မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ကဲ့သို့ နာခံမှုနှင့် ရဲစွမ်းသတ္တိရှိပါလေ

ခရစ်တော်ကဲ့သို့ နာခံမှုနှင့် ရဲစွမ်းသတ္တိရှိပါလေ

ခရစ်တော်ကဲ့သို့ နာခံမှုနှင့် ရဲစွမ်းသတ္တိရှိပါလေ

“အားယူကြလော့။ ငါသည် လောကကိုအောင်ပြီ။”—ယော. ၁၆:၃၃

၁။ ဘုရားသခင်အား ယေရှု၏နာခံမှုသည် မည်သို့ပြည့်ဝစုံလင်ခဲ့သနည်း။

ယေရှုခရစ်သည် ဘုရားသခင့်အလိုတော်ကို အမြဲဆောင်ရွက်ခဲ့သည်။ ကောင်းကင်ခမည်းတော်အားမနာခံသည့်အတွေး တစ်ကြိမ်ပင် မပေါ်ခဲ့ပါ။ (ယော. ၄:၃၄; ဟေဗြဲ ၇:၂၆) သို့သော် မြေကြီးပေါ် ကိုယ်တော်ကြုံတွေ့ခဲ့ရာများသည် နာခံရန်လွယ်ကူသည့်အရာ မဟုတ်ခဲ့ပါ။ ယေရှုဟောပြောခြင်းလုပ်ငန်းစတင်ချိန်မှစ၍ စာတန်ကိုယ်နှိုက်အပါအဝင်ရန်သူများသည် ကိုယ်တော်အား တည်ကြည်သောလမ်းစဉ်ကိုစွန့်သွားစေရန် ကြိုးစားဖိအားပေး သို့မဟုတ် လှည့်ဖြားခဲ့ကြသည်။ (မ. ၄:၁-၁၁; လု. ၂၀:၂၀-၂၅) ထိုရန်သူတို့သည် ယေရှု၏စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ကာယပိုင်းကို အပြင်းအထန်နာကျင်စေခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ကိုယ်တော်ကို ညှဉ်းဆဲရာသစ်တိုင်တွင် အသေသတ်ခဲ့ကြသည်။ (မ. ၂၆:၃၇၊ ၃၈; လု. ၂၂:၄၄; ယော. ၁၉:၁၊ ၁၇၊ ၁၈) ယင်းတို့အားလုံးကိုတွေ့ကြုံရသည့်ပြင် ပြင်းထန်သည့်နာကျင်မှုများ ခံစားရသည့်ကြားမှ ယေရှုသည် “အသေခံရသည့်တိုင်အောင်နာခံတော်မူ” ခဲ့သည်။—ဖိလိပ္ပိ ၂:၈ ကိုဖတ်ပါ။

၂၊ ၃။ ဝေဒနာခံစားရသည့်ကြားမှ ယေရှု၏နာခံမှုမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

ကမ္ဘာပေါ်တွင်လူသားတစ်ဦးအဖြစ် ယေရှု၏အတွေ့အကြုံက ယခင် ကိုယ်တော်တစ်ခါမျှမကြုံဖူးသော ခက်ခဲသည့်အခြေအနေအောက် နာခံခြင်းမျိုးကို ကိုယ်တော်အားသင်ပေးခဲ့သည်။ (ဟေဗြဲ ၅:၈) ယေရှုအဖို့ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းအကြောင်း သင်ယူခြင်းထက် ပိုကောင်းသည့်အရာမရှိနိုင်သည့်ပုံပင်။ အမှန်မှာ၊ ကိုယ်တော်သည် အတိုင်းမသိရှည်ကြာသောကာလတစ်လျှောက် ယေဟောဝါနှင့်ရင်းနှီးသည့်ဆက်ဆံရေးတွင်ပျော်မွေ့ခဲ့ပြီး ဖန်ဆင်းချိန်အတွင်း ဘုရားသခင်၏ “ကျွမ်းကျင်လုပ်သား” ဖြစ်ခဲ့သည်။ (သု. ၈:၃၀ကဘ) သို့သော် ဝေဒနာခံစားရသည့်ကြား လူသားတစ်ဦးအဖြစ် ယုံကြည်ခြင်းတွင် ကိုယ်တိုင်ကိုယ်ကျခံရပ်ခဲ့ခြင်းဖြင့် ကိုယ်တော်၏ပြီးပြည့်စုံလင်သောသမာဓိကို သက်သေထူခဲ့သည်။ ဘုရားသခင့်သားတော်ယေရှုသည် ဝိညာဉ်ရေးတွင် ကြီးထွားလာခဲ့သည်။ ကိုယ်တော်၏အတွေ့အကြုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

ယေရှုသည် စုံလင်သူတစ်ဦးဖြစ်သော်လည်း စုံလင်သောနာခံမှုဆက်ရှိရန် မိမိဘာသာမကြိုးစားခဲ့ပါ။ နာခံမှုဆက်ရှိရန် ဘုရားသခင့်အကူအညီ တောင်းဆိုခဲ့သည်။ (ဟေဗြဲ ၅:၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့လည်း နာခံမှုဆက်ရှိရန် နှိမ့်ချမှုနှင့် ဘုရားသခင်၏အကူအညီကို မှန်မှန်တောင်းခံဖို့လိုသည်။ ယင်းအကြောင်းကြောင့် ခရစ်ယာန်များအား တမန်တော်ပေါလု ဤသို့ညွှန်ကြားခဲ့၏– “ခရစ်တော်ယေရှုတွင်ရှိသော ထိုစိတ်သဘောထားမျိုးကို သင်တို့တွင်လည်း ရှိစေကြလော့။ ကိုယ်တော်သည် . . . ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ၍ အသေခံရသည့်တိုင်အောင် . . . နာခံတော်မူ၏။” (ဖိ. ၂:၅-၈) ဆိုးညစ်သောလူ့ဘောင်အလယ်တွင်ပင် လူသားတို့သည် နာခံမှုရှိနိုင်ကြောင်း ယေရှု၏လမ်းစဉ်က သက်သေထူခဲ့သည်။ ယေရှုသည် စုံလင်သူဖြစ်သည်မှာမှန်ပါသည်၊ သို့သော် ကျွန်ုပ်တို့ကဲ့သို့သော မစုံလင်သောလူသားများကော အသို့နည်း။

မစုံလင်သည့်ကြားမှ နာခံမှု

၄။ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူများအဖြစ် ဖန်ဆင်းခံရခြင်းက ကျွန်ုပ်တို့အဖို့ အဘယ်အရာကိုဆိုလိုသနည်း။

ဘုရားသခင်သည် အာဒံနှင့်ဧဝကို အသိဉာဏ်ရှိသတ္တဝါများ၊ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူများအဖြစ် ဖန်ဆင်းခဲ့သည်။ သူတို့မှဆင်းသက်လာသူများအနေနှင့် ကျွန်ုပ်တို့လည်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူတို့ဖြစ်ကြသည်။ ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ ကောင်းရာလုပ်မည် သို့မဟုတ် ဆိုးရာလုပ်မည်ကို ကျွန်ုပ်တို့ဆုံးဖြတ်နိုင်သည်ကို ဆိုလိုသည်။ တစ်နည်းဆိုရလျှင် ဘုရားသခင်ကိုနာခံမည်၊ မနာခံမည်ကို ကျွန်ုပ်တို့ရွေးချယ်ရန် ကိုယ်တော်သည် ကျွန်ုပ်တို့အား လွတ်လပ်ခွင့်ပေးထားသည်။ ကြီးမြတ်လှသောယင်းလွတ်လပ်ခွင့်နှင့်အတူ စာရင်းရှင်းရမည့်တာဝန်လိုက်ပါလာသည်။ မှန်ပါသည်၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များသည် အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းကိုဖြစ်စေသည်။ ယင်းတို့သည် ကျွန်ုပ်တို့ဝန်းကျင်ရှိသူတို့ကိုပါ အကျိုးသက်ရောက်မှုရှိသည်။

၅။ ကျွန်ုပ်တို့အားလုံးသည် အဘယ်အရာနှင့် ဆိုင်ပြိုင်တိုက်လှန်ကြရပြီး မည်သို့အောင်မြင်နိုင်သနည်း။

အမွေရထားသောမစုံလင်မှုကြောင့် နာခံမှုသည် အလိုအလျောက်ဖြစ်မလာပါ။ ဘုရားသခင့်ပညတ်များကိုနာခံရန် အမြဲမလွယ်ကူပါ။ နာခံမှုရှိရန် ပေါလုဆိုင်ပြိုင်တိုက်လှန်ခဲ့ရသည်။ သူဤသို့ရေးခဲ့၏– “ငါ့ကိုယ်အင်္ဂါများ၌ အခြားသောတရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကိုတိုက်လှန်၍ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။” (ရော. ၇:၂၃) နစ်နာမှု၊ နာကျင်မှု၊ အဆင်မပြေမှုတို့မရှိချိန်တွင်တော့ နာခံရန်လွယ်ကူသည်။ သို့သော် နာခံလိုသောစိတ်ဆန္ဒနှင့် “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” တို့ဆိုင်ပြိုင်နေချိန်တွင် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သနည်း။ ယင်းသို့သောမှားယွင်းသည့်စိတ်အလိုဆန္ဒများသည် ကျွန်ုပ်တို့၏မစုံလင်မှုကြောင့်အပြင် ကျွန်ုပ်တို့ဝန်းကျင်ရှိ “လောကစိတ်ဓာတ်” လွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းတို့သည် အလွန်သြဇာညောင်းသည်။ (၁ ယော. ၂:၁၆; ၁ ကော. ၂:၁၂) ယင်းတို့ကိုတွန်းလှန်ရန် ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေ သို့မဟုတ် သွေးဆောင်မှုမကြုံရမီ ‘ကျွန်ုပ်တို့နှလုံးကို အသင့်ပြင်ဆင်’ ထားရမည်ဖြစ်ပြီး မည်သည့်အရာဖြစ်လာပါစေ ယေဟောဝါကိုနာခံမည်ဟု စိတ်ပိုင်းဖြတ်ထားရမည်။ (ဆာ. ၇၈:၈ကဘ) မိမိတို့နှလုံးကို အသင့်ပြင်ဆင်ခဲ့ကြသောကြောင့် အောင်မြင်ခဲ့ကြသည့် ကျမ်းစာပုံနမူနာများစွာရှိသည်။—ဧဇ. ၇:၁၀ကဘ; ဒံ. ၁:၈ကဘ။

၆၊ ၇။ ကိုယ်ပိုင်လေ့လာမှုသည် ပညာရှိရွေးချယ်မှုများပြုလုပ်ရန် အထောက်အကူပြုနိုင်ပုံကို ဥပမာပြပါ။

ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်သည့်နည်းတစ်နည်းမှာ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို လုံ့လဝီရိယဖြင့် လေ့လာခြင်းဖြစ်သည်။ မိမိသည် အောက်ပါအခြေအနေ၌ရှိနေသည်ဟု မြင်ယောင်ကြည့်ပါ။ ကိုယ်ပိုင်လေ့လာမှုပြုသည့်ညချမ်းတွင်ဖြစ်သည်။ ယေဟောဝါ၏တရားစကားတော်မှ သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးရန်ကူညီပေးဖို့ ကိုယ်တော်၏စွမ်းအားတော်ကို တောင်းဆိုခဲ့ပြီးဖြစ်သည်။ မနက်ဖြန်ညတွင် တီဗွီမှ ရုပ်ရှင်တစ်ကားကြည့်မည်ဟု သင်စီစဉ်ထားသည်။ ဝေဖန်သူများနှင့်အခြားသူတို့က ကားကောင်းတစ်ကားဟုပြောသည်ကို ကြားထားသည့်ပြင် အကျင့်ယိုယွင်းပြီး အကြမ်းဖက်သည့် ပြကွက်တချို့ပါဝင်သည်ကိုလည်း သင်သိထားသည်။

ဧဖက် ၅:၃ ပါပေါလု၏ဤဆုံးမစကားကို သင်တွေးတောဆင်ခြင်သည်– “သင်တို့သည် သန့်ရှင်းသူများဖြစ်သည့်အားလျော်စွာ မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်းပြောဆိုခြင်းပင် မပြုကြနှင့်။” ထို့ပြင် ဖိလိပ္ပိ ၄:၈ ပါပေါလု၏အကြံပေးချက်ကိုလည်း သင်သတိရသည်။ (ဖတ်ပါ။) ယင်းမှုတ်သွင်းခံဆုံးမစကားကို သင်တွေးတောဆင်ခြင်စဉ် မိမိကိုယ်ကို ဤသို့မေးသည်– ‘ငါ့စိတ်နှလုံးကို ထိုသို့သောအစီအစဉ်များတွင် တမင်တကာအကာအကွယ်မဲ့ထားပါက ဘုရားသခင်အား တစ်သဝေမတိမ်းနာခံခဲ့သည့် ယေရှု၏စံနမူနာကို ငါလိုက်လျှောက်ရာရောက်မည်လော။’ သင် အဘယ်အရာပြုမည်နည်း။ မည်သို့ပင်ဖြစ်စေ ထိုရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်မည်လော။

၈။ ကျွန်ုပ်တို့သည် မြင့်မားသောကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစံနှုန်းများကို အဘယ်ကြောင့် ထိန်းသိမ်းရမည်နည်း။

အကြမ်းဖက်မှု၊ အကျင့်ယိုယွင်းသည့်ဖျော်ဖြေရေးပုံစံဖြင့် ပေါင်းသင်းခြင်းအပါအဝင် မကောင်းသောအပေါင်းအသင်း၏အကျိုးဆက်များကို ကျွန်ုပ်တို့ခုခံတွန်းလှန်နိုင်သည်ဟုထင်မြင်ကာ ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးမူများကို လျော့ပေါ့လိုက်သည့်အမှား ဖြစ်သွားပါလိမ့်မည်။ ယင်းအစား ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏သားသမီးများကို ယိုယွင်းဖောက်ပြန်သောစာတန့်စိတ်ဓာတ်လွှမ်းမိုးမှုမှ ကာကွယ်ရမည်။ ကွန်ပျူတာအသုံးပြုသူတို့သည် ကွန်ပျူတာဗိုင်းရတ်စ်အန္တရာယ်မှ ကာကွယ်ရန်ကြိုးစားကြသည်၊ ယင်းက ကွန်ပျူတာထဲထည့်သွင်းထားသော အချက်အလက်များ၊ ကွန်ပျူတာလုပ်ဆောင်မှုကို ဖျက်ဆီးနိုင်သည့်ပြင် စက်တစ်ခုလုံးကိုပါလွှမ်းမိုးကာ ယင်းနှင့်ချိတ်ဆက်သည့် အခြားကွန်ပျူတာများကိုပါ ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ စာတန်၏ “စဉ်းလဲသည့် ပရိယာယ်များ” မှမိမိတို့ကိုယ်ကို ကာကွယ်ရာတွင် နိုးနိုးကြားကြားမရှိသင့်ပေလော။—ဧ. ၆:၁၁

၉။ နေ့တိုင်း ယေဟောဝါအားနာခံရန် အဘယ်ကြောင့် စိတ်ပိုင်းဖြတ်ထားရမည်နည်း။

နေ့စဉ်လိုလိုပင် ကျွန်ုပ်တို့သည် ယေဟောဝါ၏နည်းလမ်းနှင့်အညီ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို တစ်နည်းနည်းဖြင့် ရွေးချယ်နေကြရသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရန် ဘုရားသခင်ကိုနာခံရမည်ဖြစ်ပြီး ကိုယ်တော်၏ဖြောင့်မတ်သောမူများနှင့်အညီ နေထိုင်ရမည်။ ခရစ်တော်တင်ပြခဲ့သော “အသေခံရသည့်တိုင်အောင်” နာခံခဲ့သည့်စံနမူနာကိုလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် စစ်မှန်ကြောင်းတင်ပြကြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏တည်ကြည်သောလမ်းစဉ်ကို ဆုချတော်မူမည်။ ယေရှုဤသို့ကတိပြုခဲ့၏– “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသောသူသည် ကယ်တင်ခြင်းရလိမ့်မည်။” (မ. ၂၄:၁၃) ရှင်းနေသည်မှာ၊ ယင်းသို့ဖြစ်ရန် ယေရှုတင်ပြခဲ့သကဲ့သို့ စစ်မှန်သောရဲစွမ်းသတ္တိလိုအပ်သည်။—ဆာ. ၃၁:၂၄

ယေရှု—ရဲစွမ်းသတ္တိရှိခြင်းတွင် အကောင်းဆုံးစံနမူနာရှင်

၁၀။ ကျွန်ုပ်တို့အပေါ် မည်ကဲ့သို့သောဖိအားမျိုး ကျရောက်နိုင်ပြီး ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

၁၀ ဤလောက၏သဘောထားများနှင့် အမူအကျင့်များက ကျွန်ုပ်တို့ကို ဝိုင်းရံထားခြင်းကြောင့် ကျွန်ုပ်တို့သည် ယင်းတို့၏ညစ်စွန်းမှုမခံရရန်တွန်းလှန်ဖို့ ရဲစွမ်းသတ္တိလိုသည်။ ခရစ်ယာန်များသည် ကိုယ်ကျင့်တရား၊ လူမှုရေး၊ ငွေကြေးနှင့် ဝတ်ပြုရေးဆိုင်ရာဖိအားများနှင့် ရင်ဆိုင်ကြရပြီး ယင်းတို့သည် ယေဟောဝါ၏ဖြောင့်မတ်သောနည်းလမ်းမှ သူတို့ကို သွေဖည်သွားစေနိုင်သည်။ များစွာသောသူတို့သည် မိသားစုဆန့်ကျင်မှုကို ရင်ဆိုင်ကြရသည်။ အချို့နိုင်ငံများတွင် ပညာရေးဌာနများက ဆင့်ကဲသီအိုရီအကြောင်း တိုး၍အခိုင်အမာသွန်သင်လာကြပြီး ဘုရားသခင်ကိုအယုံအကြည်မဲ့မှု ပိုများလာသည်။ ယင်းဖိအားများကိုရင်ဆိုင်ရာတွင် ယင်းတို့ကို လျစ်လျူရှုရုံဖြင့်မရပါ။ ခုခံတွန်းလှန်ရန် လုပ်ဆောင်မှုလိုအပ်ပြီး ယင်းက မိမိကိုယ်ကိုကာကွယ်ရာရောက်သည်။ ကျွန်ုပ်တို့မည်သို့အောင်မြင်နိုင်ပုံကို ယေရှု၏စံနမူနာက ဖော်ပြသည်။

၁၁။ ယေရှု၏စံနမူနာကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့အား မည်သို့ ပို၍ရဲစွမ်းသတ္တိရှိလာစေနိုင်သနည်း။

၁၁ မိမိ၏တပည့်များအား ယေရှုဤသို့ဆိုခဲ့၏– ‘သင်တို့သည် ဤလောက၌ ဆင်းရဲခံရကြ၏။ သို့သော်လည်း အားယူကြလော့။ ငါသည် လောကကိုအောင်ပြီ။’ (ယော. ၁၆:၃၃) ကိုယ်တော်သည် လောကသြဇာကို တစ်ခါမျှအလျှော့မပေးခဲ့ပါ။ ကိုယ်တော်သည် ဤလောကကြောင့် ဟောပြောခြင်းတာဝန်ဆောင်ရွက်နေခြင်းကို ရပ်တန့်သွားစေရန် သို့မဟုတ် မှန်သောဝတ်ပြုရေးနှင့် တော်လျော်သောအမူအကျင့်ဆိုင်ရာစံနှုန်းများကို လျော့ပေါ့ပစ်ရန် တစ်ခါမျှခွင့်မပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ခွင့်မပြုသင့်ပါ။ ဆုတောင်းချက်တွင် တပည့်များနှင့်ပတ်သက်၍ ကိုယ်တော်ဤသို့ဆိုခဲ့၏– “ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြပါ။” (ယော. ၁၇:၁၆) ခရစ်တော်၏ ရဲစွမ်းသတ္တိရှိသောစံနမူနာကို လေ့လာကာဆင်ခြင်သုံးသပ်ခြင်းက လောကနှင့်ဆက်၍သီးခြားနေရန် လိုအပ်သောရဲစွမ်းသတ္တိရှိလာစေနိုင်သည်။

ယေရှုထံမှ ရဲစွမ်းသတ္တိသင်ယူပါ

၁၂-၁၄။ ယေရှု ရဲစွမ်းသတ္တိတင်ပြခဲ့သည့် ဥပမာများပေးပါ။

၁၂ ယေရှုသည် ဓမ္မအမှုဆောင်စဉ်တစ်လျှောက်လုံး ရဲစွမ်းသတ္တိတင်ပြခဲ့သည်။ ဘုရားသခင့်သားတော်အနေနှင့် မိမိ၏အခွင့်အာဏာကိုသုံးကာ ကိုယ်တော်သည် မကြောက်မရွံ့ ‘ဝတ်ပြုရာအိမ်တော်သို့ဝင်ပြီး ဝတ်ပြုရာအိမ်တော်၌ ရောင်းဝယ်နေကြသောသူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ခုံများကို မှောက်လှန်တော်မူ’ ၏။ (မ. ၂၁:၁၂) ကိုယ်တော်၏မြေကြီးအသက်တာ နောက်ဆုံးညတွင် စစ်သားများက ယေရှုအားဖမ်းရန်လာချိန်တွင် မိမိတပည့်များကိုကာကွယ်ရန် သတ္တိရှိရှိရှေ့သို့ထွက်ကာ “ငါသည် [သင်တို့ရှာသောသူ] ဖြစ်သည် . . . ငါ့ကိုရှာလျှင် ဤသူတို့သွားပါစေ” ဟုဆိုခဲ့သည်။ (ယော. ၁၈:၈) ယင်းနောက်မကြာမီ ပေတရုအား သူ၏ဓားကိုပြန်သိမ်းရန် မိန့်တော်မူခြင်းက ယေရှုကိုးစားရာရင်းမြစ်မှာ မြေကြီးလက်နက်များမဟုတ်ဘဲ ယေဟောဝါဖြစ်ကြောင်း ဖော်ပြသည်။—ယော. ၁၈:၁၁

၁၃ ယေရှုသည် မိမိခေတ်ရှိ မေတ္တာကင်းမဲ့သော အတုအယောင်သွန်သင်သူများနှင့် သူတို့၏မှားယွင်းသောသွန်သင်ချက်များကို မကြောက်မရွံ့ဖော်ထုတ်ခဲ့သည်။ “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်တံခါးကို လူတို့ရှေ့မှာပိတ်ထား” ကြ၏ဟုသူတို့ကို ယေရှုမိန့်တော်မူခဲ့သည်။ ‘သင်တို့သည် တရားမျှတခြင်း၊ သနားခြင်း၊ တည်ကြည်ခြင်းစသည့် ပညတ်ကျမ်းတွင် သာ၍အရေးပါသော အရာများကိုမူကား လျစ်လျူရှုကြ၏။ သင်တို့သည် အိုးခွက်အပြင်ဘက်ကို စင်ကြယ်အောင်ဆေးသော်လည်း အတွင်း၌ကား လုယက်ခြင်း၊ လွန်ကျူးခြင်းတို့နှင့် ပြည့်လျက်ရှိ၏။’ (မ. ၂၃:၁၃၊ ၂၃၊ ၂၅) မှားယွင်းသောဝတ်ပြုရေးခေါင်းဆောင်များက ယေရှု၏တပည့်များကိုနှိပ်စက်ညှဉ်းပန်းပြီး အချို့ကို သတ်မည်ဖြစ်သောကြောင့် တပည့်များလည်း အလားတူရဲစွမ်းသတ္တိရှိဖို့လိုမည်။—မ. ၂၃:၃၄; ၂၄:၉

၁၄ ယေရှုသည် နတ်ဆိုးများကိုပင် သတ္တိရှိရှိရင်ဆိုင်ခဲ့သည်။ တစ်ခါက မည်သူကမျှ ဖမ်းဆီးချုပ်နှောင်၍မရ၊ သံကြိုးဖြင့် ချည်နှောင်၍မရသည်အထိအားသန်သော နတ်ဆိုးပူးနေတစ်ဦးနှင့် ကိုယ်တော်ဆုံခဲ့သည်။ ခြိမ်းခြောက်ခြင်းမပြုဘဲ ယေရှုသည် ထိုသူ၌ပူးနေသော နတ်ဆိုးများစွာကို နှင်ထုတ်ခဲ့သည်။ (မာ. ၅:၁-၁၃) ယနေ့၊ ဘုရားသခင်သည် ခရစ်ယာန်များအား ထိုသို့သောအံ့ဖွယ်အမှုများပြုလုပ်ရန် တန်ခိုးမပေးထားချေ။ သို့တိုင် ကျွန်ုပ်တို့ ဟောပြော၊ သွန်သင်ရာတွင် ကျွန်ုပ်တို့လည်း “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကိုကွယ်စေ” သောစာတန်နှင့် တိုက်ခိုက်ကြရမည်ဖြစ်သည်။ (၂ ကော. ၄:၄) ယေရှု၏အဖြစ်တွင်ကဲ့သို့ ကျွန်ုပ်တို့၏လက်နက်မှာ “ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင့်တန်ခိုးနှင့်ပြည့်စုံ၍ အခိုင်အမာအမြစ်စွဲနေသောအရာများ [မှားယွင်းသောဝတ်ပြုရေးအယူအဆများ နက်ရှိုင်းစွာအမြစ်စွဲနေခြင်း] ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏။” (၂ ကော. ၁၀:၄) ယင်းဝိညာဉ်ရေးလက်နက်များကို အသုံးပြုရာတွင် ကျွန်ုပ်တို့သည် ယေရှု၏စံနမူနာမှ များစွာသင်ယူကြသည်။

၁၅။ ယေရှု၏ရဲစွမ်းသတ္တိသည် အဘယ်အရာပေါ် အခြေခံသနည်း။

၁၅ ယေရှု၏ရဲစွမ်းသတ္တိသည် မိုက်ရူးရဲဆန်ခြင်းအပေါ် အခြေမပြုပါ၊ ယုံကြည်ခြင်းအပေါ်အခြေပြုသည်။ ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်ရမည်။ (မာ. ၄:၄၀) စစ်မှန်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့ မည်သို့ရှိလာနိုင်သနည်း။ တစ်ဖန်၊ ယေရှု၏စံနမူနာက ကျွန်ုပ်တို့ကိုလမ်းပြပေးသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာကို နှံ့နှံ့စပ်စပ်သိကျွမ်းကြောင်း ထင်ရှားပြခဲ့ပြီး ယင်းအသိပညာကို အပြည့်အဝယုံကြည်စိတ်ချသည်။ ယေရှုသည် လက်နက်အဖြစ် ပကတိဓားကိုအသုံးမပြုခဲ့ဘဲ ဘုရားသခင့်တရားစကားတော်တည်းဟူသော စွမ်းအားတော်ဓားကို အသုံးပြုခဲ့သည်။ ကိုယ်တော်၏သွန်သင်ချက်များကို သမ္မာကျမ်းစာရည်ညွှန်းချက်တစ်ခုဖြင့် အတည်ပြုခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ကိုယ်တော်၏စကားတွင် “ကျမ်းစာ၌ရေးထားသည်” ဟူ၍ဖော်ပြလေ့ရှိသည်။ *

၁၆။ မည်သို့အားဖြင့် ယုံကြည်ခြင်းပို၍တိုးများလာနိုင်သနည်း။

၁၆ တပည့်ဖြစ်ခြင်းနှင့်အတူ မလွဲဧကန်လိုက်ပါလာသော စမ်းသပ်မှုများကို ခံရပ်နိုင်သည့် ယုံကြည်ခြင်းကိုတည်ဆောက်ရာတွင် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှု၊ လေ့လာရမည်၊ ယုံကြည်ခြင်း၏အုတ်မြစ်ဖြစ်သော အမှန်တရားများကို ကျွန်ုပ်တို့စိတ်ထဲသွင်းပေးသည့် ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ရမည်။ (ရော. ၁၀:၁၇) ကျွန်ုပ်တို့သင်ယူသိရှိရာကို နှလုံးထဲစိမ့်ဝင်သွားစေရန် အလေးအနက်ပြန်ပြောင်းသုံးသပ်ခြင်းဖြစ်သော တွေးတောဆင်ခြင်မှုကိုလည်း ပြုလုပ်ရမည်။ ရှင်သန်သောယုံကြည်ခြင်းဖြစ်မှသာ ရဲစွမ်းသတ္တိရှိရှိလုပ်ဆောင်ရန် လှုံ့ဆော်နိုင်သည်။ (ယာ. ၂:၁၇) ယုံကြည်ခြင်းသည် စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများအဝင်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်ကို တောင်းဆိုရမည်။—ဂလ. ၅:၂၂

၁၇၊ ၁၈။ ညီအစ်မငယ်တစ်ဦးသည် ကျောင်းတွင် ရဲစွမ်းသတ္တိမည်သို့တင်ပြခဲ့သနည်း။

၁၇ ကစ်တီအမည်ရှိသော ညီအစ်မငယ်သည် စစ်မှန်သောယုံကြည်ခြင်းက ရဲစွမ်းသတ္တိရှိစေသည်ကို ကြုံတွေ့ခဲ့ရသည်။ “သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်းမရှိ” သင့်ကြောင်း ကလေးဘဝမှစ၍သိရှိခဲ့ပြီး ကျောင်းနေဖက်များအား ကောင်းစွာသက်သေခံလိုခဲ့သည်။ (ရော. ၁:၁၆) သတင်းကောင်းကို အခြားသူတို့အားဟောပြောရန် နှစ်တိုင်း ဆုံးဖြတ်ခဲ့သော်လည်း သတ္တိမရှိဘဲ တွန့်ဆုတ်နေခဲ့သည်။ ဆယ်ကျော်သက်အရွယ်နှောင်းပိုင်းရောက်သည့်အခါ သူကျောင်းပြောင်းခဲ့ရသည်။ “ဒီတစ်ခါတော့ ငါလက်လွတ်ခဲ့တဲ့အခွင့်ကောင်းတွေအတွက် အစားပြန်ထိုးရမယ်” ဟုသူပြောခဲ့၏။ ခရစ်တော်ကဲ့သို့သောရဲစွမ်းသတ္တိ၊ ပိုင်းခြားသိမြင်မှုနှင့် အခွင့်ကောင်းရရှိရန် ကစ်တီဆုတောင်းခဲ့သည်။

၁၈ ကျောင်းတက်သည့်ပထမရက်တွင် ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် မိမိကိုယ်ကို မိတ်ဆက်ရသည်။ အတော်များများက မိမိတို့၏ဝတ်ပြုရေးနောက်ခံကို ဖော်ပြကြပြီး မိမိတို့၏ယုံကြည်ခြင်းအတိုင်း အမှန်တကယ်မကျင့်ကြောင်း ထည့်ပြောကြသည်။ ဤသည်မှာ မိမိဆုတောင်းထားသည့် အခွင့်ကောင်းဖြစ်ကြောင်း ကစ်တီသိရှိလိုက်သည်။ မိမိအလှည့်ရောက်သည့်အခါ “ကျွန်မကတော့ ယေဟောဝါသက်သေတစ်ယောက်ပါ၊ ကျွန်မရဲ့ဝိညာဉ်ရေးနဲ့ ကိုယ်ကျင့်တရားအတွက် လမ်းညွှန်မှုရင်းမြစ်ကတော့ သမ္မာကျမ်းစာပါပဲ” ဟုယုံကြည်စိတ်ချမှုအပြည့်နှင့် ပြောလိုက်သည်။ သူဆက်ပြောနေသည့်အခါ ကျောင်းသားအချို့သည် မကြိုက်သည့်အမူအရာပြကြသည်။ သို့သော် အခြားသူတို့မှာမူ အာရုံစိုက်နားထောင်ကြပြီး နောက်ပိုင်းတွင် မေးခွန်းများမေးကြသည်။ ဆရာက ကစ်တီအား မိမိ၏ယုံကြည်ချက်အပေါ် ရပ်တည်မှုတွင် ပုံသက်သေကောင်းသူအဖြစ်ပင် ဖော်ပြခဲ့သည်။ ယေရှု၏ ရဲစွမ်းသတ္တိရှိမှုစံနမူနာမှ သင်ယူခဲ့သည့်အတွက် ကစ်တီ အလွန်ဝမ်းသာခဲ့သည်။

ခရစ်တော်ကဲ့သို့သောယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကို တင်ပြပါ

၁၉။ (က) စစ်မှန်သောယုံကြည်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ယေဟောဝါအား နှစ်သက်ဝမ်းမြောက်စေနိုင်သနည်း။

၁၉ တမန်တော်များလည်း မိမိတို့၏ရဲစွမ်းသတ္တိရှိသောလုပ်ရပ်များသည် ယုံကြည်ခြင်းအပေါ်အခြေခံရမည်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။ “ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟုယေရှုအား သူတို့အနူးအညွတ်တောင်းဆိုခဲ့ကြသည်။ (လုကာ ၁၇:၅၊ ၆ ကိုဖတ်ပါ။) စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်ရှိကြောင်း ယုံကြည်ရုံမျှသာမဟုတ်ပါ။ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းပါဝင်ပြီး ကြင်နာပြီး မေတ္တာပြည့်ဝသောဖခင်နှင့် ကလေးငယ်တစ်ဦး၏ဆက်ဆံရေးမျိုးဖြစ်သည်။ ရှောလမုန်သည် မှုတ်သွင်းခံရကာ ဤသို့ရေးသားခဲ့၏– “ငါ့သား သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့်ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။ သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။” (သု. ၂၃:၁၅၊ ၁၆) အလားတူပင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောမူများဘက် ရဲစွမ်းသတ္တိရှိရှိရပ်တည်မှုက ယေဟောဝါအား နှစ်သက်ဝမ်းမြောက်စေပြီး ယင်းကိုသိရှိရခြင်းက ကျွန်ုပ်တို့၏ရဲစွမ်းသတ္တိကို တိုးပွားစေသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းဘက် ရဲစွမ်းသတ္တိရှိရှိရပ်တည်ခြင်းဖြင့် ယေရှု၏စံနမူနာကို အမြဲတုပကြစို့။

[အောက်ခြေမှတ်ချက်]

သင်ရှင်းပြနိုင်သလော

• မစုံလင်သည့်ကြားမှ အဘယ်အရာက နာခံမှုဆက်၍တင်ပြနိုင်စေသနည်း။

• စစ်မှန်သောယုံကြည်ခြင်းသည် အဘယ်အရာအပေါ် အခြေခံသနည်း၊ ယင်းက ကျွန်ုပ်တို့အား မည်သို့သတ္တိရှိစေနိုင်သနည်း။

• နာခံမှုနှင့် ခရစ်တော်ကဲ့သို့သော ရဲစွမ်းသတ္တိတင်ပြခြင်းမှ အဘယ်ရလဒ်ရရှိမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သွေးဆောင်မှုများကို ခုခံတွန်းလှန်ရန် ‘သင့်နှလုံးကို အသင့်ပြင်ဆင်’ ထားပါသလော

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ယေရှုကဲ့သို့ ယုံကြည်ခြင်းပေါ်အခြေပြုသောရဲစွမ်းသတ္တိကို ကျွန်ုပ်တို့တင်ပြနိုင်