မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

“ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

“ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

‘ထာဝရအသက်ကိုရည်မျှော်၍ ငါတို့သခင်ယေရှုခရစ်၏ကြင်နာမှုကို စောင့်နေစဉ် ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့။’—ယု. ၂၁

၁၊ ၂။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်ကြောင်း မည်သို့ဖော်ပြတော်မူခဲ့သနည်း၊ ကျွန်ုပ်တို့ကို အလိုအလျောက် ကိုယ်တော်၏မေတ္တာတော်၌ တည်စေမည်မဟုတ်ကြောင်း မည်သို့သိရသနည်း။

ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ကြောင်း မရေတွက်နိုင်သောနည်းများဖြင့် တင်ပြတော်မူသည်။ သို့သော် ယေဟောဝါ၏မေတ္တာတော်ဆိုင်ရာ အကြီးမားဆုံးသက်သေသာဓကမှာ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ပြင်ဆင်ပေးခြင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ ကျွန်ုပ်တို့ကိုယ်စားအသေခံရန် မိမိချစ်မြတ်နိုးသောသားတော်ကို ကမ္ဘာပေါ်စေလွှတ်သည်အထိ လူသားများကို ကိုယ်တော်အလွန်ချစ်တော်မူ၏။ (ယော. ၃:၁၆) ယေဟောဝါ ယင်းသို့ပြုတော်မူခဲ့ခြင်းမှာ ကျွန်ုပ်တို့အား ထာဝစဉ်အသက်ရှင်စေလိုသောကြောင့်နှင့် ကိုယ်တော်၏မေတ္တာတော်မှ ထာဝစဉ်အကျိုးခံစားစေလို၍လည်းဖြစ်၏။

သို့သော် ကျွန်ုပ်တို့မည်သည့်အရာပင်ပြုလုပ်ပါစေ ယေဟောဝါသည် ကျွန်ုပ်တို့ကို အလိုအလျောက် ကိုယ်တော့်မေတ္တာတော်၌တည်စေမည်ဟု ယူမှတ်နိုင်သလော။ မယူမှတ်နိုင်ပါ။ အကြောင်းမှာ ယုဒ အခန်းငယ် ၂၁ တွင်ဤတိုက်တွန်းချက်ကို ဖတ်ရသောကြောင့်ဖြစ်၏– ‘ထာဝရအသက်ကိုရည်မျှော်၍ ငါတို့သခင် ယေရှုခရစ်၏ကြင်နာမှုကို စောင့်နေစဉ် ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့။’ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” ဟူသောအသုံးအနှုန်းသည် ကျွန်ုပ်တို့ဘက်မှ အတော်အတန်လုပ်ဆောင်မှုလိုအပ်ကြောင်း ဖော်ပြ၏။ သို့ဆိုလျှင် ဘုရားသခင့်မေတ္တာတော်၌တည်နေရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်ဖို့ လိုသနည်း။

ဘုရားသခင့်မေတ္တာတော်၌ မည်သို့တည်နေနိုင်သနည်း

၃။ ယေရှုသည် ခမည်းတော်၏မေတ္တာတော်၌တည်နေရန် မိမိအတွက် အဘယ်အရာမရှိမဖြစ်လိုအပ်သည်ဟု မိန့်တော်မူခဲ့သနည်း။

ယင်းမေးခွန်း၏အဖြေကို  ယေရှု၏မြေကြီးအသက်တာနောက်ဆုံးည ကိုယ်တော်ပြောခဲ့သောစကားတွင် တွေ့ရသည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။” (ယော. ၁၅:၁၀) ဤကျမ်းချက်ဖော်ပြသည့်အတိုင်း ခမည်းတော်ရှေ့ ကောင်းသောအနေအထားကိုထိန်းသိမ်းထားရန် ယေဟောဝါပညတ်တို့ကိုစောင့်ရှောက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ယေရှုသိခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်၏စုံလင်သောသားတော်အဖြစ်တွင် ယင်းသို့မှန်ကန်ခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့အတွက်လည်း မှန်ကန်မည်မဟုတ်လော။

၄၊ ၅။ (က) ယေဟောဝါကို ကျွန်ုပ်တို့ချစ်ကြောင်း အဓိကတင်ပြနိုင်သည့်နည်းကား အဘယ်နည်း။ (ခ) ယေဟောဝါ၏ပညတ်များနာခံရန်ငြင်းဆိုဖို့ အဘယ်ကြောင့် ကျွန်ုပ်တို့တွင် အကြောင်းရင်းမရှိသနည်း။

အဓိကမှာ ယေဟောဝါကို နာခံခြင်းအားဖြင့် ကိုယ်တော်ကိုချစ်ကြောင်း ကျွန်ုပ်တို့တင်ပြကြသည်။ ယင်းကို တမန်တော်ယောဟန် ဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်ကိုချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယော. ၅:၃) နာခံခြင်းသဘောထားသည် ယနေ့လောကတွင် လူကြိုက်များသည့်အရာအမြဲမဟုတ်သည်မှာ မှန်ပါသည်။ သို့သော် “ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်” ဟူသောစကားစုကို သတိပြုပါ။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အလွန်ခက်ခဲသောတစ်စုံတစ်ရာကိုပြုလုပ်ရန် မတောင်းဆိုပါ။

ဥပမာပြရသော်၊ သင်သည် သင်ချစ်သောမိတ်ဆွေတစ်ဦးကို သူ မ,မနိုင်မှန်း သင်သိထားသောပစ္စည်းတစ်ခုခုကို သယ်ခိုင်းမည်လော။ သယ်ခိုင်းမည်မဟုတ်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့ထက်များစွာ သနားကြင်နာတတ်ပြီး ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို ပို၍သိမြင်တော်မူ၏။ “ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို” ယေဟောဝါ “အောက်မေ့တော်မူ၏” ဟုသမ္မာကျမ်းစာ၌ အာမခံထားသည်။ (ဆာ. ၁၀၃:၁၄) ကိုယ်တော်သည် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည်ထက်ပို၍ ဘယ်တော့မျှ တောင်းဆိုမည်မဟုတ်ပါ။ ထို့ကြောင့် ယေဟောဝါ၏ပညတ်များနာခံရန်ငြင်းဆိုဖို့ ကျွန်ုပ်တို့တွင် အဘယ်အကြောင်းရင်းမျှမရှိပါ။ ယင်းအစား၊ ကိုယ်တော့်ကိုနာခံခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို အမှန်တကယ်ချစ်ကြောင်းနှင့် ကိုယ်တော့်မေတ္တာတော်၌တည်နေလိုကြောင်း ဖော်ပြရန် အခွင့်ထူးတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြသည်။

ယေဟောဝါထံမှ အထူးလက်ဆောင်တစ်ခု

၆၊ ၇။ (က) ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည် အဘယ်နည်း။ (ခ) ဘုရားသခင့်မေတ္တာတော်၌တည်နေရန် ကိုယ်ကိုကိုယ်သိသောစိတ်က မည်သို့အထောက်အကူပေးနိုင်ကြောင်း ဥပမာပေးပါ။

ကျွန်ုပ်တို့အသက်ရှင်နေသော ရှုပ်ထွေးလှသည့်ဤလောကတွင် ဘုရားသခင်ကို ကျွန်ုပ်တို့နာခံခြင်းနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များစွာ ချဖို့လိုအပ်သည်။ ယင်းဆုံးဖြတ်ချက်များသည် ဘုရားသခင့်အလိုတော်နှင့်အညီဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သေချာစေနိုင်သနည်း။ နာခံခြင်းကိစ္စတွင် ကျွန်ုပ်တို့အား များစွာအထောက်အကူပြုနိုင်သည့် လက်ဆောင်တစ်ခုကို ယေဟောဝါပေးတော်မူခဲ့သည်။ ယင်းသည် ကိုယ်ကိုကိုယ်သိသောစိတ်ဖြစ်၏။ ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည် အဘယ်နည်း။ ယင်းသည် ကိုယ့်ကိုယ်ကို သတိပြုမိစေသည့် အထူးစွမ်းရည်တစ်ခုဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ကိုယ်တွင်းရှိ တရားသူကြီးတစ်ဦးကဲ့သို့ ဘဝတွင် ကျွန်ုပ်တို့ပြုလုပ်ရသောရွေးချယ်မှုများကို စဉ်းစားဆင်ခြင်စေနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့လုပ်ပြီးသွားသောလုပ်ရပ်များကို ပြန်တွေးတောပြီး ယင်းသို့လုပ်ခြင်းက ကောင်းသည်၊ ဆိုးသည်၊ မှားသည်၊ မှန်သည်ဟူ၍ ဝေဖန်ဆုံးဖြတ်ပေးသည်။—ရောမ ၂:၁၄၊ ၁၅ ကိုဖတ်ပါ။

ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကို မည်သို့ကောင်းစွာအသုံးပြုနိုင်သနည်း။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ခြေလျင်ခရီးသည်တစ်ဦးသည် တောကန္တာရကြီးတစ်ခုတွင် ခရီးသွားနေသည်။ ယင်းတွင် လူသွားလမ်းမရှိ၊ လမ်းမကြီးမရှိ၊ လမ်းညွှန်ဆိုင်းဘုတ်မရှိပါ။ သို့တိုင် သူသည် မိမိဦးတည်ရာကိုသာ တစ်စိုက်မတ်မတ်သွားနေသည်။ မည်သို့သွားနေသနည်း။ သူ့တွင် သံလိုက်အိမ်မြှောင်တစ်ခုရှိ၏။ ယင်းကိရိယာသည် အရပ်လေးမျက်နှာကို အဓိကမှတ်သားဖော်ပြထားသောဒိုင်ခွက်နှင့် မြောက်ဘက်အရပ်ကို ညွှန်ပြနေသောလက်တံတစ်ခုပါရှိသည်။ သံလိုက်အိမ်မြှောင်မပါလျှင် ထိုခြေလျင်ခရီးသည်,သည် မျက်စိလည်လမ်းမှားသွားနိုင်သည်။ အလားတူပင် လူတစ်ဦးတွင် ကိုယ်ကိုကိုယ်သိသောစိတ်မရှိပါက ဘဝတွင် ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်၊ တော်မှန်မှုတို့နှင့်ပတ်သက်ပြီး ရွေးချယ်ရသောအခါ မျှော်လင့်ချက်မဲ့ မျက်စိလည်လမ်းမှားသွားတတ်သည်။

၈၊ ၉။ (က) ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်၏ အဘယ်ကန့်သတ်ချက်များကို ကျွန်ုပ်တို့စိတ်စွဲမှတ်ဖို့လိုသနည်း။ (ခ) ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့အတွက် အမှန်တကယ်အသုံးဝင်ကြောင်းသေချာစေရန် အဘယ်အရာလုပ်နိုင်သနည်း။

သို့သော် သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ ကိုယ်ကိုကိုယ်သိသောစိတ်သည် ကန့်သတ်ချက်များရှိ၏။ ခြေလျင်ခရီးသည်,သည် မိမိ၏သံလိုက်အိမ်မြှောင်အနီးတွင် သံလိုက်တစ်ခုထားမည်ဆိုပါက လက်တံသည် မြောက်ဘက်အရပ်ကိုမဟုတ်ဘဲ အခြားဘက်ကို ညွှန်ပြနေမည်။ အလားတူပင် ကျွန်ုပ်တို့သည်လည်း စိတ်နှလုံး၏အလိုဆန္ဒများကို ဦးစားပေးလွန်းမည်ဆိုပါက အဘယ်အရာဖြစ်မည်နည်း။ ကျွန်ုပ်တို့၏တစ်ကိုယ်ကောင်းဆန်သည့်စိတ်ဆန္ဒများက ကိုယ်ကိုကိုယ်သိသောစိတ်ကို ကမောက်ကမဖြစ်စေနိုင်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့သတိပေးထားသည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” (ယေ. ၁၇:၉; သု. ၄:၂၃) ထို့ပြင် ခြေလျင်ခရီးသည်တွင် တိကျပြီးစိတ်ချရသောမြေပုံမရှိပါက သူ၏သံလိုက်အိမ်မြှောင်သည်လည်း အသုံးပြု၍မရဖြစ်ပေမည်။ အလားတူပင်၊ ကျွန်ုပ်တို့သည်လည်း ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာ၏ သေချာပြီး မပြောင်းလဲနိုင်သောလမ်းညွှန်မှုကို အားမထားပါက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် အသုံးမရဖြစ်သွားနိုင်သည်။ (ဆာ. ၁၁၉:၁၀၅) ဝမ်းနည်းစရာမှာ ယနေ့လောကရှိလူအများစုသည် စိတ်နှလုံးအလိုဆန္ဒ၏လွှမ်းမိုးမှုကို ခံယူကြပြီး ဘုရားသခင့်နှုတ်မြွက်တော်ပါ စံနှုန်းများကို လျစ်လျူရှုကြသည်။ (ဧဖက် ၄:၁၇-၁၉ ကိုဖတ်ပါ။) ထို့ကြောင့် လူအများစုသည် ကိုယ်ကိုကိုယ်သိသောစိတ်ရှိကြသော်လည်း ထိတ်လန့်ဖွယ်ရာများကို ပြုလုပ်ကြခြင်းဖြစ်သည်။—၁ တိ. ၄:၂

ကျွန်ုပ်တို့မူကား သူတို့နှင့်လုံးဝမတူအောင် စိတ်ပိုင်းဖြတ်သင့်သည်။ ယင်းအစား ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ် အမှန်တကယ်အသုံးဝင်စေရန် ဘုရားသခင့်နှုတ်မြွက်တော်နှင့်အညီ ဆက်၍သွန်သင်လေ့ကျင့်ပေးကြစို့။ ကျွန်ုပ်တို့၏တစ်ကိုယ်ကောင်းဆန်သောအလိုဆန္ဒများကို ကိုယ်ကိုကိုယ်သိသောစိတ်အပေါ် လွှမ်းမိုးစေမည့်အစား ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်၏စကားသံကို နားထောင်ကြသည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ချစ်ရသောညီအစ်ကို၊ ညီအစ်မများ၏ကိုယ်ကိုကိုယ်သိသောစိတ်ကိုလည်း လေးစားရန်ကြိုးစားသင့်သည်။ အခြားသူများကို တိုက်မိ၍လဲစေမည့်အရာများကို ကြိုးစားရှောင်ပြီး ကျွန်ုပ်တို့ညီအစ်ကို၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ထက် ပို၍အကဲဆတ် သို့မဟုတ် ကန့်သတ်ချက်ရှိကြောင်း စိတ်စွဲမှတ်ထားကြသည်။—၁ ကော. ၈:၁၂; ၂ ကော. ၄:၂; ၁ ပေ. ၃:၁၆

၁၀။ ကျွန်ုပ်တို့သည် အဘယ်ဘဝကဏ္ဍသုံးခုကို ယခု ဆွေးနွေးကြမည်နည်း။

၁၀ နာခံခြင်းအားဖြင့် ယေဟောဝါကိုချစ်သောကျွန်ုပ်တို့၏မေတ္တာကို ပြသနိုင်သည့် ဘဝကဏ္ဍသုံးခုကို ယခု သုံးသပ်ကြည့်ကြစို့။ နည်းလမ်းတစ်ခုစီတွင် ကိုယ်ကိုကိုယ်သိသောစိတ်ပါဝင်ပတ်သက်လာမည်၊ သို့သော် ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့ကို မှန်ကန်စွာလမ်းညွှန်နိုင်ရန် ဦးဆုံးနှင့်အရေးကြီးဆုံးမှာ မှုတ်သွင်းခံသမ္မာကျမ်းစာပါ အမူအကျင့်စံနှုန်းများ၏လမ်းညွှန်မှုကို ခံယူဖို့လိုသည်။ ယေဟောဝါကိုချစ်ကြောင်း နာခံမှုပြနိုင်သည့်နည်းသုံးနည်းမှာ– (၁) ယေဟောဝါချစ်သောသူတို့ကို ကျွန်ုပ်တို့ချစ်သည်၊ (၂) အခွင့်အာဏာကို ကျွန်ုပ်တို့လေးစားသည်၊ (၃) ဘုရားသခင့်အမြင်တွင် သန့်ရှင်းမှုရှိနေရန် ကြိုးစားခြင်းတို့ဖြစ်သည်။

ယေဟောဝါချစ်သောသူတို့ကို ချစ်ပါ

၁၁။ ယေဟောဝါချစ်သောသူတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ချစ်သင့်သနည်း။

၁၁ ဦးဆုံး၊ ယေဟောဝါချစ်သောသူတို့ကို ကျွန်ုပ်တို့ချစ်ရမည်။ ပေါင်းသင်းမှုနှင့်ပတ်သက်လာသောအခါ လူတို့သည် ရေမြှုပ်နှင့်တူသည်။ ကျွန်ုပ်တို့သည် မိမိတို့ပတ်ဝန်းကျင်တွင်ရှိသမျှကို စုပ်ယူဖို့ကြိုးစားတတ်ကြသည်။ မစုံလင်သောလူသားများအတွက် အပေါင်းအသင်းသည် မည်မျှအန္တရာယ်ကြီးသည်၊ မည်မျှအကျိုးပြုသည်ကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကောင်းစွာသိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤပညာရှိအကြံဉာဏ်ပေးထားသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀; ၁ ကော. ၁၅:၃၃) ကျွန်ုပ်တို့ထဲမှ မည်သူမျှ မ “ပျက်စီး” လိုကြပါ။ ကျွန်ုပ်တို့ယောက်တိုင်း “ပညာရှိ” ဖြစ်လိုကြသည်။ ယေဟောဝါကို မည်သူကမျှ ပို၍ပညာမရှိစေနိုင်သကဲ့သို့ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်ကြောင့်လည်း မပျက်စီးနိုင်ပါ။ သို့တိုင် အပေါင်းအသင်းနှင့်ပတ်သက်လာသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးစံနမူနာဖြစ်သည်။ ယေဟောဝါသည် မစုံလင်သောသူတို့ထဲမှ မည်သို့သောပုဂ္ဂိုလ်များကို မိတ်ဆွေအဖြစ် ရွေးချယ်တော်မူသည်ကို စဉ်းစားကြည့်ပါ။

၁၂။ အဘယ်မိတ်ဆွေမျိုးကို ယေဟောဝါရွေးချယ်တော်မူသနည်း။

၁၂ ယေဟောဝါသည် ရှေးဘိုးဘေး အာဗြဟံကို “ငါ့အဆွေ” ဟုခေါ်ဆိုခဲ့သည်။ (ဟေရှာ. ၄၁:၈) ဤပုဂ္ဂိုလ်သည် ယုံကြည်ခြင်းနှင့်အညီနေထိုင်သူဖြစ်ပြီး ထူးခြားလှသောတည်ကြည်မှု၊ ဖြောင့်မတ်မှုနှင့် နာခံမှုရှိ၏။ (ယာ. ၂:၂၁-၂၃) ဤသို့သောလူစားမျိုးကို မိတ်ဆွေအဖြစ် ယေဟောဝါရွေးချယ်တော်မူ၏။ ယနေ့လည်း ကိုယ်တော်သည် ဤသို့သောလူစားမျိုးကိုပင် မိတ်ဆွေအဖြစ် ရွေးချယ်တော်မူသည်။ ယေဟောဝါသည် ထိုသို့သောမိတ်ဆွေမျိုးကို ရွေးချယ်သည်ဆိုလျှင် ကျွန်ုပ်တို့လည်း ပညာရှိတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ပညာရှိစေရန် ကောင်းစွာရွေးချယ်ဖို့ အရေးကြီးသည်မဟုတ်လော။

၁၃။ မိတ်ဆွေရွေးချယ်ခြင်းနှင့်ပတ်သက်လာသောအခါ ကောင်းစွာရွေးချယ်ရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

၁၃ ဤကိစ္စတွင် ကောင်းစွာရွေးချယ်ရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။ ကျမ်းစာနမူနာများကို လေ့လာခြင်းမှ အကူအညီရရှိနိုင်သည်။ ရုသနှင့် သူ၏ယောက္ခမနောမိ၊ ဒါဝိဒ်နှင့် ယောနသန် သို့မဟုတ် တိမောသေနှင့် ပေါလုတို့ကြားရှိ ခင်မင်ရင်းနှီးမှုကို သုံးသပ်ကြည့်ပါ။ (ရု. ၁:၁၆၊ ၁၇; ၁ ရာ. ၂၃:၁၆-၁၈; ဖိ. ၂:၁၉-၂၂) သူတို့၏ခင်မင်မှုတွင် အခြားအရာများထက် အဓိကကျသည့်အကြောင်းရင်းတစ်ခုမှာ သူတို့သည် ယေဟောဝါကို အမှန်တကယ်ချစ်ကြခြင်းဖြစ်သည်။ ယေဟောဝါကို သင်ချစ်သလောက်ချစ်သောမိတ်ဆွေများကို ရှာတွေ့နိုင်ပါသလော။ ခရစ်ယာန်အသင်းတော်သည် ယင်းသို့သောမိတ်ဆွေမျိုး များစွာရှိသည့်နေရာဖြစ်ကြောင်း စိတ်ချပါ။ ထိုသို့သောမိတ်ဆွေများသည် ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ပျက်စီးစေမည်မဟုတ်။ ယင်းအစား၊ သူတို့သည် သင့်ကို ယေဟောဝါအား နာခံသူ၊ ဝိညာဉ်ရေးတွင် တိုးတက်သူ၊ စွမ်းအားတော်ကို ရည်မျှော်၍ မျိုးစေ့ကြဲသူဖြစ်အောင် ကူညီပေးမည်ဖြစ်သည်။ (ဂလာတိ ၆:၇၊ ၈ ကိုဖတ်ပါ။) ဘုရားသခင့်မေတ္တာတော်၌ ဆက်တည်နေရန် သင့်ကို သူတို့ကူညီပေးမည်ဖြစ်သည်။

အခွင့်အာဏာကို လေးစားပါ

၁၄။ အခွင့်အာဏာကိုလေးစားရန် အဘယ်အချက်များက ခက်ခဲစေလေ့ရှိသနည်း။

၁၄ ယေဟောဝါကို ကျွန်ုပ်တို့ချစ်ကြောင်းဖော်ပြသည့် ဒုတိယနည်းသည် အခွင့်အာဏာနှင့်ပတ်သက်၏။ အခွင့်အာဏာကို ကျွန်ုပ်တို့လေးစားရမည်။ တစ်ခါတစ်ရံ အခွင့်အာဏာကိုလေးစားဖို့ အဘယ်ကြောင့် ခက်ခဲလွန်းသနည်း။ တစ်ချက်အနေနှင့် အခွင့်အာဏာရှိသူတို့သည် မစုံလင်ကြသောကြောင့်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း မစုံလင်ကြပါ။ ကျွန်ုပ်တို့သည် မွေးရာပါပုန်ကန်လိုစိတ်ကို တိုက်လှန်နေကြရသည်။

၁၅၊ ၁၆။ (က) ကျွန်ုပ်တို့သည် လူမျိုးတော်ကိုကြည့်ရှုရန် ယေဟောဝါတာဝန်အပ်နှင်းထားသော မစုံလင်သည့်လူသားများကိုလေးစားရန် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) ဣသရေလလူတို့ မောရှေအား ပုန်ကန်ခြင်းကို ယေဟောဝါရှုမြင်ပုံမှ အဘယ်အဖိုးတန်သင်ခန်းစာရရှိသနည်း။

၁၅ ‘အကယ်၍ ကျွန်ုပ်တို့အတွက် အခွင့်အာဏာကိုလေးစားဖို့ ခက်ခဲလွန်းသည်ဆိုလျှင်ပင် အဘယ်ကြောင့်လေးစားရမည်နည်း’ ကိုသိလိုပေမည်။ အဖြေသည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့်ပတ်သက်၏။ သင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် မည်သူ့ကို သင်ရွေးချယ်မည်နည်း။ ယေဟောဝါကို ကျွန်ုပ်တို့၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ရွေးချယ်ပါက ကိုယ်တော်၏အခွင့်အာဏာကို လေးစားဖို့လိုသည်။ ကိုယ်တော်၏အခွင့်အာဏာကို မလေးစားပါက ကိုယ်တော့်ကို ကျွန်ုပ်တို့၏အုပ်စိုးရှင်ပါဟု မှန်ကန်စွာပြောနိုင်မည်လော။ ထို့ပြင် ယေဟောဝါသည် ကိုယ်တော့်လူမျိုးတော်ကို ကြည့်ရှုရန် တာဝန်အပ်နှင်းထားသော မစုံလင်သည့်လူသားများမှတစ်ဆင့် မိမိ၏အာဏာတော်ကို အသုံးပြုလေ့ရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် ထိုသူတို့ကို ပုန်ကန်မည်ဆိုပါက ကျွန်ုပ်တို့၏လုပ်ရပ်ကို ယေဟောဝါမည်သို့ရှုမြင်မည်နည်း။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကိုဖတ်ပါ။

၁၆ ဥပမာ၊ ဣသရေလလူတို့သည် မောရှေကို ညည်းတွားမြည်တမ်းပြီး ပုန်ကန်ကြသောအခါ မိမိကို ပုန်ကန်သည်ဟု ယေဟောဝါသတ်မှတ်ပြီး အရေးယူလုပ်ဆောင်ခဲ့သည်။ (တော. ၁၄:၂၆၊ ၂၇) ဘုရားသခင်သည် မပြောင်းလဲပါ။ အကယ်၍ ကိုယ်တော်အခွင့်အာဏာအပ်နှင်းထားသူတို့ကို ကျွန်ုပ်တို့ပုန်ကန်ပါက ကိုယ်တော့်ကို ပုန်ကန်ခြင်းဖြစ်ပေလိမ့်မည်။

၁၇။ အသင်းတော်ရှိအခွင့်အာဏာရှိသူတို့အပေါ် အဘယ်သဘောထားမှန်ကို ကြိုးစားမွေးမြူသင့်သနည်း။

၁၇ ခရစ်ယာန်အသင်းတော်ရှိ အခွင့်အာဏာရှိသူတို့အပေါ် သဘောထားမှန်မွေးမြူသင့်ကြောင်း တမန်တော်ပေါလု ဖော်ပြထားသည်။ သူဤသို့ရေးခဲ့သည်– “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။ အကြောင်းမူကား သူတို့သည် ကိုယ်တိုင်စာရင်းရှင်းရမည့်သူကဲ့သို့ သင်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ၏။ သင်တို့ကို အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့်မဟုတ်ဘဲ ဝမ်းမြောက်စွာ ထိုသို့ပြုနိုင်ကြမည်။” (ဟေဗြဲ ၁၃:၁၇) နာခံမှုနှင့် လက်အောက်ခံမှုကဲ့သို့သော သဘောထားမွေးမြူရန် ကျွန်ုပ်တို့ဘက်မှ ကြိုးစားအားထုတ်ရမည်မှာ သေချာသည်။ သို့သော် ဘုရားသခင့်မေတ္တာတော်၌တည်နေရန် ကျွန်ုပ်တို့ကြိုးစားနေခြင်းဖြစ်သည်ကို သတိရပါ။ ယင်းရည်မှန်းချက်အတွက် ကြိုးစားအားထုတ်ထိုက်သည်မဟုတ်လော။

ယေဟောဝါအမြင်တွင် သန့်ရှင်းနေပါ

၁၈။ ယေဟောဝါသည် ကျွန်ုပ်တို့အား အဘယ်ကြောင့် သန့်ရှင်းနေစေလိုသနည်း။

၁၈ ယေဟောဝါကိုချစ်ကြောင်း တင်ပြသည့်တတိယနည်းမှာ ဘုရားသခင့်အမြင်တွင် သန့်ရှင်းမှုရှိနေရန် ကြိုးစားခြင်းဖြစ်သည်။ မိဘများသည် မိမိတို့၏ကလေးများ သန့်သန့်ရှင်းရှင်းရှိရန် အထူးကြိုးစားအားထုတ်လေ့ရှိသည်။ အဘယ်ကြောင့်နည်း။ တစ်ချက်အနေနှင့် ကလေးများ၏ကျန်းမာရေးနှင့် ကောင်းကျိုးအတွက် ယင်းသည် မရှိမဖြစ်လိုအပ်သည်။ ထို့ပြင် သန့်ရှင်းသောကလေးသည် မိသားစုကိုဂုဏ်တင်စေပြီး မိဘများ၏မေတ္တာနှင့် ဂရုစိုက်မှုကို ပေါ်လွင်စေသည်။ အလားတူအကြောင်းရင်းများကြောင့်ပင် ယေဟောဝါသည် ကျွန်ုပ်တို့ကို သန့်ရှင်းစေလို၏။ သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက် မရှိမဖြစ်အရေးပါသည်ကို ကိုယ်တော်သိတော်မူ၏။ ကျွန်ုပ်တို့၏သန့်ရှင်းမှုက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ရောင်ပြန်ဟပ်ကြောင်း ကိုယ်တော်သိ၏။ ယင်းအချက်သည် များစွာအရေးကြီး၏၊ ကျွန်ုပ်တို့သည် ယိုယွင်းနေသည့်ဤလောကရှိလူတို့နှင့်မတူကြောင်း လူတို့သတိပြုမိသည့်အတွက် ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ထံ သူတို့ကိုဆွဲဆောင်မှုဖြစ်စေနိုင်သည်။

၁၉။ ကာယရေးသန့်ရှင်းမှုသည် အရေးကြီးကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

၁၉ အဘယ်နည်းများဖြင့် သန့်ရှင်းမှုကို ထိန်းသိမ်းရန်လိုသနည်း။ ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းဖြင့်ဖြစ်သည်။ ယေဟောဝါသည် ရှေးဣသရေလလူမျိုးအား ကာယရေးသန့်ရှင်းမှု မရှိမဖြစ်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်းအသိပေးသည်။ (ဝတ်. ၁၅:၃၁) မောရှေပညတ်တွင် အညစ်အကြေးစွန့်ခြင်း၊ အိုးခွက်သန့်ရှင်းခြင်း၊ လက်ခြေဆေးကြောခြင်းနှင့် အဝတ်အစားလျှော်ဖွပ်ခြင်းစသော ကိစ္စများနှင့်ပတ်သက်၍ စည်းမျဉ်းများပါဝင်သည်။ (ထွ. ၃၀:၁၇-၂၁; ဝတ်. ၁၁:၃၂; တော. ၁၉:၁၇-၂၀; တရား. ၂၃:၁၃၊ ၁၄) ဣသရေလလူမျိုး၏ဘုရားသခင် ယေဟောဝါသည် သန့်ရှင်းသောဘုရားသခင်ဖြစ်ကြောင်း သတိပေးခံရကြသည်၊ သန့်ရှင်းခြင်းသည် ‘သန့်စင်ခြင်း၊’ ‘စင်ကြယ်ခြင်း’ နှင့် ‘မြင့်မြတ်ခြင်း’ တို့ဖြစ်သည်။ သန့်ရှင်းသောဘုရားသခင်၏ကျေးကျွန်များလည်း သန့်ရှင်းဖို့လိုသည်။—ဝတ်ပြုရာ ၁၁:၄၄၊ ၄၅ ကိုဖတ်ပါ။

၂၀။ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းခြင်းကို ထိန်းသိမ်းထားဖို့လိုသနည်း။

၂၀ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြင်ပန်းသန့်ရှင်းရန်ဖြစ်သကဲ့သို့ အတွင်းပိုင်းလည်း သန့်ရှင်းဖို့လိုသည်။ ကျွန်ုပ်တို့၏အတွေးအခေါ်များကို သန့်ရှင်းစေရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိသူတို့သည် လိင်အကျင့်ယိုယွင်းကျဆင်းနေသော်လည်း ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားသန့်ရှင်းခြင်းနှင့်ဆိုင်သော ယေဟောဝါ၏စံနှုန်းများကို တည်ကြည်စွာစွဲကိုင်ကြသည်။ အရေးကြီးဆုံးမှာ အယူမှားဝတ်ပြုရေး၏ အဘယ်ညစ်ညမ်းမှုကိုမဆို ရှောင်ကြဉ်ခြင်းဖြင့် ကျွန်ုပ်တို့၏ဝတ်ပြုရေးကို သန့်ရှင်းစေရန် လုပ်ဆောင်ကြသည်။ ဟေရှာယ ၅၂:၁၁ တွင်မှတ်တမ်းတင်ထားသော ဤမှုတ်သွင်းခံသတိပေးချက်ကို ကျွန်ုပ်တို့အမြဲသတိရကြသည်– “ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့ . . . သန့်ရှင်းခြင်းရှိကြလော့။” ယနေ့ ဝတ်ပြုရေးအရ မသန့်ရှင်းသောအရာများအဖြစ် ကောင်းကင်ခမည်းတော်ရှုမြင်ရာများကို တို့ထိခြင်းကိုပင်ရှောင်ကြဉ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် သန့်ရှင်းကြသည်။ ထို့ကြောင့် ဥပမာပြရသော် လူကြိုက်များသောအယူမှားဝတ်ပြုရေးပွဲနေ့များနှင့် အားလပ်ရက်များတွင် ကျွန်ုပ်တို့မပါဝင်ကြပါ။ မှန်ပါသည်၊ သန့်ရှင်းခြင်းကို ဆက်ထိန်းသိမ်းထားရန်မှာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ သို့သော် ယေဟောဝါ၏လူမျိုးတော်သည် သန့်ရှင်းရန်ကြိုးစားကြသောကြောင့် ယင်းက သူတို့ကို ဘုရားသခင့်မေတ္တာတော်၌ ဆက်တည်နေစေသည်။

၂၁။ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာတော်၌ တည်နေမည်ဖြစ်ကြောင်း မည်သို့သေချာစေနိုင်သနည်း။

၂၁ ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်၏မေတ္တာတော်၌ ထာဝစဉ်တည်နေရန် အလိုရှိ၏။ သို့သော် ကျွန်ုပ်တို့အားလုံး ဘုရားသခင့်မေတ္တာတော်၌တည်နေရန် အတတ်နိုင်ဆုံးပြုလုပ်ကြောင်း သေချာစေရန်လိုသည်။ ယေရှု၏စံနမူနာကို လိုက်လျှောက်ခြင်း၊ ယေဟောဝါ၏ပညတ်တို့ကိုနာခံကာ ကိုယ်တော်ကိုချစ်ကြောင်း တင်ပြခြင်းဖြင့် ယင်းကိုလုပ်ဆောင်နိုင်ကြသည်။ ယင်းသို့ပြုပါက အဘယ်အရာကမျှ “ငါတို့၏သခင် ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်” ကြောင်း သေချာစေနိုင်သည်။—ရော. ၈:၃၈၊ ၃၉

သင်မှတ်မိသလော

• ဘုရားသခင့်မေတ္တာတော်၌တည်နေကြရန် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်က မည်သို့အထောက်အကူပြုနိုင်သနည်း။

• ကျွန်ုပ်တို့သည် ယေဟောဝါချစ်သောသူတို့ကို အဘယ်ကြောင့် ချစ်သင့်သနည်း။

• အခွင့်အာဏာကိုလေးစားရန် အဘယ်ကြောင့် အရေးကြီးသနည်း။

• ဘုရားသခင့်လူမျိုးတော်အတွက် သန့်ရှင်းခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါလေးထောင့်ကွက်နှင့် ပုံစာ]

အမူအကျင့်ကောင်းကိုဖြစ်စေသော စာအုပ်တစ်အုပ်

၂၀၀၈/၂၀၀၉ ခရိုင်စည်းဝေးကြီးအစီအစဉ်အတွင်း စာမျက်နှာ ၂၂၄ မျက်နှာရှိ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သစ်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းစာအုပ်သည် ခရစ်ယာန်အမူအကျင့်ကို အဓိကအာရုံစိုက်ကာ ခရစ်ယာန်များ ယေဟောဝါ၏စံနှုန်းတော်များကို သိလာရန်နှင့် ချစ်မြတ်နိုးလာရန် အထောက်အကူပြုဖို့ ရည်ရွယ်ထားပါသည်။ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်ကို အသေအချာလေ့လာခြင်းက လက်ရှိအသက်တာတွင် ယေဟောဝါ၏စံနှုန်းတော်များအတိုင်း အသက်ရှင်နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး ယင်းက ကျွန်ုပ်တို့ကို အနာဂတ်တွင် ထာဝရအသက်ရရှိစေမည်ဟူသည့်ယုံကြည်ချက်ကို ပိုခိုင်မာစေပါလိမ့်မည်။

ထို့ပြင် ယေဟောဝါကိုနာခံခြင်းသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ကြောင်းသိမြင်လာရန် ယင်းစာအုပ်က အထောက်အကူပြုပါလိမ့်မည်။ ယင်းအစား ယေဟောဝါကိုနာခံခြင်းက ကိုယ်တော့်ကို ကျွန်ုပ်တို့ မည်မျှချစ်ကြောင်း ပြသနိုင်သည့်နည်းဖြစ်သည်။ ထို့ကြောင့် ယင်းစာအုပ်က ‘ငါ ဘာကြောင့် ယေဟောဝါကို နာခံရမလဲ’ ဟူ၍ကိုယ့်ကိုယ်ကို မေးခွန်းထုတ်စေပါလိမ့်မည်။

အချို့သည် ဝမ်းနည်းဖွယ်အမှားများကျူးလွန်ပြီး ယေဟောဝါ၏မေတ္တာတော်ကို စွန့်ခွာသွားကြသည်မှာ များသောအားဖြင့် အယူဝါဒကြောင့်မဟုတ်ဘဲ  အမူအကျင့်ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာကို လမ်းညွှန်ပေးသော ယေဟောဝါ၏ပညတ်များနှင့် မူများအပေါ် ချစ်မြတ်နိုးစိတ်နှင့် လေးမြတ်တန်ဖိုးထားစိတ်ကို သန်စွမ်းစေရန် အလွန်အရေးကြီးသည်။ မှန်ကန်ရာဘက် ရပ်တည်ရန်၊ စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူရန်နှင့် အထူးသဖြင့် ယေဟောဝါ၏မေတ္တာတော်၌ ဆက်တည်မြဲနိုင်ရန် တစ်ကမ္ဘာလုံးရှိယေဟောဝါ၏သိုးများကို  ဤစာအုပ်အသစ်က အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။—ယု. ၂၁

[စာမျက်နှာ ၁၈ ပါ ပုံစာ]

“ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်”