မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပပါ

မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပပါ

မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပပါ

“ထိုသူဟောသကဲ့သို့ မည်သူမျှ မဟောဖူးပါ။”—ယော. ၇:၄၆

၁။ ယေရှု၏သွန်သင်ပုံကို လူတို့မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။

ယေရှုသွန်သင်သည်ကို ကြားရခြင်းသည် မည်မျှစိတ်လှုပ်ရှားစရာကောင်းမည်ကို မြင်ယောင်ကြည့်ပါ။ ကိုယ်တော်နှင့်ဆုံတွေ့သူတို့အပေါ် ထိရောက်သည့်အကျိုးသက်ရောက်မှုရှိကြောင်း သမ္မာကျမ်းစာ၌ အရိပ်အမြွက်ဖော်ပြထားသည်။ ဥပမာ၊ ယေရှု၏ဇာတိမြို့မှလူတို့သည် “နှစ်လို့ဖွယ်နှုတ်တော်ထွက်စကားကို အံ့ဩ” ကြသည်ဟု ခရစ်ဝင်ကျမ်းရေးသူလုကာဖော်ပြ၏။ တောင်ပေါ်တရားတော်ကို ယေရှုဟောပြောသည့်အခါ နားထောင်သူတို့သည် “ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ၏” ဟုမဿဲမှတ်တမ်းတင်ထားသည်။ ယေရှုကိုဖမ်းရန် စေလွှတ်ခံရသော မင်းလုလင်တို့သည် လက်ဗလာဖြင့်ပြန်လာကာ “ထိုသူဟောသကဲ့သို့ မည်သူမျှ မဟောဖူးပါ” ဟုပြောကြကြောင်း ယောဟန်ဖော်ပြ၏။—လု. ၄:၂၂; မ. ၇:၂၈; ယော. ၇:၄၆

၂။ အဘယ်သွန်သင်ခြင်းနည်းလမ်းများကို ယေရှုအသုံးပြုခဲ့သနည်း။

ထိုမင်းလုလင်တို့ပြောသည်မှာ မမှားပါ။ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးဆရာဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ ကိုယ်တော်သည် ရိုးရှင်း၍နားလည်လွယ်သောနည်း၊ မငြင်းဆိုနိုင်သော ဆင်ခြင်တုံတရားဖြင့် သွန်သင်ခဲ့သည်။ ကိုယ်တော်သည် ပုံဥပမာများနှင့် မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုခဲ့သည်။ နားထောင်နေသူတို့သည် အဆင့်အတန်းမြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ ကိုယ်တော်သည် သွန်သင်ချက်ကို အလိုက်သင့်ပြုပြင်ပြောင်းလဲခဲ့သည်။ အမှန်ပင်နက်နဲသော အမှန်တရားအကြောင်းအရာဖြစ်သည့်တိုင် အလွယ်တကူနားလည်စေရန် သွန်သင်ခဲ့သည်။ သို့သော် ယင်းအချက်များကြောင့်သာ ယေရှုသည် ကြီးမြတ်သောဆရာဖြစ်ခဲ့ခြင်း မဟုတ်ပါ။

အဓိကအရည်အသွေး—မေတ္တာ

၃။ သွန်သင်သူတစ်ဦးအနေနှင့် ယေရှုသည် မိမိခေတ်ရှိ ဂျူးဘာသာရေးခေါင်းဆောင်တို့နှင့် မည်သို့ကွာခြားသနည်း။

ကျမ်းတတ်များနှင့်ဖာရိရှဲတို့တွင် အသိပညာရှိပြီး ယင်းကိုဝေငှပေးနိုင်စွမ်းရှိသော ဉာဏ်ပညာရှိသူများရှိကြပေမည်။ ထိုသူတို့နှင့်မတူဘဲ ယေရှု၏သွန်သင်ပုံကို အဘယ်အရာက အလွန်ကွဲပြားခြားနားစေသနည်း။ ထိုခေတ်က ဂျူးဘာသာရေးခေါင်းဆောင်တို့သည် သာမန်လူတို့အပေါ် မေတ္တာမရှိကြပါ။ ယင်းအစား သူတို့သည် သာမန်လူတို့ကို “ကျိန်ခြင်းခံရသူများ” အဖြစ်ရှုမြင်ကာ အထင်သေးကြသည်။ (ယော. ၇:၄၉) ယင်းနှင့်ဆန့်ကျင်ကာ ယေရှုသည် သာမန်လူတို့ကို သနားတော်မူ၏၊ အကြောင်းမှာ သူတို့သည် “အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့သိုးများကဲ့သို့ ဖြစ်ကြ၍တည်း။” (မ. ၉:၃၆) ကိုယ်တော်သည် နွေးထွေးပြီး ထောက်ထားစာနာမှု၊ ကြင်နာမှုရှိသည်။ ထို့ပြင် ဂျူးဘာသာရေးခေါင်းဆောင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သည့်မေတ္တာမရှိခဲ့ကြပါ။ (ယော. ၅:၄၂) သို့သော် ယေရှုသည် ခမည်းတော်ကိုချစ်မြတ်နိုးပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းကို နှစ်ခြိုက်တော်မူသည်။ ဂျူးဘာသာရေးခေါင်းဆောင်တို့သည် ဘုရားသခင့်စကားတော်ကို မိမိတို့အကျိုးဖြစ်စေရန် မလိမ့်တပတ်ပြုခဲ့ကြသော်လည်း ယေရှုသည် “ဘုရားသခင်၏တရားစကားတော်” ကိုမြတ်နိုးပြီး ယင်းကိုသွန်သင်၊ ရှင်းပြ၊ ကာကွယ်ခဲ့ကာ ယင်းအတိုင်းနေထိုင်ခဲ့သည်။ (လု. ၁၁:၂၈) မှန်ပါသည်၊ ခရစ်တော်သည် မေတ္တာပြည့်ဝလျက်ရှိရာ ကိုယ်တော်သွန်သင်ပေးသည့်အရာ၊ လူတို့နှင့်ကိုယ်တော်ဆက်ဆံပုံ၊ သူတို့ကိုကိုယ်တော်သွန်သင်ပုံတို့တွင် အထင်အရှားတွေ့မြင်ရသည်။

၄၊ ၅။ (က) မေတ္တာနှင့်သွန်သင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) သွန်သင်ရာတွင် အသိပညာနှင့်စွမ်းရည်တို့လည်း အဘယ်ကြောင့်အရေးကြီးသနည်း။

ကျွန်ုပ်တို့ကော အသို့နည်း။ ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့၏ဓမ္မအမှုနှင့် ဘဝအသက်တာတွင် ကိုယ်တော်ကိုတုပလိုကြသည်။ (၁ ပေ. ၂:၂၁) ထို့ကြောင့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာအသိပညာ ဝေငှရန်သာမဟုတ်ဘဲ ယေဟောဝါ၏အရည်အသွေးများ၊ အထူးသဖြင့် ကိုယ်တော့်မေတ္တာကို ရောင်ပြန်ဟပ်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၌ အသိပညာများစွာရှိသည်ဖြစ်စေ၊ အနည်းငယ်သာရှိသည်ဖြစ်စေ၊ သွန်သင်ခြင်းစွမ်းရည်များစွာရှိသည်ဖြစ်စေ၊ အနည်းငယ်သာရှိသည်ဖြစ်စေ ကျွန်ုပ်တို့တင်ပြသည့်မေတ္တာသည် ကျွန်ုပ်တို့ဟောပြောလိုက်သူတို့၏နှလုံးကို ထိမိစေမည်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အမှန်ထိရောက်မှုရှိရန် မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပရမည်။

သွန်သင်သူကောင်းများဖြစ်ရန် အကြောင်းအရာကိုသိကျွမ်းဖို့လိုပြီး ယင်းအသိပညာကို ကျွမ်းကျင်စွာဝေငှဖို့လိုသည်။ ယင်းတို့ကိုတပည့်များလုပ်ဆောင်တတ်ရန် ယေရှုကူညီခဲ့သည်၊ ယနေ့တွင်လည်း ယေဟောဝါသည် အဖွဲ့အစည်းအားဖြင့် ကျွန်ုပ်တို့ကိုကူညီလျက်ရှိသည်။ (ဟရှာယ ၅၄:၁၃; လုကာ ၁၂:၄၂ ကိုဖတ်ပါ။) သို့တိုင် ကျွန်ုပ်တို့၏ဉာဏ်ရည်ဉာဏ်သွေးဖြင့်သာမက ကျွန်ုပ်တို့၏နှလုံးဖြင့်သွန်သင်သင့်သည်။ အသိပညာ၊ စွမ်းရည်နှင့် မေတ္တာတို့ဖြင့် လုပ်ဆောင်သည့်အခါ ကျေနပ်ဖွယ်အကောင်းဆုံး ရလဒ်များရရှိနိုင်သည်။ သို့ဖြစ်၍ သွန်သင်သည့်အခါ အဘယ်နည်းများဖြင့် မေတ္တာတင်ပြနိုင်သနည်း။ ယင်းကို ယေရှုနှင့် ကိုယ်တော့်တပည့်များ မည်သို့တင်ပြခဲ့သနည်း။ ကြည့်ကြစို့။

ယေဟောဝါကို ချစ်ရမည်

၆။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူအကြောင်းကို မည်သို့ပြောကြသနည်း။

ကျွန်ုပ်တို့ချစ်မြတ်နိုးရာများအကြောင်း ပြောရသည်ကို ကျွန်ုပ်တို့နှစ်ခြိုက်ကြသည်။ ကျွန်ုပ်တို့၏နှလုံးမှနှစ်သက်မြတ်နိုးရာတစ်စုံတစ်ခုအကြောင်း ပြောသည့်အခါ ကျွန်ုပ်တို့သည် တက်ကြွလာပြီး ကျွန်ုပ်တို့၏အမူအရာအားလုံးသည် စိတ်အားထက်သန်မှု၊ လှိုက်လှိုက်လှဲလှဲရှိမှု ပေါ်နေသည်။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူအကြောင်း ပြောသည့်အခါတွင် အထူးမှန်ကန်သည်။ ထိုသူအကြောင်း ကျွန်ုပ်တို့သိထားရာကို အခြားသူအားပြောပြရန် များသောအားဖြင့် စိတ်အားထက်သန်ကြသည်။ ထိုသူကို ကျွန်ုပ်တို့ ချီးမွမ်းသည်၊ ဂုဏ်တင်သည်၊ ကာကွယ်ပေးသည်။ ထိုသူနှင့် သူ၏အရည်အချင်းများကို ကျွန်ုပ်တို့နှစ်သက်သကဲ့သို့ အခြားသူတို့ကိုလည်း နှစ်သက်စေလိုသောကြောင့် ယင်းသို့လုပ်ဆောင်ကြခြင်းဖြစ်သည်။

၇။ ဘုရားသခင်အား ယေရှုချစ်မြတ်နိုးခြင်းက အဘယ်အရာလုပ်ဆောင်ရန် ကိုယ်တော့်ကိုလှုံ့ဆော်ခဲ့သနည်း။

အခြားသူတို့ ယေဟောဝါကိုချစ်မြတ်နိုးလာစေရန် ကျွန်ုပ်တို့မလုပ်ဆောင်နိုင်မီ ကျွန်ုပ်တို့ကိုယ်တိုင် ကိုယ်တော်ကို သိကျွမ်းပြီးချစ်မြတ်နိုးရမည်။ အမှန်ဆိုလျှင် မှန်သောဝတ်ပြုရေးသည် ဘုရားသခင်ကိုချစ်မြတ်နိုးခြင်းအပေါ် အခြေခံသည်။ (မ. ၂၂:၃၆-၃၈) ယေရှုသည် အကောင်းဆုံးပုံသက်သေ ချမှတ်ခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်မြတ်နိုးခဲ့သည်။ ကောင်းကင်ခမည်းတော်နှင့်အတူ နှစ်သန်းထောင်နှင့်ချီ ကောင်းကင်၌ရှိခဲ့ချိန်တွင် ယေရှုသည် ခမည်းတော်ကို ကောင်းစွာသိကျွမ်းခဲ့သည်။ ရလဒ်မှာအဘယ်နည်း။ ‘ငါသည် ခမည်းတော်ကိုချစ်၏’ ဟုယေရှုဆိုခဲ့သည်။ (ယော. ၁၄:၃၁) ထိုမေတ္တာကို ယေရှုပြောသမျှ၊ လုပ်သမျှတို့တွင် တွေ့ရသည်။ ယင်းက ဘုရားသခင်နှစ်သက်ရာများကိုသာ အစဉ်မပြတ်ပြုရန် ယေရှုကိုလှုံ့ဆော်ခဲ့သည်။ (ယော. ၈:၂၉) ဘုရားသခင်အားကိုယ်စားပြုသူများအဖြစ် အယောင်ဆောင်ပြောဆိုကြသော ဂျူးဘာသာရေးခေါင်းဆောင်များကို လူသိရှင်ကြားဖော်ထုတ်ရန် ယင်းမေတ္တာက ကိုယ်တော်ကိုလှုံ့ဆော်ခဲ့သည်။ ထို့ပြင် ယေဟောဝါအကြောင်းပြောရန်နှင့် အခြားသူများ ဘုရားသခင်ကိုသိပြီး ချစ်မြတ်နိုးလာစေရန်ကူညီပေးဖို့လည်း လှုံ့ဆော်ခဲ့သည်။

၈။ ဘုရားသခင်ကိုချစ်သည့်မေတ္တာက ယေရှု၏တပည့်များအား အဘယ်အရာလုပ်ဆောင်ရန် လှုံ့ဆော်ခဲ့သနည်း။

ယေရှုကဲ့သို့ပင် ပထမရာစုတပည့်များသည် ယေဟောဝါကိုချစ်မြတ်နိုးပြီး ယင်းမေတ္တာက သတင်းကောင်းကို ရဲစွမ်းသတ္တိရှိရှိ၊ ဇွဲထက်သန်စွာဟောပြောဖို့ သူတို့ကိုလှုံ့ဆော်ခဲ့သည်။ ဩဇာအာဏာရှိသော ဂျူးဘာသာရေးခေါင်းဆောင်များ ဆန့်ကျင်သည့်ကြားမှပင် ယေရုရှလင်မြို့ကို သူတို့၏သွန်သင်ချက်များဖြင့် ပြည့်စေခဲ့ကြသည်။ တပည့်များသည် မိမိတို့မြင်ခဲ့ကြားခဲ့ရာများကို မဟောမပြောဘဲ မနေနိုင်ခဲ့ကြပါ။ (တ. ၄:၂၀; ၅:၂၈) ယေဟောဝါသည် မိမိတို့နှင့်အတူရှိပြီး ကောင်းချီးပေးမည်ကို သူတို့သိခဲ့ကြသည်၊ ကိုယ်တော်သည် သူတို့ကို အမှန်ပင်ကောင်းချီးပေးခဲ့သည်။ မှန်ပါသည်၊ ယေရှုသေဆုံးပြီး အနှစ် ၃၀ မပြည့်မီတွင် သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင်” ဟောပြောခဲ့ပြီဟု တမန်တော်ပေါလု ရေးနိုင်ခဲ့သည်။—ကော. ၁:၂၃

၉။ ဘုရားသခင်အားချစ်သည့်မေတ္တာကို မည်သို့ခိုင်မြဲစေနိုင်သနည်း။

ကျွန်ုပ်တို့သည်လည်း အမှန်ထိရောက်သောသွန်သင်သူများဖြစ်လိုပါက ဘုရားသခင်ကိုချစ်သည့်မေတ္တာ ဆက်၍ခိုင်မြဲနေကြောင်း သေချာဖို့လိုသည်။ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ ဆုတောင်းကာ ဘုရားသခင်နှင့် မကြာခဏဆက်သွယ်ပြောဆိုခြင်းအားဖြင့်ဖြစ်သည်။ ကိုယ်တော့်နှုတ်မြွက်တော်ကိုလေ့လာခြင်း၊ ကျမ်းစာအခြေပြုစာပေများကိုဖတ်ရှုခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်းဖြင့် ဘုရားသခင်ကိုချစ်သော ကျွန်ုပ်တို့၏မေတ္တာကိုလည်း ခိုင်ခံ့စေသည်။ ဘုရားသခင်အကြောင်း ပို၍သိကျွမ်းလာသည်နှင့်အမျှ ကျွန်ုပ်တို့၏နှလုံးသည် ကိုယ်တော်ကိုချစ်မြတ်နိုးစိတ်ဖြင့် ပြည့်နေမည်။ ထိုအခါ ဘုရားသခင်ကိုချစ်မြတ်နိုးကြောင်း ကျွန်ုပ်တို့၏စကားများ၊ အပြုအမူများအားဖြင့် တင်ပြသည့်အခါ အခြားသူတို့သည် ယင်းကိုတွေ့မြင်မည်ဖြစ်ပြီး ယေဟောဝါထံ ဆွဲဆောင်ခံရပေမည်။—ဆာလံ ၁၀၄:၃၃၊ ၃၄ ကိုဖတ်ပါ။

ကျွန်ုပ်တို့သွန်သင်ပေးရာကို ချစ်ရမည်

၁၀။ ဆရာကောင်းတစ်ဦး၏ လက္ခဏာတစ်ခုမှာ အဘယ်နည်း။

၁၀ ဆရာကောင်းတစ်ဦး၏ လက္ခဏာတစ်ခုမှာ မိမိသွန်သင်ပေးသည့်အရာကို ချစ်မြတ်နိုးခြင်းဖြစ်သည်။ ယင်းသည် မှန်ကန်သည်၊ အရေးကြီးသည်၊ တန်ဖိုးရှိသည်ကို သူယုံကြည်ရမည်။ ဆရာတစ်ဦးသည် မိမိသွန်သင်သည့်အရာကို အလေးထားပါက သူ၏စိတ်အားထက်သန်မှု ပေါ်လွင်နေမည်ဖြစ်ပြီး သူသွန်သင်ပေးနေသူတို့အပေါ် ကြီးစွာသြဇာညောင်းမည်။ အခြားတစ်ဖက်တွင်မူ ဆရာတစ်ဦးသည် မိမိသွန်သင်သည့်အရာကို အမှန်လေးမြတ်စိတ်မရှိပါက ကျောင်းသားများသည် မိမိတို့ကြားသိရာကို တန်ဖိုးထားရန် သူမည်သို့မျှော်လင့်နိုင်ပါမည်နည်း။ ဘုရားသခင့်နှုတ်မြွက်တော်ကို သွန်သင်သူတစ်ဦးအနေနှင့် သင်၏စံနမူနာကို ဘယ်တော့မျှလျှော့မတွက်ပါနှင့်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကောင်းစွာလေ့ကျင့်ခံရသည့်တပည့်တိုင်း မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။”—လု. ၆:၄၀The New Berkeley Version in Modern English.

၁၁။ ယေရှုသည် မိမိသွန်သင်ပေးရာကို အဘယ်ကြောင့်မြတ်နိုးခဲ့သနည်း။

၁၁ ယေရှုသည် မိမိသွန်သင်သည့်အရာကို မြတ်နိုးခဲ့သည်။ မိမိ၌ ဝေမျှရန်တန်ဖိုးရှိရာဖြစ်သော ကောင်းကင်ခမည်းတော်နှင့်ပတ်သက်သည့် အမှန်တရား၊ “ဘုရားသခင်၏စကားတော်များ” နှင့် “ထာဝရအသက်နှင့်ဆိုင်သောစကား” များရှိကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။ (ယော. ၃:၃၄; ၆:၆၈) စူးရှသောအလင်းတန်းတစ်ခုအလား ယေရှုသွန်သင်ပေးသည့်အမှန်တရားများသည် မကောင်းမှုကိုလှစ်ဟပြပြီး ကောင်းမှုကိုပေါ်လွင်စေခဲ့သည်။ အမှန်တရားသည် မှားသောဝတ်ပြုရေးခေါင်းဆောင်များ၏ လှည့်ဖြားမှုခံနေရသူတို့နှင့် စာတန်၏ညှဉ်းဆဲခံရသူတို့ဖြစ်သော စိတ်နှိမ့်ချသူတို့ကို မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုဖြစ်စေသည်။ (တ. ၁၀:၃၈) အမှန်တရားအပေါ်ယေရှု၏မြတ်နိုးမှုကို ကိုယ်တော်၏သွန်သင်ချက်များတွင်သာမက ကိုယ်တော်၏လုပ်ရပ်အားလုံးတွင် တွေ့မြင်ရသည်။

၁၂။ သတင်းကောင်းနှင့်ပတ်သက်၍ တမန်တော်ပေါလု မည်သို့ယူမှတ်ခဲ့သနည်း။

၁၂ ယေရှုကဲ့သို့ပင် ကိုယ်တော်၏တပည့်များသည် ယေဟောဝါ၊ ခရစ်တော်နှင့်ဆိုင်သောအမှန်တရားကို အလွန်မြတ်နိုး၊ တန်ဖိုးထားခဲ့ကြရာ ယင်းတို့ကို အခြားသူတို့အားဝေမျှခြင်းမပြုရန် ဆန့်ကျင်သူတို့ မတားဆီးနိုင်ခဲ့ပါ။ ရောမရှိခရစ်ယာန်ချင်းများအား ပေါလုဤသို့ရေးခဲ့၏– “ငါသည် . . . သတင်းကောင်း ဟောပြောလိုစိတ် ပြင်းပြပါ၏။ ငါသည် သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်း မရှိ။ အကြောင်းမူကား ထိုသတင်းကောင်းသည် . . . ယုံကြည်သူတိုင်းကိုကယ်တင်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။” (ရော. ၁:၁၅၊ ၁၆) အမှန်တရားကိုကြွေးကြော်ခြင်းသည် ဂုဏ်ယူစရာဖြစ်သည်ဟု ပေါလုယူမှတ်ခဲ့သည်။ သူဤသို့ရေးခဲ့၏– ‘ငါ့အား ထိုမဟာချစ်ခင်ကြင်နာမှုကို ပေးတော်မူပြီ။ သို့ဖြင့် ခရစ်တော်၏အတိုင်းမသိ ကြွယ်ဝပြည့်စုံမှုအကြောင်း သတင်းကောင်းကို လူမျိုးခြားတို့အား ငါပြောကြားရ၏။’ (ဧ. ၃:၈) ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များအကြောင်း အခြားသူတို့ကိုသွန်သင်သည့်အခါ ပေါလု၏စိတ်အားထက်သန်မှုကို မြင်ယောင်ကြည့်ရန်မခက်ပါလေ။

၁၃။ သတင်းကောင်းကိုချစ်မြတ်နိုးရန် အဘယ်အကြောင်းရင်းများရှိသနည်း။

၁၃ ဘုရားသခင့်နှုတ်မြွက်တော်တွင်တွေ့ရသော သတင်းကောင်းသည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်ကိုသိကျွမ်းလာစေပြီး ကိုယ်တော်နှင့် မေတ္တာပါဆက်ဆံရေးရရှိစေသည်။ ယင်းသတင်းကောင်းသည် ဘဝ၏အရေးကြီးသောမေးခွန်းများအတွက် ကျေနပ်ဖွယ်အဖြေရရှိစေပြီး ကျွန်ုပ်တို့အသက်တာကို ပြောင်းလဲနိုင်စွမ်း၊ မျှော်လင့်ချက်ပေးနိုင်စွမ်း၊ ခက်ခဲဆင်းရဲချိန်များတွင် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေသည်။ ထို့ပြင် ဘယ်တော့မျှကုန်ဆုံးမည်မဟုတ်သော အဓိပ္ပာယ်ပြည့်ဝသည့်အသက်လမ်းသို့ ညွှန်ပြသည်။ ဤသတင်းကောင်းထက် ပို၍တန်ဖိုးရှိသော သို့မဟုတ် ပို၍အရေးကြီးသောအသိပညာ တခြားမရှိပါ။ ယင်းသည် ကျွန်ုပ်တို့အားပေးအပ်ထားသည့် အဖိုးမဖြတ်နိုင်သော ဆုကျေးဇူးတစ်ခုဖြစ်ပြီး ကြီးစွာသောရွှင်လန်းမှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့သည် ယင်းဆုကျေးဇူးကို အခြားသူတို့အားဝေမျှသည့်အခါ ထပ်ဆင့်ရွှင်လန်းမှုရရှိကြသည်။—တ. ၂၀:၃၅

၁၄။ ကျွန်ုပ်တို့သွန်သင်သည့်အရာအပေါ် ချစ်မြတ်နိုးစိတ်ကို မည်သို့ခိုင်မြဲစေနိုင်သနည်း။

၁၄ သတင်းကောင်းကို သင်၏ချစ်မြတ်နိုးစိတ် ပို၍ခိုင်မြဲစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုသည့်အခါ သင်ဖတ်နေသည့်အရာကို ပြန်ပြောင်းဆင်ခြင်ရန် ရံဖန်ရံခါ ခေတ္တရပ်နားပါ။ ဥပမာ၊ ယေရှုမြေကြီးဓမ္မအမှုဆောင်စဉ် သင်သည် ကိုယ်တော်နှင့်အတူလိုက်ပါသည် သို့မဟုတ် တမန်တော်ပေါလု၏ခရီးစဉ်တွင် အတူလိုက်ပါသည်ဟု မြင်ယောင်ကြည့်ပါ။ သင်သည် ကမ္ဘာသစ်တွင်ရောက်ရှိနေပြီး အလွန်ခြားနားသော ဘဝအသက်တာဖြစ်မည်တို့ကို မြင်ယောင်ကြည့်ပါ။ သတင်းကောင်းကို နာခံခြင်းကြောင့် သင်ရရှိခဲ့သော ကောင်းချီးများကို ပြန်ပြောင်းစဉ်းစားပါ။ သတင်းကောင်းကိုချစ်မြတ်နိုးစိတ် ဆက်၍ခိုင်မာနေမည်ဆိုလျှင် သင်,သွန်သင်ပေးသူတို့သည် ထိုချစ်မြတ်နိုးစိတ်ကို ခံစားသိရှိကြမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သင်ယူသိရှိခဲ့ရာကို အသေအချာတွေးတောဆင်ခြင်ပြီး ကျွန်ုပ်တို့သွန်သင်ပေးရာကို အာရုံစိုက်သင့်သည်မှာ အကြောင်းကောင်းရှိ၍တည်း။—၁ တိမောသေ ၄:၁၅၊ ၁၆ ကိုဖတ်ပါ။

လူတို့ကို ချစ်ရမည်

၁၅။ ဆရာတစ်ဦးသည် အဘယ်ကြောင့် မိမိတပည့်များကိုချစ်သင့်သနည်း။

၁၅ ဆရာကောင်းတစ်ဦးသည် မိမိ၏တပည့်များကို သက်သောင့်သက်သာရှိစေသည်၊ သို့မှသာ သူတို့သည် သင်ယူနေသည့်အရာတွင် ကိုယ်တိုင်စိတ်ပါလာပြီး ပျော်ရွှင်ကြသည်။ မေတ္တာရှိသောဆရာတစ်ဦးသည် မိမိတပည့်များကို အမှန်တကယ်ဂရုစိုက်သောကြောင့် သူတို့ကိုအသိပညာပေးသည်။ တပည့်များ၏လိုအပ်ရာများ၊ နားလည်သဘောပေါက်နိုင်စွမ်းနှင့်အညီ မိမိ၏သင်ကြားပေးမှုကို ပြုပြင်ပြောင်းလဲသည်။ တပည့်များ၏ စွမ်းရည်များ၊ အခြေအနေများကို အကင်းပါးပါးသိရှိသည်။ ဆရာများတွင် ထိုသို့သောမေတ္တာရှိသည့်အခါ တပည့်များသည် ယင်းကိုသိမြင်ကြမည်ဖြစ်ပြီး သင်ကြားမှုနှင့် သင်ယူမှုသည် ပျော်စရာဖြစ်သည်။

၁၆။ ယေရှုသည် လူတို့ကိုချစ်ကြောင်း အဘယ်နည်းများဖြင့် တင်ပြခဲ့သနည်း။

၁၆ ထိုသို့သောမေတ္တာမျိုးကို ယေရှုတင်ပြခဲ့သည်။ ကိုယ်တော်၏အကြီးမားဆုံးမေတ္တာပြမှုမှာ အခြားသူတို့ကယ်တင်ခံရရန် မိမိ၏စုံလင်သောလူ့အသက်ကို စွန့်ခဲ့ခြင်းဖြစ်သည်။ (ယော. ၁၅:၁၃) ယေရှုသည် ဓမ္မအမှုဆောင်ချိန်အတွင်း လူတို့၏ကာယရေး၊ အထူးသဖြင့် ဝိညာဉ်ရေးကို မမောနိုင်မပန်းနိုင် ဂရုစိုက်စောင့်ရှောက်ခဲ့သည်။ လူတို့မိမိထံလာရန် မျှော်နေမည့်အစား လူတို့ကိုသတင်းကောင်းဝေမျှရန် မိုင်ရာနှင့်ချီခြေကျင်သွားခဲ့သည်။ (မ. ၄:၂၃-၂၅; လု. ၈:၁) ကိုယ်တော်သည် သည်းခံပြီး နားလည်မှုရှိသည်။ တပည့်များ ပြုပြင်တည့်မတ်ပေးဖို့လိုအပ်သည့်အခါ မေတ္တာနှင့်ပြုပြင်ပေးခဲ့သည်။ (မာ. ၉:၃၃-၃၇) တပည့်များသည် သတင်းကောင်းကို ထိရောက်စွာဟောပြောသူများဖြစ်မည်ကို ယုံကြည်စိတ်ချကြောင်းဖော်ခြင်းဖြင့် သူတို့ကိုအားပေးခဲ့သည်။ လူသားတို့တွင် ယေရှုထက် ပို၍မေတ္တာပြည့်ဝသောဆရာ တစ်ဦးမျှမရှိပါ။ တပည့်များအပေါ်ပြသခဲ့သော ကိုယ်တော်၏မေတ္တာက သူတို့လည်း ကိုယ်တော့်ကိုပြန်ချစ်မြတ်နိုးပြီး ကိုယ်တော့်ပညတ်များကိုစောင့်ရှောက်ရန် လှုံ့ဆော်ခဲ့သည်။—ယောဟန် ၁၄:၁၅ ကိုဖတ်ပါ။

၁၇။ ယေရှု၏တပည့်များသည် အခြားသူတို့ကို မည်သို့မေတ္တာပြခဲ့သနည်း။

၁၇ ယေရှုကဲ့သို့ပင် ကိုယ်တော့်တပည့်များသည် မိမိတို့ဟောပြောသူတို့ကို နက်ရှိုင်းစွာချစ်ခင်၊ မြတ်နိုးကြောင်း တင်ပြခဲ့ကြသည်။ သူတို့သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အသက်ဘေးကြုံရခြင်းကိုခံရပ်ခြင်းဖြင့် သူတစ်ပါးအစေကိုခံခဲ့ရာ သတင်းကောင်းဟောပြောခြင်းတွင် အောင်မြင်ခဲ့သည်။ သတင်းကောင်းလက်ခံသူတို့အပေါ်ထားသည့် မေတ္တာပင်ဖြစ်သည်။ ဤသို့ရေးခဲ့သော တမန်တော်ပေါလု၏စကားများသည် အမှန်ပင်ထိမိသည်– “နို့တိုက်မိခင်သည် သားသမီးများကို မြတ်နိုးယုယသကဲ့သို့ ငါတို့သည် သင်တို့ကို သိမ်မွေ့ညင်သာစွာ ပြုစုကြ၏။ ငါတို့သည် သင်တို့ကို အလွန်ချစ်ခင်စုံမက်သောကြောင့် ဘုရားသခင်၏ သတင်းကောင်းကိုသာမက ကိုယ့်အသက်ကိုပင် ပေးလိုသောစိတ်ရှိ၏။ သင်တို့သည် ငါတို့ချစ်ခင်မြတ်နိုးရသူများ ဖြစ်လာသောကြောင့်ဖြစ်၏။”—၁ သက်. ၂:၇၊ ၈

၁၈၊ ၁၉။ (က) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ရာတွင် အဘယ်ကြောင့် တလိုတလားကိုယ်ကျိုးစွန့်ကြသနည်း။ (ခ) ကျွန်ုပ်တို့တင်ပြသောမေတ္တာကို အခြားသူတို့သတိပြုမိကြောင်းတင်ပြသည့် ဥပမာတစ်ခုပေးပါ။

၁၈ အလားတူပင်၊ မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် ဘုရားသခင်ကိုသိကျွမ်းပြီး ကိုးကွယ်လိုသူတို့ကို ရှာဖွေရာတွင် ကမ္ဘာတစ်ဝန်းဟောပြောကြသည်။ မှန်ပါသည်၊ လွန်ခဲ့သော ၁၇ နှစ်အတွင်း နှစ်စဉ်နှစ်တိုင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် နာရီသန်းတစ်ထောင်ကျော်အသုံးပြုခဲ့ကြပြီး ယင်းလုပ်ငန်းကို ဆက်၍လုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းအတွက် အချိန်၊ ခွန်အားနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ စွန့်လွှတ်အနစ်နာခံဖို့လိုအပ်သော်လည်း ထိုသို့တလိုတလားလုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် လူတို့အား ထာဝရအသက်ရစေသည့် အသိပညာရရှိစေလိုကြောင်း ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့သဘောပေါက်ကြသည်။ (ယော. ၁၇:၃; ၁ တိ. ၂:၃၊ ၄) စိတ်နှလုံးရိုးဖြောင့်သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ ယေဟောဝါကိုသိလာပြီး ချစ်မြတ်နိုးလာစေရန် သူတို့ကိုအကူအညီပေးဖို့ မေတ္တာက ကျွန်ုပ်တို့ကိုလှုံ့ဆော်သည်။

၁၉ ကျွန်ုပ်တို့တင်ပြသောမေတ္တာကို အခြားသူတို့ သတိပြုမိကြသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုမှ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် ချစ်မြတ်နိုးရသူတို့ သေဆုံးသွားသူတို့ထံ နှစ်သိမ့်စာများရေးသည်။ အမျိုးသားတစ်ဦး ဤသို့စာပြန်ရေးခဲ့၏– “လူတစ်ယောက်ဟာ ကိုယ်လုံးဝမသိတဲ့သူစိမ်းတစ်ယောက် အခက်တွေ့နေတဲ့အချိန်မှာ ခံရပ်နိုင်အောင်အကူအညီအနေနဲ့ ဒီလိုစာရေးဖို့ကြိုးစားတဲ့အတွက် စစချင်းတော့ ကျွန်တော်အံ့သြသွားတယ်။ ခင်ဗျားဟာ လူတွေကိုအသက်လမ်းပေါ်လမ်းညွှန်ပေးတဲ့ ဘုရားသခင်ကိုနဲ့ လူသားချင်းကို ချစ်မြတ်နိုးတဲ့သူဖြစ်တယ်လို့ပဲ ကျွန်တော်ကောက်ချက်ချနိုင်တယ်။”

၂၀။ မေတ္တာဖြင့်သွန်သင်ရန် မည်မျှအရေးကြီးသနည်း။

၂၀ အလုပ်တစ်ခုကို မေတ္တာ၊ စွမ်းရည်တို့ဖြင့်လုပ်ဆောင်သည့်အခါ ထူးကဲပြောင်မြောက်သည့်လက်ရာတစ်ခုကို မျှော်လင့်နိုင်သည်ဟု အဆိုရှိသည်။ ကျွန်ုပ်တို့သွန်သင်သည့်အခါ သင်သားသည် ယေဟောဝါကိုသိလာပြီး ကိုယ်တော်ကိုချစ်မြတ်နိုးသည့်နှလုံး ဖြစ်ပေါ်လာစေရန် ကျွန်ုပ်တို့ကြိုးစားကူညီကြသည်။ မှန်ပါသည်၊ အမှန်ပင်ထိရောက်သောသွန်သင်သူများဖြစ်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်ရန်၊ အမှန်တရားကိုချစ်ရန်၊ လူတို့ကိုချစ်ရန်ဟူသည့် မေတ္တာသုံးမျိုးလိုသည်။ ထိုသို့သောမေတ္တာမျိုးကို ပြုစုပျိုးထောင်ပြီး ဓမ္မအမှုတွင်တင်ပြသည့်အခါ ပေးကမ်းခြင်းကြောင့် ရွှင်လန်းမှုရသည်သာမက ယေရှုကိုတုပရာရောက်ပြီး ယေဟောဝါနှစ်သက်ကြောင်းသိရခြင်းဖြင့် စိတ်ကျေနပ်မှုလည်း ခံစားရသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• သတင်းကောင်းကို အခြားသူတို့အားသွန်သင်သည့်အခါ . . .။

ဘုရားသခင်ကိုချစ်ရန်

ကျွန်ုပ်တို့သွန်သင်ရာကိုချစ်ရန်

ကျွန်ုပ်တို့သွန်သင်ပေးသူတို့ကိုချစ်ရန်

အဘယ်ကြောင့်အရေးကြီးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျမ်းတတ်၊ ဖာရိရှဲတို့နှင့်မတူဘဲ ယေရှု၏သွန်သင်ပုံကို အဘယ်အရာက ကွဲပြားခြားနားစေသနည်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကောင်းစွာသွန်သင်ရန် အသိပညာ၊ စွမ်းရည်နှင့် အထူးသဖြင့် မေတ္တာလိုသည်