မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

‘ဝတ်ပြုရာအိမ်တော်မှူး’ ကား မည်သူဖြစ်ပြီး သူ၏တာဝန်ကား အဘယ်နည်း။

တမန်တော်ပေတရုနှင့် ယောဟန်တို့ ဟောပြောနေစဉ် သူတို့ကို ဖမ်းဆီးခဲ့သော ဂျူးဘာသာရေးခေါင်းဆောင်များထဲတွင် ‘ဝတ်ပြုရာအိမ်တော်မှူး’ လည်းပါသည်။ (တမန်တော် ၄:၁-၃) ဝတ်ပြုရာအိမ်တော်မှူး၏ တာဝန်များအကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားခြင်းမရှိသော်လည်း သမိုင်းစာပေတချို့တွင်မူ စိတ်ဝင်စားဖွယ်နောက်ခံကို ဖော်ပြသည်။

ယေရှုခေတ်တွင် ယဇ်ပုရောဟိတ်မင်းပြီးလျှင် ဒုတိယအာဏာအရှိဆုံးဖြစ်သော ယဇ်ပုရောဟိတ်တစ်ဦးကို ထိုရာထူးပေးအပ်ထားခြင်း ဖြစ်ပုံရသည်။ ဝတ်ပြုရာအိမ်တော်မှူးသည် ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်အတွင်းအပြင် စည်းစနစ်တကျရှိစေရန် ကြည့်ရှုစောင့်ရှောက်ရသည်။ သူသည် ဝတ်ပြုရာအိမ်တော်တွင် ဝတ်ပြုရေးအစီအစဉ်များအပြင် ဝတ်ပြုရာအိမ်တော်တပ်သားများကိုလည်း ကြီးကြပ်ကွပ်ကဲရသည်။ သူ့လက်အောက်ရှိ အကြီးအမှူးများသည် ဝတ်ပြုရာအိမ်တော်တံခါးများကို နံနက်တွင် ဖွင့်ပြီး ညတွင် ပိတ်သော တံခါးစောင့်များကို ကြီးကြပ်ရသည့်အပြင် တားမြစ်နယ်မြေတွင် မည်သူမျှ မဝင်စေရန်နှင့် ဝတ်ပြုရာအိမ်တော်ဘဏ္ဍာတိုက်ကို စောင့်ကြပ်ရန် သေချာစေကြသည်။

ဝတ်ပြုရာအိမ်တော်တွင် အမှုဆောင်ကြသော ယဇ်ပုရောဟိတ်များနှင့် လေဝိသားများကို ၂၄ ဖွဲ့ဖွဲ့ထားပြီး တစ်ဖွဲ့စီသည် တစ်နှစ်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ် အလှည့်ကျ အမှုဆောင်ရသည်။ တစ်ဖွဲ့လျှင် အကြီးအမှူးတစ်ဦးစီရှိပုံရသည်။—၁ ရာဇဝင်ချုပ် ၂၄:၁-၁၈

ဝတ်ပြုရာအိမ်တော်မှူးများသည် ဩဇာအာဏာရှိသူများဖြစ်ကြသည်။ သူတို့သည် ယေရှုကိုသတ်ရန် ပူးပေါင်းကြံစည်ခဲ့ကြသော ယဇ်ပုရောဟိတ်ကြီးများနှင့်အတူ ပူးတွဲဖော်ပြခြင်းခံရပြီး ယေရှုကိုဖမ်းဆီးရန် လူအုပ်ကိုလည်း အမိန့်ပေးခဲ့သည်။—လုကာ ၂၂:၄၊ ၅၂

နှစ်ခြင်းဆရာယောဟန်သည် “ကျိုင်းကောင်နှင့် တောပျားရည်” ကိုစားသည်ဟု မဿဲ ၃:၄ ကဆိုသည်။ ထိုအချိန်က ကျိုင်းကောင်သည် စားနေကျအစာ တစ်မျိုးလော။

တချို့က ယောဟန်သည် အမှန်ပင် ကျိုင်းကောင်စားသုံးသည်ကို သံသယဖြစ်ကာ မဿဲသည် တောရိုင်းပင်တစ်မျိုး (locust tree) မှ သီးတောင့်များ သို့မဟုတ် ငါးတစ်မျိုးမျိုးကိုပင် ရည်ညွှန်းသည်ဟု ဆိုကြသည်။ သို့သော် မဿဲအသုံးပြုခဲ့သော ဂရိစကားလုံးသည် ယနေ့တွင် နှံကောင်မျိုးရင်းဝင်တစ်မျိုး (Acrididae) ကိုရည်ညွှန်းသည်။ အစ္စရေးနိုင်ငံတွင် လူသိအများဆုံးမှာ သီးနှံပင်များကို ပြုတ်ပြုတ်ပြုန်းအောင် ဝါးမျိုဖျက်ဆီးပစ်နိုင်သော ကန္တာရကျိုင်းကောင်အုပ်ဖြစ်သည်။—ယောလ ၁:၄၊ ၇; နာဟုံ ၃:၁၅

ကျိုင်းကောင်သည် ရှေးခေတ် အဆီးရီးယားလူမျိုးနှင့် အီသီယိုးပီးယားလူမျိုးတို့၏ အထူးစားဖွယ်ရာတစ်ခုဖြစ်ပြီး ယနေ့တွင်မူ ဘက်ဒိုဝင်လူမျိုးတချို့နှင့် ယီမင်နိုင်ငံသား ဂျူးများ စားသုံးနေဆဲပင်။ အစ္စရေးနိုင်ငံတွင် ကျိုင်းကောင်ကို ဆင်းရဲသားများ၏အစာအဖြစ် သတ်မှတ်ကြသည်။ ခေါင်း၊ ခြေလက်များနှင့် ဝမ်းဗိုက်ပိုင်းကို ဖယ်ပြီးနောက် ရင်အုံပိုင်းကို အစိမ်းဖြစ်စေ၊ ကင်၍ဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားသုံးကြသည်။ တစ်ခါတစ်ရံ ကျိုင်းကောင်ကို ဆားနယ်ထားကြသည်၊ ရှလကာရည် သို့မဟုတ် ပျားရည်တွင် စိမ်ထားကြသည်။ ယင်း၏အရသာမှာ ပုစွန်ဆိတ်အရသာနှင့် အတော်ဆင်သည်ဟု သမိုင်းပညာရှင် ဟန်ရီ ဒဲနီယယ်-ရော့ပ်ကဆို၏။

ယောဟန်သည် တောအရပ်တွင် ဟောပြောခဲ့သောကြောင့် ကျိုင်းကောင်ကိုအလွယ်တကူ ရခဲ့ပေမည်။ (မာကု ၁:၄) ကျိုင်းကောင်တွင် ပရိုတင်း ၇၅ ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ပျားရည်နှင့်တွဲစားပါက အာဟာရဓာတ်အလွန်ကြွယ်၀သည့် အစာပင်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ကျိုင်းကောင်များနှင့် သလဲသီးများ ကိုင်ထားသော အဆီးရီးယား အစေအပါးများ

[Credit Line]

From the book Discoveries Among the Ruins of Nineveh and Babylon (1853)