မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုရှာတွေ့ခြင်း

“ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုရှာတွေ့ခြင်း

“ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုရှာတွေ့ခြင်း

“ဉာဏ်ပညာ၊ အသိပညာတို့နှင့်ဆိုင်သောဘဏ္ဍာရှိသမျှကို ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ၏။”—ကော. ၂:၃

၁၊ ၂။ (က) ၁၉၂၂ ခုနှစ်တွင် အဘယ်ရှေးဟောင်းလက်ရာပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းတို့သည် ယခု အဘယ်နေရာတွင်နိဂုံးချုပ်ခဲ့သနည်း။ (ခ) ဘုရားသခင့်နှုတ်မြွက်တော်က လူတိုင်းအား အဘယ်ဖိတ်ခေါ်ချက်ကမ်းလှမ်းသနည်း။

ဝှက်ထားသောဘဏ္ဍာများ ရှာဖွေတွေ့ရှိချက်များကို အလွန်အရေးကြီးသောသတင်းအဖြစ် ရှုမြင်လေ့ရှိသည်။ ဥပမာ၊ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှလူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဟာဝပ်ဒ်ကာတာသည် ခက်ခဲကြမ်းတမ်းသောဝန်းကျင်တွင် ဆယ်စုနှစ်များစွာ ဝီရိယရှိရှိလုပ်ဆောင်ပြီးနောက် ထူးခြားသောစူးစမ်းရှာဖွေမှုတစ်ခုကို တွေ့ရှိခဲ့သည်။ သူသည် နဂိုအတိုင်းပုံမပျက်သေးသည့် ပစ္စည်း ၅,၀၀၀ နီးပါးပါဝင်သော ဖာရောတူတန်ခါမန်၏တော်ဝင်သင်္ချိုင်းဂူကို တွေ့ရှိခဲ့သည်။

ကာတာ၏တွေ့ရှိချက်သည် အံ့မခန်းဖွယ်ဖြစ်ငြားလည်း သူတွေ့ရှိခဲ့သည့်ရှေးဟောင်းလက်ရာပစ္စည်းအများစုသည် ယခုအခါ ပြတိုက်များ သို့မဟုတ် ကိုယ်ပိုင်စုဆောင်းမှုများတွင် နိဂုံးချုပ်သွားသည်။ ယင်းတို့သည် သမိုင်းဝင် သို့မဟုတ် အနုပညာတန်ဖိုးအတော်အတန်ရှိပေမည်၊ သို့သော် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာအပေါ် သက်ရောက်မှုမရှိပါ။ သို့ရာတွင် ဘုရားသခင့်နှုတ်မြွက်တော်သည် ကျွန်ုပ်တို့အပေါ် အမှန်တကယ်အကျိုးသက်ရောက်သည့်ဘဏ္ဍာများကိုရှာဖွေရန် ဖိတ်ခေါ်ထားသည်။ လူတိုင်းကို ဖိတ်ခေါ်ပြီး ဆုကျေးဇူးသည် မည်သည့်ရုပ်ပစ္စည်းဘဏ္ဍာထက်မဆို သာ၍အဖိုးထိုက်၏။—သု. ၂:၁-၆ ကိုဖတ်ပါ။

၃။ ယေဟောဝါသည် မိမိကိုဝတ်ပြုကိုးကွယ်သူတို့အား ရှာဖွေရန်တိုက်တွန်းသည့်ဘဏ္ဍာများသည် အဘယ်နည်းများဖြင့် အကျိုးပေးသနည်း။

ယေဟောဝါသည် မိမိကိုဝတ်ပြုကိုးကွယ်သူတို့အား ရှာဖွေရန်တိုက်တွန်းသည့်ဘဏ္ဍာ၏တန်ဖိုးကို သုံးသပ်ကြည့်ပါ။ ယင်းဘဏ္ဍာများတွင် ‘ယေဟောဝါကိုကြောက်ရွံ့ခြင်း’ ပါဝင်ပြီး ယင်းသည် ဤအန္တရာယ်ထူပြောသောကာလတွင် ကျွန်ုပ်တို့အတွက် ကာကွယ်မှုနှင့် ဘေးကင်းမှုဖြစ်နိုင်သည်။ (ဆာ. ၁၉:၉) “ဘုရားသခင်ကိုသိသောဉာဏ်” ကိုရှာတွေ့ခြင်းသည် လူတို့ရရှိနိုင်သမျှထဲတွင် ဂုဏ်အရှိဆုံးဖြစ်သည့် အမြင့်ဆုံးသောအရှင်နှင့် ရင်းနှီးသောဆက်ဆံရေးကို ရရှိစေနိုင်သည်။ ကျွန်ုပ်တို့သည် နေ့စဉ်အသက်တာတွင် ဘုရားသခင်ပေးသည့်ဉာဏ်ပညာ၊ အသိပညာ၊ ပိုင်းခြားသိမြင်မှုတို့နှင့်ဆိုင်သောဘဏ္ဍာတို့ဖြင့် ပြဿနာများနှင့် စိုးရိမ်ပူပန်မှုများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မည်။ (သု. ၉:၁၀၊ ၁၁) ထိုသို့သောအဖိုးထိုက်ဘဏ္ဍာများကို မည်သို့ရှာတွေ့နိုင်သနည်း။

ဝိညာဉ်ရေးဘဏ္ဍာများကို ရှာတွေ့ခြင်း

၄။ ဘုရားသခင်ကတိပြုထားသောဘဏ္ဍာများကို ကျွန်ုပ်တို့ မည်သို့ရှာတွေ့နိုင်သနည်း။

ရှေးဟောင်းသုတေသနပညာရှင်များနှင့် ဘဏ္ဍာများကိုနေရာအနှံ့ရှာဖွေလေ့ရှိသော အခြားစူးစမ်းရှာဖွေသူများနှင့်မတူဘဲ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘဏ္ဍာများ ရှာတွေ့နိုင်သည့်နေရာအတိအကျကို သိထားကြသည်။ ရတနာမြေပုံတစ်ခုကဲ့သို့ ဘုရားသခင့်နှုတ်မြွက်တော်သည် ဘုရားသခင်ကတိပြုထားသောဘဏ္ဍာများ ရှာတွေ့နိုင်သည့်နေရာအတိအကျကို ကျွန်ုပ်တို့အား ထောက်ပြ၏။ ခရစ်တော်ကိုရည်ညွှန်းလျက် တမန်တော်ပေါလုဤသို့ရေးခဲ့သည်– “ဉာဏ်ပညာ၊ အသိပညာတို့နှင့်ဆိုင်သောဘဏ္ဍာရှိသမျှကို ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ၏။” (ကော. ၂:၃) ယင်းစကားကို ဖတ်ရသည့်အခါ ကျွန်ုပ်တို့ဤသို့မေးပေမည်– ‘ယင်းဘဏ္ဍာများကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း။ ယင်းတို့သည် ခရစ်တော်၌ မည်သို့ “ဝှက်ထားတော်မူ” သနည်း။ ယင်းတို့ကို ကျွန်ုပ်တို့ မည်သို့ရှာတွေ့နိုင်သနည်း။’ အဖြေရရှိရန် တမန်တော်၏စကားများကို အနီးကပ်လေ့လာကြည့်ကြစို့။

၅။ ပေါလုသည် အဘယ်ကြောင့် ဝိညာဉ်ရေးဘဏ္ဍာများအကြောင်း ရေးသားခဲ့သနည်း။

ပေါလုသည် ယင်းစကားများကို ကောလောသဲမြို့ရှိခရစ်ယာန်ချင်းများထံရေးခဲ့သည်။ “သူတို့သည် စိတ်သက်သာရာရစေရန်၊ ချစ်ခြင်းမေတ္တာအားဖြင့် သင့်မြတ်စွာပေါင်းသင်းနိုင်စေရန်” သူတို့အကျိုးအတွက် ကြိုးစားအားထုတ်ကြောင်း ပေါလုပြောပြခဲ့သည်။ (ကောလောသဲ ၂:၁၊ ၂ ကိုဖတ်ပါ။) သူသည် အဘယ်ကြောင့် ယင်းသို့စိုးရိမ်ပူပန်ခဲ့သနည်း။ ထိုတွင်ရှိသောညီအစ်ကိုများသည် ဂရိအတွေးအခေါ်တစ်စုံတစ်ရာကိုထောက်ခံအားပေးသော သို့မဟုတ် မောရှေပညတ်စောင့်ထိန်းခြင်းဘက်သို့ ပြန်လှည့်ရန်အားပေးသော သူတို့ထဲမှအချို့တို့၏သြဇာလွှမ်းမိုးမှုခံခဲ့ရဖွယ်ရှိကြောင်း ပေါလုကောင်းစွာသိထား၏။ သူသည် ညီအစ်ကိုများအား ပြင်းပြင်းထန်ထန်ဤသို့သတိပေးခဲ့သည်– “ခရစ်တော်၏သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏အခြေခံတရားကိုလိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသောအတွေးအခေါ်နှင့် အကျိုးမဲ့လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦးရှိနိုင်သောကြောင့် သတိပြုကြလော့။”—ကော. ၂:၈

၆။ ကျွန်ုပ်တို့သည် ပေါလု၏ဆုံးမစကားကို အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။

ယနေ့ ကျွန်ုပ်တို့သည် စာတန်နှင့် သူ၏ဆိုးညစ်သောစနစ်မှ အလားတူသြဇာလွှမ်းမိုးမှုများကို ရင်ဆိုင်ကြရသည်။ လူအဓိကပြုဝါဒနှင့် ဆင့်ကဲသီအိုရီအပါအဝင် လောကအတွေးအခေါ်ပညာသည် လူတို့၏အတွေးအခေါ်၊ ကျင့်ဝတ်များ၊ ပန်းတိုင်များနှင့် ဘဝပုံစံတို့ကို ပုံသွင်းပေးသည်။ အယူမှားဝတ်ပြုရေးသည် ရေပန်းစားသောပွဲလမ်းသဘင်များစွာကျင်းပခြင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ များစွာသောရုပ်မြင်သံကြားပြကွက်များ၊ ရုပ်ရှင်များ၊ တေးဂီတနှင့် အခြားဖျော်ဖြေမှုများသည် မှားယွင်းသောသွေးသားဆန္ဒများကို ဖြည့်ဆည်းရန်ပြုလုပ်ထားခြင်းဖြစ်ပြီး အင်တာနက်ပါအကြောင်းအရာများစွာသည် လူကြီးလူငယ်မရွေး အမှန်ပင်အန္တရာယ်ရှိ၏။ ယင်းတို့ကို မပြတ်ဖော်ထုတ်ပြသခြင်းနှင့် လောကရှိအခြားခေတ်စားရာများက ယေဟောဝါပေးသည့်ညွှန်ကြားချက်အပေါ် ကျွန်ုပ်တို့၏ခံစားချက်နှင့် သဘောထားကို လွယ်လင့်တကူထိခိုက်စေနိုင်ပြီး မှန်သောအသက်ကို ကျွန်ုပ်တို့ခိုင်မြဲစွာကိုင်စွဲထားခြင်းကို လျော့ပေါ့စေ၏။ (၁ တိမောသေ ၆:၁၇-၁၉ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် ကောလောသဲမြို့သားများထံရေးသော ပေါလု၏စကားအဓိပ္ပာယ်ကို နားလည်ဖို့လိုပြီး စာတန်၏ပါးနပ်သောဉာဏ်နီဉာဏ်နက်များကို ကျွန်ုပ်တို့အလျှော့မပေးလိုပါက သူ၏ဆုံးမစကားကို နှလုံးသွင်းဖို့လိုသည်။

၇။ ကောလောသဲမြို့သားများအား အထောက်အကူပြုမည့်အဘယ်အရာနှစ်ခုကို ပေါလုပြောခဲ့သနည်း။

ကောလောသဲမြို့သားများထံရေးသော ပေါလု၏စကားကိုပြန်သုံးသပ်လျှင် ပေါလုသည် မိမိ၏စိုးရိမ်စိတ်ကိုဖော်ပြပြီးနောက် သူတို့ကို နှစ်သိမ့်စေမည့်၊ မေတ္တာ၌စည်းလုံးစေမည့်အရာနှစ်ခုကို ထောက်ပြကြောင်း တွေ့ရသည်။ ဦးစွာ၊ သူသည် “သူတို့သိနားလည်၍ အကြွင်းမဲ့ယုံကြည်စိတ်ချခြင်း” ကိုဖော်ပြခဲ့သည်။ သူတို့သည် သမ္မာကျမ်းစာနှင့်ပတ်သက်၍ သူတို့၏သိနားလည်မှုသည် မှန်ကန်ကြောင်း အကြွင်းမဲ့ယုံကြည်စိတ်ချရန်လို၏၊ သို့မှသာ သူတို့၏ယုံကြည်ခြင်းသည် သေချာသောအုတ်မြစ်ပေါ်တွင် အခြေခံပါလိမ့်မည်။ (ဟေဗြဲ ၁၁:၁) ထို့နောက် သူသည် “ဘုရားသခင်၏မြင့်မြတ်သောလျှို့ဝှက်ချက်” နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကို ဖော်ပြခဲ့သည်။ သူတို့သည် အမှန်တရား၏အခြေခံအသိပညာထက်မက ဘုရားသခင်၏နက်နဲသောအရာများကို ရှင်းလင်းစွာနားလည်ရန်လိုအပ်ခဲ့သည်။ (ဟေဗြဲ ၅:၁၃၊ ၁၄) ကောလောသဲမြို့သားများနှင့် ယနေ့ ကျွန်ုပ်တို့အတွက် အမှန်ပင်ကောင်းမွန်လှသောဆုံးမစကားဖြစ်ပေသည်! သို့သော် စိတ်ချရပြီး တိကျမှန်ကန်သောယင်းအသိပညာကို မည်သို့ဆည်းပူးရယူနိုင်သနည်း။ ယေရှုခရစ်နှင့်ပတ်သက်၍ ပေါလု၏လေးနက်သောဖော်ပြချက်တွင် အဓိကအချက်ကို ဤသို့ဖော်ပြထားသည်– “ဉာဏ်ပညာ၊ အသိပညာတို့နှင့်ဆိုင်သောဘဏ္ဍာရှိသမျှကို ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ၏။”

ခရစ်တော်၌ “ဝှက်ထားတော်မူ” သောဘဏ္ဍာများ

၈။ ခရစ်တော်၌ “ဝှက်ထားတော်မူ” သည်ဟူသောအသုံးအနှုန်း၏အဓိပ္ပာယ်ကို ရှင်းပြပါ။

ဉာဏ်ပညာ၊ အသိပညာတို့နှင့်ဆိုင်သောဘဏ္ဍာရှိသမျှသည် ခရစ်တော်၌ “ဝှက်ထားတော်မူ” သည်ဟုဆိုရာတွင် ယင်းတို့ကို မည်သူမျှရယူ၍မဖြစ်နိုင်ဟူ၍ မဆိုလိုပါ။ ယင်းအစား၊ ဘဏ္ဍာများကိုရှာတွေ့ရန် ကျွန်ုပ်တို့အစွမ်းကုန်ကြိုးစားအားထုတ်ရမည်၊ ယေရှုခရစ်ကို တိုက်ရိုက်အာရုံစိုက်ရမည်ကို ဆိုလိုခြင်းသာဖြစ်၏။ ယင်းသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ယေရှု၏ဤမိန့်ဆိုချက်နှင့်ကိုက်ညီသည်– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယော. ၁၄:၆) မှန်ပါသည်၊ ဘုရားသခင်နှင့်ဆိုင်သောအသိပညာကိုရှာတွေ့ရန် ကျွန်ုပ်တို့သည် ယေရှုကမ်းလှမ်းသည့် အကူအညီနှင့် ညွှန်ကြားချက်လိုအပ်သည်။

၉။ ယေရှုသည် အဘယ်အခန်းကဏ္ဍများ ပေးအပ်ခံခဲ့ရသနည်း။

ယေရှုက မိမိသည် “လမ်းခရီး” ဖြစ်သည့်အပြင် ‘အမှန်တရားနှင့် အသက်လည်းဖြစ်၏’ ဟုမိန့်ဆိုခဲ့သည်။ ယင်းက ကိုယ်တော်၏အခန်းကဏ္ဍသည် ခမည်းတော်ထံချဉ်းကပ်စေနိုင်ရုံထက်မကကြောင်း ဖော်ပြ၏။ သမ္မာကျမ်းစာအမှန်တရားကို နားလည်သဘောပေါက်ရန်နှင့် ထာဝရအသက်ရရန် ယေရှု၌ အရေးကြီးသောအခန်းကဏ္ဍများလည်းရှိသည်။ မှန်ပါသည်၊ ယေရှု၌ဝှက်ထားတော်မူသည့် မနှိုင်းယှဉ်နိုင်သောအဖိုးတန်ဝိညာဉ်ရေးဘဏ္ဍာများသည် သတိရှိသောကျမ်းစာကျောင်းသားများစူးစမ်းရှာဖွေရန် စောင့်ကြိုလျက်ရှိသည်။ ကျွန်ုပ်တို့၏အနာဂတ်အလားအလာနှင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို တိုက်ရိုက်အကျိုးသက်ရောက်သည့်ဘဏ္ဍာအချို့ကို ဆန်းစစ်ကြည့်ကြစို့။

၁၀။ ကျွန်ုပ်တို့သည် ကောလောသဲ ၁:၁၉ နှင့် ၂:၉ တို့မှယေရှုအကြောင်း အဘယ်အရာသင်ယူနိုင်သနည်း။

၁၀ “ဘုရားသခင်၏ဂုဏ်ရည်တော်ရှိသမျှသည် ခရစ်တော်၌ရုပ်လုံးပေါ်၏။” (ကော. ၁:၁၉; ၂:၉) ယေရှုသည် ကောင်းကင်ခမည်းတော်နှင့်အတူ အတိုင်းမသိနှစ်ပေါင်းများစွာရှိခဲ့သောကြောင့် ဘုရားသခင်၏ဂုဏ်ရည်တော်နှင့်အလိုတော်ကို အခြားမည်သူထက်မဆို ပို၍သိသည်။ ယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုတစ်လျှောက်တွင် ခမည်းတော်သင်ပေးခဲ့သည့်အရာများကို အခြားသူတို့အား သင်ပေးခဲ့ပြီး ခမည်းတော်ပြုစုပျိုးထောင်ပေးခဲ့သည့်အရည်အသွေးများကို ကိုယ်တော့်လုပ်ရပ်များဖြင့် ရောင်ပြန်ဟပ်ခဲ့သည်။ ယင်းအတွက်ကြောင့် ယေရှုဤသို့ပြောနိုင်သည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ။” (ယော. ၁၄:၉) ဘုရားသခင်နှင့်ပတ်သက်သောဉာဏ်ပညာ၊ အသိပညာရှိသမျှတို့သည် ခရစ်တော်၌ဝှက်ထား သို့မဟုတ် ရုပ်လုံးပေါ်နေသောကြောင့် ကျွန်ုပ်တို့အတွက် ယေဟောဝါအကြောင်းသင်ယူရန်မှာ ယေရှုအကြောင်း အတတ်နိုင်ဆုံး ဂရုတစိုက်သင်ယူခြင်းထက် ပို၍ကောင်းသောနည်းမရှိတော့ပါ။

၁၁။ ယေရှုနှင့် ကျမ်းစာပရောဖက်ပြုချက်များကြားတွင် အဘယ်ဆက်နွှယ်မှုရှိသနည်း။

၁၁ “ပရောဖက်ပြုရသည့်ရည်ရွယ်ချက်သည် ယေရှုအကြောင်းသက်သေခံရန်ဖြစ်၏။” (ဗျာ. ၁၉:၁၀) ယင်းစကားများက ယေရှုသည် ကျမ်းစာပါပရောဖက်ပြုချက်များစွာပြည့်စုံခြင်းတွင် အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြ၏။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ခဲ့သော ယေဟောဝါ၏ပထမဆုံးပရောဖက်ပြုကြေညာချက်မှသည် ဗျာ.ကျမ်းပါ စိတ်အာရုံများအထိ သမ္မာကျမ်းစာပရောဖက်ပြုချက်များသည် မေရှိယနိုင်ငံတော်နှင့်ဆက်နွှယ်သောယေရှု၏အခန်းကဏ္ဍကို ထည့်သွင်းသုံးသပ်မှသာလျှင် မှန်ကန်စွာနားလည်သဘောပေါက်နိုင်သည်။ ယင်းက ယေရှုကို ကတိထားရာမေရှိယအဖြစ်လက်မခံလိုသူတို့သည် ဟေဗြဲကျမ်းစာပါပရောဖက်ပြုချက်များစွာကို အဘယ်ကြောင့်နားမလည်ကြောင်း ဖော်ပြသည်။ မေရှိယဆိုင်ရာပရောဖက်ပြုချက်များစွာပါဝင်သော ဟေဗြဲကျမ်းစာကို တန်ဖိုးမထားသူတို့သည် ယေရှုကို ကြီးမြတ်သောလူသားတစ်ဦးအဖြစ်သာမြင်ရသည့် အကြောင်းရင်းကိုလည်း ဖော်ပြ၏။ ယေရှုနှင့်ပတ်သက်သောအသိပညာက ပြည့်စုံရန်ရှိသေးသည့် ကျမ်းစာပရောဖက်ပြုချက်များ၏အဓိပ္ပာယ်ကို ဘုရားသခင့်လူမျိုးတို့အား နားလည်စေသည်။—၂ ကော. ၁:၂၀

၁၂၊ ၁၃။ (က) ယေရှုသည် “လောက၏အလင်း” မည်သို့ဖြစ်သနည်း။ (ခ) ဝတ်ပြုရေးမှောင်မိုက်မှလွတ်မြောက်ခြင်းက ခရစ်တော်နောက်လိုက်များအား အဘယ်တာဝန်ရရှိစေသနည်း။

၁၂ “ငါသည် လောက၏အလင်းဖြစ်၏။” (ယောဟန် ၈:၁၂; ၉:၅ ကိုဖတ်ပါ။) မြေကြီးပေါ်တွင် ယေရှုမမွေးဖွားမီကြာမြင့်စွာက ပရောဖက်ဟေရှာယဤသို့ကြိုဟောခဲ့သည်– “မှောင်မိုက်ထဲမှာသွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာ. ၉:၂) “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟုယေရှုစဟောပြောချိန်တွင် ယင်းပရောဖက်ပြုချက်ကို ကိုယ်တော်ပြည့်စုံစေခဲ့ကြောင်း တမန်တော်မဿဲရှင်းပြခဲ့သည်။ (မ. ၄:၁၆၊ ၁၇) ယေရှု၏ဓမ္မအမှုက လူတို့အား ဝိညာဉ်ရေးအလင်းရရှိစေခဲ့ပြီး အယူမှားဝတ်ပြုရေးသွန်သင်ချက်များ၏ကျွန်ဖြစ်ခြင်းမှ လွတ်မြောက်စေခဲ့သည်။ “ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်၌မရှိစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ” ဟုယေရှုမိန့်တော်မူခဲ့သည်။—ယော. ၁:၃-၅; ၁၂:၄၆

၁၃ နောက်ပိုင်းနှစ်များစွာတွင် တမန်တော်ပေါလုသည် ခရစ်ယာန်ချင်းများကို ဤသို့ပြောခဲ့သည်– “တစ်ချိန်က သင်တို့သည် မှောင်မိုက်ဖြစ်ခဲ့ကြ၏။ ယခုမူကား သခင်နှင့်စပ်လျဉ်း၍ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများအဖြစ် လျှောက်လှမ်းနေကြလော့။” (ဧ. ၅:၈) ခရစ်ယာန်များသည် ဝတ်ပြုရေးမှောင်မိုက်အချုပ်အနှောင်မှ လွတ်မြောက်ခြင်းဖြင့် အလင်း၏သားသမီးများအဖြစ် လျှောက်လှမ်းရန်တာဝန်ရှိသည်။ ယင်းသည် တောင်ပေါ်တရားတော်တွင် မိမိနောက်လိုက်များအား ယေရှုမိန့်ဆိုသည့်ဤအချက်နှင့် ကိုက်ညီသည်– ‘သင်တို့၏ကောင်းသောအကျင့်များကို သူတစ်ပါးတို့သည်မြင်၍ ကောင်းကင်ဘုံရှိ သင်တို့အဖ၏ဂုဏ်တော်ကို ချီးမွမ်းစေရန် သင်တို့၏အလင်းကို လူတို့ရှေ့၌လင်းစေကြလော့။’ (မ. ၅:၁၆) သင်၏အပြောအားဖြင့်ရော၊ ခရစ်ယာန်အမူအကျင့်ကောင်းအားဖြင့်ပါ အခြားသူများရှေ့ ထောက်ခံပြောဆိုသည်အထိ ယေရှု၌တွေ့ရသော ဝိညာဉ်ရေးဘဏ္ဍာများကို များစွာတန်ဖိုးထားပါသလော။

၁၄၊ ၁၅။ (က) သိုးနှင့် အခြားတိရစ္ဆာန်များသည် ကျမ်းစာခေတ်က စစ်မှန်သောဝတ်ပြုရေးတွင် မည်သို့ပါဝင်ခဲ့ကြသနည်း။ (ခ) ယေရှုသည် “ဘုရားသခင်၏သိုးသငယ်” အဖြစ် ကိုယ်တော်၏အခန်းကဏ္ဍတွင် အဘယ်ကြောင့် အဖိုးတန်ဘဏ္ဍာဖြစ်သနည်း။

၁၄ ယေရှုသည် “ဘုရားသခင်၏သိုးသငယ်” ဖြစ်၏။ (ယော. ၁:၂၉၊ ၃၆) ကျမ်းစာတစ်အုပ်လုံးတွင် သိုးသည် အပြစ်လွှတ်ခြင်းနှင့် ဘုရားသခင်ထံချဉ်းကပ်ခြင်းတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ ဥပမာ၊ အာဗြဟံသည် မိမိသားဣဇာက်ကို ပူဇော်လိုစိတ်ရှိကြောင်း သက်သေထင်ရှားပြပြီးနောက် ဣဇာက်အားဘေးမပြုရန် တားမြစ်ခံရပြီး အစားထိုးပူဇော်ဖို့ သိုးသငယ် သို့မဟုတ် သိုးထီးတစ်ကောင်ကို ရရှိခဲ့သည်။ (က. ၂၂:၁၂၊ ၁၃) ဣသရေလလူတို့ အီဂျစ်ပြည်မှလွတ်မြောက်ချိန်တွင် သိုးသည် အရေးကြီးသောကဏ္ဍတွင် ပါဝင်ခဲ့ပြန်သည်၊ ဤအချိန်တွင်မူ ‘ယေဟောဝါ၏ပသခါ’ အစိတ်အပိုင်းအနေနှင့်ဖြစ်၏။ (ထွ. ၁၂:၁-၁၃) ထို့ပြင် မောရှေပညတ်တွင် သိုးနှင့်ဆိတ်များအပါအဝင် တိရစ္ဆာန်အမျိုးမျိုးပူဇော်ရန် ပြဋ္ဌာန်းခဲ့သည်။—ထွ. ၂၉:၃၈-၄၂; ဝတ်. ၅:၆၊ ၇

၁၅ အမှန်တွင် လူသားတို့ပူဇော်ခဲ့သောမည်သည့်ယဇ်ကမျှ အပြစ်နှင့်သေခြင်းမှ ထာဝစဉ်လွတ်ကင်းခွင့်မပေးနိုင်ပါ။ (ဟေဗြဲ ၁၀:၁-၄) သို့သော် ယေရှုသည် “လောက၏အပြစ်ကိုဖယ်ရှားသော ဘုရားသခင်၏သိုးသငယ်” ဖြစ်သည်။ ယင်းအချက်တစ်ခုတည်းက ယေရှုသည် တွေ့ရှိခဲ့သမျှမည်သည့်ရုပ်ပစ္စည်းဘဏ္ဍာထက်မဆို သာလွန်ကြီးမြင့်သော ဘဏ္ဍာဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရွေးနုတ်ဖိုးအကြောင်းကို ဂရုတစိုက်လေ့လာရန်အချိန်ယူသင့်ပြီး ယင်းအံ့ဖွယ်ပြင်ဆင်ပေးမှုကို ယုံကြည်ကြောင်းတင်ပြသင့်သည်။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ထူးမြတ်သောကောင်းချီးနှင့်ဆုကျေးဇူး မျှော်လင့်ချက်ရရှိကြသည်၊ ယင်းမှာ “သိုးစုငယ်” အတွက် ကောင်းကင်တွင် ခရစ်တော်နှင့်အတူဂုဏ်တင်ချီးမြှင့်ခံရခြင်းဖြစ်ပြီး “အခြားသိုးများ” အတွက် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သည်။—လု. ၁၂:၃၂; ယော. ၆:၄၀၊ ၄၇; ၁၀:၁၆

၁၆၊ ၁၇။ “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” အနေနှင့် ယေရှု၏အခန်းကဏ္ဍကို နားလည်သဘောပေါက်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။

၁၆ ယေရှုသည်  “ငါတို့၏ယုံကြည်ခြင်းကို  စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” ဖြစ်သည်။ (ဟေဗြဲ ၁၂:၁၊ ၂ ကိုဖတ်ပါ။) ဟေဗြဲအခန်းကြီး ၁၁ တွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလုပိုင်နိုင်စွာဆွေးနွေးတင်ပြထားပုံကို တွေ့ရသည်၊ ယင်းတွင် ယုံကြည်ခြင်း၏ လိုရင်းတိုရှင်းအဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုနှင့် နောဧ၊ အာဗြဟံ၊ စာရာနှင့် ရာခပ်ကဲ့သို့သော ယုံကြည်ခြင်းရှိသည့်အမျိုးသား၊ အမျိုးသမီးတို့၏ပုံသက်သေများကို စာရင်းပြုစုရေးသားထားသည်။ ယင်းတို့အားလုံးကို စိတ်ထဲထားကာ ပေါလုက “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်ယေရှုကို စေ့စေ့ကြည့်ရှု” ရန်ခရစ်ယာန်ချင်းများကို တိုက်တွန်းခဲ့သည်။ အဘယ်ကြောင့်နည်း။

၁၇ ဟေဗြဲကျမ်းအခန်းကြီး ၁၁ တွင်ရေးချထားသော ထိုတည်ကြည်သည့်အမျိုးသား၊ အမျိုးသမီးများသည် ဘုရားသခင့်ကတိတော်ကို အခိုင်အမာယုံကြည်ခဲ့ကြသော်လည်း ဘုရားသခင်သည် မေရှိယနှင့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် မိမိကတိတော်မည်သို့ပြည့်စုံစေမည်နှင့်ပတ်သက်သော အသေးစိတ်အချက်များကို သူတို့မသိခဲ့ကြပါ။ ထိုသဘောဖြင့် သူတို့၏ယုံကြည်ခြင်းသည် မပြည့်စုံခဲ့ပါ။ အမှန်တွင် မေရှိယဆိုင်ရာပရောဖက်ပြုချက်များစွာရေးသားရန် ယေဟောဝါအသုံးပြုခဲ့သူတို့ပင် မိမိတို့ရေးခဲ့သည့်အရာများ၏ အရေးပါမှုကို အပြည့်အဝနားမလည်ခဲ့ကြပါ။ (၁ ပေ. ၁:၁၀-၁၂) ယေရှုမှတစ်ဆင့်သာ ယုံကြည်ခြင်းသည် စုံလင် သို့မဟုတ် ပြည့်စုံနိုင်သည်။ “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” အနေနှင့် ယေရှု၏အခန်းကဏ္ဍကို ရှင်းလင်းစွာနားလည်သဘောပေါက်ခြင်း၊ အသိအမှတ်ပြုခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။

ရှာမြဲရှာကြလော့

၁၈၊ ၁၉။ (က) ခရစ်တော်၌ဝှက်ထားသော အခြားဝိညာဉ်ရေးဘဏ္ဍာများကို ဖော်ပြပါ။ (ခ) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘဏ္ဍာများအတွက် အဘယ်ကြောင့် ယေရှု၌ ဆက်ရှာသင့်သနည်း။

၁၈ လူသားတို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏မွန်မြတ်လှသောအခန်းကဏ္ဍအနည်းငယ်ကိုသာ ကျွန်ုပ်တို့သုံးသပ်ခဲ့ကြပြီ။ ခရစ်တော်၌ဝှက်ထားသော အခြားဝိညာဉ်ရေးဘဏ္ဍာများ ရှိသေးသည်။ ယင်းတို့ကိုရှာတွေ့ခြင်းက ကျွန်ုပ်တို့အား ရွှင်လန်းမှုနှင့် အကျိုးကျေးဇူးများရရှိစေမည်။ ဥပမာ၊ တမန်တော်ပေတရုသည် ယေရှုကို “အသက်ရှင်ခြင်းသို့ပို့ဆောင်တော်မူသောအရှင်” နှင့် ထွက်ပေါ်လာသည့် “မိုးသောက်ကြယ်” ဟုခေါ်ဆိုခဲ့သည်။ (တ. ၃:၁၅; ၅:၃၁; ၂ ပေ. ၁:၁၉) ထို့ပြင် သမ္မာကျမ်းစာက ယေရှုကို “အာမင်” ဟုသုံးနှုန်းထားသည်။ (ဗျာ. ၃:၁၄) ယင်းအခန်းကဏ္ဍတို့၏အဓိပ္ပာယ်နှင့် အရေးပါမှုတို့ကို သင်သိပါသလော။ ယေရှုမိန့်တော်မူသည့်အတိုင်း “ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။”—မ. ၇:၇

၁၉ သမိုင်းတစ်လျှောက်တွင် ယေရှုကဲ့သို့ အလွန်အဓိပ္ပာယ်ပြည့်ဝသောအသက်တာ၊ ကျွန်ုပ်တို့၏ထာဝရကောင်းကျိုးနှင့် အလွန်နီးကပ်စွာဆက်နွှယ်သောအသက်တာပိုင်ဆိုင်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့်ရှာဖွေသူ မည်သူမဆိုအတွက် အလွယ်တကူတွေ့ရှိနိုင်သည့်ဝိညာဉ်ရေးဘဏ္ဍာများ ကိုယ်တော်၌ရှိ၏။ သင်သည် ‘ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူသော’ ဘဏ္ဍာများကို ရှာတွေ့ခြင်းဖြင့် ရွှင်လန်းမှုနှင့် ကောင်းချီးခံစားနိုင်ပါစေ။

သင်မှတ်မိသလော

• အဘယ်ဘဏ္ဍာများကိုရှာဖွေရန် ခရစ်ယာန်များတိုက်တွန်းခံရသနည်း။

• ကောလောသဲမြို့သားများအတွက် ပေါလု၏ဆုံးမစကားသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် လျော်ကန်ဆဲဖြစ်သနည်း။

• ခရစ်တော်၌ “ဝှက်ထားတော်မူ” သောဝိညာဉ်ရေးဘဏ္ဍာအချို့ကို ဖော်ပြ၍ရှင်းပြပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါပုံစာ]

ရတနာမြေပုံတစ်ခုကဲ့သို့ ဘုရားသခင့် နှုတ်မြွက်တော်သည် ခရစ်တော်၌ “အသေအချာ ဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုကျွန်ုပ်တို့အား ညွှန်ပြ