မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့

တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့

တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့

‘သခင်သည် အစေခံတို့ကိုအုပ်ချုပ်စေရန်နှင့် အချိန်တန်အစာမှန်မှန်ဝေပေးရန် ခန့်အပ်ထားသည့် တည်ကြည်ပြီးသတိပညာရှိသော ဘဏ္ဍာစိုးကား ဧကန်စင်စစ် မည်သူနည်း။’—လု. ၁၂:၄၂

၁၊ ၂။ ယေရှုသည် နောက်ဆုံးကာလနှင့်ပတ်သက်၍ စုပေါင်းနိမိတ်ကိုဖော်ပြနေစဉ် အဘယ်အရေးကြီးသည့်မေးခွန်း မေးခဲ့သနည်း။

ယေရှုသည် နောက်ဆုံးကာလ၏စုပေါင်းနိမိတ်ကိုဖော်ပြနေစဉ် ‘မိမိအိမ်သူအိမ်သားတို့အား အချိန်တန်အစာဝေပေးရန် သခင်ခန့်အပ်ထားသည့် တည်ကြည်ပြီးသတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း’ ဟုမေးခဲ့၏။ ထို့နောက် ယင်းကျွန်၏တည်ကြည်မှုကြောင့် သခင်သည် မိမိဥစ္စာရှိသမျှအပေါ်ခန့်အပ်ခြင်းဖြင့် ဆုချမည်ဖြစ်ကြောင်း ယေရှုဆက်၍မိန့်တော်မူခဲ့သည်။—မ. ၂၄:၄၅-၄၇

ယင်းမတိုင်မီ အစောပိုင်းလအတန်ကြာတွင် အလားတူမေးခွန်းတစ်ခုကို ယေရှုမေးခဲ့၏။ (လုကာ ၁၂:၄၂-၄၄ ကိုဖတ်ပါ။) ကိုယ်တော်က ထိုကျွန်ကို “ဘဏ္ဍာစိုး” ဟုခေါ်ကာ “အိမ်သူအိမ်သားတို့” ကို “အစေခံတို့” အဖြစ် ရည်ညွှန်းဖော်ပြထားသည်။ ဘဏ္ဍာစိုးတစ်ဦးသည် ကျွန်များကိုအုပ်ချုပ်ရသူ အိမ်အုပ် သို့မဟုတ် အိမ်စီမံခန့်ခွဲသူတစ်ဦးဖြစ်သည်။ သို့တိုင် ဘဏ္ဍာစိုးသည် ကျွန်တစ်ဦးလည်းဖြစ်သည်။ မည်သူသည် ထိုကျွန် သို့မဟုတ် ဘဏ္ဍာစိုးဖြစ်ပြီး “အချိန်တန်အစာ” ကိုသူမည်သို့စီမံပေးသနည်း။ ဝိညာဉ်ရေးအစာဖြန့်ဝေရာတွင် အသုံးပြုခြင်းခံရသည့်လမ်းကြောင်းကို ကျွန်ုပ်တို့အားလုံး အသိအမှတ်ပြုရန်အရေးကြီးသည်။

၃။ (က) ခရစ်ယာန်ဘောင်မှအဓိပ္ပာယ်ဖွင့်ဆရာများက “ကျွန်” နှင့်ပတ်သက်သော ယေရှု၏ဖော်ပြချက်ကို မည်သို့ရှင်းပြရန် ကြိုးစားခဲ့ကြသနည်း။ (ခ) မည်သူသည် “ဘဏ္ဍစိုး” သို့မဟုတ် “ကျွန်” ဖြစ်ပြီး မည်သူသည် “အစေခံတို့” သို့မဟုတ် “အိမ်သူအိမ်သားတို့” ဖြစ်သနည်း။

ခရစ်ယာန်ဘောင်မှအဓိပ္ပာယ်ဖွင့်ဆရာများက ယေရှုဆိုခဲ့သည့် ယင်းစကားလုံးများမှာ အမည်ခံခရစ်ယာန်များအလယ်ရှိ တာဝန်ရှိအနေအထားရှိသူတို့ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ရှုမြင်လေ့ရှိကြသည်။ သို့သော် ပုံဥပမာမှ “သခင်” ဖြစ်သူယေရှုက ကျွန်မှာ ခရစ်ယာန်ဘောင်ဂိုဏ်းဂဏအသီးသီးတွင် ပျံ့နှံ့လျက်ရှိသော ကျွန်အမြောက်အမြားဖြစ်မည်ဟု မဆိုခဲ့ပါ။ ယင်းအစား မိမိ၏ဥစ္စာရှိသမျှအပေါ် ခန့်ထားခြင်းခံရမည့် “ဘဏ္ဍာစိုး” သို့မဟုတ် “ကျွန်” တစ်ဦးသာရှိမည်ဖြစ်ကြောင်း ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ဤဂျာနယ်တွင် မကြာခဏရှင်းပြခဲ့သကဲ့သို့ ဘဏ္ဍာစိုးမှာ စုပေါင်းအဖွဲ့ သို့မဟုတ် အုပ်စုလိုက်အနေနှင့် ဘိသိက်ပေးခံရသောတပည့်များပါဝင်သည့် “သိုးစုငယ်” ကိုကိုယ်စားပြုရမည်။ လုကာခရစ်ဝင်ကျမ်းအရှေ့ပိုင်း၌ ခုလေးတွင်ပင် ထိုသူတို့ကို ယေရှုရည်ညွှန်းခဲ့သည်။ (လု. ၁၂:၃၂) “အစေခံတို့” သို့မဟုတ် “အိမ်သူအိမ်သားတို့” မှာ ထိုအုပ်စုကိုပင် ရည်ညွှန်းခြင်းဖြစ်သော်လည်း တစ်ဦးစီအနေနှင့် သူတို့၏အခန်းကဏ္ဍကို ပေါ်လွင်စေသည်။ စိတ်ဝင်စားဖွယ်ဤမေးခွန်းပေါ်ပေါက်လာသည်– ကျွန်အတန်းအစားဝင်ယောက်တိုင်းသည် အချိန်တန်ဝိညာဉ်ရေးအစာစီမံပေးခြင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကြသလော။ ကျမ်းစာဖော်ပြချက်ကို အနီးကပ်ဆန်းစစ်ကြည့်သည့်အခါ အဖြေကိုအထင်အရှားတွေ့ရသည်။

အတိတ်က ယေဟောဝါ၏ကျွန်

၄။ ယေဟောဝါသည် ရှေးဣသရေလလူမျိုးကို မည်သို့ရည်ညွှန်းခဲ့သနည်း၊ ထိုလူမျိုးနှင့်ပတ်သက်၍ အဘယ်အရာကိုသတိပြုရန် အရေးကြီးသနည်း။

ယေဟောဝါသည် မိမိ၏လူမျိုး၊ ရှေးဣသရေလလူမျိုးကို စုပေါင်းကျွန်တစ်ဦးအဖြစ် မိန့်တော်မူခဲ့သည်။ ‘ယေဟောဝါမိန့်တော်မူသည်ကား “သင်တို့ [အများကိန်း] သည် ငါ၏သက်သေများ [အများကိန်း]၊ ငါရွေးကောက်သောကျွန် [အနည်းကိန်း] ဖြစ်ကြ၏။”’ (ဟေရှာ. ၄၃:၁၀ကဘ) ဣသရေလလူမျိုးယောက်တိုင်းသည် ထိုကျွန်အတန်းအစားတွင် ပါဝင်ခဲ့ကြသည်။ သို့သော် ယဇ်ပုရောဟိတ်မဟုတ်သော လေဝိသားများနှင့် ယဇ်ပုရောဟိတ်များသာ လူမျိုးတော်ကို သွန်သင်ပေးရန်တာဝန်ရှိသည်ကို သတိပြုဖို့အရေးကြီးသည်။—၆ ရာ. ၃၅:၃; မာလ. ၂:၇

၅။ ယေရှု၏စကားအရ အဘယ်ကြီးကျယ်သောအပြောင်းအလဲဖြစ်ရန်ရှိသနည်း။

ယေရှုမိန့်တော်မူသည့်ကျွန်မှာ ဣသရေလလူမျိုးကို ဆိုလိုခြင်းလော။ မဟုတ်ပါ။ အကြောင်းမှာ ယေရှုက မိမိခေတ်ရှိဂျူးများကို ဤသို့မိန့်တော်မူခဲ့ကြောင်း ကျွန်ုပ်တို့သိထားကြ၏– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအား ပေးရလတ္တံ့။” (မ. ၂၁:၄၃) ရှင်းနေသည်မှာ အပြောင်းအလဲဖြစ်ရန်ရှိသည်။ ယေဟောဝါသည် လူမျိုးသစ်တစ်မျိုးကို အသုံးပြုတော်မူမည်။ သို့သော် ဝိညာဉ်ရေးသွန်သင်ချက်များနှင့်ပတ်သက်လျှင် ယေရှု၏ပုံဥပမာပါ ကျွန်၏လုပ်ဆောင်မှုသည် ရှေးဣသရေလနိုင်ငံတွင် ယေဟောဝါ၏ “ကျွန်” လုပ်ဆောင်ခဲ့သည့်နည်းအတိုင်း လိုက်လျှောက်ကြသည်။

တည်ကြည်သောကျွန် ပေါ်ပေါက်လာ

၆။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲတွင် အဘယ်လူမျိုးသစ် တည်ရှိလာခဲ့သနည်း၊ ယင်းတွင် မည်သူတို့ပါဝင်လာကြသနည်း။

လူမျိုးသစ်ဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” ကို ဝိညာဉ်ရေးဣသရေလလူတို့ဖြင့် ဖွဲ့စည်းထားသည်။ (ဂလ. ၆:၁၆; ရော. ၂:၂၈၊ ၂၉; ၉:၆) စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင့်စွမ်းအားတော်သွန်းလောင်းခြင်းဖြင့် ယင်းလူမျိုးတည်ရှိလာခဲ့သည်။ ယင်းနောက် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသူ ခရစ်ယာန်အားလုံးသည် ထိုလူမျိုးအဝင်ဖြစ်လာကြပြီး သခင်ဖြစ်သူ ယေရှုခရစ်ခန့်အပ်ထားသော ကျွန်အတန်းအစားအဖြစ် ယခုအမှုဆောင်နေကြသည်။ ထိုလူမျိုးမှအဖွဲ့ဝင်ယောက်တိုင်းကို သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတာဝန် ပေးအပ်ထားသည်။ (မ. ၂၈:၁၉၊ ၂၀) သို့သော် ယင်းအဖွဲ့မှယောက်စီယောက်တိုင်းသည် အချိန်တန်ဝိညာဉ်ရေးအစာကျွေးမွေးခြင်းတွင် ပါဝင်ရန်ဖြစ်သလော။ ဤမေးခွန်းအတွက် သမ္မာကျမ်းစာအဖြေကို ကြည့်ကြစို့။

၇။ အစပိုင်းတွင် တမန်တော်များ၏အဓိကတာဝန်မှာ အဘယ်နည်း၊ အဘယ်ထပ်ဆင့်တာဝန်ကို သူတို့ရရှိခဲ့ကြသနည်း။

ယေရှုသည်တမန်တော် ၁၂ ပါးကိုခန့်အပ်ချိန်တွင် သူတို့၏အဓိကတာဝန်မှာ အခြားသူတို့အား သတင်းကောင်းဟောပြောရန်စေလွှတ်ခံရခြင်း ပါဝင်ခဲ့သည်။ (မာကု ၃:၁၃-၁၅ ကိုဖတ်ပါ။) ယင်းတာဝန်သည် “စေလွှတ်သည်” ဟုအဓိပ္ပာယ်ရသော ကြိယာပုံစံမှဆင်းသက်လာသည့် ဂရိစကားလုံး အပေါ်စတိုလိုစ်၏ အခြေခံအဓိပ္ပာယ်နှင့် ကိုက်ညီသည်။ သို့သော် အချိန်ကာလကုန်လွန်လာပြီး ခရစ်ယာန်အသင်းတော်တည်ထောင်ခါနီးတွင် တမန်တော်တစ်ပါး၏အခန်းကဏ္ဍသည် “ကြီးကြပ်မှူးအရာ” ဖြစ်လာခဲ့သည်။—တ. ၁:၂၀-၂၆

၈၊ ၉။ (က)တမန်တော် ၁၂ ပါး၏ အဓိကအာရုံစိုက်ရာမှာ အဘယ်နည်း။ (ခ) အုပ်ချုပ်ရေးအဖွဲ့၏ အတည်ပြုချက်အရ အခြားမည်သူတို့လည်း ထပ်ဆင့်တာဝန်များ ပေးအပ်ခံခဲ့ရသနည်း။

တမန်တော် ၁၂ ပါး၏အဓိကအာရုံစိုက်ရာမှာ အဘယ်နည်း။ ပင်တေကုတ္တေပွဲနေ့မှ ဆက်တိုက်ဖြစ်လာသည့် အဖြစ်အပျက်များတွင် အဖြေတွေ့နိုင်ပါသည်။ မုဆိုးမများအား နေ့စဉ်အစာခွဲဝေခြင်းနှင့်ပတ်သက်၍ ငြင်းခုံမှုပေါ်လာသည့်အခါတမန်တော် ၁၂ ပါးက တပည့်များကိုစုရုံးကာ ဤသို့ပြောခဲ့၏– “ငါတို့သည် ဘုရားသခင်၏တရားစကားတော် သွန်သင်ခြင်းကိုရပ်ထား၍ စားပွဲ၌အစာဝေပေးရန် မသင့်လျော်ပါ။” (တမန်တော် ၆:၁-၆ ကိုဖတ်ပါ။) ထို့နောက် တမန်တော်တို့သည် ဝိညာဉ်ရေးအရည်အချင်းရှိသည့် အခြားညီအစ်ကိုများအား “ဤအမှုကိုဆောင်ရွက်ရန်” ခန့်ထားကြသည်၊ သို့ဖြင့် တမန်တော်များသည် “ဘုရားသခင့်တရားစကားတော် သွန်သင်ခြင်း” အမှုဆောင်ရွက်နိုင်ကြသည်။ (တ. ၆:၁-၆) ယင်းအစီအစဉ်ကို ယေဟောဝါကောင်းချီးပေးခဲ့၍ ‘ဘုရားသခင်၏တရားစကားတော်သည် ထွန်းကားသဖြင့် ဂျေရုဆလင်မြို့၌ တပည့်အရေအတွက် အလွန်တိုးများလျက်ရှိ၏။’ (တ. ၆:၇) ထို့ကြောင့် ဝိညာဉ်ရေးအစာကျွေးမွေးခြင်းအတွက် တမန်တော်တို့တွင် အဓိကတာဝန်ရှိသည်။—တ. ၂:၄၂

အချိန်တန်သည့်အခါ အခြားသူတို့သည် ကြီးလေးသည့်တာဝန်များ အပ်နှင်းခံရကြသည်။ သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုအောက်တွင် အန္တိအုတ်အသင်းတော်သည် ပေါလုနှင့်ဗာနဗကို ခရစ်ယာန်သာသနာပြုများအဖြစ် စေလွှတ်ခဲ့သည်။ ထိုသူတို့သည် မူလတမန်တော် ၁၂ ပါးတွင်မပါကြသည့်တိုင် သူတို့ကိုလည်း တမန်တော်များအဖြစ် သိလာခဲ့ကြသည်။ (တ. ၁၃:၁-၃; ၁၄:၁၄; ဂလ. ၁:၁၉) သူတို့၏ခန့်အပ်ခံရမှုကို ဂျေရုဆလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့သည်။ (ဂလ. ၂:၇-၁၀) ယင်းနောက်မကြာမီတွင် ပေါလုသည် ဝိညာဉ်ရေးအစာဖြန့်ဝေရာတွင် ပါဝင်လာခဲ့သည်။ သူသည် မှုတ်သွင်းခံပထမစာကို ရေးသားခဲ့သည်။

၁၀။ ပထမရာစုတွင် စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသူအားလုံးသည် ဝိညာဉ်ရေးအစာပြင်ဆင်ပေးခြင်းတွင် ပါဝင်ခဲ့ကြသလော။ ရှင်းပြပါ။

၁၀ သို့သော် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသူ ခရစ်ယာန်အားလုံးသည် ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ခြင်းနှင့် ဝိညာဉ်ရေးအစာပြင်ဆင်ခြင်းတွင် ပါဝင်ခဲ့ကြသလော။ မပါဝင်ခဲ့ကြပါ။ တမန်တော်ပေါလုက ဤသို့ဆို၏– “သူတို့ရှိသမျှသည် တမန်တော်များ ဖြစ်ကြသလော။ သူတို့ရှိသမျှသည် ပရောဖက်များ ဖြစ်ကြသလော။ သူတို့ရှိသမျှသည် ဆရာများ ဖြစ်ကြသလော။ သူတို့ရှိသမျှသည် တန်ခိုးပြနိုင်ကြသလော။” (၁ ကော. ၁၂:၂၉) စွမ်းအားတော်ဖွားခရစ်ယာန်အားလုံးသည် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ကြသော်လည်း အလွန်နည်းသောအရေအတွက်ဖြစ်သည့် လူရှစ်ယောက်ကိုသာ ခရစ်ယာန်ဂရိကျမ်း ၂၇ စောင်ရေးရာတွင် အသုံးပြုခဲ့သည်။

မျက်မှောက်ခေတ် တည်ကြည်သောကျွန်

၁၁။ ကျွန်သည် အဘယ် ‘ဥစ္စာများ’ အပေါ်ခန့်အပ်ခံခဲ့ရသနည်း။

၁၁ မဿဲ ၂၄:၄၅ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများအရ တည်ကြည်ပြီးသတိပညာရှိသောကျွန်အတန်းအစားသည် နောက်ဆုံးသောကာလအတွင်း အသက်ရှင်နေထိုင်လျက်ရှိဆဲဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ဗျာ. ၁၂:၁၇ ကထိုသူတို့ကို မိန်းမ၏အမျိုးအနွယ်ထဲမှ “ကျန်ကြွင်းသူများ” ဟုဖော်ပြသည်။ အုပ်စုတစ်စုအနေနှင့် ထိုကျန်ကြွင်းသူတို့သည် ဤမြေကြီးပေါ်ရှိ ခရစ်တော်၏ဥစ္စာရှိသမျှအပေါ် ခန့်အပ်ခံရကြသည်။ တည်ကြည်သောဘဏ္ဍာစိုး ကြည့်ရှုစောင့်ရှောက်ရန် ခန့်အပ်ခံရသည့် ‘ဥစ္စာများ’ မှာ မြေကြီးပေါ်ရှိ သခင်၏တော်ဝင်အကျိုးစီးပွားများဖြစ်ပြီး ယင်းတွင် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများနှင့် သတင်းကောင်းဟောပြောခြင်းတွင်အသုံးပြုသော ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံနှင့် အသုံးအဆောင်များပါဝင်သည်။

၁၂၊ ၁၃။ ခရစ်ယာန်တစ်ဦးသည် ကောင်းကင်ခေါ်တော်မူခြင်းခံရကြောင်း မည်သို့သိသနည်း။

၁၂ ခရစ်ယာန်တစ်ဦးက မိမိသည် ကောင်းကင်မျှော်လင့်ချက်ရှိမရှိ၊ ဝိညာဉ်ရေးဣသရေလအကြွင်းအကျန်တွင် ပါဝင်မဝင် မည်သို့သိရှိရသနည်း။ ယင်းအဖြေကို တမန်တော်ပေါလုက မိမိကဲ့သို့ပင် ကောင်းကင်မျှော်လင့်ချက်ရှိသူများကိုပြောသည့် ဤစကားများတွင် တွေ့ရှိရ၏– ‘ဘုရားသခင့်စွမ်းအားတော်၏ ဦးဆောင်မှုကိုခံယူသူအားလုံးသည် ဘုရားသခင်၏သားများ ဖြစ်ကြ၏။ အကြောင်းမူကား ဘုရားသခင့်စွမ်းအားတော်သည် ငါတို့ကို ကြောက်ရွံ့သည့်အဖြစ်သို့ ပြန်ရောက်စေမည့် ကျွန်၏သဘောကို ခံစေသည်မဟုတ်။ သားများအဖြစ် မွေးစားခြင်းကိုခံရစေ၍ “အဗ္ဗ၊ အဖ” ဟုခေါ်စေ၏။ ငါတို့သည် ဘုရားသခင်၏သားသမီးဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူသက်သေခံ၏။ ထို့ကြောင့် သားသမီးမှန်လျှင် ငါတို့လည်း အမွေခံဖြစ်ကြ၏။ ဘုရားသခင်၏အမွေခံ အမှန်ဖြစ်ကြ၏။ ခရစ်တော်နှင့်အတူဘုန်းဝင်စားရန် ထိုသခင်နှင့်အတူဆင်းရဲဝေဒနာခံရလျှင် ခရစ်တော်၏အမွေခံဖက်လည်းဖြစ်ကြ၏။’—ရော. ၈:၁၄-၁၇

၁၃ အရိုးရှင်းဆုံးပြောရလျှင် ထိုသူတစ်ဦးစီသည် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခြင်းခံရသူများဖြစ်ပြီး ကောင်းကင် “ခေါ်တော်မူခြင်း [“ခေါ်ဖိတ်တော်မူခြင်း၊” သမ္မာကျမ်း]” ခံရသူတို့ဖြစ်သည်။ (ဟေဗြဲ ၃:၁) ထိုသို့တစ်ဦးစီကိုခေါ်ဖိတ်သူမှာ ဘုရားသခင်ဖြစ်သည်။ အပြန်အလှန်အားဖြင့် သူတို့သည် ဘုရားသခင့်သားများအဖြစ် ယင်းသို့မွေးဖွားသည်ကို ယုံမှားသံသယစိတ်မရှိ သို့မဟုတ် စိုးရွံ့စိတ်မရှိဘဲ ချက်ချင်းလက်ခံခဲ့ကြသည်။ (၁ ယောဟန် ၂:၂၀၊ ၂၁ ကိုဖတ်ပါ။) ထို့ကြောင့် သူတို့သည် ယင်းမျှော်လင့်ချက်ကို မိမိတို့ဘာသာရွေးချယ်ခဲ့ကြခြင်းမဟုတ်ပါ၊ ယေဟောဝါသည် မိမိ၏တံဆိပ် သို့မဟုတ် သန့်ရှင်းသောစွမ်းအားတော်ဖြင့် သူတို့အပေါ် ခတ်နှိပ်ခြင်းဖြစ်သည်။—၂ ကော. ၁:၂၁၊ ၂၂; ၁ ပေ. ၁:၃၊ ၄

မှန်ကန်သည့်ရှုမြင်ချက်

၁၄။ ဘိသိက်ပေးခံရသူတို့သည် မိမိတို့ဖိတ်ခေါ်ခံရမှုကို မည်သို့ရှုမြင်ကြသနည်း။

၁၄ ဘိသိက်ပေးခံရသူတို့သည် ကောင်းကင်ဆုကျေးဇူးကို စောင့်မျှော်နေကြစဉ် မိမိတို့ကိုယ်ကို မည်သို့ရှုမြင်သင့်သနည်း။ မိမိတို့သည် အံ့ဖွယ်ခေါ်ဖိတ်မှုကိုလက်ခံရရှိကြသော်လည်း ဖိတ်ခေါ်ချက်တစ်ခုမျှသာဖြစ်ကြောင်း သူတို့သိရှိကြသည်။ သူတို့သည် ထိုဆုကိုရရှိရန် သေသည်အထိ ဆက်၍တည်ကြည်သွားကြရမည်။ သူတို့သည် ဤသို့ဆိုခဲ့သူပေါလုကဲ့သို့ နှိမ့်ချစွာယူမှတ်ကြ၏– “ညီအစ်ကိုတို့၊ ထိုဆုကျေးဇူးကို ငါဆုပ်ကိုင်ထားပြီဟု ကိုယ့်ကိုယ်ကိုယ်မယူမှတ်။ သို့သော် ငါပြုသောအမှုတစ်ခုကား နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်းခြင်းဖြစ်၏။ ငါသည် ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်၏ခေါ်တော်မူခြင်း ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့ ပြေးနေ၏။” (ဖိ. ၃:၁၃၊ ၁၄) ဘိသိက်ပေးခံရသော အကြွင်းအကျန်သည် “ကြောက်ရွံ့တုန်လှုပ်သောစိတ်” နှင့် “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့်ပြည့်စုံ၍” “ခေါ်တော်မူခြင်းနှင့်ထိုက်တန်စွာ လျှောက်လှမ်းကြရန်” အတတ်နိုင်ဆုံးကြိုးစားကြရမည်။—ဧ. ၄:၁၊ ၂; ဖိ. ၂:၁၂; ၁ သက်. ၂:၁၂

၁၅။ အောက်မေ့ရာပွဲအထိမ်းအမှတ်စားသုံးသူတို့ကို ခရစ်ယာန်များ မည်သို့ရှုမြင်သင့်သနည်း၊ ဘိသိက်ပေးခံရသူတို့သည် မိမိတို့ကိုယ်ကို မည်သို့ရှုမြင်ကြသနည်း။

၁၅ အခြားတစ်ဖက်တွင်မူ မိမိသည် ဘိသိက်ပေးခံရသူဖြစ်သည်ဟုဆိုကာ အောက်မေ့ပွဲအထိမ်းအမှတ်များကို စတင်စားသုံးသူတစ်ဦးကို အခြားခရစ်ယာန်များ မည်သို့ရှုမြင်သင့်သနည်း။ ထိုသူကို တရားမစီရင်သင့်ပါ။ ယင်းသည် ထိုသူနှင့်ယေဟောဝါစပ်ကြားကိစ္စဖြစ်သည်။ (ရော. ၁၄:၁၂) သို့သော် အမှန်ပင်ဘိသိက်ပေးခံရသူ ခရစ်ယာန်များသည် အထူးဂရုစိုက်အလေးပေးရန် မတောင်းဆိုကြပါ။ မိမိတို့သည် ဘိသိက်ပေးခံရခြင်းကြောင့် “လူအုပ်ကြီး” အဖွဲ့ဝင်များထဲမှ အတွေ့အကြုံရှိသူတချို့တွင်ရှိနိုင်သော ထိုးထွင်းသိမြင်ခြင်းထက်ပင် ပို၍အထူးရရှိထားသည်ဟု မယုံကြည်ကြပါ။ (ဗျာ. ၇:၉) သူတို့သည် မိမိတို့၏ “အခြားသိုး” အပေါင်းပါများထက် သန့်ရှင်းသောစွမ်းအားတော်ကို ပို၍ရရှိသည်ဟု မယုံကြည်ကြပါ။ (ယော. ၁၀:၁၆) သူတို့ကိုအထူးပြုစုဆက်ဆံရန် မမျှော်လင့်ကြသကဲ့သို့ အထိမ်းအမှတ်များကိုသုံးဆောင်ခြင်းကြောင့် အသင်းတော်ရှိခန့်အပ်ခံအကြီးအကဲများအထက်၌ မိမိတို့ရှိသည်ဟုလည်း မယူမှတ်ကြပါ။

၁၆-၁၈။ (က) ဘိသိက်ပေးခံရသူအားလုံးသည် ဝိညာဉ်ရေးအမှန်တရားအသစ်ထုတ်ဖော်ခြင်းတွင် ပါဝင်ကြပါသလော။ ရှင်းပြပါ။ (ခ) အုပ်ချုပ်ရေးအဖွဲ့သည် ဘိသိက်ပေးခံရသူများဖြစ်သည်ဟုဆိုသူအားလုံးနှင့် တိုင်ပင်ဆွေးနွေးရန် အဘယ်ကြောင့်မလိုသနည်း။

၁၆ ကမ္ဘာတစ်ဝန်းရှိ ဘိသိက်ပေးခံရသူအားလုံးသည် ဝိညာဉ်ရေးအမှန်တရားအသစ်များ ထုတ်ဖော်ပြခြင်းတွင် တစ်နည်းနည်းဖြင့်ပါဝင်ပတ်သက်သည့် ကမ္ဘာချီကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြပါသလော။ မဟုတ်ပါ။ စုပေါင်းအဖွဲ့ကျွန်အတန်းအစားအနေနှင့် ဝိညာဉ်ရေးအိမ်သားများကို ကျွေးမွေးရန်တာဝန်ရှိသော်လည်း ကျွန်အတန်းအစားဝင်အားလုံးသည် တူညီသောတာဝန် သို့မဟုတ် တူညီသောအလုပ်ခန့်အပ်ချက် ရှိကြသည်မဟုတ်ပါ။ (၁ ကောရိန္သု ၁၂:၁၄-၁၈ ကိုဖတ်ပါ။) အစပိုင်းတွင်သိရှိခဲ့ပြီးသည့်အတိုင်း ပထမရာစုတွင် အားလုံးသည် အရေးကြီးသော ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစောင်များရေးရန်နှင့် ခရစ်ယာန်အသင်းတော်ကိုကြီးကြပ်ရန် အရေအတွက်အလွန်နည်းသောသူတို့ကိုသာ အသုံးပြုခဲ့သည်။

၁၇ ဥပမာပြရသော်– တရားရေးကိစ္စများကိုင်တွယ်ရာတွင် “အသင်းတော်” သည် တစ်စုံတစ်ရာသောကိစ္စကိုကိုင်တွယ်သည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားသည့်အခါများရှိသည်။ (မ. ၁၈:၁၇) သို့သော် တကယ်ဆိုလိုသည်မှာ အသင်းတော်၏ကိုယ်စားလှယ်များအနေနှင့် မိမိတို့၏လုပ်ဆောင်ပိုင်ခွင့်ကို ဆောင်ရွက်ကြသည့် အကြီးအကဲများကိုသာဆိုလိုခြင်းဖြစ်သည်။ အကြီးအကဲများသည် ဆုံးဖြတ်ချက်တစ်ခုမချမီ ရှုမြင်ချက်အမျိုးမျိုးကိုမေးမြန်းရန် အသင်းသားအားလုံးနှင့်ဆက်သွယ်ခြင်း မပြုကြပါ။ သီအိုကရက်တစ်နည်းအရ သူတို့ခန့်အပ်ခံထားရသည့် ကဏ္ဍကိုလုပ်ဆောင်ကြသည်; အသင်းတော်တစ်ခုလုံး၏အကျိုးကို လုပ်ဆောင်ကြသည်။

၁၈ အလားတူပင် ယနေ့ ဘိသိက်ပေးခြင်းခံရသည့်အမျိုးသား အရေအတွက်အနည်းငယ်သာ ကျွန်အတန်းအစားကိုယ်စားပြုတာဝန်များ ဆောင်ရွက်ကြသည်။ သူတို့ကို ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသည်။ စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ထိုအမျိုးသားများသည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းနှင့် ဝိညာဉ်ရေးအစာကျွေးမွေးခြင်းအစီအစဉ်များကို ကြီးကြပ်ပေးသည်။ သို့သော် ပထမရာစုတွင်ကကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့သည် ဆုံးဖြတ်ချက်များမချမီ ကျွန်အတန်းအစားအဝင်ယောက်စီယောက်တိုင်းနှင့် ဆွေးနွေးခြင်းမပြုကြပါ။ (တမန်တော် ၁၆:၄၊ ၅ ကိုဖတ်ပါ။) သို့သော် ဘိသိက်ပေးခံရသူသက်သေခံအားလုံးသည် ယနေ့လုပ်ဆောင်လျက်ရှိသည့် အရေးကြီးသောရိတ်သိမ်းခြင်းလုပ်ငန်းတွင် စွဲစွဲမြဲမြဲပါဝင်ကြသည်။ အတန်းအစားတစ်ခုအနေနှင့် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ သည်အဖွဲ့တစ်ခုဖြစ်သော်လည်း တစ်ဦးစီအနေနှင့် သူတို့တွင် အလုပ်တာဝန်အမျိုးမျိုးရှိကြသည်။—၁ ကော. ၁၂:၁၉-၂၆

၁၉၊ ၂၀။ လူအုပ်ကြီးသည် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ နှင့်၎င်း၏အုပ်ချုပ်ရေးအဖွဲ့အပေါ် အဘယ်မျှတသည့်ရှုမြင်ချက်ရှိကြသနည်း။

၁၉ အထက်ပါအချက်များက မြေကြီးပေါ်ထာဝရအသက်ရှင်ရန် မျှော်လင့်ကြသော တိုးများလျက်ရှိသည့်လူအုပ်ကြီးအပေါ် အဘယ်အကျိုးသက်ရောက်မှု ရှိသင့်သနည်း။ ဘုရင်၏ပိုင်ဆိုင်ရာဥစ္စာများအဝင်အနေနှင့် သူတို့သည် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ ကိုကိုယ်စားပြုသည့် အုပ်ချုပ်ရေးအဖွဲ့ ချမှတ်သောအစီအစဉ်များအတိုင်း အပြည့်အဝပူးပေါင်းလုပ်ဆောင်ရသည်ကို ဝမ်းမြောက်ကြသည်။ လူအုပ်ကြီးအဖွဲ့ဝင်များသည် အုပ်ချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်အောက်ထုတ်ဝေသည့် ဝိညာဉ်ရေးအစာကို တန်ဖိုးထားလေးမြတ်ကြသည်။ သို့သော် တစ်ချိန်တည်းတွင် လူအုပ်ကြီးအဖွဲ့ဝင်များသည် ကျွန်ကို အတန်းအစားတစ်ခုအနေနှင့် ရိုသေလေးမြတ်သော်လည်း ထိုကျွန်အဝင်ဖြစ်သည်ဟုဆိုသူ တစ်ဦးတစ်ယောက်ကို ချီးမြှောက်ခြင်းမပြုရန် ဂရုပြုကြသည်။ ဘုရားသခင့်စွမ်းအားတော်ဖြင့် အမှန်တကယ်ဘိသိက်ပေးခံရသူ မည်သည့်ခရစ်ယာန်မဆိုသည် ထိုသို့ဆက်ဆံခြင်းကို အလိုရှိမည်မဟုတ်၊ သို့မဟုတ် မျှော်လင့်မည်မဟုတ်ပါ။—တ. ၁၀:၂၅၊ ၂၆; ၁၄:၁၄၊ ၁၅

၂၀ ကျွန်ုပ်တို့သည် ဘိသိက်ပေးခံရသောအကြွင်းအကျန်အဝင် “အိမ်သူအိမ်သားတို့” ဖြစ်သည်ဖြစ်စေ၊ လူအုပ်ကြီးအဖွဲ့ဝင်ဖြစ်သည်ဖြစ်စေ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်မှာ တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့နှင့် အပြည့်အဝပူးပေါင်းလုပ်ဆောင်မည်ဟူ၍ဖြစ်ပါစေ။ ကျွန်ုပ်တို့တစ်ဦးစီသည် “စောင့်နေကြ” ပြီး အဆုံးအထိတည်ကြည်ကြောင်း သက်သေထူနိုင်ကြပါစေ။—မ. ၂၄:၁၃၊ ၄၂

သင်မှတ်မိသလော

• မည်သူသည် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ ဖြစ်ပြီး မည်သူတို့သည် အိမ်သူအိမ်သားတို့ဖြစ်သနည်း။

• လူတစ်ဦးသည် ကောင်းကင်ခေါ်တော်မူခြင်းခံရသူ ဟုတ်မဟုတ် ထိုသူမည်သို့သိရှိသနည်း။

• အသစ်သောဝိညာဉ်ရေးအစာပြင်ဆင်ပေးဖို့ မည်သူ၌ အဓိကတာဝန်ရှိသနည်း။

• ဘိသိက်ပေးခံရသူသည် မိမိကိုယ်ကို မည်သို့ ရှုမြင်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယနေ့ အုပ်ချုပ်ရေးအဖွဲ့သည် တည်ကြည်ပြီးသတိပညာရှိကျွန်အတန်းအစားကို ကိုယ်စားပြုသည်။ ပထမရာစုတွင် အလားတူအစီအစဉ်ရှိခဲ့