မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့

လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့

လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့

“မုသားပြောခြင်းကိုဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။”—ဧ. ၄:၂၅

၁၊ ၂။ အမှန်တရားနှင့်ပတ်သက်၍ လူများမည်သို့ရှုမြင်ကြသနည်း။

အမှန်တရားကိုပြောဆိုရန် ဖြစ်နိုင်မဖြစ်နိုင်နှင့်စပ်လျဉ်း၍ နှစ်များတစ်လျှောက် ငြင်းခုံခဲ့ကြသည်။ ဘီစီအီးခြောက်ရာစုက ဂရိစာဆို အယ်လ်ကေးယပ်က “ဝိုင်မူးမှ အမှန်ပေါ်သည်” ဟုပြောခဲ့သည်။ ယင်းက ဖြစ်နိုင်သည်မှာ လူတစ်ဦးသည် ဝိုင်အလွန်အကြူးသောက်ပြီး စကားများများပြောချိန်တွင်သာ အမှန်အတိုင်းပြောသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ ပထမရာစုရောမဘုရင်ခံ ပုန္တိပိလတ်က ယေရှုအား “အမှန်တရားကား အဘယ်နည်း” ဟုခနဲ့တဲ့တဲ့မေးချိန်တွင်လည်း အမှန်တရားနှင့်ပတ်သက်၍ သဘောထားမှန်မရှိကြောင်းဖော်ပြသည်။—ယော. ၁၈:၃၈

ကျွန်ုပ်တို့ခေတ်တွင် အမှန်တရားနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု အများအပြားရှိသည်။ လူတို့သည် အတိုင်းအတာတစ်ခုအထိသာ အမှန်အတိုင်းပြောကြသည်ဟု များစွာသောသူတို့ဆိုကြသည်။ အခြားသူတို့မှာမူ လွယ်ကူသည့်အခါမှ သို့မဟုတ် အသုံးတည့်သည့်အခါမှ မှန်ရာပြောဆိုကြသည်။ မုသားစကား၏အရေးပါမှုစာအုပ်တွင် ဤသို့ဖော်ပြထား၏– “ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်၊ သို့သော် အသက်တာတွင်နှင့် အသက်ရှင်လွတ်မြောက်ဖို့၊ လုံခြုံဖို့ သေခြင်းနှင့်ရုန်းကန်နေရချိန်တွင် ယင်းသည်တန်ဖိုးမရှိပါ။ လူတွင် ရွေးချယ်စရာလမ်းမရှိပါ—အသက်ဆက်ရှင်ရန် လိမ်ကိုလိမ်ရပေမည်။”

၃။ အမှန်တရားပြောရာတွင် ယေရှုသည် အဘယ်ကြောင့် ထင်ရှားသောစံနမူနာရှင်ဖြစ်သနည်း။

ခရစ်တော်၏တပည့်များအဖို့မူကား အလွန်ကွာခြားပါသည်။ အမှန်တရားနှင့်ပတ်သက်၍ ယေရှု၏ရှုမြင်ပုံသည် အတွေးအခေါ်မဆန်ပါ။ ကိုယ်တော်သည် အမှန်တရားကိုသာ အမြဲပြောခဲ့သည်။ ကိုယ်တော်၏ရန်သူများကပင် ဤသို့အသိအမှတ်ပြုခဲ့၏– “ဆရာ၊ သင်သည် ဖြောင့်မတ်မှန်ကန်သောသူဖြစ်၍ ဘုရားသခင်၏နည်းလမ်းတော်ကို အမှန်အတိုင်းသွန်သင်တတ်သူဖြစ်ပါ၏။” (မ. ၂၂:၁၆) ယနေ့လည်းအလားတူပင် စစ်မှန်သောခရစ်ယာန်များသည် ယေရှု၏စံနမူနာကို တုပကြသည်။ သူတို့သည် အမှန်တရားကိုပြောရန် မတွန့်ဆုတ်ကြပါ။ ယုံကြည်သူချင်းများကို ဤသို့တိုက်တွန်းခဲ့သော တမန်တော်ပေါလုနှင့် အကြွင်းမဲ့သဘောတူညီကြ၏– “မုသားပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။” (ဧ. ၄:၂၅) ပေါလု၏စကားတွင်ပါသော အချက်သုံးချက်ကို သုံးသပ်ကြည့်ကြစို့။ ဦးဆုံး၊ မည်သူတို့ကို မှန်သောစကားပြောသင့်သနည်း။ ဒုတိယ၊ မှန်သောစကားကိုပြောဆိုခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ တတိယ၊ ယင်းအချက်ကို ကျွန်ုပ်တို့နေ့စဉ်အသက်တာတွင် မည်သို့ကျင့်သုံးနိုင်သနည်း။

မည်သူတို့ကို မှန်သောစကားပြောသင့်သနည်း

၄။ ပထမရာစုဂျူးခေါင်းဆောင်များနှင့်မတူဘဲ မည်သူတို့ကို ကျွန်ုပ်တို့ချစ်သင့်သည်နှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံကို ယေရှုမည်သို့တင်ပြခဲ့သနည်း။

“လူသားချင်းအား မှန်သောစကားကိုသာပြောဆို” ဟူသောစကားစုတွင် “လူသားချင်း” အတွက် ဂရိစကားလုံးမှာ ပလီရှင်း (ple·siˈon) ဖြစ်သည်။ စီအီးပထမရာစုတွင် ဂျူးခေါင်းဆောင်အချို့က ပလီရှင်းသည် ဂျူးအချင်းချင်း သို့မဟုတ် ရင်းနှီးသောမိတ်ဆွေများကိုသာရည်ညွှန်းသည်ဟု ယူမှတ်ခဲ့ကြသည်။ သို့သော် ယေရှုသည် ခမည်းတော်၏ဥပဓိရုပ်နှင့် ရှုမြင်ပုံတို့ကို စုံလင်စွာရောင်ပြန်ဟပ်ခဲ့သည်။ (ယော. ၁၄:၉) ဘုရားသခင်သည် နိုင်ငံသား သို့မဟုတ် လူမျိုးတစ်မျိုးကို အခြားလူမျိုးထက် ပို၍မျက်နှာသာပေးခြင်းမရှိကြောင်း တပည့်များကို ကိုယ်တော်အထင်အရှားဖော်ပြခဲ့သည်။ (ယော. ၄:၅-၂၆) ထို့ပြင် ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူပါ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏’ ဟုတမန်တော်ပေတရုကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေဟောဝါဖော်ပြခဲ့သည်။ (တ. ၁၀:၂၈၊ ၃၄၊ ၃၅) ထို့ကြောင့် ကျွန်ုပ်တို့သည် လူသားအားလုံးကို လူသားချင်းအဖြစ် ရှုမြင်သင့်ပြီး ရန်သူကဲ့သို့ပြုမူသူတို့ကိုပင် မေတ္တာပြသင့်သည်။—မ. ၅:၄၃-၄၅

၅။ လူသားချင်းကို မှန်သောစကားပြောဆိုခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။

သို့တိုင် ပေါလုက လူသားချင်းအား မှန်သောစကားကိုပြောသင့်သည်ဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုခဲ့ခြင်းနည်း။ မှန်သောစကားပြောခြင်းတွင် လိမ်လည်လှည့်စားခြင်းမပါသည့် တကယ်မှန်ကန်သော အချက်အလက်ကိုပြောခြင်း ပါဝင်သည်။ စစ်မှန်သောခရစ်ယာန်များသည် အခြားသူကိုလှည့်ဖြားရန် အဖြစ်မှန်များကို မလိမ့်တပတ် သို့မဟုတ် မှားမှားယွင်းယွင်းမပြောကြပါ။ သူတို့သည် “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာကြ” ပြီး ‘ကောင်းသောအရာကို စွဲလမ်းကြ’ သည်။ (ရော. ၁၂:၉) ကျွန်ုပ်တို့သည် ‘အမှန်တရား၏ဘုရားသခင်’ ကိုတုပခြင်းဖြင့် ကျွန်ုပ်တို့၏ပြုမူပြောဆိုမှုအားလုံးတွင် ရိုးသားဖြောင့်မတ်ရန် ကြိုးစားသင့်သည်။ (ဆာ. ၁၅:၁၊ ၂; ၃၁:၅) စကားလုံးများကိုဂရုတစိုက်ရွေးချယ်ခြင်းဖြင့် အကျပ်ရိုက်နေသော သို့မဟုတ် စိတ်မသက်မသာဖြစ်နေသော အခြေအနေများ၌ပင် လိမ်ညာခြင်းမရှိဘဲ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်သည်။—ကောလောသဲ ၃:၉၊ ၁၀ ကိုဖတ်ပါ။

၆၊ ၇။ (က) မှန်သောစကားပြောခြင်းတွင် မေးခွန်းတိုင်းအတွက် ကိုယ်ရေးကိုယ်တာအသေးစိတ်ကိုပင်ပြောရမည်ဟု ဆိုလိုပါသလော။ ရှင်းပြပါ။ (ခ) ကျွန်ုပ်တို့၏မှန်သောစကားကိုပြောရန် မည်သူတို့သည် ယုံကြည်ထိုက်သူများဖြစ်သနည်း။

အခြားသူများကို မှန်သောစကားပြောခြင်းတွင် ကျွန်ုပ်တို့အား မေးခွန်းမေးသူ မည်သူ့ကိုမဆို အသေးစိတ်အားလုံးပြောရမည်ဟု ဆိုလိုပါသလော။ ထိုသို့ပြောဖို့မလိုပါ။ ယေရှုမြေကြီးပေါ်ရှိစဉ် အချို့သူတို့သည် တိုက်ရိုက်အဖြေ သို့မဟုတ် တိကျသောအချက်အလက်ကို သိထိုက်သူများမဟုတ်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ ကြောင်သူတော်ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုပြုတော်မူသော နိမိတ်များ၊ အံ့ဖွယ်အမှုများသည် အဘယ်တန်ခိုး၊ အဘယ်အခွင့်အာဏာဖြင့်လုပ်ကြောင်းမေးသည့်အခါ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “သင်တို့ကို ငါတစ်ခုမေးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင် ဤအမှုအရာများကို အဘယ်အခွင့်အာဏာနှင့်ပြုကြောင်း ငါပြောမည်။” ကျမ်းတတ်များနှင့် လူကြီးများသည် အဖြေမပေးလိုသည့်အခါ ယေရှုက “ငါလည်း ဤအမှုအရာများကို အဘယ်အခွင့်အာဏာနှင့်ပြုကြောင်းကို သင်တို့အားမပြော” ဟုမိန့်တော်မူခဲ့၏။ (မာ. ၁၁:၂၇-၃၃) သူတို့၏ယိုယွင်းသောအကျင့်များနှင့် ယုံကြည်ခြင်းမဲ့မှုကိုထောက်ကာ သူတို့မေးခွန်းကို ဖြေဖို့မလိုဟု ကိုယ်တော်ယူမှတ်ခဲ့သည်။ (မ. ၁၂:၁၀-၁၃; ၂၃:၂၇၊ ၂၈) ယနေ့လည်းအလားတူပင် ကိုယ်ကျိုးအတွက် စဉ်းလဲဉာဏ်များသည့်နည်းကိုသုံးကြသော အယူဖောက်ပြန်သူတို့နှင့် အခြားဆိုးသွမ်းသူတို့ကို ယေဟောဝါ၏လူမျိုး သတိထားဖို့လိုသည်။—မ. ၁၀:၁၆; ဧ. ၄:၁၄

အချို့သောသူတို့သည် အဖြေအပြည့်အစုံသိထိုက်သူများမဟုတ်ကြောင်း ပေါလုလည်းဖော်ပြခဲ့သည်။ “အတင်းအဖျင်းပြော၍ သူတစ်ပါးကိစ္စတွင်ဝင်စွက်” သူတို့သည် “မပြောအပ်သောစကားများကို ပြောတတ်ကြ၏” ဟုပေါလုပြောခဲ့၏။ (၁ တိ. ၅:၁၃) သူတစ်ပါးကိစ္စကိုမဆိုင်ဘဲသိလိုသူတို့ သို့မဟုတ် အတွင်းစကားဖွင့်ပြောဖို့ ယုံကြည်စိတ်ချ၍မရသူတို့ကို အခြားသူတို့သည် အချို့သောအချက်အလက်များ မပြောလိုကြသည်ကို တွေ့ရပေမည်။ ပေါလု၏ ဤမှုတ်သွင်းခံ ဆုံးမစကားကိုလိုက်နာရန် အလွန်သင့်လျော်၏– ‘ငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့်အမှုကိစ္စကိုအာရုံစိုက်ပြီး လုပ်ဆောင်ရန်လည်းကောင်း ကြိုးစားအားထုတ်ကြလော့။’ (၁ သက်. ၄:၁၁) သို့သော် ရံဖန်ရံခါ အသင်းတော်အကြီးအကဲများသည် မိမိတို့၏တာဝန်များဆောင်ရွက်ရာတွင် ကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်၍ မေးခွန်းများမေးဖို့လိုပေမည်။ ယင်းကိစ္စတွင် မှန်ရာကိုပြောခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက များစွာလေးမြတ်ကာ အထောက်အကူဖြစ်သည်။—၁ ပေ. ၅:၂

မိသားစုကိစ္စများတွင် အမှန်ပြောပါ

၈။ မှန်ရာကိုပြောဆိုခြင်းသည် မိသားစုဝင်အချင်းချင်း ရင်းနှီးစေရန် မည်သို့အထောက်အကူပြုသနည်း။

ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏အရင်းနှီးဆုံးနှောင်ကြိုးမှာ ကျွန်ုပ်တို့၏မိသားစုဖြစ်သည်။ ထိုနှောင်ကြိုးကိုခိုင်မြဲစေရန် တစ်ဦးနှင့်တစ်ဦး မှန်မှန်ကန်ကန်ပြောဖို့ အရေးကြီးသည်။ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားနှင့် ကြင်နာစွာပြောဆိုဆက်ဆံခြင်းဖြင့် ပြဿနာများစွာနှင့် နားလည်မှုလွဲခြင်းတို့ကို လျှော့နည်းစေ သို့မဟုတ် ပြေပျောက်စေနိုင်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် အမှားတစ်ခုပြုမိသည့်အခါ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်၊ ကလေးများ သို့မဟုတ် အခြားမိသားစုဝင်အရင်းအချာတို့ရှေ့ ဝန်ခံရန်တွန့်ဆုတ်ပါသလော။ နှလုံးထဲမှ ရိုးသားစွာတောင်းပန်ပြောဆိုခြင်းက မိသားစုအတွင်း စည်းလုံးမှု၊ ငြိမ်သက်မှုတိုးပွားစေရန် အထောက်အကူပြုသည်။—၁ ပေတရု ၃:၈-၁၀ ကိုဖတ်ပါ။

၉။ မှန်ရာကိုပြောဆိုခြင်းသည် ဘွင်းဘွင်း သို့မဟုတ် ရိုင်းပျစွာပြောဆိုခြင်းကို အဘယ်ကြောင့်မဆိုလိုသနည်း။

မှန်ရာကိုပြောဆိုခြင်းတွင် ဘွင်းဘွင်း၊ တဲ့တိုးပြောဆိုသင့်သည်ဟူ၍ကား မဆိုလိုပါ။ ရိုင်းပျခြင်းသည် အမှန်တရား၏တန်ဖိုး သို့မဟုတ် ယင်း၏အကျိုးသက်ရောက်မှုကို မတိုးပွားစေပါ။ ပေါလုဤသို့ပြောခဲ့၏– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။ အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” (ဧ. ၄:၃၁၊ ၃၂) ကြင်နာစွာနှင့် ဂုဏ်အသရေရှိရှိပြောဆိုသည့်အခါ ကျွန်ုပ်တို့ပြောသည့်စကားကို တန်ဖိုးရှိစေပြီး နားထောင်နေသူကို ဂုဏ်တင်ကြောင်း တင်ပြရာရောက်သည်။—မ. ၂၃:၁၂

အသင်းတော်ကိစ္စရပ်များတွင် မှန်ရာကိုပြောပါ

၁၀။ ခရစ်ယာန်အကြီးအကဲတို့သည် မှန်ရာကိုပြောဆိုခြင်းတွင် ယေရှု၏အလွန်ကောင်းသောစံနမူနာမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၀ ယေရှုသည် တပည့်များအား ရိုးရှင်းစွာ၊ ရိုးသားဖြောင့်မှန်စွာ ပြောဆိုခဲ့သည်။ ကိုယ်တော်၏ဆုံးမစကားသည် အမြဲပင်မေတ္တာပါသည်၊ သို့တိုင် မိမိစကားနားထောင်နေသူတို့ စိတ်ကျေနပ်စေရန် အမှန်တရားကိုလျော့ပေါ့ခြင်း မပြုခဲ့ပါ။ (ယော. ၁၅:၉-၁၂) ဥပမာ၊ မည်သူကြီးမြတ်သည်နှင့်ပတ်သက်၍ တမန်တော်အချင်းချင်း အကြိမ်ကြိမ်ငြင်းခုံကြသည့်အခါ နှိမ့်ချမှုလိုကြောင်းသဘောပေါက်စေရန် ယေရှုသည် ခိုင်မာပြတ်သားသော်လည်း စိတ်ရှည်စွာကူညီခဲ့သည်။ (မာ. ၉:၃၃-၃၇; လု. ၉:၄၆-၄၈; ၂၂:၂၄-၂၇; ယော. ၁၃:၁၄) အလားတူပင် ယနေ့ခရစ်ယာန်အကြီးအကဲတို့သည် ဖြောင့်မှန်ရာအတွက် ခိုင်မာပြတ်သားကြသော်လည်း ဘုရားသခင့်သိုးတော်စုအပေါ် နိုင်လိုမင်းထက်မပြုမူကြပါ။ (မာ. ၁၀:၄၂-၄၄) သူတို့သည် အခြားသူတို့နှင့်ဆက်ဆံရာတွင် “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာ” ခြင်းဖြင့် ခရစ်တော်ကိုတုပကြသည်။

၁၁။ ကျွန်ုပ်တို့၏ညီအစ်ကိုများကို ချစ်မြတ်နိုးခြင်းက ကျွန်ုပ်တို့၏လျှာကိုအသုံးပြုသည့်နည်းတွင် အဘယ်အရာပြုလုပ်ရန် လှုံ့ဆော်သင့်သနည်း။

၁၁ ကျွန်ုပ်တို့စိတ်ထဲရှိရာကို ကျွန်ုပ်တို့၏ညီအစ်ကိုများအား တိုက်ခိုက်သည့်စကားမပါပဲ ပွင့်ပွင့်လင်းလင်းပြောနိုင်သည်၊ သို့သော် တရားလွန်ပွင့်လင်းမည်မဟုတ်ပါ။ ဆဲဆိုခြင်း သို့မဟုတ် ဂုဏ်သိမ်အောင်ပြောဆိုခြင်းဖြင့် နာကြည်းစေသည့်စိတ်ဒဏ်ရာများဖြစ်စေသည့် “ထက်သောသင်တုန်း” ကဲ့သို့ ကျွန်ုပ်တို့၏လျှာကို ဘယ်တော့မျှအသုံးပြုလိုကြမည်မဟုတ်ပါ။ (ဆာ. ၅၂:၂; သု. ၁၂:၁၈) ညီအစ်ကိုများကို ချစ်မြတ်နိုးခြင်းက ကျွန်ုပ်တို့၏ “လျှာကို မကောင်းသောအရာနှင့်ကင်းစေ” ပြီး “နှုတ်ခမ်းလည်း မုသာစကားကိုမပြောစေ” ရန်လှုံ့ဆော်ပါလိမ့်မည်။ (ဆာ. ၃၄:၁၃) ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုဂုဏ်တင်ပြီး အသင်းတော်စည်းလုံးမှုကို တိုးပွားစေကြသည်။

၁၂။ လိမ်လည်ခြင်းသည် အဘယ်အချိန်တွင် တရားရေးအရအရေးယူဖို့လိုသနည်း။ ရှင်းပြပါ။

၁၂ အကြီးအကဲများသည် အသင်းတော်ကို မလိုတမာလိမ်လည်ပြောဆိုသူတို့ရန်မှ ကာကွယ်ရန် ဝီရိယရှိရှိလုပ်ဆောင်ကြသည်။ (ယာကုပ် ၃:၁၄-၁၆ ကိုဖတ်ပါ။) မလိုတမာလိမ်လည်ပြောဆိုမှုသည် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန်ရည်ရွယ်သည်; ထိုသူတစ်နည်းနည်းဖြင့် ခံစားသွားစေရန် သို့မဟုတ် ပူပင်သောကရောက်စေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ ယင်းတွင် အသေးအဖွဲ၊ အထင်မှားစေသောပြောဆိုချက် သို့မဟုတ် အဖြစ်မှန်များကို ချဲ့ကားပြောဆိုခြင်းထက်မက ပါဝင်ပတ်သက်သည်။ မုသားစကားအားလုံး မှားသည်မှာမှန်ပါသည်၊ သို့သော် ဟုတ်တိုင်းမှန်ရာမပြောတိုင်း တရားရေးအရအရေးယူဖို့မလိုပါ။ ထို့ကြောင့် မမှန်မကန်ပြောဆိုသောသူတစ်ဦးသည် တရားရေးအရအရေးယူဖို့လိုအပ်သော တမင်တကာ၊ မလိုတမာစိတ်ဖြင့်လိမ်လည်သည့်အကျင့် ဖြစ်နေမဖြစ်နေဆုံးဖြတ်ရာ၌ အကြီးအကဲများသည် မျှတမှု၊ အကျိုးသင့်အကြောင်းသင့်ရှိမှု၊ ကောင်းစွာချင့်ချိန်မှုရှိဖို့လိုသည်။ သို့မဟုတ် သမ္မာကျမ်းစာဖြင့် ခိုင်မာပြတ်သားစွာ၊ မေတ္တာဖြင့်ဆုံးမခြင်းဖြင့် လုံလောက်မည်လော။

စီးပွားရေးကိစ္စများတွင် မှန်ရာကိုပြောပါ

၁၃၊ ၁၄။ (က) အချို့သူတို့သည် မိမိတို့၏အလုပ်ရှင်အပေါ်ရိုးဖြောင့်ရန် မည်သို့ပျက်ကွက်ကြသနည်း။ (ခ) အချို့သူတို့၏ရိုးသားမှု၊ အလုပ်တွင်ရိုးဖြောင့်မှုက အဘယ်ရလဒ်ကောင်းများရရှိစေနိုင်သနည်း။

၁၃ နေရာအနှံ့ မရိုးသားမှုပျံ့နှံ့နေသည့်ခေတ်တွင် ကျွန်ုပ်တို့အသက်ရှင်နေရသောကြောင့် အလုပ်ရှင်တစ်ဦးနှင့်မရိုးမသားပြုမူရန် သွေးဆောင်မှုကိုတွန်းလှန်ဖို့ အခက်တွေ့ပေမည်။ အလုပ်လျှောက်လွှာတင်သည့်အခါ များစွာသောသူတို့သည် ဗြောင်လိမ်ထားကြသည်။ ဥပမာ၊ ပိုကောင်းသော သို့မဟုတ် လခများသောအလုပ်ရရန် ကိုယ်ရေးရာဇဝင်အကျဉ်းနေရာတွင် မိမိတို့၏အတွေ့အကြုံ သို့မဟုတ် ပညာအရည်အချင်းကို ချဲ့ကားရေးထားပေမည်။ အခြားတစ်ဖက်တွင်မူ အလုပ်သမားများစွာသည် ကုမ္ပဏီစည်းမျဉ်းများနှင့်မညီသော ကိုယ်ရေးကိုယ်တာကိစ္စများကိုလုပ်ဆောင်နေလျက်နှင့် အလုပ်လုပ်နေသည်ဟု ဆိုကြသည်။ သူတို့သည် အလုပ်နှင့်မသက်ဆိုင်သည့်အကြောင်းအရာများကိုဖတ်ခြင်း၊ ကိုယ်ရေးကိုယ်တာဖုန်းခေါ်ဆိုခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများကို အီလက်ထရွန်းနစ်ဖြင့်စာပို့ခြင်း၊ အင်တာနက်ကြည့်ခြင်းတို့ ပြုလုပ်နေပေမည်။

၁၄ စစ်မှန်သောခရစ်ယာန်များသည် ရိုးသားခြင်းနှင့် မှန်ရာပြောဆိုခြင်းကို စိတ်နှင့်တွေ့မှလုပ်ရသည့်အရာအဖြစ် မရှုမြင်ကြပါ။ (သု. ၆:၁၆-၁၉ ကိုဖတ်ပါ။) “ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာကျင့်ကြံလို” ကြသည်ဟု ပေါလုဆိုခဲ့၏။ (ဟေဗြဲ ၁၃:၁၈) ထို့ကြောင့် ခရစ်ယာန်များသည် တစ်နေ့လုပ်ခအပြည့်အတွက် အလုပ်ရှင်၏အလုပ်ကို တစ်နေ့အပြည့်လုပ်ပေးကြသည်။ (ဧ. ၆:၅-၈) အလုပ်တာဝန်ကျေပွန်သော အလုပ်သမားဖြစ်ခြင်းက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုလည်း ချီးမွမ်းဂုဏ်တင်စေနိုင်သည်။ (၁ ပေ. ၂:၁၂) ဥပမာ၊ စပိန်နိုင်ငံတွင် ရိုဘာတို၏အလုပ်ရှင်သည် ရိုဘာတို၏ရိုးသားမှု၊ တာဝန်သိအလုပ်သမားဖြစ်မှုကြောင့် ချီးမွမ်းခဲ့သည်။ ရိုဘာတို၏အမူအကျင့်ကောင်းကြောင့် ထိုကုမ္ပဏီသည် နောက်ထပ်သက်သေခံများကို အလုပ်ခန့်ခဲ့သည်။ ထိုသူတို့သည်လည်း အလုပ်သမားကောင်းများဖြစ်ကြောင်း သက်သေပြခဲ့ကြသည်။ နှစ်များတစ်လျှောက်တွင် နှစ်ခြင်းခံပြီးသောညီအစ်ကို ၂၃ ဦးနှင့် ကျမ်းစာသင်သား ၈ ဦး အလုပ်ရရှိခဲ့သည်ကို ရိုဘာတိုတွေ့မြင်ခဲ့ရသည်။

၁၅။ စီးပွားရေးလုပ်သောခရစ်ယာန်တစ်ဦးသည် မှန်ရာကိုပြောကြောင်း မည်သို့တင်ပြသင့်သနည်း။

၁၅ ကိုယ်ပိုင်အလုပ်ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ စီးပွားရေးကိစ္စရပ်အားလုံးသည် ရိုးဖြောင့်ပါသလော၊ သို့မဟုတ် တစ်ခါတစ်ရံ လူသားချင်းကိုမှန်ရာပြောဖို့ ပျက်ကွက်ပါသလော။ စီးပွားရေးလုပ်သောခရစ်ယာန်တစ်ဦးသည် ပစ္စည်းတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုကို အမြန်ရောင်းထွက်ရန် အမှန်အတိုင်းမပြောခြင်း မပြုသင့်ပါ; တံစိုးလက်ဆောင်ပေးခြင်း သို့မဟုတ် လက်ခံခြင်းလည်း မပြုသင့်ပါ။ ကျွန်ုပ်တို့ကို သူတစ်ပါးဆက်ဆံစေလိုသည့်အတိုင်း အခြားသူတို့ကို ကျွန်ုပ်တို့ဆက်ဆံကြသည်။—သု. ၁၁:၁; လု. ၆:၃၁

အစိုးရအာဏာပိုင်များကို မှန်ရာပြောပါ

၁၆။ ခရစ်ယာန်များသည် (က) အစိုးရအာဏာပိုင်များကို၊ (ခ) ယေဟောဝါကို အဘယ်အရာပေးဆက်ကြသနည်း။

၁၆ “ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မ. ၂၂:၂၁) ကဲသာဖြစ်သော အစိုးရအာဏာပိုင်များကို အဘယ် “ဥစ္စာ” ပေးသင့်သနည်း။ ယင်းစကားများကို ယေရှုမိန့်တော်မူချိန်တွင် အခွန်ကိစ္စအကြောင်း ဆွေးနွေးနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်နှင့်လူရှေ့တွင် ကြည်လင်သောကိုယ်ကိုကိုယ်သိစိတ်ကိုထိန်းသိမ်းရန် ခရစ်ယာန်များသည် အခွန်ပေးခြင်းနှင့်ဆိုင်သည့် ဥပဒေအပါအဝင် ဒေသခံဥပဒေများကို နာခံကြသည်။ (ရော. ၁၃:၅၊ ၆) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံးချစ်မြတ်နိုးသည့် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်ဖြစ်သည်ကို ကျွန်ုပ်တို့သိမှတ်ကြသည်။ (မာ. ၁၂:၃၀; ဗျာ. ၄:၁၁) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကို ခြွင်းချက်မရှိ လက်အောက်ခံကြသည်။—ဆာလံ ၈၆:၁၁၊ ၁၂ ကိုဖတ်ပါ။

၁၇။ ယေဟောဝါ၏လူမျိုးသည် လူထုအထောက်အပံ့ရယူခြင်းနှင့်ပတ်သက်၍ မည်သို့ရှုမြင်ကြသနည်း။

၁၇ နိုင်ငံများစွာသည် ရုပ်ပစ္စည်းအထောက်အပံ့လိုအပ်သူတို့ကိုကူညီရန် လူမှုရေးအစီအစဉ်များ၊ ဌာနများ ထားရှိသည်။ ခရစ်ယာန်တစ်ဦးသည် ထိုအကူအညီယူရမည့်အခြေအနေတွင်ရှိ၍ ယင်းကိုလက်ခံခြင်းသည် ဘာမျှမမှားပေ။ လူသားချင်းကိုမှန်ရာပြောခြင်းတွင် အစိုးရအာဏာပိုင်များထံမှ လူထုအထောက်အပံ့ရရန် မှားယွင်းသောအချက်အလက်များ မတင်သွင်းခြင်းကို ဆိုလိုသည်။

မှန်ရာပြောခြင်း၏ ကောင်းချီးများ

၁၈-၂၀။ လူသားချင်းကို မှန်ရာပြောခြင်းမှ အဘယ်ကောင်းချီးများရရှိသနည်း။

၁၈ မှန်ရာပြောခြင်းကြောင့် ကောင်းချီးများစွာရရှိသည်။ ကြည်လင်သောကိုယ်ကိုကိုယ်သိစိတ်ရှိစေပြီး ယင်းက စိတ်ငြိမ်သက်မှု၊ ကျန်းမာသောနှလုံးဖြစ်စေသည်။ (သု. ၁၄:၃၀; ဖိ. ၄:၆၊ ၇) ကြည်လင်သောကိုယ်ကိုကိုယ်သိစိတ်သည် ဘုရားသခင့်အမြင်တွင် အလွန်တန်ဖိုးရှိသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အရာရာ၌ဖြောင့်မှန်စွာပြောဆိုသည့်အခါ လူတို့၏ဖော်ထုတ်ခြင်းခံရမည်၊ ပေါ်သွားမည်ကို စိုးရိမ်စရာမလိုတော့ပါ။—၁ တိ. ၅:၂၄

၁၉ နောက်ထပ်ကောင်းချီးတစ်ခုကို သုံးသပ်ကြည့်ပါ။ ပေါလုဤသို့ဆိုခဲ့၏– ‘ငါတို့သည် ဘုရားသခင့် အမှုတော်ဆောင်များဖြစ်ကြောင်း မှန်ကန်သောစကားအားဖြင့် ဖော်ပြကြ၏။’ (၂ ကော. ၆:၄၊ ၇၊ ၁၀) ယင်းသည် ဗြိတိန်တွင်နေထိုင်သူ သက်သေခံတစ်ဦး၏အဖြစ်တွင် မှန်ကန်ကြောင်းသက်သေထူခဲ့သည်။ ကားရောင်းဖို့ကြိုးစားရာတွင် ဝယ်ရန်အလားအလာရှိသူအား ကား၏ကောင်းမွန်ရာအားလုံးကို သူဖော်ပြသည့်အပြင် ကား၏အပြစ်အနာအဆာများ၊ မမြင်တွေ့နိုင်သည့်အပြစ်အနာအဆာကိုပင် သူဖော်ပြခဲ့သည်။ အစမ်းမောင်းပြီးနောက် ဝယ်မည့်သူက ညီအစ်ကိုသည် ယေဟောဝါသက်သေတစ်ဦးဟုတ်မဟုတ် မေးလေသည်။ အဘယ်ကြောင့် သူထိုသို့ကောက်ချက်ချခဲ့သနည်း။ ညီအစ်ကို၏ သပ်ရပ်သောအသွင်အပြင်နှင့် ရိုးသားမှုကို သတိပြုမိခဲ့၍ဖြစ်သည်။ ရှေ့ဆက်ဆွေးနွေးမှုက ကောင်းစွာသက်သေခံခွင့် ရရှိစေခဲ့သည်။

၂၀ အလားတူပင် ကျွန်ုပ်တို့၏ ကောင်းမွန်သောကိုယ်ကျင့်တရားက ကျွန်ုပ်တို့ဖန်ဆင်းရှင်ကို ချီးမွမ်းစေပါသလော။ ပေါလုဤသို့ဆိုခဲ့၏– “ငါတို့သည် ရှက်ကြောက်ရမည့် လျှို့ဝှက်ထားရာများကို စွန့်ပယ်ကြပြီ။ စဉ်းလဲသောပရိယာယ်ကို မကျင့်သုံး။” (၂ ကော. ၄:၂) သို့ဖြစ်၍ လူသားချင်းကို မှန်ရာပြောဆိုရန် အတတ်နိုင်ဆုံးကြိုးစားကြစို့။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် ကိုယ်တော်လူမျိုး၏ဂုဏ်အသရေကို ထင်ရှားစေပါလိမ့်မည်။

သင်မည်သို့ဖြေဆိုမည်နည်း

• မည်သူတို့ကို မှန်သောစကားပြောသင့်သနည်း။

• လူသားချင်းကို မှန်ရာပြောဆိုခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။

• မှန်ရာကိုပြောခြင်းသည် ဘုရားသခင်၏ဂုဏ်အသရေကို မည်သို့ထင်ရှားစေနိုင်သနည်း။

• မှန်ရာပြောခြင်းမှ အဘယ်ကောင်းချီးများရရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင်သည် အသေးအဖွဲအမှားများကို အလွယ်တကူဝန်ခံပါသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အလုပ်လျှောက်သည့်အခါ မှန်ရာကိုပြောပါသလော