မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်စိတ်နာကြည်းသည့်အခါ

သင်စိတ်နာကြည်းသည့်အခါ

သင်စိတ်နာကြည်းသည့်အခါ

ကလဲ့စားချေခြင်းသည် ချိုမြိန်၏ဟု လူတို့ပြောလေ့ရှိသည်။ အကြောင်းမှာ စိတ်နာကြည်းစရာများ သို့မဟုတ် စိတ်ထိခိုက်စရာများကို တစ်နည်းနည်းဖြင့် ကြုံတွေ့ရသောအခါ အခဲမကျေဖြစ်ကြသည်မှာ လူ့သဘာဝဖြစ်သောကြောင့်ပင်။ ထို့ပြင် လူတို့၏မွေးရာပါ မှားမှန်သိစိတ်ကြောင့်လည်း မမျှတမှုများကို မျှတအောင်လုပ်ရမည်ဟု ခံစားမိတတ်သည်။ သို့သော် မေးစရာကား မည်သည့်နည်းဖြင့်နည်း။

စိတ်နာကြည်းစရာများတွင် ပါးချခံရခြင်း၊ တွန်းထိုးခံရခြင်း၊ နှုတ်ဖြင့်စော်ကားပြောဆိုခံရခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း၊ အလုခံရခြင်းစသည်ဖြင့် အတိုင်းအတာအမျိုးမျိုးရှိသည်။ တစ်စုံတစ်ဦးက သင့်ကို တစ်နည်းနည်းဖြင့် စော်ကားသည့်အဖြစ်မျိုးကြုံရလျှင် သင်မည်သို့ခံစားရသနည်း။ ယနေ့ခေတ်ရှိ လူများစွာ၏တုံ့ပြန်မှုမှာ ‘ငါခံရသလို သူတို့လည်း ပြန်ခံရအောင် လက်စားချေရမယ်’ ဟုဆိုတတ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အထက်တန်းကျောင်းသားများစွာသည် သူတို့ကို ဆုံးမဒဏ်ပေးသောဆရာများကို ကလဲ့စားချေရန် မဟုတ်မမှန်တရားစွဲဆိုကြသည်။ “ဆရာ/ဆရာမတွေက ​တစ်ကြိမ် တရားစွဲခံရတာနဲ့တင် နာမည်ပျက်သွားတော့တာပဲ” ဟု နယူး​အော်လင်းဇ်မြို့ရှိ ဆရာ/ဆရာမများအစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဘရဲန်ဒါမီရှယ်လ်က ဆိုသည်။ စွပ်စွဲချက်မှားကြောင်း သက်သေထွက်ဆိုနိုင်ခဲ့လျှင်ပင် နာမည်ပျက်ကို အဖတ်ဆယ်၍မရနိုင်တော့ချေ။

လုပ်ငန်းခွင်တွင်လည်း အလုပ်ဖြုတ်ခံရသော၊ မကျေနပ်သော ဝန်ထမ်းများသည် အလုပ်ရှင်ကို လက်စားချေသည့်အနေဖြင့် ကုမ္ပဏီ၏ကွန်ပျူတာကွန်ရက်ပေါ်ရှိ အရေးကြီးသောသတင်းအချက်အလက်များကို ဖျက်ဆီးပစ်ကြသည်။ အချို့သူများကမူ ကုမ္ပဏီ၏လျှို့ဝှက်ချက်များကို ခိုးယူကာ အခြားသူများထံ ရောင်းချကြသည် သို့မဟုတ် ပေးပစ်လိုက်သည်။ အီလက်ထရောနစ်ဖိုင်များကို ခိုးယူခြင်းအပြင် “ကုမ္ပဏီပိုင်ပစ္စည်းများကို ခိုးယူခြင်းမှာလည်း လက်စားချေလိုသော ဝန်ထမ်းများ၏ထုံးစံဖြစ်နေသည်” ဟု နယူးယောက်တိုင်းမ်မဂ္ဂဇင်းက ဆိုသည်။ ကုမ္ပဏီများစွာသည် လက်စားချေခံရသည့်အဖြစ်ကို တားဆီးရန် အလုပ်ဖြုတ်ခံရသောဝန်ထမ်းအား သူ့စားပွဲမှ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကုမ္ပဏီ၏ဥပစာမှ ထွက်ခွာသွားသည့်အချိန်တိုင် လုံခြုံရေးအစောင့်များကို လိုက်လံစောင့်ကြည့်စေသည့်အထိပင်ဖြစ်သည်။

ပိုဆိုးသည်မှာ ကျွန်ုပ်တို့လက်စားချေလိုသူများသည် သူငယ်ချင်းများ၊ မိတ်ဆွေများအပြင် မိသားစုဝင်များကဲ့သို့သော အရင်းနှီးဆုံးလူများပင် ဖြစ်နေတတ်ခြင်းဖြစ်သည်။ မညှာမတာပြောလိုက်သောစကားတစ်ခွန်း သို့မဟုတ် မဆင်မခြင်လုပ်လိုက်သောအပြုအမူတစ်ခုကြောင့် ကျွန်ုပ်တို့စိတ်မကျေမချမ်းဖြစ်နေခြင်းက လက်တုံ့ပြန်မိစေနိုင်သည်။ မိတ်ဆွေတစ်ဦးက သင့်ကို လေသံခပ်မာမာဖြင့် စကားပြောလျှင် သင်လည်း မချေမငံဖြင့် ပြန်ခံပြောတတ်သလော။ မိသားစုဝင်တစ်ဦးက သင့်ကို တစ်နည်းနည်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေလျှင် သူ့ကို လက်တုံ့ပြန်နိုင်မည့် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေသလော။ ကျွန်ုပ်တို့ကို စိတ်နာကြည်းစေသူသည် ရင်းနှီးကျွမ်းဝင်သူများဖြစ်နေပါက ထိုသို့ပင် အလွယ်တကူတုံ့ပြန်မိတတ်သည်။

ကလဲ့စားချေခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

တစ်ခါတစ်ရံ လူတို့သည် နာကြည်းမှုကြောင့်ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာကို ဖြေသိမ့်ရန် ကြိုးစားသည့်အနေဖြင့် လက်စားချေကြခြင်းဖြစ်သည်။ ဥပမာ၊ ဟေဗြဲလူမျိုးတို့၏ဘိုးဘေးဖြစ်သူ ယာကုပ်၏သားတို့သည် ညီမဖြစ်သူဒိနကို ခါနာန်အမျိုးသားရှေခင် စော်ကားလိုက်ကြောင်း သိရသောအခါ “စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏” ဟုကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၃၄:၁-၇) ယာကုပ်၏သားနှစ်ဦးသည် ညီမဖြစ်သူကိုစော်ကားသောရှေခင်နှင့် သူ့မိသားစုကို ပြန်ကလဲ့စားချေရန် လျှို့ဝှက်ကြံစည်ကြသည်။ ပရိယာယ်တစ်ခုသုံးကာ ရှိမောင်နှင့်လေဝိသည် ခါနာန်မြို့ထဲဝင်ပြီး ရှေခင်အပါအဝင် ယောက်ျားအားလုံးကို သတ်ပစ်လိုက်သည်။—ကမ္ဘာဦး ၃၄:၁၃-၂၇

ထိုသွေးစွန်းသောကလဲ့စားချေမှုကြောင့် ကိစ္စရပ်များ ပြေလည်သွားသလော။ ယာကုပ်သည် သူ့သားတို့၏လုပ်ရပ်ကို ကြားသိသောအခါ သူတို့ကို ပြစ်တင်ရှုတ်ချကာ “သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ . . . ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ . . . သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့် ငါနှင့်ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်” ဟုဆိုခဲ့သည်။ (ကမ္ဘာဦး ၃၄:၃၀) မှန်ပါသည်၊ အငြိုးအတေးကြီးသော သူတို့၏ကလဲ့စားသည် ကိစ္စရပ်များကို ပြေလည်စေမည့်အစား ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဖြစ်ပေါ်စေခဲ့သည်၊ ထိုရလဒ်မှာ ယာကုပ်၏မိသားစုသည် ဒေါသထွက်နေသောအိမ်နီးချင်းများ ပြန်တိုက်ခိုက်တော့မည်ကို ယခု ကြောက်လန့်နေရပြီဖြစ်သည်။ ထို့ကြောင့် ယာကုပ်၏မိသားစုသည် တိုက်ခိုက်ခံရမည့်အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ထိုဒေသမှ ဗေသလအရပ်သို့ ပြောင်းရွှေ့ဖို့ ယာကုပ်ကို ဘုရားသခင်မိန့်မှာခဲ့ခြင်းဖြစ်ပေမည်။—ကမ္ဘာဦး ၃၅:၁၊

ဒိနစော်ကားခံရခြင်းကြောင့် ပေါ်ပေါက်လာသောဖြစ်ရပ်များသည် အရေးကြီးသင်ခန်းစာတစ်ခုကို ပေါ်လွင်စေသည်။ ကလဲ့စားချေခြင်းသည် တစ်ဖန်ပြန်၍ကလဲ့စားချေသည့်အဖြစ်ကို ဦးတည်စေသောကြောင့် လက်စားချေသောသံသရာသည် ထပ်ခါထပ်ခါပြန်ကျော့ရင်း မပြီးဆုံးနိုင်တော့ချေ။

လက်စားချေခြင်း၏ သံသရာ

ကျွန်ုပ်တို့ကိုထိခိုက်စေသူအပေါ် ပြန်လက်စားချေဖို့ကိုသာ အာရုံစိုက်နေခြင်းသည် အလွန်အပျက်သဘောဆန်၏။ “အမျက်ဒေါသသည် သင့်ကို လုံးပါးပါးစေသည်။ သင်သည် အတိတ်၏စိတ်နာကြည်းစရာအဖြစ်အပျက်များကို ပြန်စဉ်းစားမိကာ သင့်ကိုစိတ်ထိခိုက်စေသူအပေါ် စိတ်ထဲမှကျိန်ဆဲရင်း ပြန်လက်စားချေနိုင်မည့်နည်းလမ်းကိုသာ ရှာကြံနေသောကြောင့် သင့်အချိန်နှင့်ခွန်အားတို့ အလဟဿဖြစ်ရတော့သည်” ဟုခွင့်လွှတ်ခြင်း—အတိတ်ကိုပြည်ဖုံးကားချပြီး ဘဝကိုရှေ့ဆက်နိုင်ပုံဟူသောစာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ကျမ်းစာတွင်လည်း “ငြူစူသောသဘောမူကား အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏” ဟုပီပီပြင်ပြင်ဖော်ပြထားသည်။—သု. ၁၄:၃၀

မှန်ပါသည်၊ လူတစ်ဦးသည် စိတ်နှလုံးထဲတွင် မုန်းတီးမှုနှင့် အပျက်သဘောဆန်သောခံစားချက်များ တောက်လောင်နေပါက ပျော်ရွှင်နိုင်မည်မဟုတ်ပါ။ “‘ကလဲ့စားချေခြင်းသည် ချိုမြိန်၏’ ဟု သင်ယူဆပါက နှစ်ရှည်လများစွာ အငြိုးအတေးထားခဲ့သူများ၏မျက်နှာကို သေချာကြည့်လိုက်ပါ” ဟုစာရေးဆရာတစ်ဦးကဆိုသည်။

လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများ ဖြစ်ပွားနေသော ကမ္ဘာ့ဒေသများစွာတွင် အဘယ်အရာဖြစ်ပျက်နေကြောင်း သုံးသပ်ကြည့်ပါ။ သတ်ဖြတ်မှုတစ်ခုကြောင့် နောက်သတ်ဖြတ်မှုတစ်ခု ထပ်ဖြစ်ပွားလေ့ရှိရာ ယင်းကြောင့် မုန်းတီးခြင်းနှင့်သေဆုံးခြင်းမှာ မပြီးဆုံးနိုင်ဘဲ သံသရာလည်နေတော့သည်။ ဥပမာ၊ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုတွင် ဗုံးပေါက်ကွဲပြီး လူငယ် ၁၈ ဦးသေဆုံးခဲ့ရာ ယူကျုံးမရဖြစ်နေသောမိခင်က “သူတို့ကို အကြိမ်တစ်ထောင်လောက် ပြန်ကလဲ့စားချေရမယ်” ဟုအော်ဟစ်လေတော့သည်။ ဤသို့ဖြင့် ရက်စက်ကြမ်းတမ်းမှုသာ ပိုတိုးများလာပြီး လူများစွာသည် ပဋိပက္ခနွံထဲ နစ်သည်ထက်နစ်သွားကြသည်။

‘မျက်စိအတွက် မျက်စိ’

လူအချို့က  လက်စားချေလိုသောစိတ်သဘောထားနှင့်ပတ်သက်၍ ဆင်ခြေပေးရန် ကျမ်းစာကို ထောက်ပြကြသည်။ “ကျမ်စာထဲမှာ ‘မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား’ လို့ပြောထားတယ်မဟုတ်လား” ဟုသူတို့ဆိုသည်။ (ဝတ်ပြုရာ ၂၄:၂၀) အပေါ်ယံကြည့်လျှင် ‘မျက်စိအတွက်မျက်စိ’ ဟူသောပညတ်သည် လက်စားချေခြင်းကို ထောက်ခံအားပေးနေဟန်ရှိသည်။ အမှန်မှာ ယင်းသည် မိုက်မဲသောလက်စားချေမှုများကို တားဆီးပေးနေခြင်းသာဖြစ်သည်။ မည်သို့အားဖြင့်နည်း။

အစ္စရေးလူတစ်ဦးသည် လူမျိုးချင်းတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ကာ မျက်စိကိုဖျက်မိပါက ပညတ်တရားအရ ထိုက်သင့်သောပြစ်ဒဏ်ခံရမည်။ သို့သော် ပြစ်မှားခံရသူသည် ပြစ်မှုကျူးလွန်သူ သို့မဟုတ် သူ့မိသားစုဝင်တစ်ဦးဦးကို မိမိ၏ဆန္ဒအလျောက် ကိုယ်တိုင်ပြစ်ဒဏ်ပေး၍မရပါ။ သူသည် ထိုက်သင့်သောပြစ်ဒဏ်ချမှတ်ပေးပါရန် ခန့်အပ်ခံတရားသူကြီးများကဲ့သို့သော အခွင့်အာဏာရှိသူများထံ ထိုကိစ္စကိုတင်ပြရမည်ဟု ပညတ်တရားတွင် တောင်းဆိုထားသည်။ လူတစ်ဦးသည် ရာဇဝတ်မှု သို့မဟုတ် အကြမ်းဖက်မှု တမင်တကာကျူးလွန်ကြောင်း သက်သေထင်ရှားလျှင် ကလဲ့စားချေသည့်အဖြစ်ကိုတားဆီးရန် ကျူးလွန်ခဲ့သည့်လုပ်ရပ်အတိုင်းပင် သူ့ကို ပြစ်ဒဏ်ပေးနိုင်သည်။ သို့သော် ထိုကိစ္စတွင် ယင်းထက်မကပါဝင်သည်။

အကျိုးအပြစ်ကိုဆပ်ပေးခြင်းနှင့်ဆိုင်သော အထက်ပါပညတ်ကို မဖော်ပြမီ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူများကို မောရှေမှတစ်ဆင့် ဤသို့မိန့်မှာခဲ့သည်– “သင်၏ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ . . . ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ရ။ အငြိုးမထားရ။” (ဝတ်ပြုရာ ၁၉:၁၇၊ ၁၈) မှန်ပါသည်၊ ‘မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား’ ဟူသောသဘောတရားသည် ပညတ်ပဋိညာဉ်တစ်ခုလုံးနှင့်ဆက်စပ်နေသည်ဟု ကျွန်ုပ်တို့ နားလည်ရန်ဖြစ်သည်၊ ပညတ်ပဋိညာဉ်ကိုအနှစ်ချုပ်ကာ ဤပညတ်ချက်နှစ်ခုကို ယေရှုပေးခဲ့သည်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။” (မဿဲ ၂၂:၃၇-၄၀) သို့ဆိုလျှင် ခရစ်ယာန်စစ်များသည် မမျှမတဆက်ဆံခံရပါက မည်သို့တုံ့ပြန်သင့်သနည်း။

ငြိမ်သက်သောလမ်းစဉ်အတိုင်း လုပ်ဆောင်ပါ

ကျမ်းစာတွင် ယေဟောဝါကို “ငြိမ်သက်ခြင်း၏အရှင်” ဟုခေါ်ဆိုထားပြီး ကိုယ်တော့်ကိုကိုးကွယ်သူများအား “ငြိမ်သက်ခြင်းကိုရှာ၍ ထိုအတိုင်းနေထိုင်ရန် အစဉ်ကြိုးစားအားထုတ်ပါ” ဟုတိုက်တွန်းထားသည်။ (ဟေဗြဲ ၁၃:၂၀; ၁ ပေတရု ၃:၁၁) သို့ရာတွင် ငြိမ်သက်သောလမ်းစဉ်သည် အမှန်တကယ် ထိရောက်ပါသလော။

ယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း ရန်သူတို့၏ တံတွေးထွေးခြင်း၊ ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဉ်းဆဲခြင်းခံခဲ့ရသည့်အပြင် ရင်းနှီးသောမိတ်ဆွေတစ်ဦး၏ သစ္စာဖောက်ခြင်း၊ နောက်လိုက်များ၏စွန့်ခွာပြေးခြင်းကိုပင် ခံခဲ့ရသည်။ (မဿဲ ၂၆:၄၈-၅၀; ၂၇:၂၇-၃၁) ကိုယ်တော် မည်သို့တုံ့ပြန်ခဲ့သနည်း။ “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်းမပြု။ ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်တော်မူ၏” ဟုတမန်တော်ပေတရုရေးခဲ့သည်။—၁ ပေတရု ၂:၂၃

“ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏” ဟုပေတရုရှင်းပြခဲ့သည်။ (၁ ပေတရု ၂:၂၁) မှန်ပါသည်၊ ခရစ်ယာန်များသည် ယေရှုကို အတုယူရန် အားပေးခံရသည်။ ယင်းတွင် မမျှမတဆက်ဆံခံရသောအခါ ကိုယ်တော်၏တုံ့ပြန်ပုံကိုတုပခြင်း ပါဝင်သည်။ ယင်းနှင့်စပ်လျဉ်း၍ တောင်ပေါ်တရားတော်တွင် ယေရှုကိုယ်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကိုညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် . . . [သင်တို့သည်] ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။”—မဿဲ ၅:၄၄၊ ၄၅

ခရစ်တော်၏မေတ္တာကိုတုပသူများသည် မတရားဆက်ဆံခံရသောအခါ မည်သို့တုံ့ပြန်ကြသနည်း။ ‘သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ကျက်သရေရှိ၏’ ဟုကျမ်းစာကဆိုသည်။ (သု. ၁၉:၁၁) ထို့ပြင် “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့” ဟူသောဆုံးမစကားကိုလည်း သူတို့လိုက်နာကြသည်။ (ရောမ ၁၂:၂၁) ယနေ့ ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသည့် အငြိုးအတေးကြီးသောသဘောထားနှင့် ဆန့်ကျင်လှသည်တကား။ စစ်မှန်သောခရစ်ယာန်မေတ္တာသည် လက်စားချေလိုစိတ်ကို ကျော်လွှားစေနိုင်ပြီး “သူတစ်ပါးပြစ်မှားခြင်းကို သည်းခံ” စေနိုင်သည်၊ အကြောင်းမှာ မေတ္တာသည် “ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်” သောကြောင့်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၅

သို့ဆိုလျှင် ကျွန်ုပ်တို့သည် ပြစ်မှုကျူးလွန်ခံရသူဖြစ်နေပါက သို့မဟုတ် တစ်နည်းနည်းဖြင့် ခြိမ်းခြောက်ခံရပါက ဘာမျှပြန်မလုပ်ဘဲ ခေါင်းငုံ့ခံနေရမည်ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။ “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့” ဟူ၍ပေါလုဆိုရာတွင် ခရစ်ယာန်တစ်ဦးသည် အဆိုးကိုရင်ဆိုင်ရသောအခါ ပြန်မခုခံဘဲ အသက်စွန့်ရမည်ဟု သူဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် ကျွန်ုပ်တို့သည် တိုက်ခိုက်ခံရသောအခါ မိမိကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်အပြည့်ရှိသည်။ သင် သို့မဟုတ် သင့်ပိုင်ဆိုင်ရာများ ထိပါးနှောင့်ယှက်ခံရပါက ရဲဌာနကို သင် အကြောင်းကြားနိုင်သည်။ ပြဿနာသည် အလုပ်ခွင် သို့မဟုတ် ကျောင်းတွင် ဖြစ်ပွားပါက သက်ဆိုင်ရာအာဏာပိုင်များထံ ကျွန်ုပ်တို့ အကူအညီတောင်းခံနိုင်သည်။—ရောမ ၁၃:၃၊ ၄

သို့သော် ဤလောကစနစ်တွင် စစ်မှန်သောတရားမျှတမှုရှိရန် အလွန်ခက်ခဲကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ အမှန်မှာ လူများစွာသည် ဘဝတစ်လျှောက်လုံးတွင် စစ်မှန်သောတရားမျှတမှုကို ရှာဖွေခဲ့ကြသော်လည်း မျှော်လင့်သည့်အတိုင်းဖြစ်မလာသောအခါ ခါးသီးမှုနှင့်နောင်တကိုသာ ခံစားရကြသည်။

လက်စားချေလိုစိတ်နှင့် မုန်းတီးစိတ်တို့ဖြင့် လူတို့စိတ်ဝမ်းကွဲနေသည်ကို မြင်တွေ့နေရခြင်းထက် ပိုကောင်းသည့်အရာ စာတန်အဖို့ မရှိနိုင်တော့ပြီ။ (၁ ယောဟန် ၃:၇၊ ၈) ထို့ကြောင့် ‘ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားသခင်မိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ ရေးထား၏’ ဟူသောကျမ်းစကားကို စိတ်စွဲမှတ်ထားမည်ဆိုလျှင် အလွန်ကောင်းမွန်လှသည်။ (ရောမ ၁၂:၁၉) ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ယေဟောဝါလက်ထဲအပ်လိုက်ခြင်းဖြင့် စိတ်နာကျင်မှု၊ အမျက်ဒေါသနှင့် အကြမ်းဖက်လုပ်ရပ်များမှ အတော်အတန်ကင်းဝေးနိုင်ကြသည်။—သု. ၃:၃-၆

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

“သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

မေတ္တာသည် “ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။” —၁ ကောရိန္သု ၁၃:၅