မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗက်တီကင်ကိုဒက်စ် အဘယ်ကြောင့် အဖိုးထိုက်ရတနာဖြစ်ရ

ဗက်တီကင်ကိုဒက်စ် အဘယ်ကြောင့် အဖိုးထိုက်ရတနာဖြစ်ရ

ဗက်တီကင်ကိုဒက်စ် အဘယ်ကြောင့် အဖိုးထိုက်ရတနာဖြစ်ရ

ဗက်တီကင်သည် ရတနာသိုက်တစ်ခုနှင့်တူသည်။ ထိုတွင်ရှိသော နံရံဆေးရေးပန်းချီများ၊ ပန်းပုလက်ရာများနှင့် ဗိသုကာလက်ရာများ၏ လှပမှုနှင့်ခမ်းနားမှုတို့ကြောင့် အလွန်အဖိုးတန်ရခြင်းဖြစ်သည်။ သို့သော် ထိုတွင်ရှိသော အဖိုးအတန်ဆုံးရတနာများအနက် တစ်ခုကို ကြည့်ရှုခွင့်မပေးဘဲ နှစ်ပေါင်းရာနှင့်ချီ၍ ပိတ်ပင်ခဲ့သည်။ ဗက်တီကင်စာကြည့်တိုက်တွင်ထားရှိသော အဖိုးတန်လက်ရေးစာမူတစ်ခုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ရေးသားခဲ့သည့် သမ္မာကျမ်းစာပါအပိုင်းတချို့ကို ပို၍နားလည်စေခဲ့သည်။ ယင်းမှာ ဗက်တီကင်ကိုဒက်စ်ဖြစ်သည်။ *

အစောပိုင်း ကျမ်းစာလက်ရေးစာမူနှစ်ခုဖြစ်သော အလက်ဇန္ဒြင်းကိုဒက်စ်နှင့် ဆိုင်းနိုင်းတစ်ခ်ကိုဒက်စ်တို့ကို ကျမ်းပညာရှင်များ အလွန်တန်ဖိုးထားကြပြီး ယင်းတို့ကို ရှာဖွေတွေ့ရှိပုံ၊ ယင်းတို့ဖျက်ဆီးမခံရဘဲ ကျန်ရစ်ခဲ့ပုံနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်သမိုင်းမှတ်တမ်းများရှိသည်။ သို့သော် ဗက်တီကင်ကိုဒက်စ်၏ မူလအစနှင့်ပတ်သက်၍မူ များစွာမသိရချေ။

ဝှက်ထားသောရတနာ

ဗက်တီကင်ကိုဒက်စ်ကို မည်သည့်နေရာတွင် ရေးသားခဲ့သနည်း။ ယင်းကို အစောဆုံးရေးသွင်းဖော်ပြထားသည့်နေရာမှာ ဗက်တီကင်စာကြည့်တိုက်၏ ၁၅ ရာစု စာအုပ်စာရင်းတွင်ဖြစ်သည်။ ယင်းကို အီဂျစ်၊ ကဲသရိမြို့ သို့မဟုတ် ရောမတွင် ရေးသားခဲ့ခြင်းဖြစ်မည်ဟု ကျမ်းပညာရှင်များ ယူဆကြသည်။ ထိုယူဆချက်များကို အသေအချာသုံးသပ်ပြီးနောက် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်တက္ကသိုလ်ပါမောက္ခ ဂျေ. နယ်ဗဲလ် ဘာ့ဒ်ဇိုလ်က “လိုရင်းပြောရလျှင် ဗက်တီကင်ကိုဒက်စ်ကိုရေးသားသည့် ရက်စွဲနှင့်နေရာအတိအကျကို သေချာမသိနိုင်ပါ၊ ကျမ်းပညာရှင်များ ကြိုးစားကြည့်သည့်တိုင် ယင်း၏နောက်ကြောင်းကို ဆယ့်ငါးရာစုနှစ်အထိသာ ခြေရာခံနိုင်သည်” ဟုကောက်ချက်ချသည်။ သို့တိုင် ဗက်တီကင်ကိုဒက်စ်သည် အရေးပါဆုံး လုံးချင်း ကျမ်းစာလက်ရေးစာမူတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အဘယ်ကြောင့်နည်း။

ရာစုနှစ်များတစ်လျှောက်တွင် ကျမ်းကူးသူတချို့သည် ကျမ်းစာသားတွင် အမှားများ စတင်ထည့်သွင်းခဲ့ကြသည်။ မူရင်းစာသားတွင် ဖော်ပြထားရာများအတိုင်း ပြန်ဆိုထားသော ယုံကြည်စိတ်ချနိုင်သည့်စာမူများကို ရရှိရန်မှာ တိကျစွာပြန်ဆိုလိုသည့် ဘာသာပြန်များအတွက် စိန်ခေါ်ချက်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာရေးသားပြီးစီးသည့်နောက် နှစ်ပေါင်း ၃၀၀ မပြည့်မီ၊ အေဒီ လေးရာစုမှ ဂရိလက်ရေးစာမူဖြစ်သော ဗက်တီကင်ကိုဒက်စ်ကို လေ့လာဆန်းစစ်ရန် ကျမ်းပညာရှင်များ မည်မျှစိတ်အားထက်သန်နေမည်ကို မြင်ယောင်ကြည့်ပါ။ ထိုကိုဒက်စ်တွင် ကျမ်းစာအပိုင်းတချို့မှလွဲ၍ ဟေဗြဲနှင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များ အပြည့်အစုံပါရှိသည်။

ဗက်တီကင်အာဏာပိုင်များသည် ကျမ်းစာဘာသာပြန်သူများအား ထိုကိုဒက်စ်ကို အသုံးပြုခွင့်မပေးဘဲ သိမ်းဆည်းထားလိုသည်၊ သို့နှင့် နှစ်ပေါင်းရာနှင့်ချီ၍ ယင်းကို သိမ်းဆည်းခဲ့သည်။ ထင်ရှားသော ကျမ်းစာသားပညာရှင် ဆာ ဖရက်ဒရစ်ခ် ကင်ညွန်က ဤသို့ဆိုသည်– “၁၈၄၃ ခုနှစ်တွင် [ကျမ်းပညာရှင် ကွန်စတန်တင်ဗွန်] တိရှန်ဒေါ့ဖ်သည် လပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ခြောက်နာရီကြာ ကြည့်ခွင့်ရခဲ့သည်။ . . . ၁၈၄၅ ခုနှစ်တွင် အင်္ဂလိပ်ကျမ်းပညာရှင် ထရက်ဂေးလပ်စ်သည် ယင်းကို ကြည့်ရှုခွင့်ရခဲ့သော်လည်း စာတစ်လုံးမျှ ကူးခွင့်မရခဲ့ချေ။” တိရှန်ဒေါ့ဖ်သည် ထိုကိုဒက်စ်ကို ကြည့်ရှုခွင့်ထပ်မံတောင်းဆိုရာ စာမျက်နှာ ၂၀ ကူးယူပြီးနောက် ဆက်ကြည့်ရှုခွင့်မရတော့ချေ။ သို့သော် “ထပ်မံအသနားခံသောကြောင့် နောက်ထပ်ခြောက်ရက်ကြာ လေ့လာခွင့်ရခဲ့သည်၊ သို့ဖြင့် တစ်ရက်လျှင် သုံးနာရီစီ စုစုပေါင်း ဆယ့်လေးရက်ကြာ လေ့လာခွင့်ရခဲ့သည်။ တိရှန်ဒေါ့ဖ်သည် သူ၏အချိန်များစွာကို စိုက်ထုတ်ပြီးနောက် အသုံးပြုခွင့်မရသေးသော လက်ရေးစာမူကိုအခြေခံသည့် အပြည့်စုံဆုံး ကျမ်းတစ်အုပ်ကို ၁၈၆၇ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်” ဟုကင်ညွန်က ဆက်ဖော်ပြသည်။ နောက်ပိုင်းတွင် ဗက်တီကင်အာဏာပိုင်များသည် ထိုကိုဒက်စ်ကို ပိုပြည့်စုံအောင် ကူးယူပြီးနောက် အသုံးပြုခွင့်ပေးခဲ့သည်။

“အသေအချာ ထိန်းသိမ်းထား”

ဗက်တီကင်ကိုဒက်စ်၏အရေးအသားမှာ မည်သို့နည်း။ “စာလုံးပေါင်းများသည် တစ်သမတ်တည်းဖြစ်ပြီး တိကျစွာ ကူးရေးထားသည့်အတွက် ကျမ်းစာသားအရည်အသွေးကို မူရင်းအတိုင်း ထိန်းသိမ်းထားကြောင်း သိသာသည်” ဟုစာအုပ်တစ်အုပ်က ဆိုသည်။ “ထို့ကြောင့် ယင်းသည် ကျွမ်းကျင်သောကျမ်းပညာရှင်များ အသေအချာကူးရေးခဲ့သည့် ကျမ်းစာလက်ရေးစာမူဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်” ဟုထိုစာအုပ်ကပင် ဖော်ပြသည်။—The Oxford Illustrated History of the Bible။

ဗက်တီကင်ကိုဒက်စ်၏ အားသာချက်များကို အလွန်နှစ်သက်သော အထင်ကရကျမ်းပညာရှင်နှစ်ဦးမှာ ဘီ. အက်ဖ်. ဝက်စ်ကော့တ်နှင့် အက်ဖ်. ဂျေ. အေ. ဟော့တ်တို့ဖြစ်သည်။ ၎င်းတို့သည် ဗက်တီကင်နှင့် ဆိုင်းနိုင်းတစ်ခ် ကျမ်းစာလက်ရေးစာမူတို့ကို အခြေပြုကာ ၁၈၈၁ ခုနှစ်တွင် မူရင်းဂရိစကားဖြင့်ဓမ္မသစ်ကျမ်းကို ထုတ်ဝေခဲ့သည်၊ ထိုကျမ်းသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း နှင့် ဂျေ. ဘီ. ရော့သဟမ်ရေးသားသည့် သည်အမ်ဖက်ဆိုက်ဒ်ကျမ်းအပါအဝင် ခရစ်ယာန်ဂရိကျမ်းစောင်များ၏ ခေတ်သစ်ဘာသာပြန်ကျမ်းများစွာအတွက် ပင်မကျမ်းဖြစ်နေဆဲပင်။

သို့သော် ဗက်တီကင်ကိုဒက်စ်ကို ဝက်စ်ကော့တ်နှင့်ဟော့တ်တို့ ယုံကြည်အားထားခြင်းသည် လွဲမှားနေကြောင်း ဝေဖန်သူတချို့က ယူဆသည်။ ထိုကိုဒက်စ်သည် မူရင်းစာသားအတိုင်း အတိအကျပြန်ဆိုထားပါသလော။ ၁၉၅၆ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်ကြားတွင် ဘော့ဒ်မာကျူစာကို ထုတ်ဝေလိုက်ရာ ကျမ်းပညာရှင်များ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်၊ အကြောင်းမှာ ထိုကျူစာတွင် အေဒီ သုံးရာစုအစောပိုင်းမှ လုကာနှင့်ယောဟန်ကျမ်း၏အစိတ်အပိုင်းများ ပါဝင်သောကြောင့်ဖြစ်သည်။ ထိုအပိုင်းများသည် နောက်ပိုင်းတွင်ရေးသားသော ဗက်တီကင်ကိုဒက်စ်နှင့် ကိုက်ညီပါသလော။

“ဗက်တီကင်ကိုဒက်စ်ကျမ်းစာသားနှင့် ဘော့ဒ်မာကျူစာ၏ ကျန်ရစ်နေသေးသောစာသားတို့ အလွန်တူညီသည်။ . . . ထိုတူညီမှုအရ ဗက်တီကင်ကိုဒက်စ်၏ မူရင်းကျမ်းကူးဆရာသည် ဘော့ဒ်မာကျူစာနှင့် အတော်ဆင်တူသော လက်ရေးစာမူမှကူးရေးခဲ့ကြောင်း ကောက်ချက်ချရန် သင့်လျော်ပါသည်။ ထို့ကြောင့် ထိုကျမ်းကူးဆရာသည် အလွန်ရှေးကျသောလက်ရေးစာမူ သို့မဟုတ် အလွန်ရှေးကျသောလက်ရေးစာမူကို မှီငြမ်းထားသည့်စာမူမှ ကူးယူခဲ့ခြင်းဖြစ်မည်” ဟုဖိလစ် ဘီ. ပိန်းနှင့် ပေါလ် ကန်နာ့တ်က ဂျာနယ်တစ်စောင် (Novum Testamentum) တွင်ရေးသားခဲ့သည်။ “ထိုလက်ရေးစာမူနှစ်ခုသည် တစ်ခုနှင့်တစ်ခု အလွန်ကိုက်ညီနေသည်။ . . . [ထိုကိုဒက်စ်] သည် ဂရုတစိုက် ကူးရေးထားသော လက်ရေးစာမူဖြစ်၏၊ ကျမ်းကူးသူသည် လက်ဝယ်ရရှိထားသောစာမူကို အသေအချာ ထိန်းသိမ်းထားသည့် အစဉ်အလာရှိသူဖြစ်၏” ဟုပါမောက္ခ ဘာ့တ်ဇိုလ်က ဆိုသည်။

ဘာသာပြန်များအတွက် အသုံးဝင်

ရှေးအကျဆုံးလက်ရေးစာမူဖြစ်တိုင်း မူရင်းကျမ်းစာသားနှင့် အနီးစပ်ဆုံးဖြစ်သည်ဟူ၍ အမြဲမသတ်မှတ်နိုင်ချေ။ သို့သော် ဗက်တီကင်ကိုဒက်စ်နှင့် အခြားလက်ရေးစာမူများကို နှိုင်းယှဉ်ကြည့်ခြင်းက မူရင်းကျမ်းစာသား၌ ပါရှိသောအရာကို သတ်မှတ်ရာတွင် ကျမ်းပညာရှင်များအား လွန်စွာထောက်ကူပေးသည်။ ဥပမာ၊ အေဒီလေးရာစု၌ ရေးသားသော ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူ၏ ကျန်ရှိနေသေးသောအပိုင်းတွင် ကမ္ဘာဦးကျမ်းမှ ရာဇဝင်ချုပ်ပထမစောင်အတွင်းရှိ သမိုင်းဝင်ကျမ်းအများစုမပါရှိချေ။ သို့သော် ဗက်တီကင်ကိုဒက်စ်တွင် ထိုကျမ်းများပါရှိသောကြောင့် ယင်းတို့သည် သမ္မာကျမ်းစာ၏ကျမ်းရင်းဝင်ဖြစ်ကြောင်း သေချာသည်။

စာအုပ်တစ်အုပ် (The Oxford Illustrated History of the Bible) ၏အဆိုအရ “ခရစ်တော်နှင့် သုံးပါးပေါင်းတစ်ဆူကိုရည်ညွှန်းသော ကျမ်းပိုဒ်များ” သည် ကျမ်းပညာရှင်များကြားတွင် အငြင်းပွားစရာဖြစ်ခဲ့သည်။ ထိုကျမ်းပိုဒ်များ၏အဓိပ္ပာယ်မှန်ရရန် ဗက်တီကင်ကိုဒက်စ်က မည်သို့ထောက်ကူခဲ့သနည်း။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရှု၏စကားများကို ယောဟန် ၃:၁၃ တွင် ဤသို့ဖော်ပြထားသည်– “ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူသားမှတစ်ပါး မည်သူမျှ ကောင်းကင်ဘုံသို့ မတက်ဖူး။” ဘာသာပြန်သူတချို့က ထိုကျမ်းချက်ကို “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီ” ဟုပြန်ဆိုကြသည်။ “ကောင်းကင်ဘုံ၌ရှိနေသော” ဟူသည့်ဖြည့်စွက်စကားလုံးများက ယေရှုသည် ကောင်းကင်တွင်ရှိပြီး တစ်ချိန်တည်းတွင် မြေကြီးပေါ်တွင်လည်းရှိသည်ဟူသော သဘောသက်ရောက်ပြီး သုံးပါးပေါင်းတစ်ဆူအယူအဆကို ထောက်ခံရာကျသည်။ ထိုဖြည့်စွက်စကားလုံးများကို အေဒီ ငါးရာစုမှ တစ်ဆယ်ရာစုအတွင်းရှိ လက်ရေးစာမူတချို့တွင် တွေ့ရသည်။ သို့သော် ပို၍အစောပိုင်းကျသော ဗက်တီကင်လက်ရေးစာမူနှင့် ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူများတွင် ယင်းတို့မပါရှိသောကြောင့် ခေတ်သစ်ဘာသာပြန်များသည် ထိုဖြည့်စွက်စကားလုံးများကို ဖယ်ထုတ်ပစ်ကြသည်။ ယင်းက ခရစ်တော် မည်သူမည်ဝါဖြစ်ကြောင်းနှင့်ပတ်သက်၍ ရှုပ်ထွေးနေမှုကို ရှင်းလင်းသွားစေပြီး သမ္မာကျမ်းစာ၏ ကျန်အပိုင်းများနှင့်လည်း ကိုက်ညီမှုရှိသည်။ ယေရှုသည် တစ်ချိန်တည်းတွင် နေရာနှစ်ခု၌ ရှိနေသည်မဟုတ်ဘဲ ကောင်းကင်မှ ဆင်းသက်ခဲ့ပြီး မကြာမီ ခမည်းတော်ရှိရာ ကောင်းကင်သို့ ပြန် “တက်” သွားခြင်းဖြစ်သည်။—ယောဟန် ၂၀:၁၇

ဗက်တီကင်ကိုဒက်စ်သည် ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း ဖော်ပြထားသောကျမ်းပိုဒ်များကိုလည်း ရှင်းလင်းစွာ နားလည်စေသည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေတရု၏ကြိုဟောချက်ကို ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းတွင် ဤသို့ဖော်ပြထားသည်– “မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေတရု ၃:၁၀) အခြားဘာသာပြန်ကျမ်းများကလည်း ငါးရာစုမှ အလက်ဇန္ဒြင်းကိုဒက်စ်နှင့် နောက်ပိုင်းလက်ရေးစာမူများကိုအခြေခံကာ အလားတူပြန်ဆိုကြသည်။ ထို့ကြောင့် စိတ်ရင်းမှန်သော သမ္မာကျမ်းစာဖတ်ရှုသူများက ဘုရားသခင်သည် ကမ္ဘာမြေကို ဖျက်ဆီးလိမ့်မည်ဟု ယူဆခဲ့ကြသည်။

သို့သော် အလက်ဇန္ဒြင်းကိုဒက်စ်မတိုင်မီ ရာစုနှစ်တစ်ခုခန့်၌ ရေးသားသော ဗက်တီကင်ကိုဒက်စ် (နှင့် ခေတ်ပြိုင် ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူ) တွင်ပေတရု၏ကြိုဟောချက်ကို “မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများကို ဖော်ထုတ်လိမ့်မည်” ဟုပြန်ဆိုထားသည်။ ယင်းသည် သမ္မာကျမ်းစာ၏ ကျန်အပိုင်းများနှင့် ကိုက်ညီပါသလော။ ကိုက်ညီပါသည်။ ကမ္ဘာမြေကြီးကို “ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်” ထား၏။ (ဆာလံ ၁၀၄:၅) သို့ဆိုလျှင် ကမ္ဘာမြေကြီးကို မည်သို့ “ဖော်ထုတ်” မည်နည်း။ “မြေကြီး” ဟူသောအသုံးအနှုန်းကို ပုံဆောင်သဘောနှင့် အသုံးပြုနိုင်ကြောင်း အခြားကျမ်းချက်များက ဖော်ပြသည်။ “မြေကြီး” သည် ကြောက်၍ ဘုရားသခင်၏အမိန့်တော်ကို နားထောင်၏ဟုဆိုထားသည်။ (ဆာလံ ၇၆:၉; ယေရမိ ၂၂:၂၉) ထို့ကြောင့် “မြေကြီး” သည် လူသားထု သို့မဟုတ် လူ့အဖွဲ့အစည်းကို ရည်ညွှန်းသည်။ ဘုရားသခင်သည် ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးမည်မဟုတ်ဘဲ မြေကြီးပေါ်ရှိ ဆိုးသွမ်းမှုနှင့် ဆိုးသွမ်းမှုကို အားပေးအားမြှောက်ပြုနေသူများကို အကုန်အစင်ဖော်ထုတ်ပြီး အဆုံးတိုင်စေမည်ဖြစ်ကြောင်း သိရခြင်းက နှစ်သိမ့်မှုဖြစ်စေသည်မဟုတ်လော။

“ကာလအစဉ်အမြဲတည်၏”

ဝမ်းနည်းစရာကား ဗက်တီကင်ကိုဒက်စ် အသုံးပြုခွင့်ကို ရာစုနှစ်နှင့်ချီ၍ တင်းကျပ်စွာ ပိတ်ပင်ခဲ့သောကြောင့် သမ္မာကျမ်းစာဖတ်ရှုသူများသည် ကျမ်းချက်တချို့၏ အဓိပ္ပာယ်မှန်ကို တလွဲနားလည်ခဲ့ကြသည်။ သို့သော် ဗက်တီကင်ကိုဒက်စ်ကို ကြည့်ရှုလေ့လာခွင့်ပြုလိုက်ချိန်မှစ၍ ယင်းနှင့် ယုံကြည်စိတ်ချနိုင်သော ခေတ်သုံးဘာသာပြန်ကျမ်းများသည် အမှန်တရားရှာဖွေသူများအား သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကိုသိရန် ထောက်ကူပေးခဲ့သည်။

အစောပိုင်းကျမ်းကူးသူများသည် ၎င်းတို့၏လက်ရေးစာမူများတွင် ဤသို့ရေးလေ့ရှိသည်– “[ဤစာမူ] ကိုရေးသောလက်သည် သင်္ချိုင်းတွင် ဆွေးမြည့်သွားသည့်တိုင် ဤစာမူကား နှစ်ကာလများတစ်လျှောက် မပျောက်မပျက် တည်တံ့လိမ့်မည်။” ယနေ့ ကျွန်ုပ်တို့သည် ထိုအမည်မသိကျမ်းကူးသူများ၏ တပင်တပန်း ကြိုးစားအားထုတ်မှုများကို လေးမြတ်တန်ဖိုးထားပါသည်။ သို့သော် နောက်ဆုံးတွင် သမ္မာကျမ်းစာ ဆက်တည်တံ့နေခြင်းအတွက် ဂုဏ်တင်ရမည့်သူမှာ ကျမ်းစာအာဘော်ရှင်ဖြစ်သည်၊ ကိုယ်တော်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် မိမိပရောဖက်ကို ဤသို့ရေးရန် လမ်းညွှန်ခဲ့သည်– ‘မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ဘုရားသခင်၏နှုတ်ထွက်စကားမူကား ကာလအစဉ်အမြဲတည်၏။’—ဟေရှာယ ၄၀:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဗက်တီကင်ကိုဒက်စ်ကို ဗက်တီကင်လက်ရေးစာမူ ၁၂၀၉ ဟုလည်းခေါ်ပြီး ကျမ်းပညာရှင်အများစုက “B” ဟုသတ်မှတ်ဖော်ပြကြသည်။ ထိုကိုဒက်စ်သည် ယနေ့ခေတ်တွင် အသုံးပြုနေသော စာအုပ်များ၏ အစောဆုံးပုံစံဖြစ်သည်။ ဇွန် ၁၊ ၂၀၀၇ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅ [လိပ်] တွင်ကြည့်ပါ။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

ရှေးလက်ရေးစာမူများကို ရက်စွဲသတ်မှတ်ခြင်း

ကျမ်းကူးသူအချို့သည် ၎င်းတို့ရေးသားပြီးစီးသည့်ရက်စွဲကို မှတ်တမ်းတင်ခဲ့ကြသော်လည်း ဂရိလက်ရေးစာမူအများစုတွင် ရက်စွဲကို မှတ်တမ်းမတင်ထားချေ။ သို့ဆိုလျှင် ကျမ်းပညာရှင်များသည် သမ္မာကျမ်းစာလက်ရေးစာမူတစ်ခု ရေးသားခဲ့ချိန်ကို မည်သို့သတ်မှတ်ကြသနည်း။ ဘာသာစကားနှင့် အနုပညာလက်ရာများသည် တစ်ခေတ်နှင့်တစ်ခေတ် မတူသည့်နည်းတူ လက်ရေးလက်သားများလည်း မတူကြချေ။ ဥပမာ၊ ညီညာသော အက္ခရာစာလုံးဝိုင်းကြီးများကို လေးရာစုတွင် အသုံးပြုခဲ့ပြီး နောက်ပိုင်းရာစုနှစ်များစွာအထိ ဆက်လက်အသုံးပြုခဲ့သည်။ စေ့စပ်သောကျမ်းပညာရှင်များသည် ရက်စွဲမတပ်ထားသော အက္ခရာစာလုံးကြီး လက်ရေးစာမူများကို ရက်စွဲတပ်ထားသော လက်ရေးစာမူများနှင့် နှိုင်းယှဉ်ကြည့်ပြီး အစောပိုင်းစာမူများ ရေးသားချိန်ကို ပို၍တိကျစွာ သတ်မှတ်နိုင်ကြသည်။

ထိုနည်းစနစ်တွင် ကန့်သတ်ချက်များရှိသည်မှာ မှန်ပါသည်။ ပရင်စတန်ကျမ်းစာသင်ကျောင်း ပါမောက္ခ ဘရုစ် မက်ဇ်ဂါက ဤသို့ဆိုသည်– “လူတစ်ဦး၏လက်ရေးလက်သားသည် သူ့ဘ၀တစ်လျှောက်လုံးနီးပါး တစ်ပုံစံတည်းဖြစ်လေ့ရှိသောကြောင့် ရက်စွဲသတ်မှတ်သောအခါ အနှစ်ငါးဆယ်ထက် လျော့၍တွက်ချက်ခြင်းက ယုတ္တိမရှိပေ။” ဂရုတစိုက် လေ့လာဆန်းစစ်ပြီးနောက် ကျမ်းပညာရှင်များ ကောက်ချက်ချလိုက်သည်မှာ ဗက်တီကင်ကိုဒက်စ်ကို အေဒီ လေးရာစုတွင် ရေးသားခဲ့သည်ဟူ၍ဖြစ်သည်။