မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နူးညံ့သိမ်မွေ့မှုကို ယေဟောဝါ တန်ဖိုးထား

နူးညံ့သိမ်မွေ့မှုကို ယေဟောဝါ တန်ဖိုးထား

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

နူးညံ့သိမ်မွေ့မှုကို ယေဟောဝါ တန်ဖိုးထား

တောလည်ရာ ၁၂:၁-၁၅

မာနကြီးခြင်း၊ မနာလိုခြင်း၊ ရည်မှန်းချက်ကြီးခြင်း။ ယင်းတို့သည် ယနေ့လောကတွင် အောင်မြင်နေသူများ၌ တွေ့ရလေ့ရှိသည့် သဘောထားများဖြစ်သည်။ သို့သော် ထိုသို့သောစရိုက်များက ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင်နှင့် ပို၍နီးကပ်စေသလော။ လုံးဝမနီးကပ်စေပါ။ ယင်းအစား ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူတို့၏ နူးညံ့သိမ်မွေ့မှုကို တန်ဖိုးထားတော်မူသည်။ ထိုသို့ဖြစ်ကြောင်း တောလည်ရာ အခန်းကြီး ၁၂ ပါမှတ်တမ်းတွင် ထင်ရှားစွာတွေ့ရသည်။ ဖြစ်ပျက်သည့်နေရာမှာ အစ္စရေးလူတို့ အီဂျစ်ပြည်မှထွက်မြောက်လာပြီးနောက်ပိုင်း သိနာတောတွင်ဖြစ်သည်။

မောရှေ၏အစ်မမိရိအံနှင့် အစ်ကိုအာရုန်သည် မောရှေကို “အပြစ်တင်” လာ၏။ (အခန်းငယ် ၁) သူတို့သည် မောရှေနှင့် မျက်နှာချင်းဆိုင်ကာ သူတို့၏စိုးရိမ်ပူပန်မှုကို ပြောပြမည့်အစား ပြစ်တင်ညည်းညူမှုကို တပ်စခန်းရှိ အခြားသူတို့ထံလည်း ဖြန့်ကြပုံရသည်။ မိရိအံကို ဦးစွာဖော်ပြထားသောကြောင့် သူသည် အပြစ်တင်မှုကို အစပြုသူဖြစ်နိုင်သည်။ ညည်းညူအပြစ်တင်ရသည့် အဓိကအကြောင်းရင်းမှာ မောရှေသည် ကုရှအမျိုးသမီးကို ထိမ်းမြားထားသောကြောင့်ဖြစ်သည်။ မိရိအံသည် အစ္စရေးလူမျိုးမဟုတ်သော ထိုလူမျိုးခြားအမျိုးသမီးလောက်ပင် မိမိအရေးစိုက်မခံရမည်ကိုစိုး၍ မနာလိုဖြစ်နေခြင်းလော။

ညည်းညူအပြစ်တင်ရသည့် အခြားအကြောင်းရင်းများလည်းရှိသည်။ မိရိအံနှင့်အာရုန်က ‘ယေဟောဝါသည် မောရှေအားဖြင့်သာ [ကြိုတင်အသိ]ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလော’ ဟုဆိုမြဲဆိုနေကြသည်။ (အခန်းငယ် ၂) ညည်းညူအပြစ်တင်ရန် သူတို့ကို အဓိကလှုံ့ဆော်ပေးသည့် အကြောင်းရင်းမှာ ပို၍အခွင့်အာဏာရလိုပြီး ပို၍အသိအမှတ်ပြုခံလိုသောကြောင့်လော။

မှတ်တမ်းတွင် မောရှေသည် ညည်းညူအပြစ်တင်မှုကို ကိုယ်တိုင်ပြန်မတုံ့ပြန်ခဲ့ပါ။ သူသည် ယင်းကို စိတ်ရှည်သည်းခံခဲ့ပုံရသည်။ သူ၏စိတ်ရှည်မှုက သူသည် “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ၏” ဟူသော သူနှင့်ပတ်သက်သည့်ကျမ်းစာသရုပ်ဖော်ချက်ကို ထောက်ခံသည်။ * (အခန်းငယ် ၃) မောရှေသည် မိမိကိုယ်ကိုကာကွယ်ပြောဆိုနေစရာ မလိုပါ။ ထိုကိစ္စကို ယေဟောဝါကြားတော်မူပြီး မောရှေဘက်မှ ရပ်တည်ပေးခဲ့သည်။

ယေဟောဝါသည် ထိုညည်းညူပြစ်တင်မှုကို မိမိကိုပြုသည့်အလား ရှုမြင်တော်မူသည်။ အကြောင်းမှာ မိမိကိုယ်တိုင် မောရှေကိုခန့်အပ်ခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အပြစ်တင်ညည်းညူသူတို့ကို ဆုံးမပြီး “သူ့အား ငါမိန့်မြွက်သောအခါ . . . မျက်နှာချင်းဆိုင်၍ အတည့်အလင်းမြွက်ဆို” သည်ဟုဆိုခြင်းဖြင့် မိမိနှင့်မောရှေတွင် အထူးဆက်ဆံရေးရှိကြောင်း သတိပေးခဲ့သည်။ ထို့နောက် ယေဟောဝါက “သို့ဖြစ်၍ သင်တို့သည် . . .မောရှေနှင့် အဘယ်ကြောင့်ဆန့်ကျင်ဘက်ပြောဝံ့သနည်း” ဟုမိရိအံနှင့်အာရုန်ကို မေးတော်မူ၏။ (အခန်းငယ် ၈သမ္မာ) မောရှေကို အပြစ်တင်ပြောဆိုခြင်းဖြင့် သူတို့သည် အမှန်အားဖြင့် ဘုရားသခင်ကို အပြစ်တင်မိသည့်အမှား ကျူးလွန်ခဲ့ကြသည်။ ထိုသို့ကမ်းကုန်အောင် မရိုသေမလေးစားသည့်အဖြစ်ကြောင့် ယေဟောဝါ၏အမျက်တော်ကို သူတို့ခံစားကြရမည်။

အစပြုဦးဆောင်ခဲ့ပုံရသော မိရိအံသည် နူနာစွဲလေ၏။ အာရုန်သည် မိရိအံအတွက်တောင်းပန်ပေးရန် မောရှေကို ချက်ချင်းအသနားခံခဲ့သည်။ စဉ်းစားကြည့်ပါ။ ယခု မိရိအံသည် မိမိအပြစ်တင်ပြောဆိုခဲ့သူ၏ကူညီမှုကို လိုအပ်နေသည်။ မောရှေသည် တောင်းဆိုသည့်အတိုင်း နူးညံ့သိမ်မွေ့စွာ တောင်းပန်ပေးခဲ့သည်။ ဤမှတ်တမ်းတွင် မောရှေသည် ဦးဆုံးအကြိမ်အနေဖြင့် သူ၏အစ်မအတွက် ယေဟောဝါထံ ပြင်းပြစွာအသနားခံခဲ့သည်။ မိရိအံသည် နူနာပျောက်ကင်းသွားသော်လည်း တပ်ပြင်တွင် ခုနစ်ရက်ပတ်လုံးနေခဲ့ရသည်။ ရှက်ဖွယ်ကောင်းလိုက်လေခြင်း။

ဤမှတ်တမ်းက ယေဟောဝါတန်ဖိုးထားသော အရည်အသွေးများနှင့် ကိုယ်တော်မနှစ်သက်သော သဘောထားများကို ကျွန်ုပ်တို့အား သိမြင်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်နီးကပ်လိုပါက ကျွန်ုပ်တို့တွင်ရှိနေနိုင်သည့် မာနကြီးခြင်း၊ မနာလိုဖြစ်ခြင်း၊ ရည်မှန်းချက်ကြီးခြင်းစသောသဘောထားများ အနည်းငယ်မျှပင်မရှိရလေအောင် ဖယ်ထုတ်ရမည်။ နူးညံ့သိမ်မွေ့သူတို့ကို ယေဟောဝါချစ်တော်မူ၏။ “စိတ်နူးညံ့သိမ်မွေ့သူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုကိုယ်တော်ကတိပြုထားသည်။—ဆာလံ ၃၇:၁၁ကဘ; ယာကုပ် ၄:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 နူးညံ့သိမ်မွေ့ခြင်းသည် တရားမမျှတမှုကို လက်စားမချေဘဲ စိတ်ရှည်စွာခံရပ်စေနိုင်သည့် ခိုင်မာမှုရှိသောအရည်အသွေးဖြစ်သည်။