မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေပေါ်ထာဝရအသက် —ခရစ်ယာန်မျှော်လင့်ချက်တစ်ခုလော

ကမ္ဘာမြေပေါ်ထာဝရအသက် —ခရစ်ယာန်မျှော်လင့်ချက်တစ်ခုလော

ကမ္ဘာမြေပေါ်ထာဝရအသက် —ခရစ်ယာန်မျှော်လင့်ချက်တစ်ခုလော

“[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။”—ဗျာ. ၂၁:၄

၁၊ ၂။ ပထမရာစုဂျူးများစွာသည် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန် မျှော်လင့်ခဲ့ကြကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။

ချမ်းသာကြွယ်ဝပြီး ထင်ရှားသောလူငယ်တစ်ဦးသည် ယေရှုထံပြေးလာပြီး ကိုယ်တော့်ရှေ့ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေခံရန် ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေးလေသည်။ (မာ. ၁၀:၁၇) ထိုလူငယ်သည် ထာဝရအသက်အမွေခံခြင်းအကြောင်းမေးခဲ့သည်—သို့သော် အဘယ်နေရာကိုရည်စူးခဲ့ခြင်းနည်း။ ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ပြီးသည့်အတိုင်း အစောပိုင်းရာစုနှစ်များစွာကတည်းက ဘုရားသခင်သည် ဂျူးလူမျိုးကို ရှင်ပြန်ထမြောက်ခြင်းနှင့် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ခြင်းမျှော်လင့်ချက်ကို ပေးခဲ့သည်။ ပထမရာစုဂျူးများစွာအလယ်တွင် ယင်းမျှော်လင့်ချက်ကို ယုံကြည်ဆဲဖြစ်သည်။

ယေရှု၏မိတ်ဆွေဖြစ်သူမာသက သေဆုံးသွားသောမောင်နှင့်ပတ်သက်၍ ဤသို့ပြောချိန်တွင် ကမ္ဘာမြေပေါ်အသက်ပြန်ရှင်ခြင်းကို စိတ်ထဲရှိခဲ့ပုံရ၏– “နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်ရာကာလတွင် သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်။” (ယော. ၁၁:၂၄) ထိုခေတ်ကဇဒ္ဒုကဲများသည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ခဲ့ကြသည်မှာ မှန်ပါသည်။ (မာ. ၁၂:၁၈) သို့သော် ဂျော့ဂ်ျ ဖူ့တ် မော်ရ်ရေးသောစာအုပ် (Judaism in the First Centuries of the Christian Era) တွင် ဤသို့ဆိုထား၏– “ကျွန်ုပ်တို့ခေတ်မတိုင်မီ ဒုတိယ သို့မဟုတ် ပထမရာစုနှစ်များမှ . . . စာပေများက သေဆုံးသွားသောအလျင်ခေတ်ကလူမျိုးဆက်များ ကမ္ဘာပေါ်ပြန်အသက်ရှင်လာမည့် သမိုင်းအလှည့်အပြောင်းကို မျှော်လင့်သည့်ယုံကြည်ချက်ရှိကြောင်း အခိုင်အမာထောက်ခံသည်။” ယေရှုထံချဉ်းကပ်ခဲ့သောသူကြွယ်သည် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန် အလိုရှိခဲ့သည်။

၃။ ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

ယနေ့ ခရစ်ယာန်ဘာသာတရားများစွာနှင့် ကျမ်းပညာရှင်များက ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ကို ခရစ်ယာန်သွန်သင်ချက်ဖြစ်သည်ဟု လက်မခံကြပါ။ လူအများစုက မိမိတို့သေဆုံးသွားပြီးနောက် ဝိညာဉ်နယ်ပယ်တွင်အသက်ရှင်မည်ဟု မျှော်လင့်ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဂရိကျမ်းစောင်များကို ဖတ်ရှုသူတို့သည် “ထာဝရအသက်” အသုံးအနှုန်းကို ဖတ်ရသည့်အခါ များစွာသောသူတို့က ယင်းသည် ကောင်းကင်အသက်တာကို အမြဲရည်ညွှန်းသည်ဟု ယူမှတ်ကြသည်။ ယင်းသည်မှန်ပါသလော။ ထာဝရအသက်အကြောင်း ယေရှုမိန့်တော်မူသည့်အခါ ကိုယ်တော်အဘယ်အရာကို ဆိုလိုခြင်းနည်း။ ကိုယ်တော်၏တပည့်များသည် အဘယ်အရာကို ယုံကြည်ခဲ့ကြသနည်း။ ခရစ်ယာန်ဂရိကျမ်းစောင်များသည် ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်အကြောင်း သွန်သင်ပါသလော။

“အသစ်ပြုပြင်ရာကာလ၌” ထာဝရအသက်

၄။ “အသစ်ပြုပြင်ရာကာလ၌” အဘယ်အရာဖြစ်ပျက်ရန်ရှိသနည်း။

ဘိသိက်ပေးခံရသောခရစ်ယာန်များသည် ကောင်းကင်မှနေ၍ မြေကြီးကိုအုပ်စိုးရန် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု သမ္မာကျမ်းစာသွန်သင်သည်။ (လု. ၁၂:၃၂; ဗျာ. ၅:၉၊ ၁၀; ၁၄:၁-၃) သို့သော် ထာဝရအသက်အကြောင်း ယေရှုမိန့်တော်မူသည့်အခါ ထိုအုပ်စုကိုသာ အမြဲစိတ်ထဲထားကာ မိန့်တော်မူခဲ့ခြင်းမဟုတ်ပါ။ သူကြွယ်လူငယ်အား သူ၏ပိုင်ဆိုင်ရာအားလုံးကိုထားခဲ့ပြီး ခရစ်တော်နောက်လိုက်တစ်ဦးဖြစ်လာရန်ဖိတ်ခေါ်ချက်ကို ထိုလူငယ်သည် ဝမ်းနည်းလျက်ထွက်သွားချိန်တွင် တပည့်များအား ကိုယ်တော်မိန့်တော်မူခဲ့ရာကို သုံးသပ်ကြည့်ပါ။ (မဿဲ ၁၉:၂၈၊ ၂၉ ကိုဖတ်ပါ။) ယေရှုက မိမိ၏တမန်တော်များသည် ဘုရင်များ၊ တရားသူကြီးများအဖြစ် “အစ္စရေးလူမျိုးတစ်ဆယ့်နှစ်နွယ်” ကိုအုပ်စိုးမည့်သူတို့ထဲတွင်ပါဝင်ကြမည်ဟု မိန့်တော်မူခဲ့သည်၊ ထိုတစ်ဆယ့်နှစ်နွယ်မှာ ကောင်းကင်အုပ်ချုပ်သူအတန်းအစားမပါသည့် လူသားအားလုံးကိုဆိုလိုသည်။ (၁ ကော. ၆:၂) မိမိနောက်လိုက် ‘ယောက်တိုင်း’ ကိုပေးမည့် ဆုကျေးဇူးကိုလည်း ကိုယ်တော်ဖော်ပြခဲ့သည်။ ထိုသူတို့သည်လည်း ‘ထာဝရအသက်ကို အမွေခံရ’ မည်ဖြစ်သည်။ ယင်းတို့အားလုံးသည် “အသစ်ပြုပြင်ရာကာလ၌” ဖြစ်ပျက်ရန်ဖြစ်သည်။

၅။ “အသစ်ပြုပြင်ရာကာလ” ကိုမည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။

“အသစ်ပြုပြင်ရာကာလ” ဟုဆိုရာတွင် အဘယ်အရာကိုယေရှုဆိုလိုခဲ့ခြင်းနည်း။ ယင်းအသုံးအနှုန်းကို သမ္မာကျမ်းစာ—အမေရိကန်ဘာသာပြန်ကျမ်းတွင် “ကမ္ဘာသစ်” ဟုပြန်ဆိုသည်။ ယေရုရှလင်ကျမ်းစာက “အရာအားလုံးကို အသစ်ပြုလုပ်ချိန်တွင်” ဟုပြန်ဆိုပြီး ယုဒသန်ကျမ်းတွင် “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ” ဟုပြန်ဆိုထား၏။ ယေရှုသည် ယင်းအသုံးအနှုန်းကို ရှင်းပြချက်မပါဘဲ အသုံးပြုထားသောကြောင့် ရာစုနှစ်နှင့်ချီဂျူးတို့မျှော်လင့်ခဲ့ရာကို ရည်ညွှန်းခြင်းဖြစ်ကြောင်းထင်ရှားသည်။ အာဒံနှင့်ဧဝအပြစ်မပြုမီ ဧဒင်ဥယျာဉ်တွင်ရှိခဲ့သည့် အခြေအနေမျိုးဖြစ်ဖို့မှာ ကမ္ဘာပေါ်ရှိအခြေအနေများကို အသစ်ပြုပြင်ဖို့လိုသည်။ အသစ်ပြုပြင်ရာကာလသည် “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ဆိုင်ရာ ဘုရားသခင့်ကတိတော်ကို ပြည့်စုံစေမည်။—ဟေရှာ. ၆၅:၁၇

၆။ သိုးနှင့်ဆိတ်ပုံဥပမာက ထာဝရအသက်မျှော်လင့်ချက်အကြောင်း အဘယ်အရာသင်ပေးသနည်း။

လောကစနစ်နိဂုံးပိုင်းနှင့်ပတ်သက်သည့် ဟောပြောချက်တွင် ထာဝရအသက်အကြောင်း ယေရှုထပ်၍မိန့်တော်မူခဲ့သည်။ (မ. ၂၄:၁-၃) ကိုယ်တော်ဤသို့မိန့်ဆို၏– ‘လူသားသည် မိမိတန်ခိုးတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌စုဝေးစေပြီးလျှင် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကိုခွဲခြားသကဲ့သို့ လူတို့ကိုခွဲခြားလိမ့်မည်။’ တရားစီရင်ခံရသူတို့သည် “ထာဝရသေဒဏ်စီရင်ခြင်းခံရ၍ ဖြောင့်မတ်သူတို့မူကား ထာဝရအသက်ကို ရကြလိမ့်မည်။” ထာဝရအသက်ကိုရကြသော “ဖြောင့်မတ်သူတို့” မှာ စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ခရစ်တော်၏ “ညီတို့” ကိုတည်ကြည်စွာထောက်မကြသူများ ဖြစ်ကြသည်။ (မ. ၂၅:၃၁-၃၄၊ ၄၀၊ ၄၁၊ ၄၅၊ ၄၆) ဘိသိက်ပေးခံရသူတို့သည် ကောင်းကင်နိုင်ငံတော်တွင် မင်းများအဖြစ် ရွေးချယ်ခံရသူတို့ဖြစ်သောကြောင့် “ဖြောင့်မတ်သူတို့” မှာကောင်းကင်နိုင်ငံတော်၏ မြေကြီးလက်အောက်ခံများ ဖြစ်ရမည်။ သမ္မာကျမ်းစာတွင် ဤသို့ကြိုဟောထား၏– “[ယေဟောဝါခန့်ထားသော ဘုရင်သည်] ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။” (ဆာ. ၇၂:၈) ထိုလက်အောက်ခံများသည် ကမ္ဘာမြေပေါ် ထာဝရအသက်ဖြင့်ပျော်မွေ့ကြမည်။

ယောဟန်ခရစ်ဝင်ကျမ်းက အဘယ်အရာဖော်ပြသနည်း

၇၊ ၈။ ယေရှုသည် နိကောဒင်ကို အဘယ်မျှော်လင့်ချက်နှစ်ခုအကြောင်း မိန့်တော်မူခဲ့သနည်း။

မဿဲ၊ မာကုနှင့် လုကာခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားချက်အရ အထက်တွင်ဖော်ပြခဲ့သောအဖြစ်အပျက်တို့တွင် “ထာဝရအသက်” အသုံးအနှုန်းကို ယေရှုအသုံးပြုသည်။ ယောဟန်ခရစ်ဝင်ကျမ်းတွင် ထာဝစဉ်အသက်ရှင်ခြင်းအကြောင်း ယေရှုမိန့်တော်မူချက် ၁၇ ကြိမ်ခန့်ကို ကိုးကားထားသည်။ ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်အကြောင်း ယေရှုမိန့်တော်မူခဲ့ရာကိုတွေ့မြင်ရန် ယင်းကိုးကားချက်များထဲမှအချို့ကို ဆန်းစစ်ကြည့်ကြစို့။

ယောဟန်မှတ်တမ်းအရ ယေရှုသည် ထာဝရအသက်အကြောင်းကို နိကောဒင်အမည်ရှိသောဖာရိရှဲအား ဦးဆုံးပြောခဲ့သည်။ နိကောဒင်အား ယေရှုဤသို့မိန့်တော်မူခဲ့၏– “ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ။” ကောင်းကင်နိုင်ငံတော်ဝင်မည့်သူတို့သည် “တစ်ဖန်မွေးဖွားခြင်း” ကိုခံရမည်ဖြစ်သည်။ (ယော. ၃:၃-၅) ဤနေရာတွင်ပင် ယေရှုရပ်မထားခဲ့ပါ။ ယင်းနောက် လူသားအားလုံးရရှိနိုင်သည့် မျှော်လင့်ချက်အကြောင်း မိန့်တော်မူခဲ့၏။ (ယောဟန် ၃:၁၆ ကိုဖတ်ပါ။) ဘိသိက်ပေးခြင်းခံရသော မိမိနောက်လိုက်များအတွက် ကောင်းကင်တွင်၊ အခြားသူတို့အတွက် ကမ္ဘာမြေပေါ်တွင် ထာဝရအသက်မျှော်လင့်ချက်ကို ယေရှုရည်ညွှန်းခဲ့ခြင်းဖြစ်သည်။

၉။ အဘယ်မျှော်လင့်ချက်အကြောင်း ရှမာရိအမျိုးသမီးကို ယေရှုမိန့်တော်မူခဲ့သနည်း။

ယေရုရှလင်မြို့တွင် နိကောဒင်နှင့်ပြောဆိုပြီးနောက် မြောက်ဘက်ဂါလိလဲပြည်သို့ ယေရှုခရီးထွက်ခဲ့သည်။ လမ်းခရီးတွင် ရှမာရိပြည် ရှုခါမြို့အနီးရှိ ယာကုပ်၏စမ်းရေတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကိုယ်တော်ဆုံတွေ့ခဲ့သည်။ သူ့ကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “ငါပေးသောရေကိုသောက်သူတိုင်း ဘယ်သောအခါမျှ ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရစေရန် ထွက်သောစမ်းရေဖြစ်လိမ့်မည်။” (ယော. ၄:၅၊ ၆၊ ၁၄) ထိုရေမှာ ကမ္ဘာပေါ်နေထိုင်မည့်သူတို့အပါအဝင် လူသားအားလုံး ထာဝရအသက်ပြန်ရစေရန် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို ကိုယ်စားပြုသည်။ ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်ကိုယ်တော်တိုင် ဤသို့မိန့်တော်မူ၏– “ငါသည် ရေငတ်သူမှန်သမျှအား အသက်စမ်းရေကို အခမဲ့ပေးမည်။” (ဗျာ. ၂၁:၅၊ ၆; ၂၂:၁၇) ထို့ကြောင့် ရှမာရိအမျိုးသမီးကို ယေရှုပြောခဲ့သည့် ထာဝရအသက်သည် ဘိသိက်ပေးခံရသော ဘုရားသခင့်နိုင်ငံတော်အမွေခံများအတွက်သာမက မြေကြီးမျှော်လင့်ချက်ရှိသော ယုံကြည်သူလူသားတို့အတွက်လည်းဖြစ်သည်။

၁၀။ ဗေသေသဒရေကန်၌ လူတစ်ဦးအား ကုသပေးပြီးနောက် ယေရှုသည် ဂျူးဘာသာရေးခေါင်းဆောင်များအား ထာဝရအသက်နှင့်ပတ်သက်၍ အဘယ်အရာမိန့်တော်မူခဲ့သနည်း။

၁၀ နောက်နှစ်တွင် ယေရှုသည် ယေရုရှလင်မြို့သို့ တစ်ဖန်ပြန်ရောက်နေသည်။ ဗေသေသဒရေကန်၌ ဖျားနာနေသူတစ်ဦးအား ကိုယ်တော်ကုသပေးခဲ့သည်။ ကိုယ်တော်၏လုပ်ဆောင်မှုကို အပြစ်တင်သောဂျူးများအား ယေရှုက “သားတော်သည် ခမည်းတော်ပြုတော်မူသည်ကို မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်” ဟုရှင်းပြခဲ့၏။ ခမည်းတော်သည် “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား ပေးအပ်ထားတော်မူ၏” ဟုသူတို့ကိုပြောပြီးနောက် “ငါ့စကားကိုကြားနာ၍ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ယုံကြည်သူသည် ထာဝရအသက်ရ၏” ဟုမိန့်တော်မူခဲ့၏။ ဤသို့လည်းမိန့်တော်မူခဲ့၏– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း ထွက်လာကြလိမ့်မည်။” (ယော. ၅:၁-၉၊ ၁၉၊ ၂၂၊ ၂၄-၂၉) နှောင့်ယှက်သောဂျူးများအား ယေရှုက မိမိသည် ဂျူးတို့မျှော်လင့်သော ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်ကို ပြည့်စုံစေရန် ဘုရားသခင်ခန့်အပ်ထားသူဖြစ်ပြီး လူသေကိုရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယင်းကိုပြုလုပ်ပေးမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ခြင်းဖြစ်သည်။

၁၁။ ယောဟန် ၆:၄၈-၅၁ တွင်မှတ်တမ်းတင်ထားသော ယေရှု၏မိန့်တော်မူချက်တွင် ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ပါကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။

၁၁ ဂါလိလဲတွင် ထောင်နှင့်ချီသောလူတို့သည် အံ့ဖွယ်နည်းဖြင့်ကျွေးမွေးသော မုန့်ကိုစားလို၍ ယေရှုနောက်လိုက်ကြလေသည်။ သူတို့ကို နောက်မုန့်တစ်မျိုးဖြစ်သော “အသက်မုန့်” အကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၆:၄၀၊ ၄၈-၅၁ ကိုဖတ်ပါ။) “ငါပေးမည့်မုန့်ကား ငါ့အသားဖြစ်၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ ယေရှုသည် ကောင်းကင်နိုင်ငံတော်တွင် မိမိနှင့်အတူအုပ်ချုပ်မည့်သူများအတွက်သာ မိမိ၏အသက်ကိုပေးခဲ့သည်မဟုတ်ပါ၊ ရွေးနုတ်ရန်လိုသောလူသားတို့ဖြစ်သည့် “လောကသားတို့ အသက်ရှင်ရန်” အတွက်လည်းဖြစ်သည်။ “မည်သူမဆို ဤမုန့်ကိုစားလျှင်၊” ဆိုလိုသည်မှာ ယေရှု၏ပူဇော်ရာယဇ်၏ ရွေးနုတ်နိုင်စွမ်းကို ယုံကြည်ကြောင်းတင်ပြမည်ဆိုလျှင် ထိုသူသည် ထာဝရအသက်ရမည်။ မှန်ပါသည်၊ ‘ထာဝစဉ်အသက်ရှင်ခြင်း’ ဟုဆိုရာတွင် ဂျူးလူမျိုးတို့ ကြာမြင့်စွာကတည်းကမျှော်လင့်ခဲ့သော မေရှိယအုပ်ချုပ်ချိန်အတွင်း ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက် ပါဝင်သည်။

၁၂။ ယေရှုက ဆန့်ကျင်သူများအား ‘မိမိသည် သိုးတို့ကို ထာဝရအသက်ပေးမည်’ ဟုဆိုရာတွင် အဘယ်မျှော်လင့်ချက်ကို ရည်ညွှန်းခဲ့ခြင်းနည်း။

၁၂ နောက်ပိုင်း၊ ယေရုရှလင်မြို့၌ ဆက်ကပ်အပ်နှံပွဲခံချိန်တွင် ဆန့်ကျင်သူများအား ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် မယုံကြ။ အကြောင်းမူကား သင်တို့သည် ငါ၏သိုးတို့အဝင် မဟုတ်ကြ။ ငါ၏သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏။ ထိုသိုးတို့ကိုငါသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။ ငါသည် သူတို့ကို ထာဝရအသက်ပေး၏။” (ယော. ၁၀:၂၆-၂၈) ကောင်းကင်အသက်တာအကြောင်းကိုသာ ယေရှုမိန့်တော်မူခဲ့ခြင်းလော၊ သို့မဟုတ် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းကိုလည်း စိတ်ထဲရှိခဲ့သလော။ မကြာသေးမီက မိမိနောက်လိုက်များအား ဤစကားများဖြင့် ယေရှုနှစ်သိမ့်ခဲ့၏– “သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။” (လု. ၁၂:၃၂) သို့သော် ဤဆက်ကပ်အပ်နှံပွဲ၌ပင် ယေရှုဤသို့မိန့်တော်မူခဲ့၏– “ဤသိုးခြံသို့မဝင်သော အခြားသိုးများကိုလည်း ငါပိုင်သည်ဖြစ်၍ ထိုသိုးများကို ငါဆောင်ခဲ့ရမည်။” (ယော. ၁၀:၁၆) ထို့ကြောင့် ဆန့်ကျင်သူများအားမိန့်ဆိုသည့် ယေရှု၏စကားများတွင် “သိုးစုငယ်” အတွက် ကောင်းကင်အသက်တာမျှော်လင့်ချက်ရော သန်းနှင့်ချီသော “အခြားသိုးများ” အတွက် ကမ္ဘာမြေကြီးပေါ်ထာဝရအသက်မျှော်လင့်ချက်ပါ ပါဝင်သည်။

ရှင်းပြချက်မလိုသည့် မျှော်လင့်ချက်

၁၃။ “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟုယေရှုမိန့်တော်မူချိန်တွင် ကိုယ်တော်အဘယ်အရာကို ဆိုလိုခဲ့ခြင်းနည်း။

၁၃ ညှဉ်းဆဲရာသစ်တိုင်ပေါ် ပြင်းပြစွာဝေဒနာခံစားနေရချိန်တွင် ယေရှုသည် လူသားတို့၏မျှော်လင့်ချက်ဆိုင်ရာ ငြင်းဆို၍မရနိုင်သည့်အတည်ပြုချက်ကို ဖော်ပြခဲ့သည်။ ကိုယ်တော့်ဘေးတွင် နှက်တိုင်တင်ခံရသော လူဆိုးတစ်ဦးက ကိုယ်တော်အား “ယေရှု၊ နိုင်ငံတော်ကိုအမွေခံရသည့်အခါ ကျွန်ုပ်ကိုသတိရတော်မူပါ” ဟုလျှောက်ဆို၏။ ယေရှုက ထိုသူအား “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” ဟုကတိပြုခဲ့သည်။ (လု. ၂၃:၄၂၊ ၄၃) ထိုသူသည် ဂျူးတစ်ဦးဖြစ်ကြောင်းထင်ရှားကာ ပရဒိသုအကြောင်း ရှင်းပြဖို့မလိုအပ်ခဲ့ပါ။ အနာဂတ်တွင် ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်အကြောင်း သူသိထားသည်။

၁၄။ (က) ကောင်းကင်မျှော်လင့်ချက်ကို ရည်ညွှန်းသည့်အခါ တမန်တော်များ နားမလည်ခဲ့ကြခြင်းမှာ အဘယ်အရာကိုဖော်ပြသနည်း။ (ခ) ယေရှု၏နောက်လိုက်များသည် အဘယ်အချိန်တွင် ကောင်းကင်မျှော်လင့်ချက်အကြောင်း ရှင်းရှင်းလင်းလင်းနားလည်ခဲ့ကြသနည်း။

၁၄ သို့သော် ကောင်းကင်မျှော်လင့်ချက်အကြောင်း ယေရှုရည်ညွှန်းခြင်းဖြစ်လျှင် ရှင်းပြရန်လိုအပ်ခဲ့သည်။ ကိုယ်တော်က မိမိသည် တပည့်များနေစရာအရပ်ကိုပြင်ဆင်ရန် ကောင်းကင်သွားမည်အကြောင်းပြောခဲ့ချိန်က တပည့်များသည် အဘယ်အရာဆိုလိုကြောင်း နားမလည်ခဲ့ကြပါ။ (ယောဟန် ၁၄:၂-၅ ကိုဖတ်ပါ။) နောက်ပိုင်း သူတို့ကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “သင်တို့အား ငါပြောစရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုမခံယူနိုင်ကြ။ သို့သော် အမှန်တရားကိုဖော်ပြသော စွမ်းအားတော်ရောက်လာသောအခါ အမှန်တရားကို သင်တို့ အပြည့်အဝနားလည်စေရန် သွန်သင်ပြသလိမ့်မည်။” (ယော. ၁၆:၁၂၊ ၁၃) ယေရှု၏နောက်လိုက်များသည် စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင့်စွမ်းအားတော်ဖြင့် အနာဂတ်ရှင်ဘုရင်များဖြစ်ရန် ဘိသိက်ပေးခံရပြီးနောက်မှသာ မိမိတို့သည် ကောင်းကင်တွင်နန်းထိုင်ရမည်ဖြစ်ကြောင်း သိရှိလာခဲ့ကြသည်။ (၁ ကော. ၁၅:၄၉; ကော. ၁:၅; ၁ ပေ. ၁:၃၊ ၄) ကောင်းကင်အမွေခံရမည့်မျှော်လင့်ချက်သည် ဖွင့်ပြချက်တစ်ရပ်ဖြစ်ပြီး မှုတ်သွင်းခံခရစ်ယာန်ဂရိကျမ်းစောင်များ၏ အဓိကအာရုံစိုက်ရာဖြစ်လာခဲ့သည်။ သို့သော် ယင်းကျမ်းစောင်များသည် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန်ဖြစ်သော လူသားတို့၏မျှော်လင့်ချက်ကို ထပ်၍အတည်ပြုပါသလော။

မှုတ်သွင်းခံကျမ်းစောင်များက အဘယ်အရာဖော်ပြသနည်း

၁၅၊ ၁၆။ မှုတ်သွင်းခံဟေဗြဲကျမ်းစောင်နှင့် ပေတရု၏စကားများက ကမ္ဘာမြေပေါ် ထာဝရအသက်မျှော်လင့်ချက်အကြောင်း မည်သို့ဖော်ပြသနည်း။

၁၅ တမန်တော်ပေါလုက ဟေဗြဲကျမ်းစောင်တွင် ယုံကြည်သူချင်းများကို “ကောင်းကင်ခေါ်တော်မူခြင်းခံရသော သန့်ရှင်းသောညီအစ်ကိုတို့” ဟုခေါ်ဆိုခဲ့သည်။ သို့သော် ဘုရားသခင်သည် ယေရှုအား “နောင်လာမည့် လူနေထိုင်ရာမြေကြီး” ကို အပ်ပေးသည်ဟူ၍လည်း ပေါလုဖော်ပြခဲ့သည်။ (ဟေဗြဲ ၂:၃၊ ၅; ၃:၁) ခရစ်ယာန်ဂရိကျမ်းစောင်များတွင် “လူနေထိုင်ရာမြေကြီး” အတွက်မူရင်းစကားလုံးသည် လူသားများနေထိုင်သည့် ကမ္ဘာမြေကြီးကို အစဉ်အမြဲရည်ညွှန်းသည်။ ထို့ကြောင့် “နောင်လာမည့် လူနေထိုင်ရာမြေကြီး” မှာ ယေရှုခရစ်အုပ်ချုပ်မှုအောက် အနာဂတ်မြေကြီးအစီအစဉ်စနစ်ဖြစ်သည်။ ထိုအခါ ယေရှုသည် ဘုရားသခင်၏ဤကတိတော်ကို ပြည့်စုံစေမည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာ. ၃၇:၂၉

၁၆ လူသားတို့၏အနာဂတ်အကြောင်းရေးသားရန် တမန်တော်ပေတရုလည်း မှုတ်သွင်းခံခဲ့ရသည်။ သူဤသို့ရေးခဲ့၏– ‘ယခုတည်ရှိသော ကောင်းကင်နှင့်မြေကြီးသည် မီးရှို့ရန်သိုထားခံရ၍ တရားမဲ့သူတို့ကိုဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။’ (၂ ပေ. ၃:၇) ယခုလောလောဆယ်တည်ရှိသည့် ကောင်းကင်ကဲ့သို့သောအစိုးရများနှင့် ဆိုးသွမ်းသောလူ့အဖွဲ့အစည်းနေရာတွင် အဘယ်အရာဖြင့်အစားထိုးမည်နည်း။ (၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။) “ကောင်းကင်သစ်”—ဘုရားသခင်၏မေရှိယနိုင်ငံတော်—နှင့် “မြေကြီးသစ်”—မှန်သောကိုးကွယ်သူများနှင့်ဖွဲ့စည်းထားသည့် ဖြောင့်မတ်သောလူ့ဘောင်အဖွဲ့အစည်း—ဖြင့်အစားထိုးမည်။

၁၇။ လူသားတို့၏မျှော်လင့်ချက်ကို ဗျာ. ၂၁:၁-၄ တွင် မည်သို့ဖော်ပြထားသနည်း။

၁၇ သမ္မာကျမ်းစာ၏နောက်ဆုံးကျမ်းစောင်က လူသားတို့ စုံလင်မှုသို့ပြန်လည်ရောက်ရှိသည့် စိတ်အာရုံဖြင့် ကျွန်ုပ်တို့၏နှလုံးကို လှုံ့ဆော်သည်။ (ဗျာ. ၂၁:၁-၄ ကိုဖတ်ပါ။) ယင်းသည် ဧဒင်ဥယျာဉ်တွင် လူ့စုံလင်မှုဆုံးရှုံးသွားသည့်အချိန်မှစ၍ ယုံကြည်သူလူသားတို့ မျှော်လင့်ခဲ့ရာဖြစ်သည်။ ဖြောင့်မတ်သောသူတို့သည် အိုမင်းခြင်းမရှိဘဲ မြေကြီးပရဒိသုတွင် အဆုံးမဲ့နေထိုင်ကြမည်။ ယင်းမျှော်လင့်ချက်သည် ဟေဗြဲကျမ်းစောင်များနှင့် ခရစ်ယာန်ဂရိကျမ်းစောင်များအပေါ် အခိုင်အမာအခြေပြုကာ မျက်မှောက်ခေတ် ယေဟောဝါ၏တည်ကြည်သောကျေးကျွန်များကို ဆက်၍ခွန်အားဖြစ်စေပါသည်။—ဗျာ. ၂၂:၁၊ ၂

သင်ရှင်းပြနိုင်သလော

• “အသစ်ပြုပြင်ရာကာလ” ဟုဆိုရာတွင် ယေရှုအဘယ်အရာကိုဆိုလိုခဲ့ခြင်းနည်း။

• နိကောဒင်ကို ယေရှု အဘယ်အကြောင်း မိန့်တော်မူခဲ့သနည်း။

• ယေရှုသည် မိမိအနီးတွင် နှက်တိုင်တင်ခံရသူလူဆိုးအား အဘယ်ကတိပေးခဲ့သနည်း။

• ဟေဗြဲကျမ်းစောင်နှင့် ပေတရု၏စကားများက ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်ကို မည်သို့အတည်ဖြစ်စေခဲ့သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ပုံစာ]

သိုးကဲ့သို့သောသူတို့သည် ကမ္ဘာမြေပေါ် ထာဝရအသက် ရရှိကြမည်

[စာမျက်နှာ ၁၀ ပါ ပုံစာ]

ယေရှုသည် အခြားသူတို့ကို ထာဝရအသက်အကြောင်းမိန့်တော်မူခဲ့