မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိုးရွံ့စိတ်နှင့် သံသယစိတ်ကို သူတွန်းလှန်ခဲ့

စိုးရွံ့စိတ်နှင့် သံသယစိတ်ကို သူတွန်းလှန်ခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

စိုးရွံ့စိတ်နှင့် သံသယစိတ်ကို သူတွန်းလှန်ခဲ့

ပေတရုသည် လှေကို အားစိုက်လှော်ခတ်ကာ ညအမှောင်ထုထဲ စူးစိုက်ကြည့်နေသည်။ အရှေ့မိုးကုပ်စက်ဝိုင်းတွင်တွေ့ရသော အလင်းရောင်မှိန်မှိန်လေးက မိုးလင်းစပြုသည့်လက္ခဏာလော။ နာရီနှင့်ချီ၍ လှော်ခတ်လာသည့်အတွက် သူ၏ကျောကုန်းနှင့်ပခုံး ကြွက်သားများမှာ ညောင်းညာနေသည်။ သူ၏ဆံပင်ကို တိုးဝှေ့တိုက်ခတ်နေသောလေကြောင့် ဂါလိလဲအိုင်မှာ လှိုင်းထန်နေ၏။ လှေဦးပိုင်းကို လှိုင်းများ အဆက်မပြတ် ရိုက်ပုတ်နေရာ ရေမှုန်ရေမွှားများကြောင့် သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည်။ သူ ဆက်၍လှော်ခတ်သွားသည်။

ပေတရုနှင့် သူ၏အဖော်များသည် ကမ်းစပ်တစ်နေရာတွင် ယေရှုကို တစ်ယောက်တည်း ထားရစ်ခဲ့သည်။ ထိုနေ့တွင် ထောင်နှင့်ချီသော ဆာလောင်နေသည့် လူအုပ်အား မုန့်နှင့်ငါး အနည်းငယ်ဖြင့် ယေရှု ကျွေးမွေးခဲ့သည်ကို သူတို့တွေ့မြင်ခဲ့သည်။ လူတို့သည် ယေရှုကို ဘုရင်တင်မြှောက်ရန် ကြိုးစားကြသော်လည်း ကိုယ်တော်ကမူ နိုင်ငံရေးတွင် မပတ်သက်လိုချေ။ မိမိ၏နောက်လိုက်များတွင်လည်း ထိုဆန္ဒမျိုး မပေါ်လာအောင်တားဆီးရန် ကိုယ်တော် ဆုံးဖြတ်လိုက်သည်။ သို့နှင့် လူအုပ်ကိုရှောင်တိမ်းရန် တပည့်များကို ကမ်းတစ်ဖက်သို့ လှေဖြင့်ကူးသွားစေပြီးနောက် ကိုယ်တော်မှာမူ ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွသွားတော်မူသည်။—မာကု ၆:၃၅-၄၅; ယောဟန် ၆:၁၄၊ ၁၅

ပြည့်ဝန်းနေသောလသည် တပည့်များ စတင်ထွက်ခွာချိန်တွင် ကောင်းကင်ယံ၌ ထိန်ထိန်သာလျက်ရှိသည်၊ ယခုမူ အနောက်ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားလေပြီ။ သို့တိုင် တပည့်များမှာ မိုင်အနည်းငယ်သာ ခရီးပေါက်သေးသည်။ တဝူးဝူးတိုက်ခတ်နေသောလေသံနှင့် လှိုင်းပုတ်သံများကြောင့် စကားအပြန်အလှန်ပြောလျှင်လည်း ကောင်းစွာကြားရမည်မဟုတ်။ သို့နှင့် ပေတရုသည် တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေပေမည်။

သူ့တွင် တွေးစရာ များစွာရှိနေသည်။ နာဇရက်မြို့သား ယေရှုနောက်သို့ သူလိုက်နေခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်းတွင် စိတ်ဝင်စားစရာဖြစ်ရပ်များ ပြည့်နေသည်။ သူသည် များစွာသင်ယူခဲ့သော်လည်း နောက်ထပ်သင်ယူစရာများစွာ ရှိနေသေးသည်။ သံသယစိတ်နှင့် စိုးရွံ့စိတ်တို့ကို သူ တွန်းလှန်လိုစိတ်ရှိခြင်းက သူ့ကို ကျွန်ုပ်တို့တုပရန် ထူးခြားသောစံနမူနာရှင်တစ်ဦးဖြစ်စေသည်။ မည်သို့တုပနိုင်ကြောင်း ကြည့်ကြစို့။

“ငါတို့သည် မေရှိယကို တွေ့ကြပြီ”

ပေတရုသည် နာဇရက်မြို့သား ယေရှုနှင့် တွေ့ဆုံခဲ့သည့်နေ့ကို မည်သည့်အခါမျှ မေ့လျော့နိုင်မည်မဟုတ်။ “ငါတို့သည် မေရှိယကို တွေ့ကြပြီ” ဟူသော အံ့ဩစရာသတင်းကို ဦးစွာသယ်ဆောင်လာသူမှာ သူ့ညီ အန္ဒြေဖြစ်သည်။ ထိုစကားများကြောင့်ပင် ပေတရု၏ဘ၀ တစ်ဆစ်ချိုးခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်မျိုး နောက်ထပ်မရှိနိုင်တော့ပြီ။—ယောဟန် ၁:၄၁

ပေတရုသည် ဂါလိလဲအိုင်ဟုခေါ်သော ရေချိုအိုင်၏ ကမ်းစပ်ပေါ်ရှိ ကပေရနောင်မြို့တွင် နေထိုင်သည်။ သူနှင့် အန္ဒြေသည် ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သော ယာကုပ်၊ ယောဟန်တို့နှင့်အတူ ငါးဖမ်းလုပ်ငန်းတွင် အတူတူလုပ်ကိုင်ကြသည်။ ပေတရုနှင့်အတူနေထိုင်သူများတွင် သူ့ဇနီးသာမက ယောက္ခမနှင့် ညီအန္ဒြေတို့လည်းပါသည်။ ထိုမိသားစုကြီးကို ငါးဖမ်းလုပ်ငန်းမှရသောငွေဖြင့် ကျွေးမွေးထောက်ပံ့ရန် တပင်တပန်း ခွန်အားစိုက်ထုတ်မှုနှင့် လုပ်ရည်ကိုင်ရည်ရှိမှုတို့ လိုပေမည်။ လှေနှစ်စင်းကြားတွင် ပိုက်ကွန်ချလိုက်၊ ဖမ်းမိသမျှကို လှေပေါ်ဆွဲတင်လိုက်ဖြင့် ညပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ဆောင်နေကြသူများကို မြင်ယောင်ကြည့်နိုင်သည်။ နေ့အချိန်တွင်မူ ငါးများကို အမျိုးအစားခွဲကာ ရောင်းချရပြီး ပိုက်ကွန်များကို ဖာထေးကာ သန့်ရှင်းရေးလုပ်ရသည်မှာ မည်မျှငြီးငွေ့ပင်ပန်းစရာဖြစ်မည်ကိုလည်း မြင်ယောင်ကြည့်နိုင်သည်။

အန္ဒြေသည် နှစ်ခြင်းဆရာယောဟန်၏ တပည့်တစ်ဦးဖြစ်ကြောင်း သမ္မာကျမ်းစာကဆိုသည်။ သူ့ညီထံမှကြားခဲ့ရသည့် ယောဟန်၏သတင်းစကားကို ပေတရု စိတ်ဝင်တစား နားထောင်ခဲ့မည်မှာ သေချာပါသည်။ တစ်နေ့တွင် နှစ်ခြင်းဆရာယောဟန်သည် နာဇရက်မြို့သား ယေရှုကို ညွှန်ပြကာ “ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ကြလော့” ဟုပြောနေသည်ကို အန္ဒြေတွေ့မြင်လိုက်သည်။ အန္ဒြေသည် ချက်ချင်းပင် ယေရှုနောက်လိုက်တစ်ဦးဖြစ်လာပြီး ပေတရုကို စိတ်လှုပ်ရှားစရာကောင်းသော ဤသတင်း အားပါးတရပြောလိုက်သည်– မေရှိယ ကြွလာပြီ။ (ယောဟန် ၁:၃၅-၄၀) လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ခန့်တွင် ဧဒင်ဥယျာဉ်၌ ပုန်ကန်မှုဖြစ်ပြီးနောက် ယေဟောဝါဘုရားသခင်သည် လူသားထုအတွက် စစ်မှန်သောမျှော်လင့်ချက်ပေးမည့်သူတစ်ဦး ပေါ်လာမည်ဟု ကတိပြုထားသည်။ (ကမ္ဘာဦး ၃:၁၅) အန္ဒြေသည် ထိုကယ်တင်ရှင် မေရှိယကို အမှန်ပင် တွေ့ခဲ့ပြီ။ ပေတရုလည်း ယေရှုကိုတွေ့ရန် အလျင်အမြန် သွားလေသည်။

ထိုနေ့မတိုင်မီအထိ ပေတရုကို ရှိမုန်ဟူ၍ လူတို့သိကြသည်။ သို့သော် ယေရှုသည် သူ့ကိုကြည့်၍ ‘သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ ကေဖ (ပေတရု) ဟူ၍ အခေါ်ခံရလိမ့်မည်’ ဟုမိန့်တော်မူသည်။ (ယောဟန် ၁:၄၂) “ကေဖ” သည် “ကျောက်တုံး” သို့မဟုတ် “ကျောက်ဆောင်” ဟူသော အဓိပ္ပာယ်ရှိသည်။ ယေရှုသည် အနာဂတ်ကို ကြိုဟောလိုက်ခြင်းဖြစ်သည်။ ခရစ်တော်၏နောက်လိုက်များအနက် ပေတရုသည် ကျောက်ဆောင်ကဲ့သို့ တည်ကြည်သော၊ ကြံ့ခိုင်သော၊ ယုံကြည်အားထားရသောသူတစ်ဦး ဖြစ်လာမည်ကို ကိုယ်တော်ကြိုမြင်ခဲ့သည်။ ပေတရုကော သူ့ကိုယ်သူ ထိုသို့ပင် ရှုမြင်ပါသလော။ ရှုမြင်ပုံမရပေ။ ယနေ့ခေတ် ခရစ်ဝင်ကျမ်းဖတ်ရှုသူအချို့က ပေတရုသည် ကျောက်ဆောင်ကဲ့သို့ ကြံ့ခိုင်မှုမရှိဟု ဆိုကြသည်။ သူသည် စိတ်မတည်ငြိမ်သူ၊ အပြောင်းအလဲမြန်သူ၊ မပြတ်သားသူဖြစ်မည်ဟုပင် အချို့က ဆိုသည်။

ပေတရုတွင် အားနည်းချက်များရှိသည်မှာ မှန်၏။ ယေရှုသည် ထိုအားနည်းချက်များကို မသိဘဲမနေပါ။ သို့သော် ယေရှုသည် ခမည်းတော်ယေဟောဝါကဲ့သို့ပင် သူတစ်ပါး၏ကောင်းကွက်ကို အမြဲ ရှာတတ်သူဖြစ်သည်။ ပေတရုတွင် အရည်အချင်းကောင်းများစွာရှိကြောင်း ယေရှု သိမြင်ပြီး ထိုအရည်အချင်းကောင်းများကို မြေတောင်မြှောက်ပေးရန် ကြိုးစားခဲ့သည်။ ယနေ့လည်း ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်သည် ကျွန်ုပ်တို့၏ကောင်းကွက်များကို ရှာတော်မူသည်။ ယေဟောဝါဘုရားသခင်နှင့်ယေရှုသည် ကျွန်ုပ်တို့တွင် ကောင်းကွက်များရှာတွေ့မည်ဟူသည့်အချက်ကို ကျွန်ုပ်တို့ ယုံရခက်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့် ယေရှု၏ရှုမြင်ပုံကို ယုံကြည်စိတ်ချပြီး ပေတရုကဲ့သို့ လေ့ကျင့်၊ ပုံသွင်းခံလိုကြောင်းပြဖို့ လိုသည်။—၁ ယောဟန် ၃:၁၉၊ ၂၀

“ကြောက်ရွံ့ခြင်းမရှိနှင့်”

ပေတရုသည် ယေရှု၏ဟောပြောခြင်းခရီးစဉ်တွင် ကိုယ်တော်နှင့်အတူ တစ်ပါတည်း လိုက်ပါသွားဖွယ်ရှိသည်။ ထို့ကြောင့် ကာနမြို့မင်္ဂလာပွဲတွင် ရေကို စပျစ်ရည်ဖြစ်စေခဲ့သည့် ယေရှု၏ပထမဆုံးအံ့ဖွယ်အမှုကို သူတွေ့မြင်ခဲ့ပေမည်။ ပိုအရေးကြီးသည်မှာ အံ့သြဖွယ်ကောင်းသော၊ မျှော်လင့်ချက်ပေးသော ဘုရားသခင့်နိုင်ငံတော်သတင်းကို ယေရှုထံမှ သူ ကြားခဲ့ရသည်။ သို့တိုင် ယေရှုကို သူစွန့်ခွာပြီး ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်သည်။ လအနည်းငယ်ကြာပြီးနောက် ပေတရုသည် ယေရှုနှင့်ပြန်ဆုံသည်၊ ဤတစ်ကြိမ်တွင်မူ ယေရှုသည် မိမိနောက်သို့ အချိန်ပြည့်လိုက်ရန် ပေတရုကို ဖိတ်ခေါ်လေသည်။

ပေတရုသည် ညလုံးပေါက် ပင်ပန်းကြီးစွာ လုပ်ပြီးခါစပင် ရှိသေးသည်။ တံငါသည်များသည် ပိုက်ကွန်များကို အကြိမ်ကြိမ်ချသော်လည်း ငါးတစ်ကောင်မျှမရဘဲ ဖြစ်နေသည်။ ပေတရုသည် ငါးရှိနိုင်လောက်သည့်နေရာကို ရှာတွေ့ရန် သူ၏အတွေ့အကြုံနှင့် အစွမ်းအစအားလုံး ထုတ်သုံးခဲ့မည်မှာ သေချာသည်။ နက်မှောင်နေသောရေထဲရှိ ငါးအုပ်များကို မြင်နိုင်လျှင် သို့မဟုတ် ငါးများ တစ်နည်းနည်းဖြင့် ပိုက်ကွန်ထဲမိနေလျှင် အကောင်းသားဟု တခြားတံငါသည်များနည်းတူ သူ တောင့်တခဲ့သည့် အချိန်အခါများရှိပေမည်။ သို့သော် ထိုအတွေးများက သူ့ကို ပို၍စိတ်ပျက်စေရုံသာရှိသည်။ ပေတရုသည် အပျော်တမ်းငါးဖမ်းနေခြင်းမဟုတ်၊ ငါးရရန် သူ့ကို လူတို့ အားကိုးနေရသည်။ နောက်ဆုံးတွင် လက်ချည်းသက်သက်ဖြင့်သာ ကမ်းပေါ် သူပြန်တက်ခဲ့ရသည်။ ငါးတစ်ကောင်မျှမမိသော်လည်း ပိုက်ကွန်များကို ဆေးကြောသန့်စင်ရဦးမည်။ ထို့ကြောင့် ယေရှု သူ့အနားရောက်လာချိန်တွင် သူ အလွန်အလုပ်များနေသည်။

ထိုစဉ် လူအုပ်ကြီးတစ်အုပ်သည် ယေရှုဘေးနား တိုးကြိတ်လာပြီး ကိုယ်တော်ပြောမည့်အရာကို နားထောင်နေကြသည်။ လူများဝိုင်းရံနေသောကြောင့် ယေရှုသည် ပေတရု၏လှေပေါ်တက်ကာ လှေကို ကမ်းမှအနည်းငယ် ခွာစေသည်။ ထို့နောက် လူအုပ်ကို ယေရှု သွန်သင်တော်မူသည်၊ ရေပေါ်မှသွန်သင်သောကြောင့် ကိုယ်တော့်အသံကို ရှင်းလင်းစွာကြားနိုင်သည်။ ကမ်းပေါ်မှလူများနည်းတူ ပေတရုလည်း အာရုံစိုက်နားထောင်သည်။ ယေရှု၏ဟောပြောချက်တွင် အဓိကအချက်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြားနာရသည်ကို ပေတရု မည်သည့်အခါမျှ မငြီးငွေ့ချေ။ မျှော်လင့်ချက်ပေးသောထိုသတင်း နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားအောင် ယေရှုကို ကူညီပေးရခြင်းသည် အခွင့်ထူးလှပေမည်။ သို့သော် ယင်းသည် လက်တွေ့ကျပါမည်လော။ စားဝတ်နေရေးကို မည်သို့ဖြေရှင်းမည်နည်း။ လွန်ခဲ့သောတစ်ညတာလုံး ဘာမျှမရဘဲ အချိန်ကုန်ခဲ့ရသည့်အဖြစ်ကို ပေတရု ပြန်စဉ်းစားမိပေမည်။—လုကာ ၅:၁-၃

ဟောပြောပြီးနောက် ယေရှုက ပေတရုကို “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ငါးဖမ်းမိစေရန် ပိုက်ကွန်များကိုချလော့” ဟုမိန့်တော်မူသည်။ ပေတရုက “ဆရာ၊ ကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်မျှ မရပါ။ သို့ရာတွင် အမိန့်တော်အတိုင်း ပိုက်ကွန်များကို ချပါမည်” ဟု သံသယစိတ်ဖြင့် လျှောက်လေသည်။ ပေတရုသည် ပိုက်ကွန်ချလိုမည် မဟုတ်ပါ၊ အထူးသဖြင့် ယခုလို ငါးမရသောအချိန်တွင် ပို၍ပင် မချလိုချေ။ သို့သော် သူ နာခံလိုက်ပြီး အခြားလှေပေါ်ရှိ အဖော်များကို နောက်ကလိုက်ခဲ့ရန် အချက်ပြလိုက်ပုံရသည်။—လုကာ ၅:၄၊ ၅

ပေတရုသည် ပိုက်ကွန်ကို စဆွဲတင်လိုက်စဉ် လေးလံနေကြောင်း သိလိုက်သည်။ မယုံနိုင်ဖြစ်ကာ ပိုက်ကွန်ကို အားစိုက်ပြီးဆွဲတင်သောအခါ ပိုက်ကွန်ထဲတွင် ငါးများ တဖျပ်ဖျပ်လူးလွန့်နေသည်ကို သူ မြင်နေရသည်။ သို့နှင့် အကူအညီပေးရန် အခြားလှေပေါ်ရှိလူများကို သူ ကမန်းကတန်း အချက်ပြလိုက်သည်။ ပိုက်ကွန်ကို သူတို့ဆွဲတင်သည့်အခါ လှေတစ်စင်းတည်းနှင့် ငါးအားလုံး မဆံ့နိုင်ကြောင်း မကြာမီသိလိုက်ရသည်။ လှေနှစ်စင်းစလုံး နစ်လုမတတ် ငါးအပြည့်ရကြ၏၊ သို့တိုင် ပိုက်ကွန်ထဲတွင် ငါးများစွာ ကျန်နေသေးသည်။ ပေတရုသည် အံ့သြခြင်းကြီးစွာဖြင့် မှင်တက်သွားသည်။ သူသည် ခရစ်တော်၏ တန်ခိုးပါသောလုပ်ဆောင်မှုများကို ယခင်က မြင်တွေ့ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်တွင်မူ သူ့အတွက် ပြသောတန်ခိုးဖြစ်နေသည်။ ယေရှုသည် ပိုက်ကွန်ထဲသို့ ငါးများဝင်သွားအောင်ပင် ပြုလုပ်နိုင်သူပါတကား။ ပေတရု စိုးရွံ့စိတ်ဝင်လာသည်။ သူ ချက်ချင်းဒူးထောက်လိုက်ပြီး “သခင်၊ ကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်ထံမှ ကြွသွားတော်မူပါ” ဟုလျှောက်တင်သည်။ ဘုရားသခင်၏တန်ခိုးတော်ကို ထိုနည်းများဖြင့် ပြနိုင်သူတစ်ဦးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သူ မည်သို့ထိုက်တန်နိုင်ပါမည်နည်း။—လုကာ ၅:၆-၉

ယေရှုက “ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည် ယခုမှစ၍ လူတို့ကို ဖမ်းလိမ့်မည်” ဟုကြင်နာစွာ မိန့်တော်မူ၏။ (လုကာ ၅:၁၀၊ ၁၁) ယခုအချိန်သည် သံသယစိတ်ဝင်ကာ စိုးရွံ့နေရမည့်အချိန် မဟုတ်ချေ။ ငါးဖမ်းလုပ်ငန်းကဲ့သို့သော နေ့စဉ်ဝမ်းစာအတွက် သံသယစိတ်ဖြင့် ပေတရု တွေးပူနေခြင်းမှာ အခြေအမြစ်မရှိသည့်အပြင် သူ၏အမှားများနှင့် အားနည်းချက်များအတွက် စိုးရွံ့နေခြင်းမှာလည်း ခိုင်လုံမှုမရှိပေ။ ယေရှုတွင် လူသားထုအတွက် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်စေမည့် ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းကို လုပ်ဆောင်ရန်ရှိသည်။ ပေတရုကိုးကွယ်သော ဘုရားသခင်သည် “အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူ” သောအရှင်ဖြစ်သည်။ (ဟေရှာယ ၅၅:၇) ယေဟောဝါဘုရားသခင်သည် သူတို့၏ ကာယရေးနှင့်ဝတ်ပြုရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူမည်။—မဿဲ ၆:၃၃

ပေတရုသည် ချက်ချင်းတုံ့ပြန်ခဲ့ပြီး ယာကုပ်နှင့်ယောဟန်တို့လည်း အလားတူတုံ့ပြန်ခဲ့ကြသည်။ “ထိုသူတို့သည် ကမ်းနားတွင် လှေများကို ဆိုက်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့ လိုက်ကြ၏။” (လုကာ ၅:၁၁) ပေတရုသည် ယေရှုနှင့် ကိုယ်တော်အားစေလွှတ်သောအရှင်ကို ယုံကြည်စိတ်ချလိုက်သည်။ ယင်းသည် သူချနိုင်သမျှ ဆုံးဖြတ်ချက်များတွင် အကောင်းဆုံးဖြစ်၏။ သံသယစိတ်နှင့် စိုးရွံ့စိတ်ကို ကျော်လွှားပြီး ဘုရားသခင့်အမှုတော်ဆောင်နေသည့် ယနေ့ခေတ် ခရစ်ယာန်များလည်း ပေတရုကဲ့သို့ ယုံကြည်စိတ်ချမှုရှိကြောင်း တင်ပြကြသည်။ ယေဟောဝါဘုရားသခင်ကို ထိုသို့ယုံကြည်စိတ်ချခြင်းသည် မည်သည့်အခါမျှ မမှားချေ။—ဆာလံ ၂၂:၄၊ ၅

“အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း”

ပေတရုသည် ယေရှုနှင့်တွေ့ဆုံပြီး နှစ်နှစ်ခန့်အကြာ၊ အစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ဂါလိလဲအိုင်၏ မုန်တိုင်းထန်သော ထိုည၌ လှေကို လှော်ခတ်လာခဲ့သည်။ သူ၏စိတ်ထဲ အဘယ်အရာတွေးတောနေသည်ကို ကျွန်ုပ်တို့ မသိနိုင်ချေ။ သူ့တွင် တွေးနိုင်စရာ များစွာရှိသည်။ ယေရှုသည် ပေတရု၏ယောက္ခမကို ကုသပေးခဲ့သည်။ ကိုယ်တော်သည် ကျော်ကြားသောဟောပြောချက်တစ်ခုကို တောင်ပေါ်တွင် ပေးခဲ့သည်။ ကိုယ်တော်၏သွန်သင်ချက်များနှင့် တန်ခိုးပါသောလုပ်ဆောင်မှုများက ကိုယ်တော်သည် ယေဟောဝါဘုရားသခင် ရွေးချယ်သောမေရှိယဖြစ်ကြောင်း အကြိမ်ကြိမ် ဖော်ပြခဲ့သည်။ စိုးရွံ့စိတ်နှင့်သံသယစိတ်တို့ကြောင့် စိတ်မြန်လက်မြန် ပြောဆိုပြုမူတတ်သော ပေတရု၏အားနည်းချက်သည် လပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားမည်မှာ သေချာသည်။ ယေရှုသည် ပေတရုကို တမန်တော် ၁၂ ပါးအဝင် တစ်ဦးအဖြစ်ပင် ရွေးချယ်ခဲ့သည်။ သို့တိုင် ပေတရုသည် သူ၏စိုးရွံ့စိတ်နှင့် သံသယစိတ်ကို ကျော်လွှားရဦးမည်ဖြစ်ကြောင်း မကြာမီ သိရပါတော့မည်။

နံနက် ၃ နာရီနှင့် နေထွက်ချိန်စပ်ကြား သို့မဟုတ် မိုးသောက်ယံအချိန်ခန့်တွင် ပေတရုသည် လှေလှော်နေသည်ကို ရုတ်တရက် ရပ်တန့်ကာ ကိုယ်ကိုဆတ်ကနဲမတ်လိုက်မိသည်။ အကြောင်းမှာ ရေလှိုင်းများကြားတွင် တစ်စုံတစ်ရာ ရွေ့လျားနေသောကြောင့်ပင်။ ယင်းသည် လရောင်ကြောင့် အလင်းပြန်နေသော ရေလှိုင်းများလော။ မဟုတ်ပါ၊ ယင်းသည် ယိမ်းထိုးမနေဘဲ မတ်တတ်ဖြစ်နေသည်။ လူတစ်ယောက်ပါလား။ မှန်၏၊ လူတစ်ယောက် အိုင်ပေါ် လမ်းလျှောက်နေသည်။ ထိုသူသည် တဖြည်းဖြည်းနီးလာပြီး သူတို့ထံ တည့်တည့်လျှောက်လာမည့်ပုံပင်။ တပည့်များက တစ္ဆေဟုထင်ကာ ကြောက်လန့်သွားကြသည်။ ထိုသူက “အားယူကြလော့။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်” ဟုမိန့်တော်မူ၏။ ထိုသူမှာ ယေရှုဖြစ်၏။—မဿဲ ၁၄:၂၅-၂၈

“သခင်၊ ကိုယ်တော်မှန်လျှင် ကျွန်ုပ်သည် ရေပေါ်မှာလျှောက်၍ ကိုယ်တော်ထံလာရန် အမိန့်တော်ရှိပါ” ဟုပေတရုဆိုသည်။ သူ၏ ဦးဆုံးတုံ့ပြန်ပုံမှာ ရဲရင့်သည်။ တစ်မူထူးခြားသော ဤအံ့ဖွယ်အမှုကြောင့် သူစိတ်လှုပ်ရှားလာကာ မိမိ၏ယုံကြည်ချက်ကို ပိုသေချာစေရန် နောက်တစ်ဆင့် ကြိုးစားလေသည်။ ထိုအံ့ဖွယ်အမှုတွင် ကိုယ်တိုင်ကိုယ်ကျ သူပါဝင်လို၏။ ယေရှုသည် သူ့ကို ကြင်နာစွာ လှမ်းခေါ်လိုက်သည်။ ပေတရုသည် လှေ၏ဘောင်ကိုကျော်တက်ပြီး အိုင်ထဲဆင်းလိုက်သည်။ ရေပေါ်ခြေချလိုက်စဉ် သူ့ခြေဖဝါးအောက်တွင် မာကျောနေသော အထိအတွေ့ကို သိလိုက်ရပြီး ရေပြင်ပေါ်မတ်တတ်ရပ်လိုက်သောအခါ သူ မည်သို့ခံစားရသည်ကို မြင်ယောင်ကြည့်ပါ။ ယေရှုထံလျှောက်သွားစဉ် သူ မယုံနိုင်လောက်အောင် ဖြစ်နေပေမည်။ သို့သော် မကြာမီ သူ နောက်တစ်မျိုး တုံ့ပြန်လေတော့သည်။—မဿဲ ၁၄:၂၉

ပေတရုသည် ယေရှုကိုသာ အာရုံစိုက်နေဖို့လိုသည်။ ယေဟောဝါ၏တန်ခိုးတော်ကို အသုံးပြု၍ ပေတရုကို ရေပေါ်လမ်းလျှောက်နိုင်အောင် ပြုလုပ်ပေးနေသူမှာ ယေရှုကိုယ်တိုင်ဖြစ်သည်။ ပေတရု၏ယုံကြည်ခြင်းကြောင့် ယေရှု ထိုသို့လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ သို့သော် ပေတရု အာရုံပျံ့လွင့်သွားသည်။ “လေပြင်းမုန်တိုင်းတိုက်သည်ကို မြင်လျှင် [သူ] ကြောက်” လာ၏ဟု ကျွန်ုပ်တို့ ဖတ်ရသည်။ လှေကို တဝုန်းဝုန်း ရိုက်ခတ်နေသော ရေလှိုင်းများ၊ လေထဲလွင့်စဉ်သွားသော ရေမှုန်ရေမွှားများကို မျက်လုံးအဝိုင်းသားနှင့်ကြည့်ရင်း သူ အလွန် ထိတ်လန့်သွားသည်။ ရေနစ်တော့မည်ဟု သူ တွေးကောင်းတွေးမိပေမည်။ စိုးရွံ့စိတ်ဝင်လာသည်နှင့်အမျှ သူ၏ယုံကြည်ခြင်းလည်း လျော့နည်းသွားတော့သည်။ သို့ဖြင့် ကြံ့ခိုင်မှုဟူသော အရည်အသွေးကြောင့် ကျောက်ဆောင်ဟုအမည်ရထားသူသည် သူ၏ယုံကြည်ခြင်းမခိုင်မြဲမှုကြောင့် ကျောက်ခဲတစ်လုံးကဲ့သို့ နစ်မြုပ်စပြုလာသည်။ ပေတရုသည် ရေကူးကျွမ်းကျင်သော်လည်း ထိုကျွမ်းကျင်မှုကို ယခု သူ အားမကိုးတော့ချေ။ “သခင်၊ ကယ်တော်မူပါ” ဟု သူ ဟစ်အော်သည်။ ယေရှုသည် လက်ကိုဆန့်၍ သူ့ကို ဆွဲတင်လိုက်သည်။ ထို့နောက် ရေပေါ်တွင်ရှိနေစဉ်ပင် ကိုယ်တော်သည် ပေတရုကို “ယုံကြည်ခြင်း အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း” ဟုမိန့်ဆိုကာ အရေးကြီးသောသင်ခန်းစာ ပေးတော်မူ၏။—မဿဲ ၁၄:၃၀၊ ၃၁

‘ယုံမှားသံသယစိတ်ဝင်ခြင်း’ ဟူသည့်ထိုစကားလုံးသည် ချက်ကျလိုက်လေခြင်း။ သံသယစိတ်သည် ပြင်းထန်သော အဖျက်စွမ်းအားတစ်ခုဖြစ်နိုင်သည်။ ယင်းကို အလျှော့ပေးလိုက်လျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တဖြည်းဖြည်း ပျက်စီးစေနိုင်သည်။ ယင်းကို အားသွန်ခွန်စိုက် ပြန်တိုက်ထုတ်ဖို့လိုသည်။ မည်သို့အားဖြင့်နည်း။ အာရုံစိုက်ရာကို မှန်မှန်ကန်ကန်ထားရှိခြင်းအားဖြင့် ဖြစ်သည်။ ကြောက်လန့်စေသော၊ စိတ်ပျက်အားလျော့စေသော၊ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်ထံမှ သွေဖည်သွားစေသောအရာများကိုသာ ကျွန်ုပ်တို့ အာရုံစိုက်နေမည်ဆိုလျှင် သံသယစိတ် ပိုကြီးထွားလာပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ယေရှုကို အာရုံစိုက်မည်၊ မိမိတို့ကိုချစ်မြတ်နိုးသူများအတွက် ဘုရားသခင်နှင့်သားတော် လုပ်ဆောင်ပေးခဲ့ရာ၊ လုပ်ဆောင်ပေးနေသောအရာနှင့် လုပ်ဆောင်ပေးမည့်အရာတို့ကို အာရုံစိုက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်ခံ့နေပါလိမ့်မည်။

ပေတရုသည် ယေရှုနှင့်အတူ လှေပေါ်ပြန်တက်စဉ် မုန်တိုင်းစဲသွားကြောင်း သိလိုက်သည်။ ဂါလိလဲအိုင်သည် ငြိမ်သက်သွားလေပြီ။ ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏သားတော် အမှန်ဖြစ်ပါသည်” ဟုအခြားတပည့်များနည်းတူ ပြောလေသည်။ (မဿဲ ၁၄:၃၃) နံနက်မိုးသောက်ချိန်တွင် ပေတရု အလွန်ကျေးဇူးတင်နေမည်မှာ သေချာသည်။ စိုးရွံ့စိတ်ကြောင့် ယေဟောဝါနှင့် ယေရှုကို သံသယမဝင်ရန် သင်ခန်းစာရရှိခဲ့သည်။ ပေတရုသည် ယေရှုကြိုမြင်ခဲ့သည့်အတိုင်း ကျောက်ဆောင်ကဲ့သို့ ကြံ့ခိုင်သော ခရစ်ယာန်မဖြစ်လာမီ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ရသည်မှာ မှန်ပါသည်။ သို့သော် သူသည် ဆက်လက်ကြိုးစားရန်၊ ဆက်ပြီးတိုးတက်နေရန် ဆုံးဖြတ်ထားသည်။ သင်ကော ထိုသို့ဆုံးဖြတ်ထားသလော။ ပေတရု၏ယုံကြည်ခြင်းကို တုပထိုက်ကြောင်း သင်တွေ့ရမည်မှာ သေချာပါသည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယေရှုသည် နှိမ့်ချသောဤတံငါသည်တွင် အရည်အချင်းကောင်းများစွာရှိကြောင်း တွေ့ ရှိခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“သခင်၊ ကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏”

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

“လေပြင်းမုန်တိုင်းတိုက်သည်ကို မြင်လျှင် ကြောက်လေ၏”