို၏

[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]

အိမ်ထောင်ရေးသည် လူနှစ်ဦးကြား ထာဝရနှောင်ကြိုးဖြစ်ရမည်