မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်မိသားစုများ—ယေရှု၏စံနမူနာကို လိုက်လျှောက်ပါ

ခရစ်ယာန်မိသားစုများ—ယေရှု၏စံနမူနာကို လိုက်လျှောက်ပါ

ခရစ်ယာန်မိသားစုများ—ယေရှု၏စံနမူနာကို လိုက်လျှောက်ပါ

‘ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်စေရန် [ခရစ်တော်သည်] စံနမူနာထားတော်မူ၏။’—၁ ပေ. ၂:၂၁

၁။ (က) ဖန်ဆင်းခြင်းတွင် ဘုရားသခင့်သားတော်သည် အဘယ်နေရာမှ ပါဝင်ခဲ့သနည်း။ (ခ) ယေရှုသည် လူသားတို့အပေါ် အဘယ်ခံစားချက်ရှိသနည်း။

ကောင်းကင်နှင့်မြေကြီးကို ဘုရားသခင်ဖန်ဆင်းချိန်တွင် ကိုယ်တော်၏သားဦးသည် “ကျွမ်းကျင်လုပ်သား” အနေနှင့် ဘုရားသခင့်ဘေးတွင်ရှိခဲ့သည်။ ဤကမ္ဘာမြေကြီးပေါ်ရှိ မျိုးပေါင်းမြောက်မြားလှသော တိရစ္ဆာန်များနှင့်အပင်များကို ယေဟောဝါဒီဇိုင်းပြုဖန်ဆင်းချိန်တွင်နှင့် ယေဟောဝါ၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းထားသော လူတို့၏နေအိမ်ဖြစ်လာမည့် ပရဒိသုကိုပြင်ဆင်ချိန်တွင်လည်း ဘုရားသခင်၏သားတော်သည် ခမည်းတော်နှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုအဖြစ်သိလာသူ ဘုရားသခင့်သားတော်သည် လူသားတို့ကို အလွန်ချစ်မြတ်နိုးခဲ့သည်။ “[ကိုယ်တော်] နှစ်ခြိုက်သောအကြောင်းအရာများသည် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေခြင်းဖြစ်သတည်း။”—သု. ၈:၂၇-၃၁ကဘ; က. ၁:၂၆၊ ၂၇

၂။ (က) ယေဟောဝါသည် မစုံလင်သောလူသားတို့အတွက် မည်သို့စီစဉ်ပေးခဲ့သနည်း။ (ခ) သမ္မာကျမ်းစာလမ်းညွှန်ပေးသော ဘဝကဏ္ဍတစ်ခုမှာ အဘယ်နည်း။

ပထမလူသားမောင်နှံ အပြစ်ပြုပြီးနောက် အပြစ်ရှိသောလူသားတို့ကိုရွေးနုတ်ဖို့မှာ ယေဟောဝါ၏ရည်ရွယ်ချက်တွင် အရေးပါသောအရာတစ်ခုဖြစ်လာခဲ့သည်။ ထိုသို့ရွေးနုတ်နိုင်ရန် ယေဟောဝါသည် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို စီစဉ်ခဲ့သည်။ (ရော. ၅:၈) ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်တော် သမ္မာကျမ်းစာကိုလည်းပြင်ဆင်ပေးခဲ့ပြီး ယင်းက အမွေရထားသောမစုံလင်မှုကို အကောင်းဆုံးဖြေရှင်းနိုင်ပုံကို လမ်းညွှန်ပေးသည်။ (ဆာ. ၁၁၉:၁၀၅) ကိုယ်တော်၏နှုတ်မြွက်တော်တွင် ခိုင်မြဲပျော်ရွှင်သောမိသားစုဘဝကိုထိန်းသိမ်းရန် အထောက်အကူပြုသည့် ညွှန်ကြားချက်ပါရှိသည်။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ကမ္ဘာဦးကျမ်းက ယောက်ျားသည် “ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုဆိုထား၏။—က. ၂:၂၄

၃။ (က) အိမ်ထောင်ရေးနှင့်ပတ်သက်၍ ယေရှုအဘယ်အရာသွန်သင်ခဲ့သနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

အိမ်ထောင်ရေးသည် ထာဝရဖြစ်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ယေရှုအလေးပေးဖော်ပြခဲ့သည်။ ကိုယ်တော်သည် ကျမ်းစာမူများသင်ပေးခဲ့ပြီး ယင်းတို့ကိုမိသားစုဝင်များကျင့်သုံးသည့်အခါ မိမိတို့အိမ်ထောင်နှင့် မိသားစုပျော်ရွှင်မှုကို အန္တရာယ်ပြုသည့် သဘောထားများနှင့် အကျင့်အကြံတို့ကိုရှောင်ရန် အထောက်အကူပြုမည်။ (မ. ၅:၂၇-၃၇; ၇:၁၂) ဤဆောင်းပါးသည် ယေရှု၏သွန်သင်ချက်များနှင့် မြေကြီးပေါ်ရှိစဉ် ကိုယ်တော်ချမှတ်ခဲ့သောစံနမူနာက ခင်ပွန်းသည်များ၊ ဇနီးများ၊ မိဘများနှင့် သားသမီးများကို ပျော်ရွှင်ပြီးကျေနပ်ဖွယ်အသက်တာရရန် အထောက်အကူပြုနိုင်ပုံကို ဆွေးနွေးပါမည်။

ခရစ်ယာန်ခင်ပွန်းဖြစ်သူ မိမိဇနီးကို ဂုဏ်တင်နိုင်ပုံ

၄။ ယေရှုနှင့် ခရစ်ယာန်ခင်ပွန်းသည်တို့၏ အခန်းကဏ္ဍစပ်ကြား အဘယ်ဆင်တူချက်ရှိသနည်း။

ယေရှုသည် အသင်းတော်၏ဦးခေါင်းဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူကို မိသားစု၏ဦးခေါင်းအဖြစ် ဘုရားသခင်ခန့်အပ်ထားသည်။ တမန်တော်ပေါလု ဤသို့ဖော်ပြ၏– “ခရစ်တော်သည် မိမိ၏ခန္ဓာကိုယ်တည်းဟူသော အသင်းတော်ကိုကယ်တင်၍ ထိုအသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်၏။ ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။” (ဧ. ၅:၂၃၊ ၂၅) မှန်ပါသည်၊ မိမိတို့ဇနီးအား ခရစ်ယာန်အမျိုးသားတို့ မည်သို့ဆက်ဆံဖို့လိုသည်ကို နောက်လိုက်များအား ယေရှုဆက်ဆံပုံက စံနမူနာဖြစ်သည်။ ဘုရားသခင်ပေးအပ်ထားသောအခွင့်အာဏာကို ယေရှုအသုံးပြုပုံနည်းလမ်းတချို့ကို သုံးသပ်ကြည့်ကြစို့။

၅။ ယေရှုသည် တပည့်များအပေါ် မိမိ၏အခွင့်အာဏာကို မည်သို့ကျင့်သုံးခဲ့သနည်း။

ယေရှုသည် “နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။” (မ. ၁၁:၂၉) ကိုယ်တော်သည် လုပ်ရပ်ဖြင့်တင်ပြသူတစ်ဦးလည်းဖြစ်သည်။ ကိုယ်တော်သည် မိမိ၏တာဝန်များကို ဘယ်တော့မျှလျစ်လျူမရှုခဲ့ပါ။ (မာ. ၆:၃၄; ယော. ၂:၁၄-၁၇) အထပ်ထပ်ပဲ့ပြင်ဖို့လိုအပ်ချိန်တွင်ပင် တပည့်များကို ကြင်နာစွာဆုံးမပဲ့ပြင်ခဲ့သည်။ (မ. ၂၀:၂၁-၂၈; မာ. ၉:၃၃-၃၇; လု. ၂၂:၂၄-၂၇) သို့တိုင် ယေရှုသည် တပည့်များကို ဒေါသဖြင့်ပြစ်တင်ပြောဆိုခြင်း သို့မဟုတ် အရှက်ခွဲခြင်းမပြုခဲ့သကဲ့သို့ တပည့်တို့က မိမိတို့သည် မေတ္တာပြခြင်းမခံရ သို့မဟုတ် ကိုယ်တော်သွန်သင်ပေးရာကို လုပ်ဆောင်နိုင်စွမ်းရှိသူများမဟုတ်ကြဟု ခံစားသွားအောင်လည်း ကိုယ်တော်မလုပ်ခဲ့ပါ။ ယင်းအစား ကိုယ်တော်သည် တပည့်များကိုချီးမွမ်းပြီး အားပေးခဲ့သည်။ (လု. ၁၀:၁၇-၂၁) ယေရှုသည် တပည့်များကို မေတ္တာ၊ ထောက်ထားစာနာမှုဖြင့် ဆက်ဆံခဲ့သောကြောင့် သူတို့၏ရိုသေလေးစားမှုကို ကိုယ်တော်ရရှိခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။

၆။ (က) တပည့်များနှင့်ယေရှုဆက်ဆံပုံနည်းလမ်းမှ ခင်ပွန်းဖြစ်သူ အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ပေတရုသည် ခင်ပွန်းသည်တို့အား အဘယ်အားပေးချက်ပေးသနည်း။

ယေရှု၏စံနမူနာက ခရစ်ယာန်ဦးစီးမှုဟူသည် ခက်ထန်စွာစိုးမိုးရန်ရာထူးမဟုတ်ကြောင်း ခင်ပွန်းသည်တို့ကို သွန်သင်ပေးသည်။ ယင်းအစား လေးစားမှု၊ ကိုယ်ကျိုးစွန့်မေတ္တာပြရန်ဖြစ်သည်။ တမန်တော်ပေတရုက ခင်ပွန်းသည်တို့သည် မိမိတို့ဇနီးနှင့် “အတူနေထိုင်” ကာ “ဂုဏ်တင်” ခြင်းဖြင့် ယေရှု၏မေတ္တာပါနည်းလမ်းများကိုတုပရန် အားပေးခဲ့သည်။ (၁ ပေတရု ၃:၇ ကိုဖတ်ပါ။) သို့ဖြစ်လျှင် ခင်ပွန်းဖြစ်သူသည် မိမိဇနီးကို ဂုဏ်တင်ထိုက်သူအဖြစ်ဆက်ဆံပြီး တစ်ချိန်တည်းတွင် မိမိအခွင့်အာဏာကို မည်သို့ကျင့်သုံးနိုင်သနည်း။

၇။ ခင်ပွန်းဖြစ်သူသည် မိမိဇနီးကို အဘယ်နည်းဖြင့် ဂုဏ်တင်နိုင်သနည်း။ ဥပမာပေးပါ။

ခင်ပွန်းဖြစ်သူသည် မိမိဇနီးအား ဂုဏ်တင်နိုင်သည့်နည်းတစ်နည်းမှာ မိသားစုအပေါ်သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များမချမီ ဇနီး၏ရှုမြင်ချက်၊ ခံစားချက်တို့ကို အသေအချာသုံးသပ်ခြင်းအားဖြင့်ဖြစ်သည်။ အပြောင်းအရွှေ့ကိစ္စ သို့မဟုတ် အလုပ်ပြောင်းခြင်း သို့မဟုတ် အဘယ်နေရာသို့အပန်းဖြေခရီးထွက်မည်၊ နေထိုင်မှုစရိတ်မြင့်လာခြင်းကိုဖြေရှင်းရန် မိသားစုဝင်ငွေကို မည်သို့ချိန်ညှိမည်စသော နေ့စဉ်အရေးကိစ္စများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမည်။ မိသားစုအပေါ်သက်ရောက်မှုရှိမည်ဖြစ်၍ ခင်ပွန်းသည် ဇနီး၏သဘောထားကိုသုံးသပ်ခြင်းသည် အကျိုးပြုမည်ဖြစ်ပြီး ကြင်နာရာရောက်သည့်ပြင် မျှတမှုရှိပြီး ပို၍ထောက်ထားစာနာမှုရှိသည့် ဆုံးဖြတ်ချက်ချရန်အထောက်အကူပြုကာ ခင်ပွန်းအား ဇနီးသည်ထောက်မပေးရာတွင် ပို၍လွယ်ကူမည်။ (သု. ၁၅:၂၂) မိမိတို့၏ဇနီးကိုဂုဏ်တင်သော ခရစ်ယာန်ခင်ပွန်းသည်တို့သည် ဇနီးထံမှ မေတ္တာနှင့်လေးစားမှုရသည်သာမက သာ၍အရေးကြီးရာဖြစ်သော ယေဟောဝါ၏နှစ်သက်မှုကိုပါရကြသည်။—ဧ. ၅:၂၈၊ ၂၉

ဇနီးသည် မိမိခင်ပွန်းကို နက်ရှိုင်းစွာလေးစားမှုပြနိုင်ပုံ

၈။ ဧဝ၏ပုံနမူနာကို အဘယ်ကြောင့် ရှောင်သင့်သနည်း။

အခွင့်အာဏာကိုလက်အောက်ခံရာတွင် ခရစ်ယာန်ဇနီးသည်တို့အဖို့ ယေရှုသည် စုံလင်သောစံနမူနာဖြစ်သည်။ အခွင့်အာဏာအပေါ် ကိုယ်တော်၏ရှုမြင်ပုံသည် ပထမလူသားဇနီးသည်တင်ပြခဲ့သောသဘောထားနှင့် အလွန်ကွာခြားသည်။ ဧဝသည် ဇနီးသည်တို့လိုက်လျှောက်ဖို့ စံနမူနာကောင်း မဖြစ်ခဲ့ပါ။ သူ့တွင် ဘုရားသခင်ခန့်အပ်ထားသောဦးစီးရှိပြီး ထိုသူမှတစ်ဆင့် ယေဟောဝါသွန်သင်ချက်ပေးခဲ့သည်။ သို့တိုင် ဧဝသည် ယင်းအစီအစဉ်ကို လေးစားမှုမရှိခဲ့ပါ။ သူသည် အာဒံပေးသောသွန်သင်ချက်ကို လက်ခံရန်ပျက်ကွက်ခဲ့သည်။ (က. ၂:၁၆၊ ၁၇; ၃:၃; ၁ ကော. ၁၁:၃) ဧဝသည် လှည့်ဖြားခံခဲ့ရသည်မှာမှန်ပါသည်၊ သို့သော် “ဘုရားသခင်သိတော်မူသည်” ဟုသူ့အားပြောသောအသံကို ယုံကြည်သင့်မသင့် ခင်ပွန်းနှင့်တိုင်ပင်သင့်သည်။ ယင်းအစား သူသည် ခင်ပွန်းကိုညွှန်ကြားသည်အထိ ရောင့်တက်ခဲ့သည်။—က. ၃:၅၊ ၆; ၁ တိ. ၂:၁၄

၉။ ယေရှုသည် လက်အောက်ခံခြင်းတွင် အဘယ်စံနမူနာကို တင်ပြသနည်း။

ယင်းနှင့်ဆန့်ကျင်ကာ ယေရှုသည် မိမိ၏ဦးခေါင်းကို လက်အောက်ခံခြင်းတွင် စုံလင်သည့်စံနမူနာဖြစ်ခဲ့သည်။ ယေရှု၏သဘောထားနှင့်ဘဝလမ်းစဉ်က ကိုယ်တော်သည် “ဘုရားသခင်နှင့် တန်းတူဖြစ်မည့်အခွင့်အရာကိုရယူရန် စဉ်းစားတော်မမူခဲ့။ သို့အစား မိမိပိုင်ဆိုင်သမျှကိုစွန့်၍  ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူ . . . တော်မူ၏။” (ဖိ. ၂:၅-၇) ယနေ့ ယေရှုသည် အုပ်ချုပ်လျက်ရှိသောဘုရင်အနေနှင့် ထိုသဘောထားကိုပင် ဆက်တင်ပြသည်။ ကိုယ်တော်သည် ခမည်းတော်အား  အရာရာတွင်  နှိမ့်ချစွာလက်အောက်ခံပြီး ကိုယ်တော်၏ဦးစီးမှုကို ထောက်ခံသည်။—မ. ၂၀:၂၃; ယော. ၅:၃၀; ၁ ကော. ၁၅:၂၈

၁၀။ ဇနီးဖြစ်သူသည် ခင်ပွန်း၏ဦးစီးမှုကို မည်သို့ထောက်မပေးနိုင်သနည်း။

၁၀ ခရစ်ယာန်ဇနီးသည်,သည် ခင်ပွန်း၏ဦးစီးမှုကို ထောက်မပေးခြင်းဖြင့် ယေရှုကိုတုပသင့်သည်။ (၁ ပေတရု ၂:၂၁; ၃:၁၊ ၂ ကိုဖတ်ပါ။) ထိုသို့သောအခွင့်အရေးတင်ပြနိုင်သည့် အခြေအနေတစ်ခုကို သုံးသပ်ကြည့်ပါ။ သားဖြစ်သူသည် မိဘခွင့်ပြုချက်လိုသော လုပ်ဆောင်မှုတစ်ခုတွင်ပါဝင်လို၍ မိခင်ထံခွင့်တောင်းသည်။ ယင်းအကြောင်းကို ယခင်က မိဘတို့မဆွေးနွေးဖူးသောကြောင့် မိခင်ဖြစ်သူက သားအား “အဖေကို မေးပြီးပြီလား” ဟုမေးခြင်းသည် သင့်လျော်ပေမည်။ သားဖြစ်သူ မမေးရသေးလျှင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမီ ထိုကိစ္စကို ခင်ပွန်းနှင့်ဆွေးနွေးသင့်သည်။ ထို့ပြင် ခရစ်ယာန်ဇနီးသည်,သည် ကလေးများရှေ့တွင် ခင်ပွန်းနှင့်ဆန့်ကျင်ပြောဆိုခြင်း၊ ခင်ပွန်း၏သဘောထားကို သဘောမတူငြင်းဆိုခြင်းတို့ မပြုလုပ်သင့်ပါ။ တစ်စုံတစ်ရာကို ခင်ပွန်းနှင့်သဘောမတူဖြစ်နေပါက နှစ်ယောက်တည်း သီးသန့်စကားပြောပေမည်။—ဧ. ၆:၄

မိဘတို့အတွက် ယေရှု၏စံနမူနာ

၁၁။ ယေရှုသည် မိဘတို့အတွက် အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။

၁၁ ယေရှုသည် အိမ်ထောင်မပြုခဲ့၊ ကလေးအဖေတစ်ဦးမဟုတ်ခဲ့သည့်တိုင် ခရစ်ယာန်မိဘတို့အတွက် အလွန်ကောင်းသောစံနမူနာရှင်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ကိုယ်တော်သည် တပည့်များအား စကားဖြင့်ရော ပုံသက်သေအားဖြင့်ပါ မေတ္တာပါပါ၊ စိတ်ရှည်စွာသွန်သင်ခဲ့သည်။ သူတို့အား ပေးအပ်ထားသောတာဝန်ကို မည်သို့ဆောင်ရွက်နိုင်ပုံကို ကိုယ်တော်ပြသပေးခဲ့သည်။ (လု. ၈:၁) တပည့်များအပေါ်ထားသော ယေရှု၏စိတ်သဘောထားနှင့် အမူအကျင့်တို့က တပည့်တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ပုံကို သင်ပေးသည်။—ယောဟန် ၁၃:၁၄-၁၇ ကိုဖတ်ပါ။

၁၂၊ ၁၃။ ဘုရားသခင်ကိုကြောက်ရွံ့သောကလေးများဖြစ်အောင် ပြုစုပျိုးထောင်ရန် မိဘတို့တွင် အဘယ်အရာလိုအပ်သနည်း။

၁၂ ကလေးများသည် မိဘတို့၏ ကောင်းသောအကျင့် သို့မဟုတ် ဆိုးသောအကျင့်ကို တုပလိုစိတ်ရှိကြသည်။ သို့ဖြစ်၍ မိဘတို့၊ မိမိကိုယ်ကို ဤသို့မေးပါ– ‘တီဗွီကြည့်ခြင်းနှင့် အပန်းဖြေခြင်းတို့တွင် အသုံးပြုနေသောအချိန်၊ ကျမ်းစာလေ့လာမှုနှင့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သည့် အချိန်ပမာဏတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ကလေးများ အဘယ်အရာတွေ့မြင်သနည်း။ ကျွန်ုပ်တို့မိသားစု အမှန်ဦးစားထားရာများမှာ အဘယ်နည်း။ အသက်ရှင်နေထိုင်ပုံနှင့် ဆုံးဖြတ်ချက်များသည် မှန်သောဝတ်ပြုရေးအပေါ်ဗဟိုပြုခြင်းဖြင့် ပုံသက်သေကောင်းပြနေကြသလော။’ ဘုရားသခင်ကိုကြောက်ရွံ့သောကလေးများကို ပြုစုပျိုးထောင်ဖို့ဆိုလျှင် ဦးဆုံး မိဘကိုယ်တိုင်၏စိတ်နှလုံးတွင် ဘုရားသခင့်ပညတ်များရှိရမည်။—တရား. ၆:၆

၁၃ မိဘတို့သည် နေ့စဉ်အရေးကိစ္စများတွင် ကျမ်းစာမူများကို ကြိုးစားကျင့်သုံးနေပါက ကလေးများသည် ယင်းကို သတိမပြုမိဘဲနေမည်မဟုတ်ပါ။ မိဘတို့၏အပြောနှင့် သွန်သင်ချက်များသည် အလွန်အလေးစီးပါသည်။ သို့သော် ချမှတ်ထားသောစံနှုန်းကို မိဘတို့မလိုက်နာကြောင်း ကလေးများတွေ့ရပါက ကျမ်းစာမူများသည် အမှန်ပင်အရေးမပါ၊ လက်တွေ့မကျဟု ကလေးများကောက်ချက်ချသွားပေမည်။ ရလဒ်အနေနှင့် ကလေးများသည် လောကဖိအားများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံတွန်းလှန်နိုင်မည်မဟုတ်ပါ။

၁၄၊ ၁၅။ မိဘတို့သည် မိမိတို့ကလေးများအား အဘယ်အဖိုးတန်ရာများနှင့် ပြုစုပျိုးထောင်သင့်သနည်း၊ ယင်းကိုပြုလုပ်နိုင်သည့် နည်းတစ်နည်းမှာ အဘယ်နည်း။

၁၄ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရာတွင် ရုပ်ပစ္စည်းလိုအပ်ရာကို ထောက်ပံ့ပေးခြင်းထက်မကလိုကြောင်း ခရစ်ယာန်မိဘများ သိထားကြသည်။ ထို့ကြောင့် ရုပ်ပစ္စည်းအကျိုးအမြတ်ကိုသာရစေမည့် ပန်းတိုင်များလိုက်စားရန် ကလေးကိုသွန်သင်ပေးခြင်းသည် အလွန်ပညာမဲ့ရာရောက်ပေမည်။ (ဒေ. ၇:၁၂) ယေရှုက တပည့်များအား ဝိညာဉ်ရေးအဖိုးတန်ရာများနှင့် ယင်း၏ဦးစားထားရာများကိုလိုက်စားရန် သွန်သင်ခဲ့သည်။ (မ. ၆:၃၃) ထို့ကြောင့် ယေရှုကို တုပရာတွင် ခရစ်ယာန်မိဘတို့သည် ကလေးများကို ဝိညာဉ်ရေးပန်းတိုင်များ လိုက်စားလိုစိတ်ရှိလာစေရန် ကြိုးစားပြုစုပျိုးထောင်ပေးသင့်သည်။

၁၅ ယင်းကို မိဘတို့ပြုလုပ်နိုင်သည့်နည်းတစ်နည်းမှာ အချိန်ပြည့်အမှုဆောင်များနှင့် ကလေးများပေါင်းသင်းရန် အခွင့်အရေးရှာခြင်းဖြစ်သည်။ ဆယ်ကျော်သက်လေးများသည် ရှေ့ဆောင်များ၊ တိုက်နယ်ကြီးကြပ်မှူး၊ သူ၏ဇနီးတို့နှင့် ရင်းနှီးလာခြင်းသည် မည်မျှအားပေးမှုဖြစ်နိုင်သည်ကို သုံးသပ်ကြည့်ပါ။ အလည်အပတ်လာသူ ခရစ်ယာန်သာသနာပြုများ၊ ဗေသလအိမ်သားများ၊ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ဆောင်နေသူတို့သည် ယေဟောဝါအမှုဆောင်ခြင်းမှရသည့် ရွှင်လန်းမှုအကြောင်း စိတ်အားထက်သန်စွာ ပြောပြနိုင်ပါသည်။ ထိုသို့သောဧည့်သည်များတွင် ပြန်ပြောပြစရာ စိတ်ဝင်စားဖွယ်အတွေ့အကြုံများရှိမည်မှာ ယုံမှားဖွယ်မရှိပါ။ သူတို့၏ကိုယ်ကျိုးစွန့်အမှုဆောင်သည့် ပုံသက်သေများက သင့်ကလေးများအား ပညာရှိဆုံးဖြတ်ချက်များချရန်၊ ချီးမွမ်းဖွယ်ပန်းတိုင်များချမှတ်ရန်၊ အချိန်ပြည့်လုပ်ငန်းလုပ်ဆောင်ရာတွင် မိမိကိုယ်ကိုထောက်ပံ့နိုင်သည့် သင့်လျော်သည့်ပညာရေးကိုရွေးချယ်ရန် များစွာအထောက်အကူပြုပေမည်။

သားသမီးတို့—ယေရှု၏စံနမူနာကိုလိုက်လျှောက်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း

၁၆။ ယေရှုသည် လူသားမိဘတို့ကိုရော ကောင်းကင်ခမည်းတော်ကိုပါ မည်သို့ဂုဏ်တင်ခဲ့သနည်း။

၁၆ သားသမီးတို့၊ ယေရှုသည် သင်တို့အတွက်လည်း အလွန်ကောင်းသော စံနမူနာရှင်ဖြစ်သည်။ ယေရှုသည် ယောသပ်နှင့်မာရိ၏ ပြုစုစောင့်ရှောက်မှုကိုခံရပြီး ကိုယ်တော်သည် သူတို့ကိုနာခံခဲ့သည်။ (လုကာ ၂:၅၁ ကိုဖတ်ပါ။) မိဘတို့သည် မစုံလင်ကြသော်လည်း မိမိအားကြည့်ရှုစောင့်ရှောက်ရန် မိဘတို့အား ဘုရားသခင်တာဝန်ပေးထားသည်ကို ယေရှုအသိအမှတ်ပြုခဲ့သည်။ သို့ဖြစ်သောကြောင့် ယေရှုသည် မိဘတို့ကို ဂုဏ်တင်ခဲ့သည်။ (တရား. ၅:၁၆; မ. ၁၅:၄) အရွယ်ရောက်လာသည့်အခါ ယေရှုသည် ကောင်းကင်ခမည်းတော်နှစ်သက်ရာကို အမြဲလုပ်ဆောင်ခဲ့သည်။ ယင်းတွင် စမ်းသပ်မှုကိုတွန်းလှန်ခြင်းပါဝင်သည်။ (မ. ၄:၁-၁၀) အသင်လူငယ်လေးတို့သည် မိဘစကားနားမထောင်ရန် သွေးဆောင်ခံရသည့်အခါများ ရှိပေမည်။ သို့ဆိုလျှင် ယေရှု၏စံနမူနာကိုလိုက်လျှောက်ရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

၁၇၊ ၁၈။ (က) လူငယ်လေးများသည် ကျောင်းတွင် အဘယ်ဖိအားမျိုးကို ရင်ဆိုင်ကြရသနည်း။ (ခ) စမ်းသပ်မှုများကိုခုခံရန် လူငယ်တို့သည် အဘယ်အရာကို သတိရခြင်းက အထောက်အကူပြုနိုင်သနည်း။

၁၇ သင့်ကျောင်းနေဖက်အများစုမှာ သမ္မာကျမ်းစာစံနှုန်းများကို အနည်းငယ်သာလေးမြတ်သူ သို့မဟုတ် လုံးလုံးမလေးမြတ်သူတို့ ဖြစ်ပေမည်။ သူတို့က သင့်အား ဒွိဟဖြစ်ဖွယ်လှုပ်ရှားမှုများတွင်ပါဝင်ရန် ကြိုးစားကြမည်ဖြစ်ပြီး သင်ငြင်းဆိုသည့်အခါ သင့်အားပြောင်လှောင်ကြပေမည်။ တစ်စုံတစ်ရာသောလုပ်ဆောင်မှုများတွင် သင်မပါဝင်သောကြောင့် ကျောင်းနေဖက်များက သင့်ကို နာမည်ပြောင်ဖြင့် အမြဲခေါ်ပါသလော။ သို့ဖြစ်ပါက သင်မည်သို့တုံ့ပြန်သနည်း။ သင်သည် ကြောက်ကြောက်လန့်လန့်ဖြင့် သူတို့အုပ်စုထဲဝင်မည်ဆိုပါက သင့်မိဘနှင့် ယေဟောဝါသည် သင့်ကြောင့်စိတ်ထိခိုက်ကြလိမ့်မည်ကို သင်သိထားသည်။ သင်သည် သင့်ကျောင်းနေဖက်များနောက်လိုက်ပါက သင့်၌ အဘယ်အရာဖြစ်မည်နည်း။ သင့်တွင် ရှေ့ဆောင် သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်ရန်၊ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ သာ၍လိုအပ်သော ဒေသတစ်ခုတွင်အမှုဆောင်ရန် သို့မဟုတ် ဗေသလအိမ်သားဖြစ်ရန်စသည့် တစ်စုံတစ်ရာသောပန်းတိုင်များရှိပေမည်။ သင့်ကျောင်းနေဖက်များနှင့် ပေါင်းသင်းခြင်းက သင့်ပန်းတိုင်သို့ရောက်ရန် အထောက်အကူဖြစ်ပါမည်လော။

၁၈ ခရစ်ယာန်အသင်းတော်ရှိ အသင်လူငယ်တို့၊ သင်တို့၏ယုံကြည်ခြင်း စမ်းသပ်ခံရသည့်အခြေအနေတွင် ရောက်ရှိနေသည်ကို ကြုံဖူးပါသလော။ သင်မည်သို့တုံ့ပြန်သနည်း။ စံနမူနာရှင်ယေရှုကို စဉ်းစားကြည့်ပါလေ။ ကိုယ်တော်သည် သွေးဆောင်မှုများကိုတွန်းလှန်ခဲ့ပြီး မှန်သည်ဟုကိုယ်တော်သိထားရာဘက် ခိုင်မြဲစွာရပ်တည်ခဲ့သည်။ ယင်းကိုသတိရခြင်းက မှားသည်ဟုသင်သိထားရာကိုပြုလုပ်ခြင်းတွင် မပါဝင်လိုကြောင်း သင့်ကျောင်းနေဖက်များအား ရှင်းရှင်းလင်းလင်းပြောဖို့ ခွန်အားရှိစေရန် အထောက်အကူပြုမည်။ ယေရှုကဲ့သို့ အသက်ထက်ဆုံးရွှင်လန်းစေမည်ဖြစ်သော အမှုဆောင်လုပ်ငန်းကို မပြတ်အာရုံစိုက်ပြီး ယေဟောဝါကိုဆက်၍နာခံသွားပါလေ။—ဟေဗြဲ ၁၂:၂

ပျော်ရွှင်သောမိသားစုဘဝအတွက် သော့ချက်

၁၉။ အဘယ်ဘဝလမ်းစဉ်က စစ်မှန်သောပျော်ရွှင်မှုကိုဖြစ်စေသနည်း။

၁၉ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်သည် လူသားတို့ကိုအကောင်းဆုံးဖြစ်စေလိုသည်။ မစုံလင်သောအခြေအနေ၌ပင် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုအတန်အရာခံစားနိုင်ကြသည်။ (ဟေရှာ. ၄၈:၁၇၊ ၁၈; မ. ၅:၃) ယေရှုသည် လူသားတို့ပျော်ရွှင်မှုအတွက် အခြေခံပုံစံဖြစ်သော ဝတ်ပြုရေးဆိုင်ရာအမှန်တရားများကို သင်ပေးခဲ့သည်၊ သို့သော် တပည့်များအားသင်ပေးခဲ့သည်မှာ ဤမျှသာမဟုတ်ပါ။ အကောင်းဆုံးဘဝလမ်းစဉ်အကြောင်းကိုလည်း ယေရှုသွန်သင်ပေးခဲ့သည်။ အပြောသာမဟုတ်ပါ၊ မျှတမှုရှိသောဘဝ၊ မျှတမှုရှိသောသဘောထားဆိုင်ရာ လက်တွေ့ကျသောစံနမူနာကိုပါ တင်ပြခဲ့သည်။ မိသားစုတွင် ကျွန်ုပ်တို့သည် မည်သည့်နေရာ၌ပင်ရှိပါစေ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏စံနမူနာကို လိုက်လျှောက်ခြင်းမှ အကျိုးရရှိနိုင်သည်။ ထို့ကြောင့် ခင်ပွန်းသည်တို့၊ ဇနီးတို့၊ မိဘတို့နှင့် သားသမီးတို့ ယေရှု၏စံနမူနာကို လိုက်လျှောက်ကြပါလေ။ ယေရှု၏သွန်သင်ချက်ကိုလက်ခံပြီး ကိုယ်တော်၏စံနမူနာကိုတုပခြင်းသည် ကျေနပ်ပျော်ရွှင်ဖွယ်မိသားစုဘဝကိုပျော်မွေ့ရန် သော့ချက်အမှန်ပင်ဖြစ်သည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ခင်ပွန်းသည်တို့သည် ဘုရားသခင်ပေးအပ်ထားသော အခွင့်အာဏာကို မည်သို့ကျင့်သုံးသင့်သနည်း။

• ဇနီးဖြစ်သူသည် ယေရှု၏စံနမူနာကို မည်သို့တုပနိုင်သနည်း။

• တပည့်များအားယေရှုဆက်ဆံပုံမှ မိဘတို့ အဘယ်အရာသင်ယူနိုင်သနည်း။

• လူငယ်တို့သည် ယေရှု၏စံနမူနာမှ အဘယ်အရာသင်ယူနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိသားစုအပေါ်သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ခုကိုမချမီ မေတ္တာပြည့်ဝသော ခင်ပွန်းသည် အဘယ်အရာပြုလုပ်မည်နည်း

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အဘယ်အခြေအနေသည် ဇနီးသည်အား ခင်ပွန်း၏ဦးစီးမှုကိုထောက်မရန် အခွင့်အရေးတစ်ခုဖြစ်သနည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သားသမီးတို့သည် မိဘတို့၏အမူအကျင့်ကောင်းကို တုပကြ