မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုရှိပါ!

ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုရှိပါ!

ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုရှိပါ!

“ကိုယ်တော်၏အိမ်တော်အတွက် ငါ၏စိတ်ထက်သန်ခြင်းသည် ရဲရဲတောက်မီးကဲ့သို့ ဖြစ်ပါလိမ့်မည်။”—ယော. ၂:၁၇

၁၊ ၂။ စီအီး ၃၀ တွင်ဝတ်ပြုရာအိမ်တော်၌ ယေရှုအဘယ်အရာပြုတော်မူခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ စီအီး ၃၀၊ ပသခါပွဲတော်ကာလဖြစ်သည်။ ယင်းမတိုင်မီခြောက်လအလိုတွင် ယေရှုသည် မြေကြီးဓမ္မအမှုကို စတင်ခဲ့သည်။ ယခု ကိုယ်တော်သည် ယေရုရှလင်မြို့သို့ ခရီးနှင်တော်မူ၏။ ထိုတွင် ဝတ်ပြုရာအိမ်တော်ရှိ တစ်ပါးအမျိုးသားရင်ပြင်၌ “သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့နှင့် ငွေလဲသောသူတို့ထိုင်နေကြသည်ကို” ယေရှုတွေ့တော်မူ၏။ ကိုယ်တော်သည် ကြိုးဖြင့်ပြုလုပ်သောနှင်တံကိုဝှေ့ယမ်းလျက် တိရစ္ဆာန်ရှိသမျှကိုမောင်းထုတ်ရာ ကုန်သည်များသည် ထိုတိရစ္ဆာန်များနောက် လိုက်သွားကြမည်မှာ သေချာ၏။ ယေရှုသည် ငွေလဲလှယ်သူတို့၏ငွေစများကို သွန်ချ၍ သူတို့၏စားပွဲများကိုလည်း မှောက်လှန်တော်မူ၏။ ကိုယ်တော်သည် ချိုးငှက်ရောင်းသောသူတို့အား မိမိတို့၏ပစ္စည်းများကိုယူ၍ ထွက်သွားကြရန် အမိန့်ပေးတော်မူသည်။—ယော. ၂:၁၃-၁၆

ဝတ်ပြုရာအိမ်တော်ကို ယေရှုများစွာစိတ်ဝင်စားကြောင်း ကိုယ်တော်၏လုပ်ရပ်များက ဖော်ပြသည်။ “ငါ့အဖ၏အိမ်တော်ကို ဈေးရုံမလုပ်ကြနှင့်တော့” ဟုကိုယ်တော်အမိန့်ပေးတော်မူ၏။ ယင်းဖြစ်ရပ်များကို ယေရှု၏တပည့်များတွေ့မြင်သောအခါ သူတို့သည် အစောပိုင်းရာစုနှစ်များတွင် ဆာလံဆရာဒါဝိဒ်ရေးသားခဲ့သောစကားများကို ပြန်အမှတ်ရကြသည်– “ကိုယ်တော်၏အိမ်တော်အတွက် ငါ၏စိတ်ထက်သန်ခြင်းသည် ရဲရဲတောက်မီးကဲ့သို့ ဖြစ်ပါလိမ့်မည်။”—ယော. ၂:၁၆၊ ၁၇; ဆာ. ၆၉:၉သမ္မာ။

၃။ (က) စိတ်ထက်သန်ခြင်းဆိုသည်မှာ အဘယ်နည်း။ (ခ) မိမိတို့ကိုယ်ကို အဘယ်မေးခွန်း မေးနိုင်သနည်း။

ထိုသို့ပြုလုပ်ရန် ယေရှုအားလှုံ့ဆော်သည့်အရာမှာ ဘုရားသခင့်အိမ်တော်အတွက် ကိုယ်တော်၏စိတ်ဝင်စားမှု၊ ကိုယ်တော်၏စိတ်ထက်သန်မှုဖြစ်သည်။ စိတ်ထက်သန်ခြင်းဆိုသည်မှာ “တစ်စုံတစ်ခုကို လိုက်စားရာတွင် စိတ်အားသန်မှုနှင့် အလွန်စိတ်ဝင်စားမှု” ဖြစ်သည်။ ဤ ၂၁ ရာစုတွင် ခုနစ်သန်းကျော်သောခရစ်ယာန်များသည် ဘုရားသခင့်အိမ်တော်အတွက် အလွန်စိတ်ဝင်စားမှုရှိကြောင်း တင်ပြကြသည်။ တစ်ဦးစီအနေနှင့် ကျွန်ုပ်တို့ဤသို့မေးနိုင်သည်– ‘ယေဟောဝါရဲ့အိမ်တော်အတွက် ငါ့ရဲ့စိတ်ထက်သန်မှုကို ဘယ်လိုတိုးပွားစေနိုင်သလဲ။’ ယင်းကိုဖြေဆိုနိုင်ရန် ယနေ့ ဘုရားသခင့်အိမ်တော်သည် အဘယ်အရာဖြစ်ကြောင်း ဦးစွာဆန်းစစ်ကြစို့။ ထို့နောက် ဝတ်ပြုရာအိမ်တော်အတွက် စိတ်ထက်သန်မှုတင်ပြခဲ့ကြသည့် ကျမ်းစာပါတည်ကြည်သောအမျိုးသားများ၏ ပုံသက်သေများကို ကျွန်ုပ်တို့ သုံးသပ်ကြပါမည်။ သူတို့၏ပုံသက်သေများသည် “ငါတို့ကို ဆုံးမသွန်သင်ရန်” ရေးသားခဲ့ခြင်းဖြစ်ပြီး ကျွန်ုပ်တို့ ပို၍ပင်စိတ်ထက်သန်မှုရှိရန် လှုံ့ဆော်ပေးနိုင်သည်။—ရော. ၁၅:၄

ဘုရားသခင့်အိမ်တော်—ယခင်နှင့် ယခု

၄။ ရှောလမုန်တည်ဆောက်ခဲ့သောဝတ်ပြုရာအိမ်တော်သည် အဘယ်ရည်ရွယ်ချက်အတွက် ဖြစ်ခဲ့သနည်း။

ရှေးဣသရေလနိုင်ငံတွင် ဘုရားသခင့်အိမ်တော်သည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်ဖြစ်ခဲ့သည်။ ယေဟောဝါသည် ယင်းအိမ်တော်တွင် ပကတိမကျိန်းဝပ်ခဲ့သည်မှာ သေချာသည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– ‘ကောင်းကင်ဘုံသည် ငါ၏စံမြန်းရာဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သောဝတ်ပြုရာအိမ်တော်ကို ငါ့အဖို့တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။’ (ဟေရှာ. ၆၆:၁) သို့သော်လည်း ရှောလမုန်နန်းစံချိန်အတွင်း တည်ဆောက်ခဲ့သောဝတ်ပြုရာအိမ်တော်သည် ယေဟောဝါ၏ဝတ်ပြုရေးအတွက် အဓိကနေရာဖြစ်ခဲ့ပြီး ထိုနေရာတွင် ဆုတောင်းဝတ်ပြုခဲ့ကြသည်။—၃ ရာ. ၈:၂၇-၃၀

၅။ ရှောလမုန်၏ဝတ်ပြုရာအိမ်တော်က မျက်မှောက်ခေတ်အဘယ်အစီအစဉ်ကို ရှေ့ပြေးပုံရိပ်ပြခဲ့သနည်း။

ယနေ့ ယေဟောဝါ၏အိမ်တော်သည် ယေရုရှလင်မြို့ သို့မဟုတ် အခြားတစ်နေရာရာရှိ အဆောက်အအုံမဟုတ်ပါ။ ယင်းအစား၊ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ပေါ်အခြေခံသည့် ဝတ်ပြုရေးအားဖြင့် ကိုယ်တော်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့အတွက်ပြင်ဆင်ပေးသော အစီအစဉ်ဖြစ်သည်။ မြေကြီးပေါ်ရှိ ဘုရားသခင်၏တည်ကြည်သောကျေးကျွန်အားလုံးသည် ဤပုံဆောင်ဝတ်ပြုရာအိမ်တော်တွင် ယေဟောဝါအား စည်းလုံးစွာဝတ်ပြုကိုးကွယ်ကြသည်။—ဟေရှာ. ၆၀:၄၊ ၈၊ ၁၃; တ. ၁၇:၂၄; ဟေဗြဲ ၈:၅; ၉:၂၄

၆။ အဘယ်ယုဒရှင်ဘုရင်များသည် စစ်မှန်သောဝတ်ပြုရေးအတွက် ထူးခြားသောစိတ်ထက်သန်မှု တင်ပြခဲ့ကြသနည်း။

ဘီစီအီး ၉၉၇ တွင်ဣသရေလနိုင်ငံသည် နှစ်နိုင်ငံအဖြစ်ကွဲသွားပြီးနောက် တောင်ပိုင်းယုဒနိုင်ငံကို အုပ်ချုပ်ခဲ့သောဘုရင် ၁၉ ပါးအနက် ၄ ပါးတို့သည် စစ်မှန်သောဝတ်ပြုရေးအတွက် ထူးခြားသောစိတ်ထက်သန်မှု တင်ပြခဲ့ကြသည်။ သူတို့မှာ အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိတို့ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူတို့၏ပုံသက်သေများမှ အရေးကြီးသောအဘယ်သင်ခန်းစာများကို သင်ယူနိုင်သနည်း။

စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းက ကောင်းချီးများရရှိစေ

၇၊ ၈။ (က) မည်သို့သောအမှုဆောင်ခြင်းမျိုးကို ယေဟောဝါကောင်းချီးပေးသနည်း။ (ခ) ဘုရင်အာသ၏ပုံနမူနာမှ အဘယ်သတိပေးသင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။

ဘုရင်အာသနန်းစံချိန်အတွင်း ယေဟောဝါသည် မိမိလူမျိုးတော်အား တည်ကြည်သောလမ်းစဉ်သို့ လမ်းညွှန်ပေးရန် ပရောဖက်များကို စေလွှတ်တော်မူခဲ့သည်။ ဥပမာ၊ အာသသည် ဩဒက်သား ပရောဖက်အာဇရိ၏စကားကို နားထောင်ခဲ့သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (၂ ရာဇဝင်ချုပ် ၁၅:၁-၈ ကိုဖတ်ပါ။) အာသ၏ပြုပြင်မှုများက ယုဒလူတို့ကိုသာမက ဣသရေလနိုင်ငံမှလာသောလူများစွာကိုပါ စည်းလုံးစေခဲ့သည်၊ သူတို့သည် ယေရုရှလင်မြို့တွင်ကျင်းပသောစုဝေးမှုကြီးတွင် ပါဝင်ကြရန် လာရောက်ခဲ့သူများဖြစ်ကြသည်။ သူတို့သည် ယေဟောဝါအား တည်ကြည်စွာဝတ်ပြုပါမည်ဟူ၍ မိမိတို့၏စိတ်ပိုင်းဖြတ်မှုကို ကြေညာခဲ့ကြသည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– ‘ကြွေးကြော်သံ၊ တံပိုး၊ နှဲခရာမှုတ်သံနှင့်တကွ ကြီးသောအသံဗလံပြုလျက် ယေဟောဝါအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။ ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကိုပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍ အလိုဆန္ဒအားကြီးသည်နှင့် ယေဟောဝါကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။’ (၆ ရာ. ၁၅:၉-၁၅) ကျွန်ုပ်တို့သည် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်သောအခါ အလားတူကောင်းချီးခံစားကြမည်မှာ သေချာသည်။—မာ. ၁၂:၃၀

ဝမ်းနည်းစရာမှာ အာသသည် နောက်ပိုင်းတွင် ပရောဖက်ဟာနန်ထံမှလာသော တည့်မတ်ပေးမှုကို အမျက်ထွက်ခဲ့သည်။ (၆ ရာ. ၁၆:၇-၁၀) ယေဟောဝါသည် ကျွန်ုပ်တို့အား ခရစ်ယာန်အကြီးအကဲများမှတစ်ဆင့် အကြံဉာဏ် သို့မဟုတ် လမ်းညွှန်ချက်ပေးလာသောအခါ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ သူတို့၏ကျမ်းစာအခြေပြုအကြံပေးချက်ကို ချက်ချင်းလက်ခံကျင့်သုံးကာ မကျေမနပ်ဖြစ်သည့် ထောင်ချောက်ထဲကျမိခြင်းကို ရှောင်ကြသလော။

၉။ ယောရှဖတ်နှင့် ယုဒလူတို့သည် အဘယ်ခြိမ်းခြောက်မှုခံခဲ့ကြရသနည်း၊ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

ယောရှဖတ်သည် ဘီစီအီး ဆယ်ရာစုအတွင်း ယုဒနိုင်ငံ၌ ဘုရင်အနေနှင့် အုပ်ချုပ်ခဲ့သည်။ သူနှင့် ယုဒလူအားလုံးတို့သည် အမ္မုန်၊ မောဘနှင့် စိရတောင်သား တပ်ပေါင်းစုကြီး၏ခြိမ်းခြောက်မှု ခံခဲ့ရသည်။ ဘုရင်သည် ကြောက်ရွံ့သော်လည်း အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ သူနှင့် သူ့လူများ၊ သူတို့၏ဇနီးများနှင့် ကလေးများသည် ယေဟောဝါ၏အိမ်တော်၌ဆုတောင်းရန် စုဝေးခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၀:၃-၆ ကိုဖတ်ပါ။) အစောပိုင်းတွင် ဝတ်ပြုရာအိမ်တော်အပ်နှံပွဲ၌ပြောခဲ့သော ရှောလမုန်၏စကားများနှင့်အညီ ယောရှဖတ်သည် ယေဟောဝါအား ဤသို့အသနားခံတောင်းလျှောက်ခဲ့သည်– “အိုအကျွန်ုပ်တို့ဘုရားသခင် သူတို့ကိုမစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှာလာသော ဤအလုံးအရင်းကြီးကို အကျွန်ုပ်တို့သည် ဆီးတားခြင်းငှာမတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိပါ။ ကိုယ်တော်ကိုသာမျှော်ကြည့်လျက် နေကြပါသည်။” (၆ ရာ. ၂၀:၁၂၊ ၁၃) ယောရှဖတ်ဆုတောင်းပြီးနောက် “ပရိသတ်အလယ်၌ရှိသော” လေဝိအမျိုးယဟာဇေလသည် ယေဟောဝါ၏စွမ်းအားတော်လှုံ့ဆော်မှုခံရ၍ လူတို့အား ယုံကြည်စိတ်ချမှုရှိစေသည့် နှစ်သိမ့်စကားများကို ပြောကြားခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၀:၁၄-၁၇ ကိုဖတ်ပါ။

၁၀။ (က) ယောရှဖတ်နှင့် ယုဒနိုင်ငံသည် မည်သို့ ညွှန်ကြားချက်ရရှိခဲ့သနည်း။ (ခ) ယနေ့ ကျွန်ုပ်တို့အား ယေဟောဝါပေးသည့်ညွှန်ကြားချက်ကို လေးမြတ်တန်ဖိုးထားကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၀ မှန်ပါသည်၊ ထိုအချိန်တွင် ယောရှဖတ်နှင့် ယုဒနိုင်ငံသည် ယဟာဇေလမှတစ်ဆင့် ယေဟောဝါ၏ညွှန်ကြားချက်ကို ရရှိခဲ့ကြသည်။ ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် တည်ကြည်ပြီးသတိပညာရှိသောကျွန်မှတစ်ဆင့် နှစ်သိမ့်မှုနှင့် ညွှန်ကြားချက်ရရှိကြသည်။ ကျွန်ုပ်တို့သည် ခန့်အပ်ခံအကြီးအကဲများနှင့် အမြဲပူးပေါင်းလိုကြ၏၊ သူတို့ကို အမြဲရိုသေလေးစားလိုကြ၏၊ သူတို့သည် ကျွန်ုပ်တို့အားထိန်းကျောင်းရာတွင်နှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏ညွှန်ကြားချက်များကို အထမြောက်စေရာတွင် ကြိုးစားလုပ်ဆောင်သူများဖြစ်ကြသည်။—မ. ၂၄:၄၅; ၁ သက်. ၅:၁၂၊ ၁၃

၁၁၊ ၁၂။ ယောရှဖတ်နှင့် ယုဒနိုင်ငံတွင်ဖြစ်ပျက်ခဲ့ရာမှ အဘယ်သင်ခန်းစာ သင်ယူနိုင်သနည်း။

၁၁ ယောရှဖတ်နှင့် သူ့လူတို့သည် ယေဟောဝါ၏လမ်းညွှန်မှုကိုရှာရန် အတူတကွစုဝေးခဲ့ကြသကဲ့သို့ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများနှင့်အတူ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် ကြိုးစားကြပါစို့။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ အဘယ်အရာလုပ်ရမည်ကိုမသိသည်အထိ အလွန်ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရပါက ယောရှဖတ်နှင့် ယုဒလူတို့တင်ပြခဲ့သည့်ပုံသက်သေကောင်းကို လိုက်လျှောက်ပြီး ယေဟောဝါထံ ယုံကြည်စိတ်ချမှုအပြည့်နှင့်ဆုတောင်းကြစို့။ (သု. ၃:၅၊ ၆; ဖိ. ၄:၆၊ ၇) ကျွန်ုပ်တို့သည် သီးခြားဖြစ်နေလျှင်ပင် ယေဟောဝါထံ ကျွန်ုပ်တို့၏အသနားခံချက်များက “[ကျွန်ုပ်တို့၏] ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” နှင့်စည်းလုံးစေသည်။—၁ ပေ. ၅:၉

၁၂ ယောရှဖတ်နှင့်သူ့လူတို့သည် ယဟာဇေလပြောသော ဘုရားသခင်ထံမှညွှန်ကြားချက်ကို လိုက်လျှောက်ခဲ့ကြသည်။ အဘယ်ရလဒ်ရရှိသနည်း။ သူတို့သည် နောက်ပိုင်းဖြစ်ပေါ်လာသည့်စစ်ပွဲတွင် အောင်မြင်မှုရရှိကြပြီး “ဝမ်းမြောက်သောစိတ်နှင့်” ယေရုရှလင်မြို့သို့ပြန်သွား၍ ‘စောင်း၊ တယော၊ တံပိုးကိုတီးမှုတ်လျက် ယေဟောဝါ၏အိမ်တော်သို့ ရောက်လာကြ၏။’ (၆ ရာ. ၂၀:၂၇၊ ၂၈) အလားတူ ကျွန်ုပ်တို့သည် ကိုယ်တော့်လမ်းကြောင်းမှတစ်ဆင့်ပေးသော ယေဟောဝါ၏ညွှန်ကြားချက်ကို လေးမြတ်တန်ဖိုးထားပြီး ကိုယ်တော်အားချီးမွမ်းရာတွင် ပူးပေါင်းကြသည်။

အစည်းအဝေးကျင်းပရာနေရာများကို ကောင်းစွာဂရုစိုက်ပါ

၁၃။ ဟေဇကိသည် နန်းစံချိန်အစပိုင်းတွင် အဘယ်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သနည်း။

၁၃ ဟေဇကိသည် နန်းစံပထမလတွင် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်ဖွင့်လှစ်ပြီး ပြန်ပြုပြင်ခြင်းဖြင့် ယေဟောဝါ၏ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုရှိကြောင်း တင်ပြခဲ့သည်။ သူသည် ဘုရားသခင့်အိမ်တော်ကိုသန့်ရှင်းရေးလုပ်ရန် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများကို ဖွဲ့စည်းခဲ့သည်။ သူတို့သည် ၁၆ ရက်အတွင်း ဘုရားသခင့်အိမ်တော်ကို သန့်ရှင်းရေးလုပ်ခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၉:၁၆-၁၈ ကိုဖတ်ပါ။) ယင်းကြိုးစားအားထုတ်မှုက ကျွန်ုပ်တို့၏အစည်းအဝေးကျင်းပရာနေရာများကို ပြုပြင်ထိန်းသိမ်းရန်လိုကြောင်း သတိပေး၏၊ ယင်းက ယေဟောဝါ၏ဝတ်ပြုရေးအတွက် ကျွန်ုပ်တို့၏စိတ်ထက်သန်မှုကို ဖော်ပြသည်။ ယင်းသို့သောလုပ်ငန်းတွင်ပါဝင်ကြသော ညီအစ်ကို၊ ညီအစ်များ၏စိတ်ထက်သန်မှုကို လူတို့စိတ်စွဲမှတ်ခဲ့ကြောင်းဖော်ပြသည့် တွေ့ကြုံမှုများကို သင်,ကြားဖူးသည်မဟုတ်လော။ မှန်ပါသည်၊ သူတို့၏ကြိုးစားအားထုတ်မှုများက ယေဟောဝါအား များစွာချီးမွမ်းရန် ဖြစ်စေပါသည်။

၁၄၊ ၁၅။ ယနေ့အချိန်တွင် အဘယ်လုပ်ငန်းက ယေဟောဝါအား များစွာချီးမွမ်းစေခဲ့သနည်း။ ဥပမာများပေးပါ။

၁၄ အင်္ဂလန်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့ရှိလူတစ်ဦးသည် သူ့အိမ်နှင့်ကပ်လျက်ရှိသော ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပြန်ပြုပြင်ဖို့စီစဉ်နေသည်ကို ဆန့်ကျင်ခဲ့သည်။ ဒေသခံညီအစ်ကိုများသည် မေတ္တာပါပါ တုံ့ပြန်ပြောဆိုခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် သူ့အိမ်ကြားရှိနံရံသည် ပြန်ပြုပြင်ဖို့လိုကြောင်းသိမြင်သောကြောင့် တစ်ပြားမှအကုန်အကျခံစရာမလိုဘဲ ညီအစ်ကိုများကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူတို့သည် ကြိုးကြိုးစားစားလုပ်ခဲ့ကြသည်၊ အမှန်မှာ၊ နံရံအားလုံးနီးပါးကို အသစ်တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ သူတို့သည် အခြေအနေကို ကောင်းစွာကိုင်တွယ်ခဲ့ရာ ဤအိမ်နီးချင်း၏စိတ်ထားပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူသည် ဘုရားသခင့်နိုင်ငံတော်ခန်းမကို စောင့်ရှောက်ပေးလျက်ရှိသည်။

၁၅ ယေဟောဝါ၏လူမျိုးသည် ကမ္ဘာချီဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ကြသည်။ ဒေသခံစေတနာ့ဝန်ထမ်းများသည် အချိန်ပြည့်အပြည်ပြည်ဆိုင်ရာအမှုထမ်းများနှင့်အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမသာမက စည်းဝေးပွဲခန်းမများနှင့် ဗေသလအိမ်များကိုဆောက်လုပ်ရန် လိုလိုလားလားပူးပေါင်းကြသည်။ ဆမ်သည် အပူပေးစနစ်၊ လေဝင်လေထွက်နှင့် လေအေးစက်စနစ်ပြုပြင်တပ်ဆင်ခြင်းတို့တွင် ကျွမ်းကျင်သောအင်ဂျင်နီယာတစ်ဦးဖြစ်သည်။ သူနှင့် သူ့ဇနီးရုသ်တို့သည် ဆောက်လုပ်ရေးစီမံကိန်းများတွင် ကူညီပေးရန် ဥရောပနှင့် အာဖရိကတိုက်ရှိ နိုင်ငံအတော်များများသို့ ခရီးသွားခဲ့ကြသည်။ သူတို့သည် မိမိတို့သွားသည့်နေရာတိုင်းတွင် ဒေသခံအသင်းတော်များနှင့်အတူ ဟောပြောခြင်းတွင်လည်း ပါဝင်ကြသည်။ ထိုသို့သောအပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ရန် သူ့အား အဘယ်အရာက လှုံ့ဆော်ခဲ့သည်နှင့်ပတ်သက်၍ ဆမ် ဤသို့ရှင်းပြခဲ့သည်– “နိုင်ငံအသီးသီးမှာရှိတဲ့ဗေသလမှာ အမှုဆောင်သူတွေရဲ့အားပေးမှုကြောင့်ပါ။ သူတို့ရဲ့စိတ်ထက်သန်မှုနဲ့ ရွှင်လန်းမှုကို တွေ့ရတာက ဒီလိုလုပ်ဆောင်ချင်စိတ်ရှိစေခဲ့တယ်။”

ဘုရားသခင့်ညွှန်ကြားချက်များကို နာခံပါ

၁၆၊ ၁၇။ ဘုရားသခင့်လူတို့သည် အဘယ်အထူးလုပ်ဆောင်မှုတွင် စိတ်ထက်သန်စွာပါဝင်ခဲ့ကြသနည်း၊ အဘယ်ရလဒ် ရရှိခဲ့သနည်း။

၁၆ ဝတ်ပြုရာအိမ်တော်ပြန်ပြုပြင်ခြင်းအပြင် ဟေဇကိသည် ယေဟောဝါမိန့်မှာသည့် နှစ်စဉ်ကျင်းပသောပသခါပွဲကိုလည်း ပြန်ကျင်းပခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၀:၁၊ ၄၊ ၅ ကိုဖတ်ပါ။) ဟေဇကိနှင့် ယေရုရှလင်တွင်နေထိုင်သူတို့သည် မြောက်ပိုင်းနိုင်ငံရှိသူတို့ပင်အပါအဝင် တစ်နိုင်ငံလုံးရှိလူတို့ကို တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ စာပို့လုလင်တို့သည် ဖိတ်စာများသယ်ဆောင်ကာ ပြည်တစ်လျှောက်ပြေးခဲ့ကြသည်။—၆ ရာ. ၃၀:၆-၉

၁၇ မကြာသေးမီနှစ်များတွင် ကျွန်ုပ်တို့သည် အတော်အတန်ဆင်တူသော ထပ်တူကြိုးစားအားထုတ်မှုတစ်ခုတွင် ပါဝင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ယေရှု၏မိန့်မှာချက်ကိုနာခံရာတွင် သခင့်ညစာစားပွဲကိုကျင်းပရန် ကျွန်ုပ်တို့နှင့်အတူစုဝေးကြဖို့ ရပ်ကွက်ရှိလူတို့ကိုဖိတ်ခေါ်ရာတွင် ဆွဲဆောင်မှုရှိသည့် ပုံနှိပ်ထားသောဖိတ်စာများကို အသုံးပြုခဲ့ကြသည်။ (လု. ၂၂:၁၉၊ ၂၀) ကျွန်ုပ်တို့သည် လုပ်ငန်းတော်အစည်းအဝေးများတွင် ညွှန်ကြားချက်များရရှိခဲ့ကြပြီး ဤလုပ်ငန်းတွင် စိတ်အားထက်သန်စွာပါဝင်ခဲ့ကြသည်။ ယေဟောဝါသည် ယင်းကြိုးစားအားထုတ်မှုကို ကောင်းချီးပေးခဲ့သည်။ ယင်းကြောင့်လည်း လွန်ခဲ့သောနှစ်တွင် ကျွန်ုပ်တို့ခုနစ်သန်းခန့်သည် ဖိတ်စာများကိုဝေငှခဲ့ကြရာ လူပေါင်း ၁၇,၇၉၀,၆၃၁ ယောက်တက်ရောက်ခဲ့ကြသည်။

၁၈။ စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုရှိရန် သင့်အတွက် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

၁၈ ဟေဇကိနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်– ‘ဣသရေလအမျိုး၏ ဘုရားသခင်ယေဟောဝါကို ထိုမင်းခိုလှုံသကဲ့သို့ သူ့နောက်မှာခိုလှုံသောယုဒရှင်ဘုရင် တစ်ယောက်မျှမရှိ။ ရှေးကာလ၌လည်းမရှိ။ ယေဟောဝါ၌ မှီခိုအားထား၍ နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ ယေဟောဝါထားတော်မူသော ပညတ်တော်တို့ကိုစောင့်ရှောက်လေ၏။’ (၄ ရာ. ၁၈:၅၊ ၆) သူ၏ပုံသက်သေကို ကျွန်ုပ်တို့ လိုက်လျှောက်နိုင်ကြပါစေ။ ဘုရားသခင့်အိမ်တော်အတွက် ကျွန်ုပ်တို့၏စိတ်ထက်သန်မှုက ထာဝရအသက်ရဖို့မျှော်လင့်ချက်နှင့်အတူ ‘ယေဟောဝါ၌ မှီခိုအားထား’ ရန်ကျွန်ုပ်တို့အား အထောက်အကူပြုမည်။—တရား. ၃၀:၁၆

ညွှန်ကြားချက်ကို ချက်ချင်းတုံ့ပြန်ပါ

၁၉။ သတိရအောက်မေ့ရာကာလတွင် အဘယ်ကြိုးစားအားထုတ်မှု ပြုလုပ်ကြသနည်း။

၁၉ ယောရှိသည် ဘုရင်အနေနှင့်အုပ်ချုပ်ချိန်တွင် သူသည်လည်း ပသခါပွဲကျင်းပရန် ကောင်းစွာပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ (၄ ရာ. ၂၃:၂၁-၂၃; ၆ ရာ. ၃၅:၁-၁၉) ကျွန်ုပ်တို့လည်း အောက်မေ့ရာပွဲတော်အပြင် ခရိုင်စည်းဝေးကြီးများ၊ တိုက်နယ်စည်းဝေးပွဲများ၊ အထူးစည်းဝေးပွဲနေ့များအတွက် ကောင်းစွာပြင်ဆင်ထားကြောင်း သေချာစေကြသည်။ အချို့နိုင်ငံရှိညီအစ်ကိုများသည် အသက်အန္တရာယ်ရှိသည့်ကြားမှပင် ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲသို့ စုဝေးရောက်ရှိလာကြသည်။ စိတ်ထက်သန်သောအကြီးအကဲများသည် အသင်းတော်ရှိ မည်သူကိုမျှ ချန်လှပ်မထားမိရန် သေချာစေခဲ့ကြသည်။ သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်းသူတို့သည် ထိုအခါသမယတွင် ရောက်ရှိကြရန် အကူအညီများရရှိကြသည်။

၂၀။ (က) ဘုရင်ယောရှိအုပ်ချုပ်ချိန်အတွင်း အဘယ်အရာဖြစ်ပျက်ခဲ့သနည်း၊ သူ မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) အဘယ်သင်ခန်းစာကို ကျွန်ုပ်တို့နှလုံးသွင်းလိုကြသနည်း။

၂၀ ဘုရင်ယောရှိစီစဉ်ဆောင်ရွက်ခဲ့သော ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအတွင်း ယဇ်ပုရောဟိတ်မင်းဟိလခိသည် ‘မောရှေရေးထားသော ယေဟောဝါ၏ပညတ္တိကျမ်းစာစောင်ကိုတွေ့ခဲ့သည်။’ သူသည် ထိုကျမ်းစာကို စာရေးတော်ရှာဖန်အားအပ်ပေးခဲ့ရာ တစ်ဖန် သူသည် အကြောင်းအရာကို ယောရှိအား ဖတ်ပြလေသည်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄-၁၈ ကိုဖတ်ပါ။) အကျိုးဆက်ကား အဘယ်နည်း။ ဘုရင်သည် ဝမ်းနည်းသည့်အနေနှင့် မိမိ၏အဝတ်ကို ချက်ချင်းဆွဲဆုတ်ကာ အမျိုးသားချင်းတို့ကို ယေဟောဝါအား မေးလျှောက်ကြရန် ညွှန်ကြားခဲ့သည်။ ဘုရားသခင်သည် ပရောဖက်မဟုလဒမှတစ်ဆင့် ယုဒနိုင်ငံတွင်လုပ်ဆောင်ခဲ့သော ဝတ်ပြုရေးထုံးတမ်းတချို့ကို ပြစ်တင်သည့်သတင်း မိန့်တော်မူခဲ့သည်။ သို့တိုင် ဝတ်ပြုရေးဆိုင်ရာညစ်ညမ်းနေသောထုံးတမ်းများကို ဖယ်ရှားရန် ယောရှိ၏အကျိုးပြုသောကြိုးစားအားထုတ်မှုများ မှတ်သားခံခဲ့ရသည်၊ တစ်နိုင်ငံလုံး ဘေးရောက်စေမည်ဖြစ်ကြောင်း ကြိုဟောခဲ့သော်လည်း သူသည် ယေဟောဝါ၏မျက်နှာသာ ဆက်၍ရရှိခဲ့သည်။ (၆ ရာ. ၃၄:၁၉-၂၈) ယင်းမှ အဘယ်အရာသင်ယူနိုင်သနည်း။ ကျွန်ုပ်တို့၏ဆန္ဒမှာ ယောရှိ၏ဆန္ဒကဲ့သို့ပင်ဖြစ်သည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ဝတ်ပြုကိုးကွယ်မှုတွင် အယူဖောက်ပြန်ခြင်းနှင့် တည်ကြည်မှုကင်းမဲ့ခြင်းတို့ကိုခွင့်ပြုပါက ဖြစ်လာနိုင်သည့်အရာနှင့်ပတ်သက်သော သတိပေးပုံနမူနာကို နှလုံးသွင်းလျက် ယေဟောဝါ၏ညွှန်ကြားချက်ကို ချက်ချင်းတုံ့ပြန်လိုကြသည်။ ထို့ပြင် ယေဟောဝါသည် ယောရှိ၏အဖြစ်တွင်ပြုတော်မူခဲ့သကဲ့သို့ စစ်မှန်သောဝတ်ပြုရေးအတွက် ကျွန်ုပ်တို့၏စိတ်ထက်သန်မှုကို ကိုယ်တော်နှစ်သက်စွာမှတ်သားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။

၂၁၊ ၂၂။ (က) ကျွန်ုပ်တို့သည် ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုကို အဘယ်ကြောင့် တင်ပြသင့်သနည်း။ (ခ) နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ အဘယ်အရာသုံးသပ်ကြမည်နည်း။

၂၁ ယုဒနိုင်ငံ၏ဘုရင်လေးပါးဖြစ်သော အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိတို့သည် ဘုရားသခင့်အိမ်တော်နှင့် ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုတင်ပြရာတွင် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းချမှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏စိတ်ထက်သန်မှုသည် ယေဟောဝါကိုယုံကြည်ကိုးစားရန်နှင့် ကိုယ်တော်၏ဝတ်ပြုရေးအတွက် ကြိုးစားအားထုတ်ကြရန် ကျွန်ုပ်တို့အား အလားတူလှုံ့ဆော်သင့်သည်။ ဘုရားသခင့်ညွှန်ကြားချက်များကိုနာခံခြင်းနှင့် အသင်းတော်နှင့် အကြီးအကဲများမှတစ်ဆင့် ကျွန်ုပ်တို့ရရှိသော မေတ္တာပါဂရုစိုက်မှုနှင့် တည့်မတ်ပေးမှုကိုတုံ့ပြန်ခြင်းသည် ပညာရှိလမ်းစဉ်နှင့် ပျော်ရွှင်မှုရစေသည့်နည်း အမှန်ဖြစ်ပေသည်။

၂၂ နောက်ဆောင်းပါးက လယ်ကွင်းဓမ္မအမှုတွင် စိတ်ထက်သန်မှုရှိရန် အာရုံစိုက်စေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မေတ္တာရှင်ခမည်းတော်၏အမှုတော်ကို ထက်သန်စွာထမ်းဆောင်ကြရန် လူငယ်များကို အားပေးပါလိမ့်မည်။ စာတန်၏အလွန်ယိုယွင်းသောသြဇာလွှမ်းမိုးမှုများထဲမှတစ်ခုကို မည်သို့ရှောင်နိုင်ကြောင်းကိုလည်း ကျွန်ုပ်တို့သုံးသပ်ကြမည်။ ကျွန်ုပ်တို့သည် ယေဟောဝါထံမှလာသော ယင်းသတိပေးချက်အားလုံးကို အလေးဂရုပြုသည်နှင့်အမျှ ယေဟောဝါ၏သားတော် ယေရှု၏ပုံနမူနာကို လိုက်လျှောက်ကြပါလိမ့်မည်၊ ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့ဆိုထားသည်– “ကိုယ်တော်၏အိမ်တော်၌ စိတ်စေတနာထက်သန်ခြင်းသည် အကျွန်ုပ်ကိုစားပါ၏။”—ဆာ. ၆၉:၉သမ္မာ; ၁၁၉:၁၁၁၊ ၁၂၉; ၁ ပေ. ၂:၂၁

သင်မှတ်မိသလော

• မည်သို့သောအမှုဆောင်ခြင်းမျိုးကို ယေဟောဝါ ကောင်းချီးပေးသနည်း၊ အဘယ်ကြောင့်နည်း။

• ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။

• စိတ်ထက်သန်ခြင်းက ဘုရားသခင့်ညွှန်ကြားချက်များကို နာခံရန် ကျွန်ုပ်တို့အား မည်သို့လှုံ့ဆော်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိတို့သည် ယေဟောဝါ၏ အိမ်တော်အတွက် စိတ်ထက်သန်မှု မည်သို့တင်ပြခဲ့ကြသနည်း