မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် တစ်ချိန်ကအမှုဆောင်ခဲ့သလော ပြန်၍အမှုဆောင်နိုင်မည်လော

သင်သည် တစ်ချိန်ကအမှုဆောင်ခဲ့သလော ပြန်၍အမှုဆောင်နိုင်မည်လော

သင်သည် တစ်ချိန်ကအမှုဆောင်ခဲ့သလော ပြန်၍အမှုဆောင်နိုင်မည်လော

သင်သည် ခရစ်ယာန်အသင်းတော်၌ တာဝန်ရှိအနေအထားတွင် တစ်ချိန်ကအမှုဆောင်ခဲ့သလော။ သင်သည် ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်ခဲ့ပေမည်။ အချိန်ပြည့်ကျေးကျွန်တစ်ဦးဖြစ်ခဲ့ပေမည်။ သင့်တာဝန်ခန့်အပ်ချက်များတွင် ရွှင်လန်းမှုနှင့် အားရကျေနပ်မှုခံစားခဲ့မည်မှာ သေချာသည်၊ သို့သော် အကြောင်းတစ်ခုခုကြောင့် ယင်းတာဝန်များစွန့်လွှတ်ခဲ့ရသည်။

မိသားစုဝင်များကိုဂရုစိုက်ရန် သင့်အခွင့်ထူးကိုလက်လွှတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ အခြားတစ်ဖက်တွင်မူ အသက်အရွယ် သို့မဟုတ် ကျန်းမာရေးမကောင်းခြင်းသည် အကြောင်းရင်းဖြစ်ပေမည်။ ထိုသို့သောဆုံးဖြတ်ချက်များသည် ပျက်ကွက်မှုအမှတ်လက္ခဏာမဟုတ်ပါ။ (၁ တိ. ၅:၈) ပထမရာစုတွင် ဖိလိပ္ပုသည် ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် သူ့မိသားစုကိုဂရုစိုက်ရန် ကဲသရိမြို့၌ အခြေချနေထိုင်ခဲ့သည်။ (တ. ၂၁:၈၊ ၉) ရှေးဣသရေလဘုရင်ဒါဝိဒ်သည် အသက်အရွယ်ကြီးလာသောအခါ မိမိကိုယ်စား ဘုရင့်အရိုက်အရာဆက်ခံရန် သားရှောလမုန်အတွက် အစီအစဉ်လုပ်ခဲ့သည်။ (၃ ရာ. ၁:၁၊ ၃၂-၃၅) သို့တိုင် ဖိလိပ္ပုနှင့် ဒါဝိဒ်နှစ်ဦးစလုံးကို ယေဟောဝါချစ်ဆဲ၊ လေးမြတ်တန်ဖိုးထားဆဲဖြစ်ပြီး ယနေ့လူတို့ပင် သူတို့ကို ရိုသေလေးစားကြသည်။

သို့သော် လုပ်ငန်းတော်အခွင့်ထူးကို သင့်ထံမှရုပ်သိမ်းခဲ့ခြင်း ဖြစ်ပေမည်။ ပညာမဲ့သောအမူအကျင့်တစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်လော။ သို့မဟုတ် မိသားစုပြဿနာများကြောင့်လော။ (၁ တိ. ၃:၂၊ ၄၊ ၁၀၊ ၁၂) လုပ်ငန်းတော်အခွင့်ထူးကို သင့်ထံမှရုပ်သိမ်းသည့်လုပ်ရပ်ကို ကျိုးကြောင်းခိုင်လုံမှုမရှိဟုပင် သင်ခံစားခဲ့ရပြီး ယနေ့အထိ နာကြည်းစိတ်မပျောက်ဘဲရှိပေမည်။

ပြန်၍အမှုဆောင်ရန် သင်တက်လှမ်းနိုင်

လုပ်ငန်းတော်အခွင့်ထူးတစ်ခု ဆုံးရှုံးခြင်းသည် မပြောင်းလဲနိုင်တော့သည့်အရာလော။ ကိစ္စအများစုတွင် ထိုသို့မဟုတ်ပါ။ သို့သော် ပြန်၍အမှုဆောင်ရန် သင်သည် တက်လှမ်းလိုစိတ်ရှိရမည်။ (၁ တိ. ၃:၁) သို့သော် အဘယ်ကြောင့် တက်လှမ်းလိုစိတ်ရှိရသနည်း။ ဘုရားသခင်ထံ သင့်ကိုသင်အပ်နှံခဲ့သည့်အကြောင်းရင်းကြောင့်ပင်ဖြစ်သည်—ယေဟောဝါနှင့် ကိုယ်တော့်အမှုဆောင်သူတို့ကိုချစ်သည့်စိတ်ကြောင့်ဖြစ်၏။ သင်သည် ပြန်၍အမှုဆောင်ခြင်းဖြင့် ယင်းမေတ္တာကိုတင်ပြရန် တလိုတလားရှိပါက အခွင့်ထူးမဆုံးရှုံးမီနှင့် ဆုံးရှုံးပြီးနောက် သင်ရရှိခဲ့သည့်အတွေ့အကြုံကို ယေဟောဝါအသုံးပြုရန် အခွင့်အလမ်းပေါ်စေပါလိမ့်မည်။

ဣသရေလလူမျိုးသည် မိမိတို့ဆုံးရှုံးထိုက်၍ လုပ်ငန်းတော်အခွင့်ထူးများဆုံးရှုံးခဲ့ပြီးနောက် သူတို့အား ယေဟောဝါပေးခဲ့သောအာမခံချက်ကို ပြန်အမှတ်ရပါ။ ကိုယ်တော့်နှုတ်မြွက်တော်ဤသို့ဆိုသည်– ‘ငါသည် ယေဟောဝါဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် ယာကုပ်အမျိုးသားတို့ သင်တို့သည် ဆုံးရှုံးခြင်းသို့မရောက်ကြ။’ (မာလ. ၃:၆) ယေဟောဝါသည် ဣသရေလလူတို့ကိုချစ်တော်မူပြီး သူတို့ကို ဆက်အသုံးပြုလိုခဲ့သည်။ ယေဟောဝါသည် အနာဂတ်တွင် သင့်ကိုအသုံးပြုရန် စိတ်ဝင်စားတော်မူ၏။ သင်သည် လက်ရှိအခြေအနေတွင် အဘယ်အရာပြုလုပ်နိုင်သနည်း။ သီအိုကရက်တစ်ရေးရာများ လုပ်ဆောင်ခြင်းသည် ပင်ကိုစွမ်းရည်ရှိခြင်းထက် ဝိညာဉ်ရေးကျန်းမာနေခြင်းအပေါ် ပို၍မူတည်သည်။ ထို့ကြောင့် အသင်းတော်တွင် ထပ်ဆင့်တာဝန်များမရရှိချိန်တွင် သင့်ဝိညာဉ်ရေးခိုင်မြဲရေးကို အာရုံစိုက်ပါ။

ယုံကြည်ခြင်း၌ “ခိုင်ခံ့မြဲမြံ” ရန် သင်သည် ‘ယေဟောဝါနှင့် တန်ခိုးတော်ကိုရှာ’ ရမည်။ (၁ ကော. ၁၆:၁၃; ဆာ. ၁၀၅:၄) ယင်းကို လုပ်နိုင်သည့်နည်းတစ်နည်းမှာ လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းဖြစ်သည်။ သင့်အခြေအနေကို ယေဟောဝါထံရင်ဖွင့်သောအခါ သင့်ခံစားချက်များကိုဖော်ပြပါ၊ ထို့နောက် ကိုယ်တော်၏စွမ်းအားတော်ကို တောင်းခံပါ။ ယင်းသို့ပြုခြင်းဖြင့် ယေဟောဝါနှင့် ပိုနီးကပ်လာမည်ဖြစ်ပြီး ယင်းက သင့်အား ခိုင်ခံ့မြံမြဲစေပါလိမ့်မည်။ (ဆာ. ၆၂:၈; ဖိ. ၄:၆၊ ၁၃) သင့်ဝိညာဉ်ရေးကိုခိုင်ခံ့မြံမြဲစေသည့် နောက်တစ်နည်းမှာ ဘုရားသခင့်နှုတ်မြွက်တော်လေ့လာခြင်းကို တိုးတက်စေခြင်းအားဖြင့်ဖြစ်သည်။ တာဝန်အနည်းငယ်သာရရှိနေချိန်ဖြစ်သောကြောင့် သင်သည် ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုတွင် ပိုလုပ်ဆောင်နိုင်ပေမည်၊ ဆက်ထိန်းသိမ်းဖို့ခက်သည့်လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြန်လုပ်ယူခြင်းဖြစ်နိုင်သည်။

မှန်ပါသည်၊ သင်သည် ယေဟောဝါသက်သေတစ်ဦးအဖြစ် ကိုယ်တော့်ကို ကိုယ်စားပြုနေဆဲဖြစ်၏။ (ဟေရှာ. ၄၃:၁၀-၁၂) ကျွန်ုပ်တို့ရရှိနိုင်သည့် အကောင်းဆုံးအခွင့်ထူးတစ်ခုမှာ “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်” တစ်ဦးအဝင်ဖြစ်ရခြင်းဖြစ်သည်။ (၁ ကော. ၃:၉) လယ်ကွင်းလုပ်ငန်းတွင် တိုး၍လုပ်ဆောင်ခြင်းသည် သင့်ကိုယ်တိုင်နှင့် ဓမ္မအမှုတွင် သင့်တွဲဖက်များ၏ဝိညာဉ်ရေးကို ပို၍ခိုင်ခံ့စေသည့် အလွန်ကောင်းသောနည်းတစ်နည်းဖြစ်သည်။

သင့်ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းခြင်း

လုပ်ငန်းတော်အခွင့်ထူးတစ်ခုလက်လွှတ်ဆုံးရှုံးခြင်းက သင့်အား ရှက်စိတ် သို့မဟုတ် ဝမ်းနည်းစိတ်ဖြစ်စေပေမည်။ သင်သည် မိမိလုပ်ရပ်များအတွက် ရှင်းချက်ထုတ်ပေမည်။ သို့သော် သင့်ထုချေချက်ကို တာဝန်ရှိညီအစ်ကိုများနားထောင်ပေးခဲ့သော်လည်း သင်သည် အခွင့်အရေးတချို့မရသင့်ဟု သူတို့ယူမှတ်နေဆဲဖြစ်ပါက အသို့နည်း။ ညီအစ်ကိုများအပေါ် အပျက်သဘောထားကိန်းအောင်းနေနိုင်ပြီး တက်လှမ်းနေရန် အတားအဆီးဖြစ်နိုင်သည် သို့မဟုတ် အတွေ့အကြုံမှသင်ခန်းစာယူဖို့ပင် ခက်ခဲစေနိုင်သည်။ ယောဘ၊ မနာရှေနှင့် ယောသပ်တို့၏အတွေ့အကြုံများက လူတစ်ဦးအား အပျက်သဘောထားများကိုဖြေရှင်းရန် ထောက်ကူနိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

ယောဘသည် ယေဟောဝါရှေ့မှောက်တွင် အခြားသူတို့ကိုယ်စားအဖြစ်၊ ဖခင်စိုးမိုးသည့်အသိုင်းအဝိုင်းတွင် အကြီးအကဲနှင့် တရားသူကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ (ယောဘ ၁:၅; ၂၉:၇-၁၇၊ ၂၁-၂၅) ထို့နောက် ယောဘသည် မိမိဘဝအသက်တာ၏ခက်ခဲချိန်တွင် ပစ္စည်းဥစ္စာများ၊ ကလေးများနှင့် ကျန်းမာရေးဆုံးရှုံးခဲ့ရသည်။ ယင်းတို့အပြင် အခြားသူတို့ရှေ့ သူ၏နာမည်ကောင်းကိုလည်း ဆုံးရှုံးခဲ့ရလေသည်။ ယောဘဤသို့ပြောခဲ့သည်– “ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကိုကဲ့ရဲ့တတ်ကြ၏။”—ယောဘ ၃၀:၁

ယောဘက မိမိ လုံးဝအပြစ်ကင်းသည်ဟု ခံစားခဲ့ရပြီး ဘုရားသခင်ရှေ့ မိမိမှန်ကန်ကြောင်း ပြောလိုခဲ့သည်။ (ယောဘ ၁၃:၁၅) သို့တိုင် ယောဘသည် ယေဟောဝါကို စောင့်ဆိုင်းလိုစိတ်ရှိပြီး ယင်းအတွက် ကောင်းချီးခံစားခဲ့ရသည်။ မိမိသည် တည့်မတ်ဖို့ တကယ်လိုကြောင်းသိရှိခဲ့ပြီး အထူးသဖြင့် သူကြုံတွေ့ရသည့်စမ်းသပ်မှုအပေါ် သူ၏တုံ့ပြန်မှုများအတွက်ဖြစ်၏။ (ယောဘ ၄၀:၆-၈; ၄၂:၃၊) နောက်ဆုံးတွင် ယောဘ၏နှိမ့်ချမှုက ဘုရားသခင်ထံမှ ကောင်းချီးအလျှံပယ်ရရှိစေခဲ့သည်။—ယောဘ ၄၂:၁၀-၁၃

သင့်ဘက်မှအမှားပြုလုပ်ခြင်းကြောင့်  အခွင့်ထူးတစ်ခုလက်လွှတ်ဆုံးရှုံးခဲ့ပါက ယေဟောဝါဖြစ်စေ၊ သင့်ခရစ်ယာန်ညီအစ်ကိုများဖြစ်စေ သင့်ကို တကယ်ခွင့်လွှတ်ပြီး ယင်းအမှားကို မေ့ပျောက်ကြလိမ့်မည်လောဟူ၍ သင်စဉ်းစားပေမည်။ သို့ဆိုလျှင် ယုဒဘုရင် မနာရှေ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ‘ယေဟောဝါ၏အမျက်တော်ကိုနှိုးဆော်ခြင်းငှာ ရှေ့တော်၌များစွာသောအပြစ်ကိုပြု၏။’ (၄ ရာ. ၂၁:၆) သို့တိုင် မနာရှေသည် ဘုရင်အဖြစ်အုပ်စိုးလျက် တည်ကြည်သူတစ်ဦးအဖြစ် သေဆုံးခဲ့သည်။ ယင်းသို့ မည်သို့ဖြစ်ခဲ့သနည်း။

မနာရှေသည် နောက်ဆုံးတွင် ဆုံးမမှုကိုလက်ခံခဲ့သည်။ သတိပေးချက်များကို လျစ်လျူရှုခဲ့သောကြောင့် ယေဟောဝါသည် အာရှုရိလူတို့ကို စစ်ချီစေခဲ့ပြီး သူ့ကို သံကြိုးနှင့်ချည်နှောင်ကာ ဝေးလံသောဗာဗုလုန်သို့ ပြည်နှင်ခဲ့သည်။ ထိုတွင် မနာရှေသည် ‘မိမိဘုရားသခင်ယေဟောဝါကိုတောင်းပန်၍ ဘိုးဘေးတို့၏ဘုရားသခင့်ရှေ့မှာ ကိုယ်ကိုအလွန်နှိမ့်ချလျက် ဆုတောင်းလေ၏။’ နှလုံးထဲမှ နောင်တယူခြင်းက အမှားကိုပြုပြင်ရန်ဖြစ်စေခဲ့ပြီး မနာရှေခွင့်လွှတ်ခံခဲ့ရလေသည်။—၆ ရာ. ၃၃:၁၂၊ ၁၃

ဆုံးရှုံးခဲ့သောအခွင့်ထူးများ ချက်ချင်း အားလုံးပြန်ရခဲ့သည်မှာ ဖြစ်ခဲလှ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အကန့်အသတ်ရှိသောတာဝန်တချို့ ပေးအပ်ခံရပေမည်။ ယင်းတို့ကို လက်ခံခြင်းနှင့် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းက နောက်ထပ်တာဝန်များ ရရှိစေတတ်သည်။ ယင်းသို့အလွယ်တကူဖြစ်မည်ဟု ပြောနေခြင်းမဟုတ်ပါ။ စိတ်ဓာတ်ကျစရာများ ရှိနိုင်သည်။ သို့သော် လိုလိုလားလားရှိခြင်းနှင့် စွဲစွဲမြဲမြဲပြုလုပ်ခြင်းက ရလဒ်ကောင်းရရှိစေ၏။

ယာကုပ်၏သားယောသပ်ကို ဥပမာအဖြစ်သုံးသပ်ကြည့်ပါ။ ယောသပ် အသက် ၁၇ နှစ်တွင် သူ့အစ်ကိုများက ကျွန်အဖြစ် မတရားရောင်းချခဲ့သည်။ (က. ၃၇:၂၊ ၂၆-၂၈) ယင်းသည် မိမိဖခင်၏သားများထံမှ သူမျှော်လင့်ခဲ့သည့် ဆက်ဆံပြုမူခြင်းမဟုတ်ခဲ့သည်မှာ သေချာသည်။ သို့သော် ယင်းအခြေအနေများနှင့်အညီ နေထိုင်လိုစိတ်ရှိပြီး ယေဟောဝါ၏အကူအညီနှင့် သူသည် “မိမိသခင်၏အိမ်၌ နေရလေ၏။” (က. ၃၉:၂) နောက်ပိုင်းတွင် ယောသပ်သည် ထောင်ချခံခဲ့ရသည်။ သို့သော် သူသည် တည်ကြည်ကြောင်းသက်သေထူခဲ့ပြီး ယေဟောဝါသည် သူနှင့်အတူရှိခဲ့သောကြောင့် နောက်ဆုံးတွင် ထောင်ထဲတွင်ပြုသောအမှုများကိုစီရင်ရန် သူ့ကိုတာဝန်ပေးအပ်ခဲ့သည်။—က. ၃၉:၂၁-၂၃

ဤအရာအားလုံးက ရည်ရွယ်ချက်တစ်ခုဖြစ်မြောက်စေမည်ကို ယောသပ်မသိရှိခဲ့ပါ။ သူသည် မိမိတတ်နိုင်ရာကို ဆက်၍သာလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ကတိထားရာမျိုးနွယ်တော်သို့ဦးတည်စေသည့် ဆွေစဉ်မျိုးဆက်ကိုထိန်းသိမ်းရန် သူ့ကို အသုံးပြုနိုင်ခဲ့သည်။ (က. ၃:၁၅; ၄၅:၅-၈) ယောသပ်ကဲ့သို့ အဓိကကျသောအခန်းကဏ္ဍတွင်လုပ်ဆောင်ရန် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ မမျှော်လင့်နိုင်သော်လည်း မှုတ်သွင်းခံမှတ်တမ်းက ယေဟောဝါ၏ကျေးကျွန်များရရှိသည့်အခွင့်ထူးများတွင် ကိုယ်တော့်လက်တော် ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ ယောသပ်ကို တုပခြင်းဖြင့် ဆက်ကြိုးစားသွားပါလေ။

ခက်ခဲသောအတွေ့အကြုံများမှ သင်ယူခြင်း

ယောဘ၊ မနာရှေနှင့် ယောသပ်တို့သည် စိတ်ပျက်စရာတွေ့ကြုံမှုများနှင့် ကြုံခဲ့ရသည်။ ဤအမျိုးသားသုံးဦးစလုံး ယေဟောဝါခွင့်ပြုသည့်အခြေအနေကို လက်ခံခဲ့ကြသည်၊ သူတို့တစ်ဦးစီသည် အဖိုးတန်သင်ခန်းစာများ သင်ယူခဲ့ကြသည်။ သင်ကော အဘယ်အရာသင်ယူနိုင်သနည်း။

သင့်အား ယေဟောဝါသင်ပေးနေခြင်းဖြစ်နိုင်သည့်အရာကို ရှာဖွေပါလေ။ ယောဘသည် စိတ်ပျက်အားလျော့မှုနှင့် ရုန်းကန်နေချိန်တွင် မိမိကိုယ်ကိုအာရုံစိုက်လာခဲ့ပြီး ပိုအရေးကြီးသောအရေးကိစ္စကို မျက်ခြည်ပြတ်သွားခဲ့သည်။ သို့သော် ယေဟောဝါ၏မေတ္တာပါသောတည့်မတ်ပေးမှုကြောင့် သူသည် ဟန်ချက်ပြန်ညီလာခဲ့ပြီး ဤသို့ဝန်ခံ၏– ‘အကျွန်ုပ်သည် နားမလည်သောအရာတို့ကို ပြောမိပါပြီ။’ (ယောဘ ၄၂:၃) အခွင့်ထူးများလက်လွှတ်ဆုံးရှုံးခြင်းကြောင့် သင်စိတ်နာကြည်းပါက ‘သင်သည် ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်ဘဲ သင့်လျော်စွာထင်ရန်’ ဖြစ်၏။ (ရော. ၁၂:၃) သင်အပြည့်အဝနားမလည်သေးသည့်နည်းဖြင့် သင့်ကို ယေဟောဝါပြုပြင်ပေးဖို့ ကြိုးစားနေခြင်းဖြစ်နိုင်သည်။

ဆုံးမပဲ့ပြင်မှုကို လက်ခံပါလေ။ မနာရှေသည် သူရရှိခဲ့သည့်ပြင်းထန်လှသောဆုံးမပဲ့ပြင်မှုကို မိမိ လုံးလုံးမခံထိုက်ဟု အစပိုင်းတွင် ခံစားခဲ့ပေမည်။ သို့တိုင် သူသည် ယင်းကို လက်ခံခဲ့ပြီး နောင်တရကာ မိမိ၏မှားယွင်းသောလမ်းစဉ်ကို စွန့်လွှတ်ခဲ့သည်။ သင်ခံခဲ့ရသည့်ဆုံးမပဲ့ပြင်မှုနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသည်ဖြစ်ပါစေ ‘ယေဟောဝါ၏ရှေ့တော်တွင် မိမိကိုယ်ကို နှိမ့်ချပါ။ ကိုယ်တော်သည် သင့်ကို ချီးမြှောက်တော်မူလိမ့်မည်။’—၁ ပေ. ၅:၆; ယာ. ၄:၁၀

စိတ်ရှည်ပြီး လိုလိုလားလားရှိပါလေ။ ယောသပ်၏အတွေ့အကြုံများက မုန်းတီးစိတ်နှင့် လက်တုံ့ပြန်လိုစိတ် အလွယ်တကူဖြစ်စေနိုင်၏။ ယင်းအစား သူသည် ထိုးထွင်းသိမြင်မှုနှင့် သနားကြင်နာမှု ပြုစုပျိုးထောင်ခဲ့သည်။ (က. ၅၀:၁၅-၂၁) သင့်အား စိတ်ပျက်အောင်လုပ်ခဲ့မိကြပါက စိတ်ရှည်ပါ။ ယေဟောဝါ၏လေ့ကျင့်ပေးမှုခံရန် လိုလိုလားလားရှိပါလေ။

သင်သည် ခရစ်ယာန်အသင်းတော်၌ တာဝန်ရှိအနေအထားတွင် တစ်ချိန်ကအမှုဆောင်ခဲ့သလော။ ယေဟောဝါသည် သင့်ကို ထပ်ဆင့်အခွင့်ထူးများပေးရန် ကိုယ်တော်ကို အခွင့်အရေးပေးပါလေ။ သင့်ဝိညာဉ်ရေးကို ခိုင်ခံ့စေပါ။ သင့်ခံစားချက်များကို စိတ်ရှည်မှုနှင့် နှိမ့်ချမှုဖြင့် ပျော့ပျောင်းစေပါ။ သင်ရရှိနိုင်သည့် မည်သည့်တာဝန်ကိုမဆို လိုလိုလားလားလက်ခံပါလေ။ ‘ယေဟောဝါသည် ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကိုငြင်းတော်မမူ’ ကြောင်းစိတ်ချပါလေ။—ဆာ. ၈၄:၁၁

[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]

လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်းဖြင့် ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံပါ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လယ်ကွင်းလုပ်ငန်းတွင် တိုး၍လုပ်ဆောင်ခြင်းသည် သင့်ဝိညာဉ်ရေးကို ပို၍ခိုင်ခံ့စေသည့် အလွန်ကောင်းသောနည်းတစ်နည်းဖြစ်

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယေဟောဝါသည် သင့်အား ထပ်ဆင့်အခွင့်ထူးများပေးရန် ကိုယ်တော်ကို အခွင့်အရေးပေးပါလေ