မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကောင်းသောအမှု၌ စိတ်အားထက်သန်” ပါ

“ကောင်းသောအမှု၌ စိတ်အားထက်သန်” ပါ

“ကောင်းသောအမှု၌ စိတ်အားထက်သန်” ပါ

“[ယေရှု] သည်ငါတို့ကို မတရားမှုအမျိုးမျိုးတို့မှ ကယ်နုတ်၍ ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် ကိုယ်တော့်အထူးပိုင်ဆိုင်ရာအဖြစ် ငါတို့ကို သန့်ရှင်းစေရန် မိမိကိုယ်ကိုစွန့်တော်မူ၏။”—တိ. ၂:၁၄

၁။ စီအီး ၃၃၊ နိသန်လ ၁၀ ရက်နေ့တွင် ဝတ်ပြုရာအိမ်တော်ရင်ပြင်၌ ယေရှုရောက်လာသောအခါ အဘယ်အရာဖြစ်ပျက်သနည်း။

စီအီး ၃၃၊ နိသန်လ ၁၀ ရက်၊ ပသခါပွဲမတိုင်မီလေးတွင်ဖြစ်၏။ ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်ရင်ပြင်တွင် ဝတ်ပြုကိုးကွယ်သူများစွာတို့သည် စိတ်လှုပ်ရှားနေကြသည်။ ယေရှုရောက်လာသောအခါ အဘယ်အရာဖြစ်ပျက်မည်နည်း။ ယေရှုသည် ထိုတွင်ရှိသောရောင်းဝယ်နေကြသူများကို နှင်ထုတ်တော်မူ၏ဟု ခရစ်ဝင်ကျမ်းရေးသူသုံးဦးဖြစ်သော မဿဲ၊ မာကုနှင့် လုကာတို့က ဒုတိယအကြိမ်ဖော်ပြကြသည်။ ကိုယ်တော်သည် ငွေလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ခုံများကို မှောက်လှန်တော်မူ၏။ (မ. ၂၁:၁၂; မာ. ၁၁:၁၅; လု. ၁၉:၄၅) ယေရှုသည် လွန်ခဲ့သောသုံးနှစ်တွင် အလားတူလုပ်ရပ်ကိုပြုတော်မူခဲ့ကတည်းက ကိုယ်တော်၏စိတ်ထက်သန်မှု လျော့မသွားခဲ့ပါ။—ယော. ၂:၁၃-၁၇

၂၊ ၃။ ယေရှု၏စိတ်ထက်သန်မှုတွင် ဝတ်ပြုရာအိမ်တော်ကို သန့်ရှင်းရေးပြုလုပ်ခြင်းထက်မကကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။

ထိုအခါသမယ၌ ယေရှု၏စိတ်ထက်သန်မှုသည် ဝတ်ပြုရာအိမ်တော်ကို သန့်ရှင်းရေးပြုလုပ်ခြင်းထက်မကကြောင်း မဿဲ၏မှတ်တမ်းက ဖော်ပြသည်။ ထိုနေရာတွင် ကိုယ်တော်သည် မိမိထံချဉ်းကပ်လာကြသော မျက်မမြင်သူနှင့် ခြေဆွံ့သူတို့ကိုလည်း ကျန်းမာစေတော်မူခဲ့သည်။ (မ. ၂၁:၁၄) ယေရှုပြီးမြောက်လုပ်ဆောင်ခဲ့သည့် အခြားလုပ်ဆောင်မှုများကိုလည်း လုကာမှတ်တမ်းက ဖော်ပြသည်။ ‘[ယေရှု]သည် ဝတ်ပြုရာအိမ်တော်၌ နေ့စဉ်သွန်သင်တော်မူ၏။’ (လု. ၁၉:၄၇; ၂၀:၁) ထို့ကြောင့် ယေရှု၏စိတ်ထက်သန်မှုသည် ကိုယ်တော်၏လူထုဓမ္မအမှုတွင် အထူးထင်ရှားခဲ့သည်။

နောက်ပိုင်းတွင် တမန်တော်ပေါလုသည် တိတုထံစာရေးရာတွင် ယေရှုသည် “ငါတို့ကို မတရားမှုအမျိုးမျိုးတို့မှ ကယ်နုတ်၍ ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် ကိုယ်တော့်အထူးပိုင်ဆိုင်ရာအဖြစ် ငါတို့ကိုသန့်ရှင်းစေရန် မိမိကိုယ်ကိုစွန့်တော်မူ” ကြောင်းရှင်းပြခဲ့သည်။ (တိ. ၂:၁၄) ယနေ့ ကျွန်ုပ်တို့သည် အဘယ်နည်းများဖြင့် “ကောင်းသောအမှု၌ စိတ်အားထက်သန်” နိုင်ကြသနည်း။ ယုဒနိုင်ငံရှိ မင်းကောင်းများ၏ပုံနမူနာများက ကျွန်ုပ်တို့အား မည်သို့အားတက်စေနိုင်သနည်း။

ဟောပြောခြင်းနှင့် သွန်သင်ခြင်းအတွက် စိတ်ထက်သန်မှု

၄၊ ၅။ ယုဒဘုရင်လေးပါးတို့သည် အဘယ်နည်းများဖြင့် ကောင်းသောအမှု၌ စိတ်အားထက်သန်ခဲ့ကြသနည်း။

အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိတို့သည် ဘုရားသခင်ရွံရှာသည့်ဝတ်ပြုမှုကို ဖယ်ရှားရန် ယုဒနိုင်ငံတွင် ကြိုးစားဆောင်ရွက်ရသည့်စီမံကိန်းများ လုပ်ဆောင်ခဲ့ကြသည်။ အာသသည် ‘လူမျိုးခြားနတ်ဘုရား၏ယဇ်ပလ္လင်များကိုလည်းကောင်း၊ မြင့်ရာဌာနများကိုလည်းကောင်း ပယ်ရှား၏၊ ကျောက်တိုင်များကိုချိုးဖျက်၍ အာရှရတိုင်များကို ခုတ်လှဲ၏။’ (၆ ရာ. ၁၄:၃သမ္မာ) ယောရှဖတ်သည် ယေဟောဝါ၏ဝတ်ပြုရေးအတွက် မိမိ၏စိတ်ထက်သန်မှုကြောင့် “မြင့်သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှပယ်ရှားတော်မူ၏။”—၆ ရာ. ၁၇:၆; ၁၉:၃ *

ယေရုရှလင်မြို့၌ ဟေဇကိစီစဉ်သည့် အလွန်အလေးထားသည့်ခုနစ်ရက်ကြာပသခါပွဲအပြီးတွင် “စည်းဝေးသောဣသရေလလူအပေါင်းတို့သည် ယုဒမြို့ရွာများသို့ထွက်သွား၍ ယုဒနှင့်ဗင်ယာမိန်ခရိုင်၊ ဧဖရိမ်နှင့်မနာရှေခရိုင်အရပ်ရပ်၌ ရှင်းရှင်းဖျက်ဆီးသည်တိုင်အောင် ကျောက်တိုင်များကို ချိုးဖျက်ခြင်း၊ အာရှရတိုင်များကို ခုတ်လှဲခြင်း၊ မြင့်ရာဌာနနှင့်ယဇ်ပလ္လင်များကို ဖြိုဖျက်ခြင်းပြုကြ၏။” (၆ ရာ. ၃၁:၁သမ္မာ) လူငယ်ယောရှိသည် အသက်ရှစ်နှစ်သာရှိသည့်အရွယ်တွင် ဘုရင်ဖြစ်လာခဲ့သည်။ ကျမ်းချက်ကဤသို့ဆိုသည်– ‘အသက်တော်ငယ်စဉ် နန်းစံရှစ်နှစ်တွင် အဘဒါဝိဒ်၏ဘုရားသခင်ကို ရှာဖွေစပြု၏။ တစ်ဆယ့်နှစ်နှစ်တွင် ယုဒပြည် ယေရုရှလင်မြို့၌ရှိသော ကုန်း၊ အာရှရပင် . . . တို့ကိုသုတ်သင်ပယ်ရှင်းစပြု၏။’ (၆ ရာ. ၃၄:၃) ထို့ကြောင့် ထိုဘုရင်လေးပါးတို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်ခဲ့ကြသည်။

၆။ ကျွန်ုပ်တို့၏ဓမ္မအမှုကို တည်ကြည်သောယုဒရှင်ဘုရင်တို့၏ အထူးကြိုးစားအားထုတ်မှုများနှင့် အဘယ်ကြောင့် နှိုင်းယှဉ်နိုင်သနည်း။

ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင်ရွံရှာသောဝတ်ပြုနည်းအပါအဝင် မှားယွင်းသောဝတ်ပြုရေးသွန်သင်ချက်များမှ လူတို့လွတ်မြောက်လာရန် အထူးကြိုးစားအားထုတ်မှုတွင် အလားတူ ပါဝင်ကူညီပေးကြသည်။ ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ်ဓမ္မအမှုသည် ကျွန်ုပ်တို့ကို လူမျိုးမျိုးတို့နှင့် တွေ့ဆုံစေသည်။ (၁ တိ. ၂:၄) အာရှတိုက်သားအမျိုးသမီးငယ်တစ်ဦးသည် မိမိအိမ်ရှိ များစွာသောပုံများရှေ့တွင် သူ့မိခင်က ဝတ်ပြုရေးထုံးတမ်းဓလေ့များလုပ်ဆောင်ခဲ့ပုံကို သတိရသည်။ ပုံအားလုံးသည် စစ်မှန်သောဘုရားသခင်ကို ကိုယ်စားမပြုနိုင်ကြောင်း ထိုမိန်းကလေးဆင်ခြင်သုံးသပ်ရာ စစ်မှန်သောဘုရားသခင်မှာ မည်သူဖြစ်ကြောင်းသိရန် မကြာခဏဆုတောင်းခဲ့သည်။ အိမ်တံခါးခေါက်သံကြောင့်သွားဖွင့်ရာ ယေဟောဝါဟူ၍ ကြီးမြတ်သောနာမတော်ရှိသည့် စစ်မှန်သောဘုရားသခင်အကြောင်း သူ့အားပြောပြရန် အသင့်ရှိနေသည့်သက်သေခံနှစ်ဦးကိုတွေ့ခဲ့သည်။ ထို့ပြင် သူသည် ပုံများကိုးကွယ်ခြင်းနှင့်ပတ်သက်သောအမှန်တရားကို သင်ယူသိရှိခဲ့ရ၍ အလွန်ဝမ်းမြောက်သည်။ ယခု သူသည် လယ်ကွင်းလုပ်ငန်းတွင် လုံ့လဝီရိယရှိရှိပါဝင်ခြင်း၊ အခြားသူများအား ယေဟောဝါအကြောင်းပြောပြရာတွင် ကူညီပေးခြင်းဖြင့် ချီးမွမ်းထိုက်သောစိတ်ထက်သန်မှုကို တင်ပြသည်။—ဆာ. ၈၃:၁၈; ၁၁၅:၄-၈; ၁ ယော. ၅:၂၁

၇။ ယောရှဖတ်အချိန်တွင် နိုင်ငံတစ်လျှောက်လှည့်လည်ခဲ့ကြသော သွန်သင်သူများကိုတုပရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။

ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ပါဝင်သောအခါ ကျွန်ုပ်တို့တာဝန်ကျသောရပ်ကွက်ကို မည်မျှစေ့စေ့စပ်စပ်ဟောပြောသနည်း။ စိတ်ဝင်စားစရာမှာ ယောရှဖတ်သည် သူ၏နန်းစံတတိယနှစ်တွင် သူသည် မှူးမတ်ငါးဦး၊ လေဝိသားကိုးဦးနှင့် ယဇ်ပုရောဟိတ်နှစ်ဦးတို့ကို စေလွှတ်ခဲ့သည်။ ယေဟောဝါ၏ပညတ္တိကျမ်းများကို လူတို့အားသွန်သင်ရန် မြို့အရပ်ရပ်တို့တွင် ထိုသူတို့ကို လှည့်လည်စေခဲ့သည်။ ပတ်ဝန်းကျင်နိုင်ငံမှလူတို့သည် ယေဟောဝါကိုကြောက်ရွံ့လာသည်အထိ သူတို့၏အထူးကြိုးစားအားထုတ်မှုမှာ အလွန်ထိရောက်မှုရှိခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၇:၉၊ ၁၀ ကိုဖတ်ပါ။) နေ့အပြောင်းအလဲ၊ အချိန်အပြောင်းအလဲလုပ်၍ အိမ်များသို့လည်ပတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အိမ်ထောင်စုဝင်အတော်များများနှင့် စကားပြောနိုင်ပေမည်။

၈။ ကျွန်ုပ်တို့၏သက်သေခံခြင်းကို မည်သို့တိုးချဲ့နိုင်သနည်း။

မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်များစွာတို့သည် မိမိတို့၏နေအိမ်များမှ တလိုတလားစွန့်ခွာကြပြီး စိတ်ထက်သန်သောသက်သေခံများ သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ရန် ပြောင်းရွှေ့ကြသည်။ သင်သည် ယင်းသို့ပြုနိုင်သလော။ ကျွန်ုပ်တို့ထဲမှ ယင်းသို့မပြောင်းရွှေ့နိုင်သူအချို့သည် မိမိရပ်ကွက်ရှိ အခြားဘာသာစကားပြောသူတို့ကို သက်သေခံရန် ကြိုးစားကြပေမည်။ အသက် ၈၁ နှစ်ရှိ ရော်န်သည် ရပ်ကွက်တွင် သူတွေ့ဆုံသူတို့မှာ လူမျိုးပေါင်းစုံဖြစ်နေသောကြောင့် ဘာသာစကား ၃၂ မျိုးဖြင့် နှုတ်ဆက်စကားပြောတတ်ရန် သင်ယူခဲ့သည်။ သူသည် မကြာသေးမီက အာဖရိကလူမျိုးဇနီးမောင်နှံကို လမ်းတွင်တွေ့ဆုံခဲ့ရာ သူတို့၏ဘာသာစကားဖြစ်သော ယိုရူးဘားစကားနှင့် သူတို့ကိုနှုတ်ဆက်ခဲ့သည်။ သူတို့သည် ရော်န်အား အာဖရိကကို ရောက်ဖူးသလောဟုမေးခဲ့သည်။ မရောက်ဖူးကြောင်းပြန်ဖြေသောအခါ မိမိတို့၏ဘာသာစကားကို မည်သို့သိသနည်းဟု မေး၏။ သူသည် သူတို့ကို ကောင်းစွာသက်သေခံနိုင်ခဲ့သည်။ သူတို့သည် မဂ္ဂဇင်းတချို့ကို လိုလိုလားလားလက်ခံခဲ့ပြီး သူတို့၏နေရပ်လိပ်စာကို ရော်န်အား ဝမ်းမြောက်စွာပေးခဲ့ကြသည်၊ ထိုဇနီးမောင်နှံနှင့်ကျမ်းစာသင်အံမှုပြုလုပ်နိုင်ရန် ရော်န်သည် ယင်းလိပ်စာကို ဒေသခံအသင်းတော်အား ပေးအပ်ခဲ့သည်။

၉။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သမ္မာကျမ်းစာမှဖတ်ပြခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ ဥပမာပေးပါ။

ယောရှဖတ်၏အမိန့်ကြောင့် နိုင်ငံတစ်လျှောက်လှည့်လည်ခဲ့ကြသောသွန်သင်သူတို့တွင် ‘ယေဟောဝါ၏ပညတ္တိကျမ်း’ ရှိခဲ့သည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်တော်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် လူတို့ကို ကျမ်းစာမှသွန်သင်ပေးရန် ကျွန်ုပ်တို့ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် ကျမ်းစာမှ တိုက်ရိုက်ဖတ်ပြရန်ကြိုးစားခြင်းဖြင့် ကျမ်းစာပါတကယ့်စာသားများကို အခြားသူတို့တွေ့ရန် ကျွန်ုပ်တို့လုပ်ဆောင်ကြသည်။ သက်သေခံတစ်ဦးဖြစ်သူလင်ဒါကို အိမ်ရှင်တစ်ဦးက မိမိခင်ပွန်းလေဖြတ်နေသောကြောင့် ဂရုစိုက်နေရကြောင်းပြောခဲ့သည်။ အိမ်ရှင်ကဤသို့ညည်းတွားခဲ့သည်– “ကျွန်မ ဒီလိုဖြစ်လာဖို့ ဘုရားသခင်ခွင့်ပြုရအောင် ကျွန်မဘာလုပ်ခဲ့မှန်း မသိဘူး။” လင်ဒါ ဤသို့ပြန်ပြောခဲ့သည်– “ဒီတစ်ခုတော့စိတ်ချစေချင်တယ်။” ထို့နောက် ယာကုပ် ၁:၁၃ ပါစာသားများကို ဖတ်ပြပြီးနောက် ဤသို့ထပ်ပြောသည်– “ကျွန်မတို့နဲ့ ကျွန်မတို့ချစ်မြတ်နိုးတဲ့သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဝေဒနာအားလုံးဟာ ဘုရားသခင်ဆီက ပြစ်ဒဏ်မဟုတ်ဘူး။” ထိုအခါ အိမ်ရှင်သည် လင်ဒါအား ချစ်ခင်စွာပွေ့ဖက်လေတော့သည်။ လင်ဒါဤသို့ဝန်ခံသည်– “ကျမ်းစာကိုသုံးပြီး ကျွန်မ နှစ်သိမ့်မှုပေးနိုင်ခဲ့တယ်။ တစ်ခါတလေ ကျမ်းစာကနေ ကျွန်မတို့ဖတ်လိုက်တဲ့စာသားတွေဟာ အိမ်ရှင် တစ်ခါမှမကြားဖူးတဲ့စာသားတွေဖြစ်တယ်။” ထိုအပြန်အလှန်ပြောဆိုခြင်းက ထိုအမျိုးသမီးနှင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုပုံမှန်ကျင်းပရန် ဖြစ်စေခဲ့သည်။

စိတ်ထက်သန်စွာအမှုဆောင်ကြသော လူငယ်များ

၁၀။ ယောရှိသည် ယနေ့ ခရစ်ယာန်လူငယ်များအတွက် မည်သို့ ပုံသက်သေကောင်းဖြစ်သနည်း။

၁၀ ယောရှိ၏ပုံသက်သေကိုပြန်ကြည့်လျှင် ဘုရားသခင်ရွံရှာသည့်ဝတ်ပြုမှုကိုသုတ်သင်ရှင်းလင်းသည့် အထူးကြိုးစားစွန့်စားလုပ်ဆောင်ခဲ့ချိန်တွင် သူသည်အသက် ၂၀ ခန့်သာရှိခဲ့သည့်အတွက် လူငယ်တစ်ဦးအနေနှင့် စစ်မှန်သောဝတ်ပြုရေးကိုလိုက်စားခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၄:၁-၃ ကိုဖတ်ပါ။) ယနေ့ လူငယ်များစွာသည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် အလားတူစိတ်ထက်သန်မှု တင်ပြကြသည်။

၁၁-၁၃။ ယေဟောဝါ၏အမှုတော်ကို စိတ်ထက်သန်စွာထမ်းဆောင်ကြသော မျက်မှောက်ခေတ်လူငယ်များထံမှ အဘယ်သင်ခန်းစာများ သင်ယူနိုင်သနည်း။

၁၁ အင်္ဂလန်နိုင်ငံတွင်နေထိုင်သူ အသက် ၁၃ နှစ်ရှိသောဟဲန်နာသည် ကျောင်းတွင် ပြင်သစ်ဘာသာစကားကို သင်ယူလေ့လာနေသူဖြစ်ပြီး အနီးအနားမြို့တစ်မြို့တွင် ပြင်သစ်ဘာသာစကားပြောအုပ်စုတစ်စု ဖွဲ့စည်းထားကြောင်း ကြားသိခဲ့သည်။ ထိုတွင်ကျင်းပသည့်အစည်းအဝေးများကိုတက်ရောက်ရန် သူနှင့်အဖော်အဖြစ်လိုက်ပေးဖို့ သူ့ဖခင်သည် သဘောတူခဲ့သည်။ ယခု အသက် ၁၈ နှစ်ရှိပြီဖြစ်သောဟဲန်နာသည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် ပြင်သစ်နိုင်ငံတွင် စိတ်ထက်သန်စွာသက်သေခံလျက်ရှိသည်။ သင်လည်း တိုင်းတစ်ပါးဘာသာစကားသင်ယူပြီး အခြားသူတို့ ယေဟောဝါအကြောင်းသင်ယူလာရန် ကူညီပေးနိုင်သလော။

၁၂ ရေချယ်လ်သည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်လော့ ဗီဒီယိုခွေတင်ဆက်မှုကို ကြည့်ရှုရာ အလွန်ကြိုက်နှစ်သက်ခဲ့သည်။ သူသည် ၁၉၉၅ ခုနှစ်တွင် ယေဟောဝါ၏အမှုတော်စတင်ထမ်းဆောင်ခဲ့ချိန်၌ သူ၏စဉ်းစားပုံကို ဤသို့ပြောပြသည်– “ကျွန်မ အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေတယ်လို့ ထင်ခဲ့တယ်။” ထို့နောက် ဤသို့ထပ်ပြောသည်– “အဲဒီပြဇာတ်ကိုကြည့်ပြီးတဲ့နောက်မှာ ကျွန်မဟာ နှစ်အတော်ကြာအထိ အခြေခံလောက်ပဲလုပ်ဆောင်နေတယ်ဆိုတာ အခု ကျွန်မသိလိုက်ရတယ်။ အမှန်တရားအတွက် ကျွန်မတိုက်လှန်ဖို့လိုတယ်၊ ပြီးတော့ ဓမ္မအမှုနဲ့ ကိုယ်ပိုင်လေ့လာမှုမှာတကယ်အာရုံစိုက်ပြီး ကြိုးစားအားထုတ်ဖို့လိုတယ်။” ယခု ရေချယ်လ်သည် ယေဟောဝါ၏အမှုတော်တွင် ပို၍စိတ်ထက်သန်စွာ လုပ်ဆောင်နေသည်။ ရလဒ်အနေနှင့် အဘယ်အရာကြုံတွေ့ခံစားခဲ့ရသနည်း။ “ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး ပိုကောင်းလာတယ်။ ကျွန်မရဲ့ဆုတောင်းချက်တွေဟာ ပိုပြီးအဓိပ္ပာယ်ရှိလာတယ်၊ ကျွန်မရဲ့လေ့လာမှုဟာ ပိုလေးနက်လာပြီး ကျေနပ်စရာကောင်းတယ်၊ ပြီးတော့ ကျမ်းစာမှတ်တမ်းတွေဟာ ကျွန်မအတွက် ပိုပြီးအဓိပ္ပာယ်ရှိလာတယ်။ အကျိုးရလဒ်ကတော့ ဓမ္မအမှုမှာ အများကြီးပျော်ရွှင်တယ်၊ ယေဟောဝါရဲ့စကားတော်က အခြားသူတွေကိုနှစ်သိမ့်စေတာကို ကျွန်မတွေ့မြင်တဲ့အခါ တကယ်စိတ်ကျေနပ်မိတယ်။”

၁၃ လုခ်သည် လူငယ်များအမေး—ငါ့အသက်တာကို ဘယ်လိုအသုံးပြုမလဲ ဗီဒီယိုတင်ဆက်မှုကြောင့် အားရှိခဲ့သူလူငယ်တစ်ဦးဖြစ်သည်။ ယင်းဗီဒီယိုခွေကိုကြည့်ရှုပြီးနောက် လုခ်ဤသို့ရေးသည်– “ကျွန်တော့်အသက်တာကို မည်သို့အသုံးပြုနေသနည်းဟူ၍ ပြန်သုံးသပ်မိသည်။” သူဤသို့ဝန်ခံသည်– “ဦးစွာ အဆင့်မြင့်ပညာရေးဖြင့် ငွေကြေးဖူလုံခြင်းကိုလိုက်စားရန်နှင့် နောက်မှ ဝိညာဉ်ရေးပန်းတိုင်များဘက်အာရုံစိုက်ရန် ယခင်က ဖိအားပေးခံခဲ့ရသည်။ ယင်းသို့သောဖိအားများက ဝိညာဉ်ရေးတိုးတက်မှုဖြစ်စေမည့်အစား အားနည်းစေသည်။” လူငယ်ညီအစ်ကို၊ ညီအစ်မများ၊ ဟဲန်နာကဲ့သို့ သင်တို့၏ဓမ္မအမှုကိုတိုးချဲ့ရန် ကျောင်းတွင်သင်ယူခဲ့ရာများကို အသုံးပြု၍ရမရ စမ်းကြည့်ပါလေ။ ဘုရားသခင်ကို အမှန်တကယ်ဂုဏ်တင်သောပန်းတိုင်များကို စိတ်ထက်သန်စွာလိုက်စားခြင်းဖြင့် ရေချယ်လ်၏ပုံသက်သေကို တုပကြပါလေ။ များစွာသောလူငယ်တို့အတွက် ထောင်ချောက်ဖြစ်သည့် အန္တရာယ်များကိုရှောင်ခြင်းဖြင့် လုခ်၏ပုံသက်သေကို လိုက်ကြပါလေ။

သတိပေးချက်များကို ထက်သန်စွာအလေးဂရုပြုပါ

၁၄။ မည်သို့သောဝတ်ပြုကိုးကွယ်မှုမျိုးကို ယေဟောဝါလက်ခံတော်မူသနည်း၊ ယင်းကို ထိန်းသိမ်းထားခြင်းသည် ယနေ့အချိန်တွင် အဘယ်ကြောင့်ခက်ခဲသနည်း။

၁၄ ယေဟောဝါလူမျိုး၏ဝတ်ပြုကိုးကွယ်မှုသည် ကိုယ်တော်အတွက် လက်ခံဖွယ်ဖြစ်ရန် သူတို့သည် သန့်ရှင်းဖို့လို၏။ ဟေရှာယဤသို့သတိပေးသည်– ‘ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုအရပ် [ဗာဗုလုန်] ထဲက ထွက်သွားကြလော့။ ယေဟောဝါ၏အဆောက်အဦးတို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်းရှိကြလော့။’ (ဟေရှာ. ၅၂:၁၁) ဤစကားကို ဟေရှာယမရေးသားမီ နှစ်ပေါင်းများစွာတွင် မင်းကောင်းအာသသည် ယုဒနိုင်ငံတွင် အကျင့်ယိုယွင်းမှုကိုဖယ်ရှားရန် အထူးကြိုးစားလုပ်ဆောင်မှုတစ်ခုကို အားတက်သရောလုပ်ဆောင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၅:၁၁-၁၃ ကိုဖတ်ပါ။) ထို့ပြင် နောက်ပိုင်းရာစုနှစ်များတွင် တမန်တော်ပေါလုက တိတုအား ယေရှုသည် မိမိနောက်လိုက်များ “ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် ကိုယ်တော့်အထူးပိုင်ဆိုင်ရာ” ဖြစ်စေရန် သူတို့ကိုသန့်ရှင်းစေဖို့ မိမိကိုယ်ကိုစွန့်တော်မူကြောင်း ပြောခဲ့သည်။ (တိ. ၂:၁၄) အကျင့်ယိုယွင်းမှုပြည့်နှက်နေသော ယနေ့လူ့ဘောင်အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားသန့်ရှင်းရန်မှာ မလွယ်ကူလှပါ၊ အထူးသဖြင့် လူငယ်များအတွက် ဖြစ်သည်။ ဥပမာ၊ အသက်ကြီးငယ်မဟူ ဘုရားသခင့်ကျေးကျွန်အားလုံးသည် ညစ်ညမ်းသောရုပ်ပုံဖြင့် မိမိတို့ကိုယ်ကိုမညစ်ညူးမိစေရန် ကြိုးစားတိုက်လှန်ရမည်ဖြစ်၏၊ ယင်းညစ်ညမ်းရုပ်ပုံများသည် တီဗွီဖန်သားပြင်ပေါ်၊ ရုပ်ရှင်များနှင့် အထူးသဖြင့် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြသထားသည်။

၁၅။ မကောင်းမှုကိုရွံမုန်းစိတ်မွေးမြူရန် အဘယ်အရာက ကျွန်ုပ်တို့အား အထောက်အကူပြုနိုင်သနည်း။

၁၅ ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့ ထက်ထက်သန်သန်အလေးဂရုပြုခြင်းက မကောင်းမှုကိုရွံမုန်းစိတ်မွေးမြူရန် အထောက်အကူပြုနိုင်သည်။ (ဆာ. ၉၇:၁၀; ရော. ၁၂:၉) ခရစ်ယာန်တစ်ဦးပြောပြသကဲ့သို့ “ညစ်ညမ်းရုပ်ပုံ၏သြဇာသက်ရောက်နိုင်စွမ်း၊ ယင်း၏အလွန်ဆွဲဆောင်နိုင်စွမ်းမှ လွတ်မြောက်” ရန်ယင်းကို ကျွန်ုပ်တို့ရွံမုန်းဖို့လိုသည်။ ကပ်နေသော သံလိုက်သတ္တုအပိုင်းအစများကိုခွာရန် ယင်းတို့ကိုကပ်နေစေသည့်ဆွဲအားထက် ပို၍အားကောင်းသောဆွဲအား လိုအပ်သည်။ အလားတူပင် ညစ်ညမ်းရုပ်ပုံ၏သွေးဆောင်နိုင်စွမ်းကို ခုခံတွန်းလှန်ရန် အပြင်းအထန်ကြိုးစားအားထုတ်ဖို့လိုသည်။ သို့သော် ညစ်ညမ်းရုပ်ပုံက ကျွန်ုပ်တို့အား မည်မျှယိုယွင်းပျက်စီးစေနိုင်သည်ကို နားလည်ထားခြင်းက ယင်းကို စက်ဆုပ်ရွံရှာသောစိတ်မွေးမြူရန် အထောက်အကူပြုပါလိမ့်မည်။ ညီအစ်ကိုတစ်ဦးသည် အင်တာနက်ပေါ် ညစ်ညမ်းရုပ်ပုံပါသောဆိုက်တွင် ဝင်ကြည့်သည့်အကျင့်ကိုဖြတ်ပစ်ရန် မဆုတ်မနစ်ကြိုးစားအားထုတ်ခဲ့ရသည်။ သူသည် သူ၏ကိုယ်ပိုင်ကွန်ပျူတာကို မိသားစုဝင်များ လုံးဝမြင်နိုင်သည့်နေရာတွင် ပြောင်းရွှေ့ထားခဲ့သည်။ ယင်းအပြင် သူသည် မိမိကိုယ်ကိုသန့်ရှင်းစေပြီး ကောင်းမှု၌စိတ်ထက်သန်ရန် ပို၍စိတ်ပိုင်းဖြတ်ခဲ့သည်။ သူသည် နောက်ထပ်ခြေလှမ်းကိုပင် လှမ်းခဲ့သည်။ အလုပ်အတွက် အင်တာနက်အသုံးပြုရသောကြောင့် သူသည် မိမိဘေးတွင်ဇနီးရှိမှသာ ယင်းကိုအသုံးပြုရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

အမူအကျင့်ကောင်း၏တန်ဖိုး

၁၆၊ ၁၇။ ကျွန်ုပ်တို့၏ခရစ်ယာန်အမူအကျင့်ကောင်းများက ကျွန်ုပ်တို့အားကြည့်ရှုအကဲခတ်သူများအပေါ် အဘယ်သက်ရောက်မှုရှိစေနိုင်သနည်း။ ဥပမာပေးပါ။

၁၆ ယေဟောဝါ၏လုပ်ငန်းတော်တွင်ရှိကြသော  လူငယ်မောင်မယ်များတွင် စိတ်ဓာတ်ကောင်းရှိကြပြီး ယင်းကို သိရှိတွေ့မြင်သူများသည် စိတ်စွဲမှတ်သွားကြ၏! (၁ ပေတရု ၂:၁၂ ကိုဖတ်ပါ။) လန်ဒန်ဗေသလအိမ်သို့ ရောက်ရှိခဲ့သောဧည့်သည်တစ်ဦးသည် ထိုတွင်ရှိပုံနှိပ်စက်ကို တစ်ရက်တာပြုပြင်ပြီးနောက် ယေဟောဝါသက်သေများအပေါ် သူ့အမြင်ပြောင်းလဲသွားခဲ့သည်။ ဒေသခံယေဟောဝါသက်သေတစ်ဦးနှင့် ကျမ်းစာလေ့လာနေသော သူ့ဇနီးသည် ခင်ပွန်းသည် စိတ်သဘောထားပြောင်းလဲသွားသည်ကို သတိပြုမိသည်။ ယခင်အချိန်က သူသည် ယေဟောဝါသက်သေများ သူ့အိမ်သို့လာသည်ကို မနှစ်သက်ခဲ့ပါ။ သို့သော် ဗေသလတွင် ယင်းအလုပ်လုပ်ပြီးပြန်လာပြီးနောက် သူ့အား မေတ္တာပါပါဆက်ဆံကြပုံကို တဖွဖွချီးကျူးပြောဆိုခဲ့သည်။ မည်သူမျှ ညစ်ညမ်းသောစကားမပြောဆိုကြသည်ကို သူချီးမွမ်းခဲ့သည်။ အားလုံး စိတ်ရှည်ကြပြီး ငြိမ်သက်သောဝန်းကျင်ရှိခဲ့သည်။ လူငယ်ညီအစ်ကို၊ ညီအစ်မများသည် သတင်းကောင်းဖြန့်ချိရေးတွင်ကူညီဖို့ မိမိတို့၏အချိန်နှင့်ခွန်အားကို စေတနာအလျောက်ပေးဆက်ကာ လုပ်အားခမယူဘဲ စိတ်ထက်သန်စွာအလုပ်လုပ်ကြသည်ကို အထူးစိတ်စွဲမှတ်သွားခဲ့သည်။

၁၇ အလားတူပင် မိသားစုအတွက် အလုပ်လုပ်ကြသော ညီအစ်ကို၊ ညီအစ်မများသည် မိမိတို့အလုပ်တွင် ကောင်းစွာအလုပ်လုပ်သူများဖြစ်ကြသည်။ (ကော. ၃:၂၃၊ ၂၄) ယင်းက အလုပ်မြဲစေလေ့ရှိပြီး သူတို့၏တာဝန်သိစိတ်ဓာတ်ကို အလုပ်ရှင်များတန်ဖိုးထားသောကြောင့် အလုပ်သမားများအဖြစ် သူတို့ကိုလက်လွတ်မခံလိုကြပါ။

၁၈။ ကျွန်ုပ်တို့သည် “ကောင်းသောအမှု၌” မည်သို့ “စိတ်ထက်သန်” နိုင်သနည်း။

၁၈ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှု၊ ကိုယ်တော်၏ညွှန်ကြားချက်များကို ကျွန်ုပ်တို့နာခံမှုနှင့် အစည်းအဝေးကျင်းပရာနေရာများကို ကျွန်ုပ်တို့ဂရုစိုက်မှုတို့သည် ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုတင်ပြသည့်နည်းများထဲတွင် ပါဝင်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံးအပြည့်အဝပါဝင်လိုကြသည်။ ကျွန်ုပ်တို့သည် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကျွန်ုပ်တို့၏ဝတ်ပြုရေးအတွက် သန့်ရှင်းသောစံနှုန်းများကို အတတ်နိုင်ဆုံးလိုက်နာခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ရိတ်သိမ်းကြမည်။ ထို့ပြင် “ကောင်းသောအမှု၌ စိတ်ထက်သန်သည့်” လူမျိုးတစ်မျိုးအဖြစ် ကျွန်ုပ်တို့ကို လူတို့ ဆက်၍သိကြလိမ့်မည်။—တိ. ၂:၁၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အာသသည် လူတို့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သည့်နေရာ မြင့်သောအရပ်များကိုမဟုတ်ဘဲ မှားယွင်းသောနတ်ဘုရားများကိုးကွယ်မှုနှင့်ဆက်နွှယ်သည့် မြင့်သောအရပ်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ပေမည်။ သို့မဟုတ် အာသနန်းစံချိန်နှောင်းပိုင်းတွင် မြင့်သောအရပ်များကို ပြန်တည်ဆောက်ခဲ့ခြင်း ဖြစ်ပေမည်၊ ယင်းတို့ကို သားတော်ယောရှဖတ်က ဖယ်ရှားပစ်ခဲ့သည်။—၃ ရာ. ၁၅:၁၄; ၆ ရာ. ၁၅:၁၇

သမ္မာကျမ်းစာနှင့် မျက်မှောက်ခေတ်ပုံနမူနာများမှ အဘယ်အရာသင်ယူခဲ့သနည်း

• ဟောပြောခြင်းနှင့် သွန်သင်ခြင်းဖြင့် သင့်စိတ်ထက်သန်မှုကို တင်ပြနိုင်ပုံ

• ခရစ်ယာန်လူငယ်များသည် “ကောင်းသောအမှု၌ စိတ်ထက်သန်” နိုင်ပုံ

• ယိုယွင်းပျက်စီးစေနိုင်သောအကျင့်များမှ လွတ်မြောက်နိုင်ပုံ

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သင်သည် ဓမ္မအမှုတွင် သမ္မာကျမ်းစာကို မှန်မှန်အသုံးပြုပါသလော

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျောင်းနေစဉ် အခြားဘာသာစကားပြောဆိုတတ်ရန်သင်ယူခြင်းသည် သင့်ဓမ္မအမှုတိုးချဲ့ရန် အထောက်အကူပြုပေမည်