မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

ယေရှု၏အတွင်းအင်္ကျီကို ရောမ စစ်သားများ အဘယ်ကြောင့်အလွန်လိုချင်ကြသနည်း။

ယေရှုကိုကွပ်မျက်ရာတွင် ကြီးကြပ်သော စစ်သားလေးဦးသည် ကိုယ်တော်၏ဝတ်လုံတော်များကို ခွဲဝေယူကြသည်။ သို့သော် ယေရှု၏ “အတွင်းအင်္ကျီကား အထက်စွန်းမှ ချုပ်ရိုးမဲ့ ရက်သောအထည်ဖြစ်၏” ဟု ယောဟန် ၁၉:၂၃ တွင်ဖော်ပြသည်။ စစ်သားများသည် ထိုအင်္ကျီကိုမဆုတ်ဘဲ မဲချ၍ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုအင်္ကျီမျိုးကို မည်သို့ရက်ထားသနည်း။

အတွင်းအင်္ကျီဟူသည် ချည် သို့မဟုတ် သိုးမွေးဖြင့် ရက်ထားသော၊ ဒူးခေါင်း သို့မဟုတ် ခြေမျက်စိအထိရှည်သော ဝတ်လုံကို ရည်ညွှန်းနေပုံရသည်။ အများအားဖြင့် ထိုအင်္ကျီမျိုးသည် စတုရန်းပုံ သို့မဟုတ် ထောင့်မှန်စတုဂံပုံ ပိတ်နှစ်စကိုထပ်၍ အနားသုံးနားကို တောက်လျှောက်ချုပ်လေ့ရှိပြီး လည်ပင်းပေါက် တစ်ပေါက်နှင့် လက်ပေါက်နှစ်ပေါက်စာ ချန်ထားရသည်။

ပို၍ဈေးကြီးသောဝတ်လုံမျိုးကိုမူ ထိုပုံစံအတိုင်းချုပ်သော်လည်း “ပိတ်စရှည်တစ်စတည်းကို အနားညီညီနှစ်ထပ်ခေါက်၍ အလယ်တွင် လည်ပင်းပေါက်ဖောက်ပြီး” အနားလုံးရသည်ဟု ယေရှုနှင့်ပတ်သက်သောစာအုပ်တစ်အုပ်တွင် ဖော်ပြသည်။ ဤဝတ်လုံမျိုးသည် ဘေးအနားနှစ်ဖက်ကို ချုပ်ဖို့လိုသည်။

ယေရှုဝတ်ဆင်သော ချုပ်ရိုးမဲ့ဝတ်လုံမျိုးကို ပါလက်စတိုင်းတွင်သာ ရက်လုပ်သည်။ ယင်းတို့ကို ကန့်လန့်ဖြတ်ပျဉ်ချောင်း၏ အရှေ့ဘက်နှင့်အနောက်ဘက်တွင် ဒေါင်လိုက် တိုင်ချည်နှစ်တန်းပါသောရက်ကန်းစင်၌ ရက်လုပ်သည်။ ရက်ကန်းရက်သူသည် ဖောက်ချည်ရစ်ထားသောလွန်းကို တိုင်ချည်၏အရှေ့မှအနောက်သို့ တစ်လှည့်စီထည့်ကာ အလျားလိုက်ရက်ခြင်းဖြင့် “ဆလင်ဒါပုံရက်ထည်တစ်စကို ရက်လုပ်ကြသည်” ဟုစာအုပ်တစ်အုပ်တွင် ဖော်ပြသည်။ ထိုချုပ်ရိုးမဲ့ရက်ထည်သည် ရှားပါးပစ္စည်းဖြစ်ပုံရပြီး ယင်းကို ထိုစစ်သားလေးဦးစလုံးက အလွန်လိုချင်ကြသည်။

ရှေးအစ္စရေးနိုင်ငံတွင် ပျားမွေးမြူသူများရှိသလော။

ဟေဗြဲကျမ်းစာစောင်များအရ ဘုရားသခင်သည် ရှေးအစ္စရေးလူမျိုးကို “နို့နှင့်ပျားရည်စီးတတ်သောပြည်သို့” ပို့ဆောင်မည်ဟုကတိပြုခဲ့သည်။ (ထွက်မြောက်ရာ ၃:၈) ပျားရည်နှင့်ပတ်သက်သည့် ကျမ်းချက်အများစုသည် တောထဲရှိ သဘာဝပျားအုံများမှထွက်သော ပျားရည်ကိုဆိုလိုပုံရသည်။ ရှေးအစ္စရေးနိုင်ငံတွင် ပျားမွေးမြူသူများရှိကြောင်း ကျမ်းစာမဖော်ပြပေ။ သို့သော် အစ္စရေးနိုင်ငံ၊ ဗက်ရှန်းတောင်ကြားဒေသမှ မကြာသေးမီကတွေ့ရှိချက်တစ်ခုတွင် ရှေးအချိန်က ထိုတွင်နေထိုင်သူများသည် “စီးပွားဖြစ် ပျားမွေးမြူကြကြောင်း” ဖော်ပြသည်။

ဂျေရုဆလင်သုတေသနအဖွဲ့၏ ဟီဘရူးတက္ကသိုလ်မှသုတေသီများသည် အစ္စရေးနိုင်ငံတွင် ဘုရင်စတင်အုပ်စိုးသောကာလဖြစ်သည့် ဘီစီ ၉၀၀ နှင့် ၈၀၀ အစပိုင်းမှ ပျားမွေးမြူရေးဌာနတစ်ခုကို တဲလ်ရီဟိုဗ်မြို့တွင် ရှာဖွေတွေ့ ရှိခဲ့သည်။ ယင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ဦးဆုံးတွေ့ရှိသော ရှေးခေတ်ပျားအိမ်များဖြစ်သည်။ ထိုပျားမွေးမြူရေးဌာနတွင် မူလက ပျားအိမ်တစ်ရာခန့်ရှိ၍ ယင်းတို့သည် အနည်းဆုံးအဆင့်သုံးဆင့်ရှိပြီး အတန်းလိုက်စီထားသည်ဟု ယူဆရသည်။

တက္ကသိုလ်၏တွေ့ရှိချက်မှတ်တမ်းတွင် ဤသို့ဖော်ပြ၏– ပျားအိမ်တစ်ခုစီသည် “ကျည်တောက်ပုံရှိ၍ မီးလွတ်ရွှံ့စေးဖြင့်ပြုလုပ်ထားပြီး . . . အရှည် ၃၀ လက်မနှင့် အချင်း ၁၅ လက်မခန့်ရှိသည်။ . . . နှစ်စဉ်၊ ထိုပျားအိမ်များမှ ပျားရည်တန်ဝက်ခန့်ထုတ်ယူနိုင်သည်ဟု ထိုဒေသသို့သွားရောက်လည်ပတ်သော အတွေ့အကြုံရှိသည့် ပျားမွေးမြူသူများနှင့် ကျမ်းပညာရှင်များက ခန့်မှန်းကြသည်။”

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

တဲလ်ရီဟိုဗ်မြို့မှ ပျားမွေးမြူခဲ့သည့်နေရာ

[Credit Line]

Institute of Archaeology/​Hebrew University © Tel Rehov Excavations