မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော

ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော

ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော

“စစ်မှုသည် ကျင့်ဝတ်စံနှုန်းနှင့်ဆန့်ကျင်သော ရာဇဝတ်မှုလော သို့မဟုတ် အပြစ်လော။ ယင်းသည် ပဟေဠိဖြစ်သည်။” —အိုလီဗာ အိုဒိုနိုဗန်၊ ခရစ်ယာန်ကျင့်ဝတ်ဆိုင်ရာ ပါမောက္ခ။

ကိုယ်ကျိုးစွန့်မှုဟုအမည်ပေးထားသော ပန်းချီကားတစ်ချပ်တွင် ပထမကမ္ဘာစစ်ကို သရုပ်ဖော်ထားပြီး အသတ်ခံရသောစစ်သားများ၊ စစ်ဒဏ်ကြောင့် နွမ်းလျနေသော အသက်ရှင်ကျန်ရစ်သူများနှင့် သူတို့၏မိသားစုများ နေရပ်သို့ပြန်နေကြပုံကို ရေးဆွဲထားကာ ကနေဒါစစ်သမိုင်းပြတိုက်တွင် ပြသထားသည်။ ထိုပန်းချီကား၏အထက်တွင် လက်ဝါးကပ်တိုင်ပေါ် ယေရှုခရစ် ရိုက်ထားခံရသည့်ပုံကို ချိတ်ဆွဲထားသည်။ “ငြိမ်းချမ်းရေးမင်းသား” ဖြစ်သော ယေရှု၏ပုံကို စစ်အနိဋ္ဌာရုံပန်းချီကား၏ဘေးတွင် ထားရှိကြောင်းတွေ့ရသောအခါ တချို့သူတို့ ထိတ်လန့်သွားကြသည်။ (ဟေရှာယ ၉:၆ကဘ) မိမိတို့နိုင်ငံသားများ၏ ကိုယ်ကျိုးစွန့်မှုကို ကျေးဇူးတင်လေးမြတ်ကြသော အခြားသူများကမူ ဘုရားသခင်နှင့် ကိုယ်တော့်သားတော်သည် ခရစ်ယာန်များကို နိုင်ငံ့လုံခြုံရေးနှင့် လွတ်လပ်ရေးအတွက် စစ်တိုက်ဖို့မျှော်လင့်သည်ဟု ယူမှတ်ကြသည်။

ဘာသာရေးခေါင်းဆောင်များသည် စစ်မှုရေးရာကိုထောက်ခံသော တရားများကို ရာစုနှစ်နှင့်ချီ၍ ဟောပြောခဲ့ကြသည်။ အေဒီ ၄၁၇ တွင် ချာ့ခ်ျဓမ္မပညာရှင်သြဂတ်စတင်းက ဤသို့ရေးခဲ့သည်– “လက်နက်ကိုင်စစ်သားအဖြစ် အမှုထမ်းသူကို ဘုရားသခင် နှစ်သက်လက်ခံမည်မဟုတ်ဟု သင်တို့ မယူမှတ်သင့်ချေ။ . . . သင်တို့သည် အခြားသူများ၏အကျိုးအတွက် မျက်စိဖြင့်မြင်နိုင်သော ရန်သူများကို တိုက်ခိုက်ပေးနေစဉ် သူတို့သည် ဆုတောင်းခြင်းအားဖြင့် သင်တို့အကျိုးအတွက် မျက်စိဖြင့်မမြင်နိုင်သော ရန်သူများကို တိုက်ခိုက်ပေးနေသည်။” ၁၃ ရာစုတွင် သောမတ်စ် အကွီနပ်စ်က “စစ်သည် ဆင်းရဲသားများနှင့် ပြည်သူတစ်ရပ်လုံးကို ရန်သူ [၏] ဒုက္ခပေးမှုမှ ကာကွယ်ပေးနေသရွေ့ တရားနှင့်ညီ၏” ဟုရှင်းပြခဲ့သည်။

သင် မည်သို့ယူဆသနည်း။ နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးကို ကာကွယ်ရန် သို့မဟုတ် ဖိနှိပ်မှုမှလွတ်မြောက်ရန်ဟူ၍ မွန်မြတ်သောအကြောင်းပြချက်ဖြင့် စစ်ရေးဆင်နွှဲသည့်အခါ ယင်းကို ဘုရားသခင် ကောင်းချီးပေးသလော။ ခရစ်ယာန်များသည် ယင်းနှင့်ပတ်သက်သည့် ဘုရားသခင့်အလိုတော်ကိုသိရှိရန် အဘယ် “ကျင့်ဝတ်စံနှုန်း” ကို အားထားနိုင်သနည်း။

ယေရှုခရစ်၏စံနမူနာ

မျက်မှောက်ခေတ် စစ်မှုရေးရာကဲ့သို့ ရှုပ်ထွေးသည့်ကိစ္စရပ်အပေါ် ဘုရားသခင်၏ရှုမြင်ချက်ကို သိရှိရန် ဖြစ်နိုင်ပါသလော။ ယင်းသို့အကျပ်ရိုက်နေသည့်အခြေအနေကို တမန်တော်ပေါလု အသိအမှတ်ပြုကာ ဤသို့ဆိုသည်– ‘“ယေဟောဝါဘုရားသခင်ကို သွန်သင်နိုင်မည်အကြောင်း ကိုယ်တော်၏စိတ်တော်ကို မည်သူသိသနည်း။” ငါတို့၌ကား ခရစ်တော်၏စိတ်သဘောထားမျိုးရှိ၏။’ (၁ ကောရိန္သု ၂:၁၆) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ကူညီရန် ယေရှုကို စံနမူနာရှင်အဖြစ် မြေကြီးသို့ စေလွှတ်တော်မူသည်။ ယေရှုမိန့်ဆိုခဲ့ရာနှင့် လုပ်ဆောင်ခဲ့ရာတို့သည် ယေဟောဝါ၏အကြံအစည်တော်နှင့် နည်းလမ်းတော်များကို ထင်ဟပ်ပြသည်။ ထို့ကြောင့် စစ်မှုရေးရာအကြောင်း ယေရှု အဘယ်အရာမိန့်ဆိုခဲ့သနည်း။ စစ်မှုတွင် မည်သည့်ဘက်၌ ကိုယ်တော် ရပ်တည်ခဲ့သနည်း။

ယေရှုခရစ်၏ အသက်နှင့်လုံခြုံရေးအတွက် လက်နက်ကိုင်တိုက်ခိုက်သည်ထက် ပိုကောင်းသည့်အကြောင်းပြချက်ရှိပုံ မရချေ။ ကိုယ်တော်၏တပည့်တစ်ဦး ထိုသို့ယူဆခဲ့သည်။ ယေရှု သစ္စာဖောက်ခံရပြီး လက်နက်ကိုင်လူတစ်စု၏ ဖမ်းဆီးခြင်းခံရသည့်ညတွင် ကိုယ်တော်၏မိတ်ဆွေ ပေတရုသည် “လက်ကိုဆန့်၍ ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ကျွန်ကို ခုတ်လိုက်ရာ နားရွက်ပြတ်လေ၏။” လက်နက်ကိုင်၍ ယေရှုကို ထိုသို့ကာကွယ်ပေးခြင်းသည် သင့်လျော်ပါသလော။ ယေရှုက ပေတရုအား “သင်၏ဓားကို သူ့နေရာ၌ ပြန်ထားလော့။ အကြောင်းမူကား ဓားကိုကိုင်သောသူရှိသမျှသည် ဓားဖြင့် ဆုံးရလိမ့်မည်” ဟုမိန့်ဆိုသည်။—မဿဲ ၂၆:၄၇-၅၂

ယေရှု၏တုံ့ပြန်မှုသည် အံ့ဩစရာမဟုတ်ချေ။ လွန်ခဲ့သောနှစ်နှစ်က ကိုယ်တော် ဤသို့မိန်ဆိုခဲ့သည်– “‘လူသားချင်းကို ချစ်လော့။ သင့်ရန်သူကိုမူ မုန်းလော့’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့သော် ငါဆိုသည်ကား သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။” (မဿဲ ၅:၄၃-၄၅) ခရစ်ယာန်တစ်ဦးသည် မိမိအားဆန့်ကျင်တိုက်ခိုက်နေသော ရန်သူများကို ချစ်နိုင်သည်၊ သူတို့အတွက် ဆုတောင်းပေးနိုင်သည်ဟု ယူဆခြင်းက ကျိုးကြောင်းညီညွတ်ပါသလော။

ခရစ်ယာန်များတွင် ရန်သူများစွာရှိခဲ့ကြောင်း သမိုင်းက သက်သေထူသည်။ ဥပမာ၊ ရောမတို့သည် ယေရှုခရစ်ကို အပြစ်စီရင်ပြီး အသေသတ်ခဲ့ကြသည်။ ယင်းနောက် မကြာမီတွင် ခရစ်ယာန်ဖြစ်သည်ဟု ဆိုခြင်းကပင် သေဒဏ်ခံထိုက်သောပြစ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ခရစ်ယာန်များသည် ဂျူးတချို့ ပြုလုပ်ခဲ့သကဲ့သို့ ရောမတို့၏ဖိနှိပ်မှုကို လက်နက်စွဲကိုင်တော်လှန်ရန် သွေးဆောင်ခံရနိုင်ကြောင်း ယေရှု ကြိုသိမြင်ခဲ့သည်။ ထို့ကြောင့် မိမိနောက်လိုက်များနှင့်ပတ်သက်၍ ကိုယ်တော်က “ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြပါ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၇:၁၆) ခရစ်ယာန်များသည် နိုင်ငံရေးတွင် ကြားနေရန် ရွေးချယ်ခဲ့ကြသည်။ သူတို့ခံရသော မတရားမှုနှင့် ခြိမ်းခြောက်မှု သို့မဟုတ် သူတို့နေထိုင်သောနိုင်ငံစသည်တို့က သူတို့ကို စစ်မှုရေးရာတွင် ပါဝင်စေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံသူများ

စစ်မှန်သောခရစ်ယာန်များသည် ယေရှု၏အလိုအတိုင်း ကြားနေရပ်တည်ခဲ့ကြသည်။ အာရှနယ်ရှိ ရှေးခေတ်မြို့တစ်မြို့ဖြစ်သော ဣကောနိမြို့တွင် ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ “မင်းအရာရှိများနှင့်တကွ လူမျိုးခြားတို့နှင့် ဂျူးတို့သည် ပေါလုနှင့် ဗာနဗတို့ကို စော်ကားပြောဆို၍ ခဲနှင့်ပေါက်ရန် ကြံစည်ကြောင်း သူတို့ကြားသိသော် လုကောနိပြည်ရှိ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်ဒေသများသို့ ထွက်ပြေးပြီးလျှင် ထိုအရပ်တို့၌ သတင်းကောင်းကို ဟောပြောလျက်နေကြ၏။” (တမန်တော် ၁၄:၅-၇) ခရစ်ယာန်များသည် ပြင်းထန်သည့်ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသည့်အခါ လက်နက်ကိုင်ပြီး မခုခံခဲ့သည့်အပြင် လက်တုံ့မပြန်ခဲ့ကြကြောင်း သတိပြုပါ။ ယင်းအစား သူတို့သည် “သတင်းကောင်း” ကို ဆက်ဟောပြောခဲ့ကြသည်။ အဘယ်သတင်းကောင်းကို သူတို့ဟောခဲ့ကြသနည်း။

ခရစ်ယာန်များသည် ယေရှုဟောခဲ့သည့် သတင်းကောင်းကို ဟောပြောခဲ့ကြသည်။ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ငါဟောပြောရမည်” ဟုကိုယ်တော်မိန့်ဆိုသည်။ (လုကာ ၄:၄၃) ယေရှုနှင့် ကိုယ်တော့်နောက်လိုက်များသည် ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံခဲ့ကြသည်။ ခရစ်တော်သည် ဘုရားသခင့်နိုင်ငံတော်ကို ကာကွယ်ရန် စစ်တပ်အင်အားကို တစ်ခါမျှ အသုံးမပြုခဲ့ချေ။ “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။ သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးလက်သို့ မရောက်ရန် ငါ၏လူတို့ တိုက်လှန်ကြပေမည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤလောကမှ မဟုတ်” ဟု ကိုယ်တော်မိန့်တော်မူခဲ့၏။—ယောဟန် ၁၈:၃၆

“သင်တို့အချင်းချင်းချစ်ကြ”

စစ်ကာလအတွင်း ကြားနေခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ ထူးခြားသောလက္ခဏာတစ်ရပ်ဖြစ်သည်။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၃၅) လက်နက်မစွဲကိုင်သည့်အတွက် လှောင်ပြောင်ခြင်း၊ ထောင်ချခြင်း သို့မဟုတ် အသေသတ်ခြင်းခံရလျှင်ပင် ထိုမေတ္တာမျိုးတင်ပြကြသော အုပ်စုတစ်စုကို တွေ့မြင်ရ၍ သန်းနှင့်ချီသောသူတို့ အားရရွှင်လန်းခဲ့ကြပြီ။

နာဇီတို့သိမ်းပိုက်ထားသော ဥရောပတွင် အာဏာပိုင်များသည် ယေဟောဝါသက်သေ ၁၀,၀၀၀ ခန့်ကို ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ချခဲ့ကြပြီး ၃,၀၀၀ ခန့်ကို ချွေးတပ်စခန်များသို့ ပို့လိုက်သည်။ ထိုကာလအတွင်း အမေရိကန်နိုင်ငံတွင် သက်သေခံ ၄,၃၀၀ ကျော်ကို စစ်ထဲမဝင်သည့်အတွက် ထောင်ချခဲ့သည်။ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုရှိ ယေဟောဝါသက်သေများသည် မိမိတို့၏ခရစ်ယာန်ညီအစ်ကိုများ သို့မဟုတ် အခြားသူများကို လက်နက်စွဲကိုင်ကာ မတိုက်ခိုက်ခဲ့ကြချေ။ လက်နက်စွဲကိုင်ခဲ့မည်ဆိုလျှင် သူတို့အချင်းချင်းနှင့် လူသားချင်းကိုချစ်သည်ဟု မည်သို့ဆိုနိုင်ပါမည်နည်း။

စစ်တိုက်ခြင်းသည် ကိုယ့်ကိုယ်ကိုကာကွယ်သည့် နည်းတစ်နည်းဖြစ်သည်ဟု လူများစွာ ယူမှတ်ကြသည်။ သို့သော် ဤအချက်ကို သုံးသပ်ကြည့်ပါ– ပထမရာစုခရစ်ယာန်များသည် နှိပ်စက်ညှဉ်းပန်းခံရပြီး ပြန်လည်မခုခံခဲ့ကြသော်လည်း သူတို့ ဆက်လက်တည်ရှိခဲ့ကြသည်။ အင်အားကြီးသော ရောမအင်ပါယာသည် ခရစ်ယာန်ဘာသာကို မသုတ်သင်နိုင်ခဲ့ချေ။ စစ်မှန်သောခရစ်ယာန်များသည် မျက်မှောက်ခေတ်အထိ ရှင်သန်နေကာ ကြားနေရပ်တည်မှုကို ဆက်လက်ထိန်းထားကြသည်။ သူတို့သည် ကိစ္စရပ်များကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းကြမည့်အစား အကူအညီအတွက် ဘုရားသခင်ကို ယုံကြည်စိတ်ချစွာ မျှော်ကိုးကြသည်။ အကြောင်းမှာ “ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ‘လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားသခင် မိန့်တော်မူ၏’” ဟူ၍ ကျမ်းစာ၌ ရေးထားသောကြောင့်ဖြစ်သည်။—ရောမ ၁၂:၁၉

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

ဘုရားသခင် ကောင်းချီးပေးခဲ့သော စစ်ပွဲများ

ခရစ်ယာန်ဘာသာ မတည်ထောင်မီ ရာစုနှစ်များစွာတွင် ဘုရားသခင် ရွေးချယ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ရှေးအစ္စရေးနိုင်ငံသည် တစ်ခါတစ်ရံ စစ်တပ်ဖွဲ့၍ စစ်ဆင်နွှဲရန် ခွင့်ပြုမိန့်ရရှိခဲ့သည်။ အာဗြဟံအား ဘုရားသခင်ကတိပြုခဲ့သော ခါနာန်ပြည်ထဲမဝင်မီ အစ္စရေးလူမျိုးကို ကိုယ်တော် ဤသို့မိန့်မှာခဲ့သည်– ‘သင်၏ဘုရားသခင်ယေဟောဝါသည် သင်သွား၍ဝင်စားလတ္တံ့သောပြည်သို့ သင့်ကိုဆောင်သွင်းလျက် . . . လူမျိုးခုနစ်မျိုးတို့ကို သင့်ထံကနှင်ထုတ်၍၊ တစ်ဖန် သင့်လက်၌အပ်တော်မူသောအခါ သူတို့ကိုလုပ်ကြံ၍ အကုန်အစင်သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိတ်သဟာယမဖွဲ့ရ။ ကရုဏာကိုမပြရ။’ (တရားဟောရာ ၇:၁၊ ၂) ထို့ကြောင့် အစ္စရေးဗိုလ်ချုပ်ယောရှုသည် ‘အစ္စရေးအမျိုး၏ဘုရားသခင် ယေဟောဝါမှာထားတော်မူသည်အတိုင်း’ ရန်သူတိုင်းနိုင်ငံများကို အနိုင်ယူခဲ့သည်။—ယောရှု ၁၀:၄၀

အစ္စရေးလူမျိုးသည် ရန်သူတိုင်းနိုင်ငံများကို အောင်ပွဲဆင်ကာ အတောမသတ် သိမ်းသွင်းခဲ့ခြင်းက အကြင်နာမဲ့ရာကျသလော။ လုံး၀မကျချေ။ ထိုတိုင်း​နိုင်ငံများတွင် မှားယွင်းသောဝတ်ပြုမှု၊ သွေးထွက်​သံယိုမှုနှင့် ယုတ်ညံ့သော လိင်အကျင့်များ ပြည့်နှက်နေသည်။ ကလေးငယ်များကိုပင် မီးရှို့ ပူဇော်ခဲ့ကြသည်။ (တောလည်ရာ ၃၃:၅၂; ယေရမိ ၇:၃၁) ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်မှု၊ တရားမျှတမှုနှင့် မိမိလူမျိုးကိုချစ်သည့်မေတ္တာက ခါနာန်ပြည်မှ မစင်ကြယ်မှုမှန်သမျှကို ဖယ်ရှားရန် ကိုယ်တော်အား လှုံ့ဆော်ခဲ့သည်။ သို့တိုင် ယေဟောဝါဘုရားသခင်သည် လူတိုင်း၏စိတ်နှလုံးကို စစ်ဆေးပြီး ဆိုးညစ်သောလမ်းစဉ်ကိုစွန့်ကာ ကိုယ်တော်အား ဝတ်ပြုလိုစိတ်ရှိသူများကို အသက်ချမ်းသာပေးခဲ့သည်။ ယင်းကို ယနေ့ စစ်ဦးစီးချုပ်များ မလုပ်ဆောင်နိုင်ပေ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေရှုသည် မိမိအတွက် သို့မဟုတ် ခရစ်ယာန်ချင်းများအတွက် ကာကွယ်တိုက်ခိုက်ပေးရန် နောက်တော်လိုက်များကို မျှော်လင့်ခဲ့သလော

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

၁၉၄၅ ခုနှစ်တွင် ဘူခန်ဝေါချွေးတပ်စခန်းမှ လွတ်မြောက်လာသော ယေဟောဝါသက်သေအုပ်စုတစ်စု