မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သာလွန်ကောင်းမြတ်သော” မေတ္တာ “လမ်းစဉ်ကို” သင်လိုက်လျှောက်သလော

“သာလွန်ကောင်းမြတ်သော” မေတ္တာ “လမ်းစဉ်ကို” သင်လိုက်လျှောက်သလော

“သာလွန်ကောင်းမြတ်သော” မေတ္တာ “လမ်းစဉ်ကို” သင်လိုက်လျှောက်သလော

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” တမန်တော်ယောဟန်၏ဤစကားများက ဘုရားသခင်၏အဓိကအရည်အသွေးကို ဖော်ပြသည်။ (၁ ယော. ၄:၈) ကျွန်ုပ်တို့အား ကိုယ်တော်ထံချဉ်းကပ်စေနိုင်သည့်၊ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိစေနိုင်သည့်အရာမှာ လူသားတို့ကိုချစ်သော ဘုရားသခင်၏မေတ္တာတော်ဖြစ်သည်။ ဘုရားသခင်၏မေတ္တာက ကျွန်ုပ်တို့အား အခြားအဘယ်နည်းများဖြင့် အကျိုးပြုသနည်း။ ဤသို့အဆိုရှိ၏– “ကျွန်ုပ်တို့သည် မိမိတို့ချစ်ခင်နှစ်သက်သည့်အရာအားဖြင့် ပုံသွင်းခံရသည်။” ယင်းအဆိုသည် မှန်ကန်၏။ သို့သော် ကျွန်ုပ်တို့ချစ်သောသူ၊ ကျွန်ုပ်တို့ကိုချစ်သောသူအားဖြင့် ကျွန်ုပ်တို့ပုံသွင်းခံရသည်ဟူသည့်အချက်လည်း မှန်ကန်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောကြောင့် ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်မေတ္တာတော်ကို တင်ပြနိုင်ကြသည်။ (က. ၁:၂၇) “ကိုယ်တော်သည် ငါတို့ကို ဦးစွာချစ်တော်မူသောကြောင့်” ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်သည်ဟု တမန်တော်ယောဟန်ရေးခဲ့ခြင်းဖြစ်သည်။—၁ ယော. ၄:၁၉

ချစ်ခြင်းမေတ္တာကိုဖော်ပြသော စကားလုံးလေးလုံး

တမန်တော်ပေါလုက ချစ်ခြင်းမေတ္တာကို “သာလွန်ကောင်းမြတ်သောလမ်းစဉ်” ဟုခေါ်ဆိုခဲ့သည်။ (၁ ကော. ၁၂:၃၁) သူသည် ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ဤနည်းဖြင့်ဖော်ပြခဲ့သနည်း။ အဘယ်သို့သောချစ်ခြင်းမေတ္တာမျိုးကို ပေါလုရည်ညွှန်းခြင်းနည်း။ အဖြေကိုသိရန် “ချစ်ခြင်းမေတ္တာ” ဟူသောစကားလုံး၏အဓိပ္ပာယ်ကို အနီးကပ်လေ့လာကြည့်ကြစို့။

ရှေးဂရိလူတို့တွင် ချစ်ခြင်းမေတ္တာကိုဖော်ပြရန် ပုံစံအမျိုးမျိုးဖြင့်အသုံးပြုသော အခြေခံစကားလုံးလေးလုံးရှိသည်– စတောဂျီ၊ အီရော့စ်၊ ဖီလီယာနှင့် အဂါးပေးတို့ဖြစ်သည်။ ယင်းတို့ထဲတွင် အဂါးပေးသည် “ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သောဘုရားသခင်ကိုဖော်ပြရန် အသုံးပြုသည့် အသုံးအနှုန်းဖြစ်သည်။ * ယင်းမေတ္တာနှင့်ပတ်သက်၍ ပါမောက္ခ ဝီလျံဘာကလေးက သူ၏ဓမ္မသစ်ကျမ်းစကားလုံးများစာအုပ်တွင် ဤသို့ဖော်ပြသည်– “အဂါးပေးသည် စိတ်နှင့်ဆိုင်သည်– ကျွန်ုပ်တို့နှလုံးထဲ အလိုအလျောက်ပေါ်လာတတ်သည့် စိတ်လှုပ်ရှားမှုမျိုးမျှမဟုတ်; ကျွန်ုပ်တို့ တမင်ကျင့်ယူရသည့်မူ ဖြစ်ပါသည်။ အဂါးပေးသည် စိတ်ဓာတ်နှင့် အဓိကသက်ဆိုင်သည်။” ယင်းစကားစပ်တွင် အဂါးပေးသည် မူအားဖြင့်ထိန်းချုပ်ခံရ သို့မဟုတ် လမ်းညွှန်ခံရသည့်မေတ္တာဖြစ်၏၊ သို့သော် ယင်းသည် ပြင်းထန်သောစိတ်လှုပ်ရှားမှုနှင့် တွဲလေ့ရှိသည်။ ကောင်းသောမူများနှင့် မကောင်းသောမူများရှိသည်ဖြစ်၍ ခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် သမ္မာကျမ်းစာတွင်အတည်ပြုထားသည့် ကောင်းသောမူများ၏လမ်းညွှန်မှုကို ခံယူသင့်သည်မှာ ထင်ရှားသည်။ မေတ္တာကိုရုပ်လုံးဖော်ပြရာတွင် သမ္မာကျမ်းစာ၌အသုံးပြုထားသည့် အခြားအသုံးအနှုန်းများနှင့် အဂါးပေးဆိုင်ရာကျမ်းစာဖော်ပြချက်များကို နှိုင်းယှဉ်ကြည့်သည့်အခါ ကျွန်ုပ်တို့တင်ပြသင့်သောမေတ္တာကို ပို၍နားလည်လာပါလိမ့်မည်။

မိသားစုအသိုင်းအဝိုင်းအတွင်းရှိ ချစ်ခြင်းမေတ္တာ

နွေးထွေးမှုနှင့် စည်းလုံးမှုရှိသည့်မိသားစုတွင် မိသားစုဝင်ဖြစ်ရခြင်းသည် အလွန်နှစ်သက်စရာပင်! စတောဂျီသည် မိသားစုဝင်များကြားရှိ မိသားစုချစ်ခင်စုံမက်ခြင်းကိုရည်ညွှန်းရန် အသုံးပြုလေ့ရှိသော ဂရိစကားလုံးဖြစ်သည်။ ခရစ်ယာန်များသည် မိမိတို့၏မိသားစုဝင်များကို မေတ္တာပြရန်ကြိုးစားကြသည်။ နောက်ဆုံးသောနေ့ရက်များတွင် လူအများစုသည် “မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ” တို့ ဖြစ်ကြလိမ့်မည်ဟု ပေါလုပရောဖက်ပြုခဲ့သည်။ *၂ တိ. ၃:၁၊

မိသားစုဝင်များစပ်ကြားရှိသင့်သည့်သဘာဝမေတ္တာသည် ယနေ့လောကတွင် ဝမ်းနည်းဖွယ်ကင်းမဲ့နေပါသည်။ များစွာသောကိုယ်ဝန်ဆောင်မိခင်များသည် အဘယ်ကြောင့် ကိုယ်ဝန်ဖျက်ချကြသနည်း။ မိသားစုများစွာတို့သည် မိမိတို့၏သက်ကြီးရွယ်အိုမိဘများကို အဘယ်ကြောင့် စိတ်ဝင်စားမှုမပြကြသနည်း။ ကွာရှင်းမှုနှုန်းသည် အဘယ်ကြောင့် အလျင်အမြန်တိုးတက်လာသနည်း။ အဖြေမှန်မှာ မိသားစုချစ်ခင်စုံမက်မှုကင်းမဲ့နေသောကြောင့်ဖြစ်သည်။

ထို့ပြင် “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏” ဟုသမ္မာကျမ်းစာဖော်ပြသည်။ (ယေ. ၁၇:၉) မိသားစုမေတ္တာတွင် ကျွန်ုပ်တို့၏နှလုံး၊ ကျွန်ုပ်တို့၏ခံစားချက်များအကျုံးဝင်သည်။ သို့သော် ခင်ပွန်းသည်တစ်ဦး မိမိဇနီးအားတင်ပြသင့်သည့်မေတ္တာကို ရုပ်လုံးဖော်ရာတွင် အဂါးပေးကို ပေါလုအသုံးပြုခဲ့သည်မှာ စိတ်ဝင်စားစရာပင်။ ပေါလုသည် ယင်းမေတ္တာကို အသင်းတော်အပေါ် ခရစ်တော်တင်ပြခဲ့သောမေတ္တာနှင့် နှိုင်းယှဉ်ခဲ့သည်။ (ဧ. ၅:၂၈၊ ၂၉) ယင်းမေတ္တာသည် မိသားစုအစီအစဉ်၏အစပြုရှင် ယေဟောဝါ ချမှတ်ထားသောမူများပေါ်အခြေခံသည်။

မိသားစုဝင်များအပေါ်ထားသော စစ်မှန်သည့်မေတ္တာက သက်ကြီးရွယ်အိုမိဘများအပေါ် စိတ်ဝင်စားမှုတင်ပြရန် သို့မဟုတ် ကျွန်ုပ်တို့၏ကလေးများအတွက်တာဝန်ယူရန် လှုံ့ဆော်ပေးသည်။ ထို့ပြင် မိမိတို့၏ကလေးများ လိုအပ်သောအခါမေတ္တာပါပါဆုံးမရန် မိဘတို့ကိုလှုံ့ဆော်ပေးပြီး ကလေးများအပေါ် တရားလွန်အလိုလိုက်သည့်သဘောထားကိုဖြစ်စေလေ့ရှိသော အဆင်ခြင်မဲ့စိတ်အလိုလိုက်ပြုမူခြင်းမှကာကွယ်ပေးသည်။—ဧ. ၆:၁-၄

အိမ်ထောင်ဖက်နှစ်ဦး၏မေတ္တာနှင့် ကျမ်းစာမူများ

အိမ်ထောင်အစီအစဉ်တွင်ရှိသော ဇနီးမောင်နှံမေတ္တာသည် ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခုအမှန်ဖြစ်သည်။ (သု. ၅:၁၅-၁၇) သို့သော် အိမ်ထောင်ဖက်နှစ်ဦး၏မေတ္တာကိုရည်ညွှန်းသည့် အီရော့စ်စကားလုံးကို မှုတ်သွင်းခံကျမ်းရေးသူများ မသုံးခဲ့ကြပါ။ အဘယ်ကြောင့်နည်း။ လွန်ခဲ့သောနှစ်များတွင် ကင်းမျှော်စင်စာစောင်က ဤမှတ်ချက်ကိုဖော်ပြခဲ့သည်– “ယနေ့ လောကတစ်ခုလုံးသည် ရှေးဂရိလူတို့ ကျူးလွန်ခဲ့သောအမှားကိုပင် ကျူးလွန်နေပုံရသည်။ သူတို့သည် အချစ်နတ်ဘုရားအဖြစ် အီရော့စ် (Eros) ကိုကိုးကွယ်ခဲ့ကြသည်၊ ၎င်း၏ယဇ်ပလ္လင်တွင် ပျပ်ဝပ်ခဲ့ကြပြီး ယဇ်ပူဇော်ခဲ့ကြသည်။ . . . သို့သော် လိင်ဆိုင်ရာအချစ်နှင့်ဆိုင်သော ယင်းကိုးကွယ်မှုသည် ယုတ်ညံ့ခြင်း၊ ပေါက်လွှတ်နေခြင်းနှင့် အကျင့်ပျက်ခြင်းတို့ကိုသာ ဖြစ်စေခဲ့ကြောင်း သမိုင်းကဖော်ပြ၏။ ထို့ကြောင့် ယင်းစကားလုံးကို ကျမ်းရေးသူများအသုံးမပြုခြင်းဖြစ်နိုင်သည်။” ရုပ်ရည်ဆွဲဆောင်မှု၊ စိတ်ကူးယဉ်ဆန်သော ခံစားချက်များအပေါ် လုံးလုံးအခြေခံသည့်ဆက်ဆံရေးတွင် ပါဝင်ပတ်သက်ခြင်းကို ကျွန်ုပ်တို့ရှောင်ရန်မှာ ကျမ်းစာမူများဖြင့် ထိန်းချုပ် သို့မဟုတ် ချုပ်တည်းထားရမည်။ ထို့ကြောင့် မိမိကိုယ်ကို ဤသို့မေးပါ– ‘ငါ့ရဲ့စိတ်ကူးယဉ်ဆန်တဲ့ခံစားချက်တွေဟာ အိမ်ထောင်ဖက်အပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာစစ်နဲ့ ညီမျှမှုရှိရဲ့လား။’

လိင်ဆန္ဒအလွန်ပြင်းထန်လေ့ရှိသော “အပွင့်လန်းဆုံးအချိန်” တွင် ကျမ်းစာမူများကို ကိုင်စွဲထားသောလူငယ်များသည် ကိုယ်ကျင့်တရားသန့်ရှင်းစွာ နေထိုင်ကြလိမ့်မည်။ (၁ ကော. ၇:၃၆; ကော. ၃:၅) ကျွန်ုပ်တို့သည် ထိမ်းမြားခြင်းကို ယေဟောဝါထံမှမြင့်မြတ်သောဆုကျေးဇူးတစ်ခုအဖြစ် ရှုမြင်ကြသည်။ ဇနီးမောင်နှံများနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” (မ. ၁၉:၆) အပြန်အလှန်ဆွဲဆောင်မှုရှိနေသရွေ့သာ အတူတူနေကြခြင်းဖြစ်မည့်အစား ထိမ်းမြားခြင်းကို လေးနက်တည်ကြည်စွာပြုသည့်ကတိအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြသည်။ အိမ်ထောင်တွင် ပြဿနာများပေါ်လာသောအခါ ကျွန်ုပ်တို့သည် အလွယ်တကူလမ်းခွဲရန်မကြိုးစားဘဲ မိသားစုဘဝကိုပျော်ရွှင်စေသည့် ဘုရားသခင်နှစ်သက်သောအရည်အသွေးများတင်ပြရန် ထက်သန်စွာကြိုးစားကြသည်။ ယင်းသို့သောကြိုးစားမှုများက တည်မြဲသောပျော်ရွှင်မှုကို ဖြစ်စေလိမ့်မည်။—ဧ. ၅:၃၃; ဟေဗြဲ ၁၃:၄

မိတ်ဆွေများကြားရှိ မေတ္တာ

မိတ်ဆွေများမရှိသောဘဝသည် ပျင်းရိဖွယ်ကောင်းပါလိမ့်မည်။ ကျမ်းစာပါပညာရှိစကားက ဤသို့ဆိုသည်– “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” (သု. ၁၈:၂၄) ကျွန်ုပ်တို့တွင် မိတ်ဆွေစစ်များရှိရန် ယေဟောဝါအလိုရှိသည်။ ဒါဝိဒ်နှင့် ယောနသန်သည် အလွန်ရင်းနှီးမှုရှိကြောင်း အများသိကြသည်။ (၁ ရာ. ၁၈:၁) ထို့ပြင် ယေရှုသည် တမန်တော်ယောဟန်အား “ချစ်ခင်တော်မူ” သည်ဟုကျမ်းစာဆိုထား၏။ (ယော. ၂၀:၂) ‘ချစ်ခင်မှု’ သို့မဟုတ် ‘မိတ်ဆွေဖြစ်မှု’ အတွက်ဂရိစကားလုံးမှာ ဖီလီယာဖြစ်သည်။ အသင်းတော်တွင် ရင်းနှီးသောမိတ်ဆွေတစ်ဦးရှိခြင်းသည် မမှားပါ။ သို့သော် ၂ ပေတရု ၁:၇ ၌ကျွန်ုပ်တို့၏ “ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း” (ဖီလဒဲလ်ဖီးယား—“မိတ်ဆွေ” ဟူသည့်ဂရိစကားလုံး ဖီးလိုစ်နှင့် “ညီအစ်ကို” ဟူသည့်ဂရိစကားလုံး အဒယ်လ်ဖော်စ်ကို ပေါင်းစပ်ထားသည့်စကားလုံး) တွင်ချစ်ခြင်းမေတ္တာ (အဂါးပေး) ကိုထပ်ဆင့်ရန် ကျွန်ုပ်တို့ကို အားပေးထားသည်။ ကျွန်ုပ်တို့သည် ခိုင်မြဲသောမိတ်ဆွေဖြစ်နေရန် ယင်းအကြံပေးချက်ကို ကျင့်သုံးဖို့လိုသည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုဤသို့မေးသင့်သည်– ‘မိတ်ဆွေခင်မင်ရင်းနှီးမှုနဲ့ပတ်သက်တဲ့ ငါ့ရဲ့ခံစားချက်ဟာ ကျမ်းစာမူများနဲ့ ညီမျှရဲ့လား။’

မိတ်ဆွေများနှင့်ပေါင်းသင်းဆက်ဆံရာတွင် မျက်နှာလိုက်ခြင်းကိုရှောင်ရန် ဘုရားသခင့်နှုတ်မြွက်တော်က ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။ ကျွန်ုပ်တို့သည် စံနှုန်းနှစ်ခုဖြစ်သော ကျွန်ုပ်တို့၏မိတ်ဆွေများအတွက် အတော်အတန်သက်ညှာသောစံနှုန်းနှင့် ကျွန်ုပ်တို့မိတ်ဆွေမဟုတ်သူတို့အတွက် ပို၍တင်းကျပ်သောစံနှုန်းကို မကျင့်သုံးကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် မိတ်ဆွေများဖွဲ့ရန် မြှောက်ပင့်ခယခြင်းမပြုကြပါ။ အရေးကြီးဆုံးကား ကျမ်းစာမူများကိုကျင့်သုံးခြင်းက မိတ်ဆွေများရွေးချယ်ရန်နှင့် ‘ကောင်းသောအကျင့်တို့ကိုပျက်စီးစေတတ်သည့် မကောင်းသောအပေါင်းအသင်းတို့’ ကိုရှောင်ရန် လိုအပ်သည့်ပိုင်းခြားသိမြင်မှုကိုပေးသည်။—၁ ကော. ၁၅:၃၃

ထူးခြားသည့်မေတ္တာနှောင်ကြိုး!

ခရစ်ယာန်များကိုစည်းလုံးစေသည့်နှောင်ကြိုးသည် အမှန်ပင်ထူးခြား၏! တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သင်တို့၏မေတ္တာသည် ဟန်ဆောင်မှုကင်းပါစေ။ . . . ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။” (ရော. ၁၂:၉၊ ၁၀) မှန်ပါသည်၊ ခရစ်ယာန်များသည် ‘ဟန်ဆောင်မှုကင်းသောမေတ္တာ (အဂါးပေး)’ ပိုင်ဆိုင်ထားကြသည်။ ယင်းမေတ္တာသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို လှုံ့ဆော်ပေးသည့်ခံစားချက်နှင့် မကန့်သတ်ထားပါ။ ယင်းအစား ကျမ်းစာမူများတွင် နက်ရှိုင်းစွာအမြစ်စွဲ၏။ သို့သော် ပေါလုသည် “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်း” (ဖီလဒဲလ်ဖီးယား) နှင့် “ချစ်ခင်စုံမက်ခြင်း” (ဖီလိုစ်စတောဂိုစ်—ဖီးလိုစ်နှင့် စတောဂျီပေါင်းစပ်ထားသည့်စကားလုံး) အကြောင်းကိုလည်းပြောသည်။ ကျမ်းပညာရှင်တစ်ဦးအဆိုအရ “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်း” သည် “ချစ်ခင်စုံမက်သည့်မေတ္တာ၊ ကြင်နာမှုပြခြင်း၊ စာနာထောက်ထားခြင်း၊ အကူအညီပေးခြင်း” ဖြစ်သည်။ ယင်းကို အဂါးပေးမေတ္တာနှင့် ပေါင်းစပ်လိုက်သောအခါ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတို့တွင်ရှိသည့် ရင်းနှီးသောပေါင်းသင်းမှုကိုဖြစ်စေသည်။ (၁ သက်. ၄:၉၊ ၁၀) “ချစ်ခင်စုံမက်ခြင်း” ဟု ပြန်ဆိုခဲ့သည့်အသုံးအနှုန်းသည် သမ္မာကျမ်းစာတွင် တစ်ကြိမ်သာပါပြီး မိသားစုတစ်စုတွင်ကဲ့သို့ အလွန်နွေးထွေးသောရင်းနှီးမှုကို ရည်ညွှန်း၏။ *

ခရစ်ယာန်စစ်များကို စည်းလုံးစေသောနှောင်ကြိုးသည် မိသားစုမေတ္တာနှင့် မိတ်ဆွေစစ်များအပေါ်ချစ်ခင်စုံမက်မှုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ယင်းဆက်ဆံရေးအားလုံးသည် ကျမ်းစာမူများပေါ်အခြေခံထားခြင်းဖြစ်သည်။ ခရစ်ယာန်အသင်းတော်သည် လူမှုရေးအသင်း သို့မဟုတ် လောကအဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ ယေဟောဝါဘုရားသခင်၏ဝတ်ပြုရေးတွင် စည်းလုံးမှုရှိသည့် အလွန်ရင်းနှီးသောမိသားစုဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများကို ညီအစ်ကို၊ ညီအစ်မများဟုခေါ်ကြပြီး သူတို့ကို ထိုသို့ပင်ရှုမြင်ကြသည်။ သူတို့သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးမိသားစုဝင်များဖြစ်ကြသည်၊ မိတ်ဆွေများအဖြစ် သူတို့ကို ကျွန်ုပ်တို့ချစ်သည်၊ ကျမ်းစာမူများနှင့်အညီ သူတို့ကို ကျွန်ုပ်တို့အမြဲပြုမူဆက်ဆံကြသည်။ စစ်မှန်သောခရစ်ယာန်အသင်းတော်ကို စည်းလုံးစေပြီး ခွဲခြားသိမြင်စေသောမေတ္တာနှောင်ကြိုးကို ကျွန်ုပ်တို့အားလုံး ဆက်၍တင်ပြနိုင်ကြပါစေ။—ယော. ၁၃:၃၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အဂါးပေးကို အပျက်သဘောဆောင်သည့်စကားစပ်များတွင်လည်း အသုံးပြုခဲ့သည်။—ယော. ၃:၁၉; ၁၂:၄၃; ၂ တိ. ၄:၁၀; ၁ ယော. ၂:၁၅-၁၇

^ အပိုဒ်၊ 7 “မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ” ဟူသောအသုံးအနှုန်းသည် စတောဂျီ၏ရှေ့တွင် “မရှိ” ဟူ၍အဓိပ္ပာယ်ရှိသည့် အပျက်သဘောဆောင်သောစကားလုံး (a) ပါသည့်စတောဂျီပုံစံကို ပြန်ဆိုထားခြင်းဖြစ်သည်။—ရောမ ၁:၃၁ ကိုလည်းကြည့်ပါ။

^ အပိုဒ်၊ 18 ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် တခြားဂရိစကားလုံးများကိုလည်း “ချစ်ခင်စုံမက်ခြင်း” ဟူ၍ ပြန်ဆိုခဲ့သည်။ ထို့ကြောင့် ယင်းဘာသာပြန်ကျမ်းတွင် “ချစ်ခင်စုံမက်ခြင်း” သည် ရောမ ၁၂:၁၀ တွင်သာမက ဖိလိပ္ပိ ၁:၈ နှင့် ၁ သက်သာလောနိတ် ၂:၈ တို့တွင်လည်း ပါရှိသည်။

[စာမျက်နှာ ၁၂ ပါပုံစာ]

ကျွန်ုပ်တို့အား စည်းလုံးစေသောမေတ္တာနှောင်ကြိုးကို သင်မည်သို့တင်ပြသနည်း