မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်တော်သည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို စာနာနားလည်ပေး

ကိုယ်တော်သည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို စာနာနားလည်ပေး

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

ကိုယ်တော်သည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို စာနာနားလည်ပေး

ဝတ်ပြုရာ ၅:၂-၁၁

ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် အလွန်ကြိုးစားခဲ့သော အမျိုးသမီးတစ်ဦးက “ကျွန်မ အသည်းအသန်ကြိုးစားပေမဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ တစ်ခါမှမခံစားဖူးဘူး” ဟုဆိုသည်။ ယေဟောဝါဘုရားသခင်သည် မိမိအား ဝတ်ပြုကိုးကွယ်နေသူများ၏ အတတ်နိုင်ဆုံးကြိုးစားအားထုတ်မှုကို လက်ခံပါသလော။ သူတို့၏စွမ်းရည်များ၊ အခြေအနေများသည် အကန့်အသတ်သာရှိကြောင်း ကိုယ်တော် အသိအမှတ်ပြုပါသလော။ ပူဇော်ရာယဇ်အချို့နှင့်ပတ်သက်၍ မောရှေပညတ်တွင် မိန့်မှာထားရာများကို ဝတ်ပြုရာ ၅:၂-၁၁ တွင် ဖော်ပြထားပြီး ယင်းတို့ကို ဆန်းစစ်ကြည့်လျှင် ထိုမေးခွန်းများ၏အဖြေကို သိနိုင်သည်။

အပြစ်ဖြေရန် ပညတ်တရားအောက်တွင် ပူဇော်ရာယဇ်အမျိုးမျိုးကို ဘုရားသခင်တောင်းဆိုထားသည်။ အမှတ်တမဲ့ သို့မဟုတ် အကျိုးအပြစ်ကိုမသိဘဲ အပြစ်ကျူးလွန်မိသူတစ်ဦး၏အခြေအနေအကြောင်း ထိုကျမ်းချက်တွင် ဖော်ပြထားသည်။ (အခန်းငယ် ၂-၄) ထိုသူသည် အပြစ်ကျူးလွန်မိကြောင်း သိရှိလာသောအခါ အပြစ်ကိုဖော်ပြတောင်းပန်ကာ “သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ အမတစ်ကောင်ကောင်” ကို ကျူးလွန်မှုဖြေရာယဇ်အဖြစ် ပူဇော်ရသည်။ (အခန်းငယ် ၅၊ ၆) သို့သော် သူသည် ဆင်းရဲသားတစ်ဦးဖြစ်ပြီး ပူဇော်စရာသိုးသငယ် သို့မဟုတ် ဆိတ်သငယ်တစ်ကောင်မရှိလျှင် မည်သို့ပြုရမည်နည်း။ ထိုတိရစ္ဆာန်ကို သူတစ်ပါးထံမှ အကြွေးဖြင့်ချေးငှားကာ မဖြစ်မနေပူဇော်ရမည်ဟု ပညတ်တရားက တောင်းဆိုထားသလော။ သို့မဟုတ် အပြစ်ဖြေရာယဇ်ပူဇော်ရမည့်အချိန်ကို ရွှေ့ဆိုင်းထားပြီး ထိုတိရစ္ဆာန်ကို ဝယ်နိုင်သည့်အထိ ထိုသူအလုပ်လုပ်ရမည်ဟု အတင်းအကျပ်တောင်းဆိုထားသလော။

‘သိုးသငယ်ကိုမတတ်နိုင်လျှင် ပြစ်မှားမိသောအပြစ်အတွက် . . . ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ယေဟောဝါအထံတော်. . .သို့ဆောင်ခဲ့ရမည်’ ဟု ပညတ်တရားတွင်ဖော်ပြထားရာ ယေဟောဝါ၏ စာနာနားလည်ပေးမှုမှာ ထင်ရှားပေါ်လွင်လှ၏။ (အခန်းငယ် ၇) “မတတ်နိုင်လျှင်” ဟူသောအသုံးအနှုန်းကို “လက်လှမ်းမမီနိုင်လျှင်” ဟုလည်းပြန်ဆိုနိုင်သည်။ အစ္စရေးလူတစ်ဦးသည် သိုးတစ်ကောင်ပူဇော်ရန် မတတ်နိုင်သောကြောင့် သူတတ်နိုင်သော ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်ကိုပူဇော်လျှင် ယင်းကို ဘုရားသခင်လက်ခံတော်မူသည်။

သို့သော် ပြစ်မှားသူသည် ထိုငှက်ကလေးနှစ်ကောင်ကိုပင် မတတ်နိုင်ပါက မည်သို့ပြုရမည်နည်း။ “သူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တစ်သြမဲ [ရှစ်ခွက် သို့မဟုတ် ကိုးခွက်]ကိုဆောင်ခဲ့၍ ဆက်ရမည်” ဟုပညတ်တရားတွင် ဖော်ပြထားသည်။ (အခန်းငယ် ၁၁) ယေဟောဝါသည် အလွန်ဆင်းရဲမွဲတေသူတစ်ဦးအတွက် ခြွင်းချက်အနေဖြင့် အသွေးမပါသော အပြစ်ဖြေရာယဇ်ကို ပူဇော်ရန် ခွင့်ပြုတော်မူသည်။ * သို့ဖြင့် အစ္စရေးနိုင်ငံတွင် ဆင်းရဲမွဲတေမှုကြောင့် အပြစ်ဖြေရာယဇ်မှအကျိုးခံစားခွင့် သို့မဟုတ် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ခွင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့်အဖြစ်မျိုး မရှိခဲ့ချေ။

ကျူးလွန်မှုဖြေရာယဇ်များနှင့်စပ်လျဉ်း၍ ပညတ်တရားတွင်ဖော်ပြထားရာများသည် ယေဟောဝါအကြောင်း ကျွန်ုပ်တို့အား အဘယ်အရာကို သိနားလည်စေသနည်း။ ကိုယ်တော်သည် ထောက်ထားစာနာသော၊ နားလည်ပေးတတ်သော ဘုရားသခင်ဖြစ်ပြီး မိမိအားဝတ်ပြုကိုးကွယ်နေသူများ၏ အကန့်အသတ်ဖြစ်မှုကို ထည့်တွက်စဉ်းစားပေးသည့်အရှင်ဖြစ်၏။ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့သည် အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ မိသားစုနှင့်အခြားတာဝန်များရှိခြင်းစသည့် ခက်ခဲသောအခြေအနေများရှိလျှင်ပင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို မိမိထံချဉ်းကပ်စေလိုပြီး မိမိနှင့်ဆက်ဆံရေးကောင်းရှိစေလိုသည်။ ကျွန်ုပ်တို့သည် လက်လှမ်းမီနိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပါက ယေဟောဝါဘုရားသခင်နှစ်သက်တော်မူကြောင်း သိရခြင်းက များစွာနှစ်သိမ့်မှုဖြစ်စေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အပြစ်ကိုဖြေသောအရာသည် ယဇ်ကောင်၏အသွေးဖြစ်ပြီး ယင်းကို မြင့်မြတ်သည်ဟု ဘုရားသခင်ရှုမြင်၏။ (ဝတ်ပြုရာ ၁၇:၁၁) သို့ဆိုလျှင် ဆင်းရဲသားတို့ပူဇော်သော မုန့်ညက်သည် ဘုရားသခင့်အမြင်တွင် တန်ဖိုးမရှိဟု ဆိုလိုသလော။ မဆိုလိုပါ။ ယေဟောဝါသည် ထိုပူဇော်ရာယဇ်များ၏နောက်ကွယ်ရှိ နှိမ့်ချသော၊ လှိုက်လှဲသောသဘောထားကို အမှန်ပင် တန်ဖိုးထားတော်မူသည်။ ထို့ပြင် နှစ်စဉ် အပြစ်ဖြေရာနေ့တွင် ဘုရားသခင်ကိုပူဇော်သော တိရစ္ဆာန်အသွေးသည် ဆင်းရဲသားများအပါအဝင် လူမျိုးတစ်မျိုးလုံး၏အပြစ်များကို ချေဖျက်ပေးသည်။—ဝတ်ပြုရာ ၁၆:၂၉၊ ၃၀