မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရှင် ရှိကြောင်း ယုံကြည်နိုင် ပါသလော

ဖန်ဆင်းရှင် ရှိကြောင်း ယုံကြည်နိုင် ပါသလော

ဖန်ဆင်းရှင် ရှိကြောင်း ယုံကြည်နိုင် ပါသလော

“ဖန်ဆင်းရှင်တစ်ပါးရှိနိုင်တယ်ဆိုတာကို ကျွန်တော်စဉ်းစားလိုက်တိုင်း လူ့ဆင်းရဲဝေဒနာတွေကို တားဆီးနိုင်တဲ့တန်ခိုးရှိလျက်နဲ့ အဲဒါကို သူအသုံးမပြုတဲ့အတွက် ကျွန်တော် ဒေါသထွက်မိတယ်။” မီးလောင်တိုက်သွင်းခြင်းတွင် မိသားစုဝင်များကို ဆုံးရှုံးသွားသည့် ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်ခဲ့သူက ထိုသို့ဆိုသည်။ သူတစ်ဦးတည်းသာ ထိုသို့ခံစားခဲ့ခြင်းမဟုတ်ချေ။

လူများစွာသည် ယုတ်မာရက်စက်မှုများ ကြုံရသောအခါ ဘုရားသခင်ကို ယုံကြည်ရန် အခက်တွေ့လာကြသည်၊ သို့မဟုတ် ဘုရားသခင်မရှိဟူသော အတွေးဖြင့် စိတ်သက်သာမှုရှာကြသည်။ ဘုရားသခင်မရှိဟု လူတချို့အား ယုံကြည်စေသည့် အဓိကအကြောင်းရင်းများကား အဘယ်နည်း။ လူတချို့တွေးထင်သကဲ့သို့ လူသားတို့သည် ဘုရားသခင် သို့မဟုတ် ဘာသာရေးမရှိလျှင် သာ၍ကောင်းစားမည်လော။ ဘုရားသခင်မဲ့ဝါဒီတစ်ဦးသည် မေတ္တာရှိသော ဖန်ဆင်းရှင်တစ်ပါးကို ယုံကြည်နိုင်ပါသလော။

ဘာသာရေး၏ပျက်ကွက်မှု

ထူးဆန်းနေသည်မှာ ဘုရားသခင်မဲ့ဝါဒဖြစ်ပေါ်လာရသည့် အဓိကအကြောင်းရင်းသည် ဘာသာရေးကြောင့်ဖြစ်သည်။ သမိုင်းပညာရှင် အယ်လစ္စတာ မက်ဂရက်သ်က ဤသို့ရှင်းပြသည်– “လူတို့ကို ဘုရားသခင်မဲ့ဝါဒသို့ ဦးလှည့်သွားစေသည့် အဓိကအကြောင်းရင်းမှာ ဘာသာရေးအဖွဲ့အစည်း၏ ပျက်ကွက်မှုများနှင့် ကာမဂုဏ်လွန်ကျူးမှုများကို စက်ဆုပ်ရွံရှာသောစိတ်ကြောင့်ဖြစ်သည်။” ဘာသာရေးသည် စစ်နှင့်အကြမ်းဖက်မှုကိုဖြစ်စေသော အကြောင်းရင်းတစ်ရပ် ဖြစ်လေ့ရှိသည်။ “မွန်မြတ်သောအကျင့်ကို ပြုကျင့်” သူနှင့် “လူမဆန်သောလုပ်ရပ်” ဖြစ်သည့် အကြမ်းဖက်မှုကို ပြုကျင့်သူ လူနှစ်မျိုးနှစ်စားဖြစ်အောင် ဘာသာရေးစာအုပ်တစ်အုပ်တည်းကပင် မည်သို့လှုံ့ဆော်ပေးနိုင်ပါမည်နည်းဟု ဘုရားသခင်မဲ့ဝါဒီနှင့် အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ မီရှယ်လ် အွန်ဖရေးက သုံးသပ်ဖော်ပြသည်။

လူများစွာသည် ဘာသာရေးနှင့်ပတ်သက်၍ ခါးသီးသော အတွေ့အကြုံများ ရှိကြသည်။ စစ်တပ်တွင်ခန့်ထားသော ခရစ်ယာန်ဓမ္မဆရာက ဓားကိုင်သောသူသည် ဓားနှင့်အသက်ဆုံးလိမ့်မည်ဟူသော ယေရှု၏သတိပေးချက်ကို ကိုးကားကာ အကြမ်းဖက်ခြင်းသည် မမှားဟု ဟောပြောနေကြောင်း ဆွီဒင်လူငယ်တစ်ဦးဖြစ်သူ ဘာတီလ် စစ်မှုထမ်းနေစဉ် ကြားလိုက်ရသည်။ ဓားကိုင်သောသူကို သတ်မည့်သူတစ်ဦးဦး ရှိရမည်ဖြစ်သောကြောင့် စစ်သားသည် ဘုရားသခင်၏ကျေးကျွန်တစ်ဦးဖြစ်ရမည်ဟု ထိုခရစ်ယာန်ဓမ္မဆရာက ဆင်ခြင်ပြသည်။—မဿဲ ၂၆:၅၂ *

ဒုတိယကမ္ဘာစစ်တွင် ပြင်သစ်နိုင်ငံ၌ ဖခင်ဖြစ်သူ အသတ်ခံရသည့် ဘားနဒက်သည် သုံးနှစ်အရွယ် ဝမ်းကွဲ၏အသုဘတွင် “ဘုရားသခင်က ဒီကလေးကို ကောင်းကင်တမန်တစ်ပါးလုပ်ခိုင်းဖို့ ခေါ်သွားတာပါ” ဟူသော ခရစ်ယာန်ဘုန်းကြီး၏စကားကိုကြား၍ စိတ်နာခဲ့သည်ကို အမှတ်ရသည်။ နောက်ပိုင်းတွင် ဘားနဒက်သည် မသန်မစွမ်းကလေးတစ်ဦး မွေးဖွားလာရာ ယင်းအတွက်လည်း ချာ့ခ်ျမှ နှစ်သိမ့်မှုမရရှိခဲ့ပြန်ပေ။

အိုင်ယာလန်မြောက်ပိုင်းတွင် အကြမ်းဖက်မှုဖြစ်ပွားသည့် ခက်ခဲသောကာလအတွင်း ကြီးပြင်းလာသည့် ကီရာရဲန်သည် မီးငရဲအယူဝါဒကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ ဆိုးသွမ်းမှုအတွက် တာဝန်ရှိသော မည်သည့်ဘုရားသခင်ကိုမဆို သူမုန်းတီးကြောင်း ပြောလေ့ရှိပြီး ဘုရားသခင်ရှိပါက မိမိကို သတ်ပစ်ရန် စိန်ခေါ်ခဲ့သည်။ အကြင်နာကင်းသည့် ထိုချာ့ခ်ျသွန်သင်ချက်များကို မနှစ်မြို့သူမှာ ကီရာရဲန်တစ်ဦးတည်းမဟုတ်ပါ။ အမှန်တွင် ချာ့ခ်ျသွန်သင်ချက်များကြောင့် ဆင့်ကဲအယူဝါဒ ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်။ အယ်လစ္စတာ မက်ဂရက်သ်၏အဆိုအရ ဘုရားသခင်တည်ရှိမှုကို ဒါဝင်သံသယဝင်ခဲ့ခြင်းမှာ သူ၏ဆင့်ကဲအယူဝါဒ ယုံကြည်ချက်ကြောင့်မဟုတ်ဘဲ မီးငရဲအယူဝါဒကို “အလွန်မနှစ်မြို့ခြင်း” ကြောင့်ဖြစ်သည်။ ထို့ပြင် ဒါဝင်သည် “သမီးသေဆုံးသွားသည့်အတွက် အလွန်ဝမ်းနည်းပူဆွေး” ခဲ့ကြောင်း မက်ဂရက်သ်က ဆိုသည်။

လူတချို့အတွက်မူ ဘာသာရေးထုံးတမ်းများသည် ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်း၊ တစ်ယူသန်ခြင်းနှင့်တူသည်။ အဓိပ္ပာယ်မဲ့သော၊ ထပ်ခါတလဲလဲ ရွတ်ဆိုသော ဆုတောင်းစာများကို စိတ်ကုန်နေသည့် အိုင်ရီနာက “ဘာသာတရားကိုင်းရှိုင်းသူတွေက စဉ်းစားဆင်ခြင်မှု မရှိကြဘူးလို့ ကျွန်မထင်တယ်” ဟုဆိုသည်။ ဘာသာရေးအစွန်းရောက်သူများ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို စက်ဆုပ်သည့် လွိုက်စ်သည် ဘာသာရေးကို ပို၍စိတ်နာလာကာ ဤသို့ဆိုသည်– “ဘာသာရေးက ငြီးငွေ့စရာကောင်းတယ်လို့ နှစ်အတော်ကြာ ကျွန်တော်ယူဆခဲ့ပေမဲ့ တကယ်တော့ လူတွေအပေါ် ကြောက်စရာကောင်းလောက်အောင် ဆိုးကျိုးသက်ရောက်နိုင်ပါလားဆိုပြီး အခု သိမြင်လာတယ်။ ဒါနဲ့ပဲ ကျွန်တော် ဘာသာရေးကို အပြင်းအထန် ဆန့်ကျင်သူတစ်ဦးဖြစ်လာတယ်။”

လူတို့သည် ဘုရားသခင်မပါဘဲ သာ၍ကောင်းစားမည်လော

ဘာသာရေးသည် လူတို့၏တိုးတက်မှုနှင့် ငြိမ်းချမ်းမှုကို တားဆီးသည့်အရာဖြစ်သည်ဟု လူများစွာ ရှုမြင်ကြခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ လူသားတို့သည် ဘုရားသခင်နှင့် ဘာသာရေးမရှိလျှင် သာ၍ကောင်းစားလေမည်လောဟုပင် တချို့တွေးတောလာကြသည်။ သို့သော် ဘာသာရေးကို ထိုသို့သိမ်းကျုံးငြင်းပယ်လိုက်ခြင်းကြောင့် ပြဿနာများ ပြေလည်သွားမည်လော။

၁၈ ရာစုမှ အတွေးအခေါ်ပညာရှင် ဗော်လ်တဲယားသည် သူ့ခေတ်ရှိ ဖောက်ပြန်ယိုယွင်းနေသောချာ့ခ်ျ၏ မတော်မတရားပြုမှုများကို ခါးခါးသီးသီး ကန့်ကွက်ခဲ့သည်။ သို့သော် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ကို အစပြုပေးသော အမြင့်မြတ်ဆုံးဘုရားသခင်တစ်ပါး တည်ရှိရမည်ဟု သူယူမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျာမန်လူမျိုး အတွေးအခေါ်ပညာရှင် ဖရီးဒရစ်ခ်နီချီက ဘုရားသခင် သေပြီဟု လူသိရှင်ကြား ကြေညာသော်လည်း ကိုယ်ကျင့်တရားစံနှုန်းများ ကင်းမဲ့ခြင်းနှင့် ဘုရားသခင်မဲ့အတွေးအခေါ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုမူ သူစိုးရိမ်မကင်းဖြစ်ခဲ့သည်။ ထိုသို့စိုးရိမ်မကင်းဖြစ်ခြင်းက ကျိုးကြောင်းညီညွတ်ပါသလော။

လူတို့သည် ခေတ်သစ်ထဲရောက်လာသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်မှုသည် ကျဆင်းမသွားဘဲ “တစ်ခါမျှ မစဉ်းစားဖူးသည့်အတိုင်းအတာအထိ မြှင့်တက်လာခဲ့” သည်ဟု စာရေးဆရာ ကိသ် ဝါ့ဒ်ကဆိုသည်။ ထို့ပြင် လူတို့သည် ဘုရားသခင်မဲ့ဝါဒကို လက်တွေ့ခံယူကြည့်သော်လည်း ကိုယ်ကျင့်တရားယိုယွင်းမှု၊ သဘောထားသေးမှုကဲ့သို့သော လူ့အားနည်းချက်များမှ မလွတ်မြောက်သွားကြပေ။ ယင်းအဖြစ်မှန်များကြောင့် ဘုရားသခင်ရှိကြောင်း ယုံကြည်ခြင်းသည် ကိုယ်ကျင့်တရားပိုင်းကို အကျိုးပြုကြောင်း ဆင်ခြင်တုံတရားရှိသူများ၊ ဘုရားသခင်မဲ့ဝါဒီများပင် အသိအမှတ်ပြုလာကြသည်။

ဘုရားသခင်ရှိကြောင်းယုံကြည်ခြင်း၏ အကျိုးကြီးမားပုံကို ကိသ် ဝါ့ဒ်က ဤသို့အလေးပေးဖော်ပြသည်– “ကိုးကွယ်ယုံကြည်မှုသည် ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကို ကြည့်ရှုစောင့်ရှောက်ရမည့် တာဝန်ရှိသည်ဟူသော ကိုယ်ကျင့်တရားဆိုင်ရာအသိစိတ်ကို အမြဲအားဖြည့်ပေးသည်။” ဘာသာရေးကိုင်းရှိုင်းသူများတွင် ပရဟိတစိတ်ဓာတ်ဖြင့် လုပ်ဆောင်မှု တိုးများလာကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုအတော်များများက ဖော်ပြသည်။ ပရဟိတလုပ်ငန်းက အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှုရရှိစေသည်။ ယင်းလေ့လာသိရှိမှုများက “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဟူသော ယေရှုချမှတ်ခဲ့သည့်မူ၏တန်ဖိုးကို ပို၍နားလည်လာစေသည်။—တမန်တော် ၂၀:၃၅

ယခင်က ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်သူ လူမှုဝန်ထမ်းတစ်ဦးသည် လူတို့၏ဘ၀အသက်တာအပေါ် သမ္မာကျမ်းစာ၏ ဩဇာလွှမ်းမိုးနိုင်စွမ်းကို စွဲမှတ်လာသည်။ “ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နစ်နာစေတဲ့ အပြုအမူတွေကို ပြောင်းလဲဖို့ လူတွေကို နှစ်နဲ့ချီပြီး ကြိုးစားကူညီပေးရာမှာ အတိုင်းအတာတစ်ခုအထိပဲ ကျွန်တော်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေဟာ ပိုကောင်းတဲ့ဘက်ကို သိသိသာသာ ပြောင်းလဲလာနိုင်တာကို ကျွန်တော်သတိပြုမိတယ်။ အဲဒီအပြောင်းအလဲတွေက အကျိုးပြုတယ်ဆိုတာကိုလည်း ကျွန်တော်သိရှိခဲ့တယ်” ဟုသူဆိုသည်။

သို့သော် ဘုရားသခင်မဲ့ဝါဒီတချို့ သိရှိထားသမျှမှာ ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ခြင်းသည် ကောင်းမြတ်မှုနှင့် ပရဟိတလုပ်ငန်းတို့ထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပဋိပက္ခများကို ပို၍ဖြစ်ပေါ်စေသည်ဟူ၍ ဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုသည် လူတချို့အပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်ကို သူတို့ အသိအမှတ်ပြုပေမည်၊ သို့သော် သူတို့ကိုယ်တိုင်ကမူ ယင်းကို အကြီးအကျယ် သံသယဝင်နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။

ယုံကြည်ခြင်းကင်းမဲ့စေသည့် အခြားအကြောင်းရင်းများ

ဆင့်ကဲဖြစ်စဉ်သည် ခြေမြစ်ခိုင်လုံသော အယူဝါဒတစ်ခုဖြစ်ကြောင်း လူများစွာ သွန်သင်ခံရသည်။ ဥပမာ၊ အနီးလ်လာသည် ဘုရားသခင်မဲ့ဝါဒစိုးမိုးသည့် အယ်လ်ဘေးနီးယားနိုင်ငံတွင် ပညာသင်ခဲ့သည်။ “ဘုရားသခင်ကိုယုံကြည်တယ်ဆိုတာ နုံအတဲ့အလုပ်၊ ခေတ်နောက်ပြန်ဆွဲတဲ့အလုပ်ဆိုပြီး ကျောင်းမှာသင်ခဲ့ရတယ်။ အပင်တွေ၊ သက်ရှိတွေနဲ့ပတ်သက်ပြီး အံဩစရာကောင်းတဲ့အရာတွေကို သင်ယူသိရှိခဲ့ရတယ်။ ဒါပေမဲ့ အရာအားလုံးက ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်လာတာလို့ ကျွန်မယူဆခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သိပ္ပံနည်းကျတဲ့ အတွေးအခေါ်နဲ့ကိုက်ညီတယ်လို့ ကျွန်မတို့ကို ထင်မှတ်စေလို့ပဲ” ဟုသူကဆိုသည်။ “သင်ယူခဲ့တဲ့ သက်သေအထောက်အထားတွေကို ကျွန်မ မျက်စိစုံမှိတ်လက်ခံခဲ့တာ” ဟု ယနေ့ သူဝန်ခံသည်။

လူတချို့အတွက်မူ ခါးသီးနာကြည်းသောစိတ်သည် အတားအဆီးတစ်ခုဖြစ်ပေမည်။ ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ်သွားကာ သမ္မာကျမ်းစာပါမျှော်လင့်ချက်အကြောင်း ဝေမျှစဉ် ယင်းသဘောထားကို တွေ့ရလေ့ရှိသည်။ သက်သေခံလူငယ်တစ်ဦးသည် အစောပိုင်းတွင် ဖော်ပြခဲ့သည့် ဘာတီလ်ထံ လည်ပတ်ခဲ့သည်။ ‘သနားစရာကောင်းတဲ့ တစ်ယူသန်သမားပါလား။ မင်း နေရာမှားပြီး ရောက်လာတာ’ ဟုသူ့စိတ်ထဲပြောမိသည်ကို ဘာတီလ်အမှတ်ရ၏။ “ကျွန်တော် သူ့ကို အထဲဝင်ခွင့်ပြုလိုက်ပြီး ဘုရားသခင်၊ သမ္မာကျမ်းစာ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့မကျေနပ်ချက်တွေကို ဖွင့်ပြောတော့တာပဲ” ဟုသူဆိုသည်။

စကော့တလန်နိုင်ငံမှ ဂပ်စ်သည် တရားမမျှတမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ အစပိုင်းတွင် သူသည် ယေဟောဝါသက်သေများနှင့် ဆွေးနွေးနေစဉ် အငြင်းအခုံသန်ပြီး ရန်လိုသူတစ်ဦးဖြစ်သည်။ ‘မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ မတရားမှုကို အဘယ်ကြောင့်မြင်စေတော်မူသနည်း’ ဟု ဘုရားသခင်ကိုမေးခဲ့သည့် ဟေဗြဲပရောဖက် ဟဗက္ကုတ်၏စကားနှင့်ဆင်တူသော မေးခွန်းများကို သူမေးခဲ့သည်။—ဟဗက္ကုတ် ၁:၃

ဆိုးသွမ်းမှုကို ဘုရားသခင် လျစ်လျူရှုထားပုံရခြင်းကလည်း လူသားတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်မှာ ကြာမြင့်လေပြီ။ (ဆာလံ ၇၃:၂၊ ၃) ပြင်သစ်စာရေးဆရာမဖြစ်သူ ဆီမွန် ဒီဘူဗွား ဤသို့ဆိုခဲ့ဖူးသည်– “လောကကြီးမှာ ပဋိပက္ခတွေနဲ့ဝန်ပိစေတဲ့ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာထက် ဖန်ဆင်းရှင်မရှိဘူးဆိုတာကို လက်ခံဖို့ ကျွန်မအတွက် ပိုလွယ်ကူတယ်။”

သို့သော် ထိုပဋိပက္ခများဖြစ်ရသည့်အကြောင်းရင်းကို ဘာသာများစွာက ရှင်းပြပေးနိုင်စွမ်းမရှိသောကြောင့် ရှင်းပြချက်မရှိတော့ဟူသည့် သဘောလော။ “အတိုင်းအဆမဲ့တန်ခိုးရှိသော ဖန်ဆင်းရှင်သည် လူ့ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့် ခဏခွင့်ပြုရခြင်းဖြစ်ကြောင်း စိတ်ကျေနပ်ဖွယ်ရှင်းပြချက်ကို” နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်ဟု ဂပ်စ်ဆိုသည်။ “အဲဒါက ကျွန်တော့်အတွက် အရေးကြီးတဲ့အချက်ပဲ” ဟုသူဆိုသည်။ *

ဘုရားသခင်မဲ့ဝါဒီဟု ဆိုကြသူတချို့သည် ဆင့်ကဲဖြစ်စဉ်ကို အမှန်ပင် သံသယဝင်လာကာ ဘ၀တွင် ဘုရားသခင်လိုအပ်ကြောင်း သိလာပြီး ဆုပင်တောင်းကြပေမည်။ ဘုရားသခင်မဲ့ဝါဒီနှင့် မသိဝါဒီတချို့အား ဖန်ဆင်းရှင်ရှိသည်ဟူသောအချက်ကို အလေးအနက်တွေးတောစေပြီး နောက်ဆုံးတွင် ဖန်ဆင်းရှင်နှင့်ရင်းနှီးသောဆက်ဆံရေး ရှိလာစေသောအကြောင်းရင်းကို သုံးသပ်ကြည့်ကြစို့။

ဖန်ဆင်းရှင်ရှိကြောင်း သူတို့ကို အဘယ်အရာက ယုံကြည်စေခဲ့

ဘာတီလ်ထံလည်ပတ်သည့် လူငယ်သည် သူ့ကို စစ်မှန်သောခရစ်ယာန်ဘာသာနှင့် အမည်ခံခရစ်ယာန်ဘာသာတို့ အလွန်ကွဲပြားကြောင်း ရိုးရိုးရှင်းရှင်း ကျိုးကြောင်းဆင်ခြင်ပြခဲ့သည်။ ဖန်ဆင်းရှင်ရှိကြောင်းထောက်ခံသည့် အချေအတင်ပြောဆိုမှုများပြီးနောက် စိတ်စွဲမှတ်ခဲ့ရသည့်အချက်ကို ဘာတီလ်ဤသို့ပြောပြသည်– “ကျွန်တော် ဒီလောက်ခေါင်းမာတာကို သူစိတ်ရှည်တဲ့အတွက် အရမ်းအံ့သြမိတယ်။ . . . သူက အရမ်းတည်ငြိမ်တဲ့အပြင် ကျွန်တော့်အတွက် စာပေတစ်မျိုးမျိုးတော့ သူ့မှာ အမြဲအဆင်သင့်ရှိနေတတ်တယ်။” *

ဆင့်ကဲအယူဝါဒနှင့် ကွန်မြူနစ်ဝါဒ လွှမ်းမိုးခံရသည့် စဗက်လာနာသည် ခွန်အားကြီးသူသာ အသက်ရှင်ကျန်ရစ်သည်ဟူသော အယူအဆကို စွဲကိုင်ထားသူဖြစ်သည်။ သို့သော် သူသည် အကြင်နာကင်းသော ဤဘ၀ခံယူချက်ကို စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ဆေးကျောင်းတွင် သူသင်ယူခဲ့ရာများက သူ့ကို ပို၍စိတ်ရှုပ်ထွေးစေသည်– “ဘုရားသခင်မဲ့ဝါဒကို သင်ယူတုန်းက ခွန်အားကြီးသူသာ အသက်ရှင်ကျန်ရစ်တယ်လို့ ကျွန်မသိခဲ့ရတယ်။ ဒါပေမဲ့ ဆေးပညာသင်တန်းတက်တော့ အားနည်းသူကို ကူညီသင့်တယ်လို့ သင်ယူခဲ့ရပြန်တယ်။” လူသည် မျောက်မှ ဆင့်ကဲဖြစ်လာသည်ဟုဆိုလျှင် မျောက်များမခံစားရသော စိတ်ဝေဒနာများကို လူတို့ အဘယ်ကြောင့်ခံစားရသည်ကိုလည်း သူသိလိုခဲ့သည်။ ထိုရှေ့နောက်မညီမှုများနှင့်ပတ်သက်သော ရှင်းပြချက်ကို သူမျှော်လင့်မထားသောနေရာမှ ရရှိခဲ့သည်– “လူ့မစုံလင်မှုကြောင့် စိတ်ဝေဒနာခံစားရတာဖြစ်တယ်လို့ အဘွားက သမ္မာကျမ်းစာထဲကနေ ရှင်းပြတယ်။” ထို့ပြင် အပြစ်မဲ့သူများ အဘယ်ကြောင့် ဆင်းရဲဝေဒနာ ခံစားရသနည်းကဲ့သို့သော မေးခွန်းများ၏အဖြေကို သမ္မာကျမ်းစာမှသိရှိလာသောကြောင့် စဗက်လာနာ စိတ်လှုပ်ရှားခဲ့ရသည်။

စကင်ဒီနေးဗီးယန်းလူမျိုး လေ့ဖ်သည် ဆင့်ကဲအယူဝါဒကို အခိုင်အမာယုံကြည်သူဖြစ်ပြီး သမ္မာကျမ်းစာကို ပုံပြင်စာအုပ်တစ်အုပ်မျှသာဖြစ်သည်ဟု ယူမှတ်ခဲ့သည်။ သို့သော် တစ်နေ့တွင် မိတ်ဆွေတစ်ဦးက သူ၏ခံယူချက်ကို ဤသို့မေးခွန်းထုတ်သည်– “ခင်ဗျားက သမ္မာကျမ်းစာအကြောင်း ဘာမှမသိဘဲနဲ့ သူများပြောတာကိုပဲ သံယောင်လိုက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိရဲ့လား။” ထိုစကားများက သူ့အား အကျိုးပြုခဲ့ပုံကို လေ့ဖ်ဤသို့ရှင်းပြသည်– “ကျွန်တော်က ဆင့်ကဲအယူဝါဒကို တစ်ခါမှ မဆန်းစစ်ဘဲ မျက်စိစုံမှိတ် လက်ခံခဲ့တယ်ဆိုတာ သိလာတယ်။ . . . သမ္မာကျမ်းစာအသိပညာတွေထဲက အနာဂတ်ဟောချက်တွေနဲ့ ပြည့်စုံချက်တွေဟာ ဘုရားသခင်မဲ့ဝါဒီတစ်ဦးကို စတင်တွေးတောလာစေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။”—ဟေရှာယ ၄၂:၅၊

အစပိုင်းတွင် ဖော်ပြခဲ့သော ကီရာရဲန်သည် နိုင်ငံရေးတွင် နှစ်နှင့်ချီ၍ ပါဝင်ပတ်သက်ခဲ့ပြီးနောက် အမြင်မှန်ရလာသည်။ ဘ၀အကြောင်း စဉ်းစားလိုက်တိုင်း ဤအချက် သူ့စိတ်ထဲဝင်လာသည်– အစွမ်းတန်ခိုးကြီးပြီး မေတ္တာရှိသော ဘုရားသခင်တစ်ပါးတည်းကသာ လူတို့ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး မိမိကြုံတွေ့နေရသော စိတ်ဆင်းရဲစရာများမှ လွတ်မြောက်စေနိုင်သည်။ ‘ဒီလိုဘုရားသခင်မျိုးကို ရှာတွေ့ချင်လိုက်တာ’ ဟုသူ့ဘာသာသူ ညည်းတွားမိသည်။ သူသည် အလွန်စိတ်ဖိစီးကာ ဤသို့ဆုတောင်းသည်– “ကိုယ်တော်သာ တကယ်ရှိတယ်ဆိုရင် ကျွန်တော့်ကို တစ်နည်းနည်းနဲ့ သိခွင့်ပေးပါ၊ ကျွန်တော်ကြုံတွေ့နေရတဲ့ စိတ်ဆင်းရဲစရာတွေနဲ့ လူ့မိသားစု ခံစားနေရတဲ့ နာကျင်မှုကနေ လွတ်မြောက်နိုင်မယ့်လမ်းကို ပြပါ။” ရက်အနည်းငယ်အကြာတွင် ယေဟောဝါသက်သေတစ်ဦး သူ့အိမ်ရောက်လာသည်။ ထိုသက်သေခံက လူ့အုပ်စိုးရှင်များနောက်ကွယ်ရှိ ဆိုးသွမ်းသော ဝိညာဉ်သတ္တဝါများအကြောင်း သမ္မာကျမ်းစာသွန်သင်ရာကို ရှင်းပြသည်။ (ဧဖက် ၆:၁၂) ထိုရှင်းပြချက်က ကီရာရဲန်၏ နဂိုရှုမြင်ချက်ကို ခိုင်မာစေပြီး သူ၏သိလိုစိတ်ကို လှုံ့ဆော်ခဲ့သည်။ သူသည် သမ္မာကျမ်းစာကို ဆက်လေ့လာပြီးနောက် မေတ္တာရှိသောဖန်ဆင်းရှင်ကို ပို၍ယုံကြည်လာသည်။

လူ့ဖန်ဆင်းရှင်နှင့် အသင်

ဘာသာရေးအရေခြုံမှု၊ ဆင့်ကဲအယူဝါဒကဲ့သို့သော ဘုရားသခင်မဲ့ဝါဒဆိုင်ရာ သွန်သင်ချက်များနှင့် ပျံ့နှံ့နေသော ဆိုးသွမ်းမှုများက ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း လူများစွာကို သံသယဝင်စေခဲ့ပြီ သို့မဟုတ် ဖန်ဆင်းရှင်ရှိကြောင်းကိုပင် ငြင်းဆန်စေခဲ့ပြီ။ သို့သော် သင်ခွင့်ပြုမည်ဆိုလျှင် သင့်မေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများကို သမ္မာကျမ်းစာတွင် ရှာတွေ့နိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့အတွက် ‘အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ နောင်အဖို့ မျှော်လင့်ရာရှိမည်အကြောင်း ငြိမ်ဝပ်စေခြင်းငှာသာ ကြံစည်သော’ ဘုရားသခင်၏အကြံများကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ယေရမိ ၂၉:၁၁သမ္မာ) မသန်မစွမ်းကလေးကို မွေးဖွားခဲ့ပြီး ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း သံသယဝင်ခဲ့သည့် ဘားနဒက်အတွက် ထိုမျှော်လင့်ချက်သည် ဒဏ်ရာကို သက်သာစေသည့် ပတ်တီးကဲ့သို့ပင် သူခံစားနေရသော စိတ်ဆင်းရဲမှုကို သက်သာစေသည်။

ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုရသည့် အကြောင်းရင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာရှင်းပြချက်သည် ဘုရားသခင်မဲ့ဝါဒီဖြစ်ခဲ့သူများစွာ၏ စိတ်နှလုံးကို ထိမိစေသည်။ သင်လည်း ထိုအရေးကြီးသောမေးခွန်းများ၏ အဖြေရရန် သမ္မာကျမ်းစာကို အချိန်ယူပြီး လေ့လာမည်ဆိုလျှင် “မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” သော ဘုရားသခင် အမှန်တကယ်တည်ရှိကြောင်း ယုံကြည်လာပါလိမ့်မည်။—တမန်တော် ၁၇:၂၇

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 စစ်မှန်သောခရစ်ယာန်များသည် စစ်မှုရေးရာနှင့်ကင်းရှင်းသင့်မသင့်ကို စာမျက်နှာ ၂၉-၃၁ ရှိ “ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော” ဆောင်းပါးတွင် ကြည့်ပါ။

^ အပိုဒ်၊ 22 ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြချက်ကို ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၊ စာမျက်နှာ ၁၀၆ မှ ၁၁၄ တွင်ကြည့်ပါ။

^ အပိုဒ်၊ 25 ဖန်ဆင်းခြင်းကိုထောက်ခံသည့် အချေအတင်ပြောဆိုချက်များအကြောင်းကို ယေဟောဝါသက်သေများထုတ်ဝေသော ၂၀၀၆၊ စက်တင်ဘာလထုတ် နိုးလော့!စာစောင် “ဖန်ဆင်းရှင်တစ်ပါးရှိသလော” တွင်ကြည့်ပါ။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ဆင့်ကဲအယူဝါဒက မဖြေနိုင်သော မေးခွန်းများ

• အသက်မရှိသောအရာမှ အသက်မည်သို့ဖြစ်လာနိုင်မည်နည်း။—ဆာလံ ၃၆:၉

• တိရစ္ဆာန်နှင့်အပင်များသည် သူ့အမျိုးအလိုက်သာ အဘယ်ကြောင့် ပေါက်ပွားလာသနည်း။—ကမ္ဘာဦး ၁:၁၁၊ ၂၁၊ ၂၄-၂၈

• လူတို့သည် အဆင့်နိမ့်သတ္တဝါဖြစ်သော မျောက်များမှ ဆင်းသက်လာသည်ဆိုလျှင် လူဝံမက လူမကျသတ္တဝါ တစ်ကောင်တစ်လေမျှ အဘယ်ကြောင့် မကျန်ရစ်ရသနည်း။—ဆာလံ ၈:၅၊ ၆

• ခွန်အားကြီးသူသာ အသက်ရှင်ကျန်ရစ်မည်ဟူသော ယူဆချက်အရ ပရဟိတစိတ်ဓာတ်ကို မည်သို့ရှင်းပြမည်နည်း။—ရောမ ၂:၁၄၊ ၁၅

• လူတို့အတွက် စစ်မှန်သော အနာဂတ်မျှော်လင့်ချက်ရှိသလော။—ဆာလံ ၃၇:၂၉

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

ကလေးသူငယ်များ ဆင်းရဲဝေဒနာခံစားနေရသည့်လောကကို မေတ္တာရှင်ဘုရားသခင် ဖန်တီးပါမည်လော

ဘာသာရေးအရေခြုံမှုသည် လူများစွာကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေခဲ့ပြီ