မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း

ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း

တရားဟောရာ ၁၀:၁၂၊ ၁၃

နာခံမည် သို့မဟုတ် မနာခံဘဲနေမည်ဟူသော ဆုံးဖြတ်ချက်ကိုချရန် အမြဲလွယ်ကူမည်မဟုတ်ပေ။ ခက်ထန်သော သို့မဟုတ် လွန်ကဲစွာတောင်းဆိုတတ်သော အထက်လူကြီးတစ်ဦးသည် လက်အောက်ဝန်ထမ်းများထံမှ စိတ်မပါသော နာခံမှုမျိုးကိုသာ ရရှိမည်။ သို့သော် ယေဟောဝါဘုရားသခင်သည် မိမိအား ကိုးကွယ်သူများထံမှ စိတ်ပါလက်ပါနာခံမှုကို ရရှိတော်မူသည်။ အဘယ်ကြောင့်နည်း။ ယင်းကိုသိနိုင်ရန် တရားဟောရာ ၁၀:၁၂၊ ၁၃ တွင် ဖော်ပြထားသော မောရှေ၏စကားများကို သုံးသပ်ကြစို့။ *

မောရှေသည် ဘုရားသခင့်တောင်းဆိုချက်များကို အတိုချုပ်ကာ စိတ်ဝင်စားဖွယ် ဤမေးခွန်းကို မေးခဲ့သည်– ‘သင်၏ဘုရားသခင်ယေဟောဝါသည် အဘယ်အမှုကို တောင်းတော်မူသနည်း။’ (အခန်းငယ် ၁၂) ဘုရားသခင်သည် မိမိအလိုရှိရာမှန်သမျှကို တောင်းဆိုပိုင်ခွင့်ရှိသည်။ အကြောင်းမှာ ကိုယ်တော်သည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ အသက်၏ပင်ရင်းအမြစ်နှင့် အသက်ကိုထောက်မပေးသောအရှင် ဖြစ်သောကြောင့်ပင်။ (ဆာလံ ၃၆:၉; ဟေရှာယ ၃၃:၂၂) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏နာခံမှုကို တောင်းဆိုပိုင်ခွင့်ရှိ၏။ သို့သော် ဖိအားပေးခံရသောကြောင့် နာခံခြင်းကိုမူ ကိုယ်တော်မလိုလားပါ။ သို့ဆိုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော် အဘယ်အရာတောင်းဆိုတော်မူသနည်း။ ကျွန်ုပ်တို့သည် “စိတ်နှလုံးထဲမှ နာခံ” ရမည်ဖြစ်သည်။—ရောမ ၆:၁၇

ဘုရားသခင်ကို စိတ်ပါလက်ပါနာခံရန် ကျွန်ုပ်တို့ကို အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။ ‘သင်၏ဘုရားသခင်ယေဟောဝါကို ကြောက်ရွံ့ခြင်း’ * ဟူသောအချက်ကို မောရှေဖော်ပြခဲ့သည်။ (အခန်းငယ် ၁၂) ဆိုးကျိုးများခံစားရမည်ကိုကြောက်ရွံ့၍ ထိတ်လန့်တုန်လှုပ်နေခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းတော်များကို အလွန်ကြည်ညိုလေးစားစွာ ကြောက်ရွံ့နေခြင်းမျိုးဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်အား အလွန်နက်ရှိုင်းစွာ စိုးရွံ့မည်ဆိုပါက ကိုယ်တော့်စိတ်တော်ကို ငြိုငြင်စေလိုမည်မဟုတ်ပါ။

သို့သော် ဘုရားသခင်ကိုနာခံရာတွင် ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သင့်သနည်း။ ‘သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်လော့’ ဟု မောရှေဖော်ပြသည်။ (အခန်းငယ် ၁၂) ဘုရားသခင်ကိုချစ်ခြင်းတွင် ခံစားချက်ထက်မက ပါဝင်သည်။ “ခံစားချက်ကိုဖော်ပြသော ဟေဗြဲကြိယာများသည် ခံစားချက်ကြောင့်ဖြစ်ပေါ်လာသော လုပ်ရပ်များကိုပါ တစ်ခါတစ်ရံ ရည်ညွှန်းသည်” ဟု အကိုးအကားစာအုပ်တစ်အုပ်ကဆိုသည်။ ဘုရားသခင်ကိုချစ်ခြင်းဟူသည် ကိုယ်တော်အတွက် “မေတ္တာပါစွာ လုပ်ဆောင်ခြင်း” ဖြစ်သည်ဟု ထိုစာအုပ်တွင်ပင် ဖော်ပြထားသည်။ တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်ချစ်ပါက ကိုယ်တော်နှစ်သက်သော နည်းလမ်းအတိုင်း လုပ်ဆောင်ကြပါလိမ့်မည်။—သု. ၂၇:၁၁

ကျွန်ုပ်တို့သည် ဘုရားသခင်အား အဘယ်အတိုင်းအတာအထိ နာခံသင့်သနည်း။ ‘[ဘုရားသခင်၏] လမ်းတော်ရှိသမျှသို့ လိုက်သွားလော့’ ဟုမောရှေဖော်ပြသည်။ (အခန်းငယ် ၁၂သမ္မာ) ယေဟောဝါဘုရားသခင်သည် ကိုယ်တော်တောင်းဆိုသမျှအရာရာတိုင်းကို ကျွန်ုပ်တို့အား လုပ်ဆောင်စေလိုသည်။ ထိုသို့အကြွင်းမဲ့နာခံခြင်းသည် ကျွန်ုပ်တို့၏အကျိုးကို ထိခိုက်နစ်နာစေမည်လော။ ထိခိုက်နစ်နာမည်မဟုတ်ပါ။

စိတ်ပါလက်ပါနာခံခြင်းသည် ကောင်းချီးများ ရရှိစေမည်။ ‘သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ပညတ်တော်ကို စောင့်ရှောက်လော့’ ဟုမောရှေဖော်ပြထားသည်။ (အခန်းငယ် ၁၃) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်၏ ပညတ်တော်မှန်သမျှ၊ ကိုယ်တော်တောင်းဆိုသမျှ အရာရာတိုင်းသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်သည်။ အခြားအဘယ်အကြောင်းကြောင့်မျှ မဖြစ်နိုင်ချေ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု သမ္မာကျမ်းစာတွင် ဖော်ပြသည်။ (၁ ယောဟန် ၄:၈) ထို့ကြောင့် ထိုပညတ်များသည် ကျွန်ုပ်တို့၏ထာ၀ရကောင်းကျိုးအတွက် ရည်ရွယ်၍သာ ပေးထားခြင်းဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) ယေဟောဝါဘုရားသခင် တောင်းဆိုသမျှကို လုပ်ဆောင်ခြင်းသည် ယနေ့အချိန်တွင် စိတ်ပျက်စရာများမှ ကင်းဝေးစေသည့်အပြင် အနာဂတ်တွင် ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ထာ၀ရကောင်းချီးများကို ရရှိစေပါမည်။ *

ယေဟောဝါဘုရားသခင် တောင်းဆိုရာကို နာခံမည် သို့မဟုတ် မနာခံဘဲနေမည်ဟူသောကိစ္စနှင့်ပတ်သက်၍ ရွေးချယ်စရာ တစ်ခုတည်းသာရှိသည်။ အကြွင်းမဲ့နှင့် စိတ်ပါလက်ပါ နာခံခြင်းသည် အမြဲပင်အကောင်းဆုံးဖြစ်၏။ ထိုသို့အမြဲနာခံခြင်းသည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို အမြဲလိုလားသော မေတ္တာရှင်ဘုရားသခင် ယေဟောဝါနှင့် ပိုရင်းနှီးလာစေသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 1 မောရှေ၏စကားများသည် ရှေးခေတ်အစ္စရေးလူမျိုးကို ပြောခဲ့ခြင်းဖြစ်သော်လည်း ယနေ့ခေတ်တွင် ဘုရားသခင့်နှစ်သက်မှုရလိုသူအားလုံးနှင့်လည်း မူအရ သက်ဆိုင်ပါသည်။—ရောမ ၁၅:၄

^ အပိုဒ်၊ 3 ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ကိုယ်တော့်ကျေးကျွန်များ၏ဘ၀ကို လမ်းညွှန်ပေးသော မူတစ်ခုဖြစ်သင့်ကြောင်း တရားဟောရာကျမ်းတစ်လျှောက်တွင် မောရှေ အလေးပေးဖော်ပြထားသည်။—တရားဟောရာ ၄:၁၀; ၆:၁၃၊ ၂၄; ၈:၆; ၁၃:၄; ၃၁:၁၂၊ ၁၃

^ အပိုဒ်၊ 6 ပိုမိုသိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာအဘယ်နည်းစာအုပ်၏ အခန်း ၃၊ “ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း” တွင်ကြည့်ပါ။