မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်ကာလဆီသို့ ခရီးတစ်ခေါက်

အတိတ်ကာလဆီသို့ ခရီးတစ်ခေါက်

အမေရိကန်နိုင်ငံမှစာတစ်စောင်

အတိတ်ကာလဆီသို့ ခရီးတစ်ခေါက်

ဘိုးဘေးတွေရဲ့ အသက်ရှင်နေထိုင်ပုံကို ကြည့်ရှုလေ့လာတဲ့ခရီးက ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလိုက်မလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အဲဒီလိုခရီးမျိုးထွက်ခဲ့ကြတာပါ။ ဆွစ်ဇလန်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ခရီးဆန့်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံကို အဘက်ဘက်မှာ အရမ်းခေတ်မီတဲ့နိုင်ငံလို့ လူအများစုက ယူဆကြပေမဲ့ ကျွန်တော်တို့ခရီးက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာဆီကို နောက်ကြောင်းပြန်ခေါ်သွားတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့ ပြောပြပါရစေ။

ဆွစ်ဂျာမန်စကားကို ကျွန်တော်တို့ပြောတတ်ကြတဲ့အတွက် အင်ဒီယန်းနားပြည်နယ်မှာ သုံးလနေဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်တို့ပန်းတိုင်ကတော့ ဘိုးဘေးတွေပြောခဲ့တဲ့ ဘာသာစကားကို ဆက်သုံးနေတဲ့ အာမစ်ရှ်မိသားစုတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဝေမျှဖို့ဖြစ်တယ်။ အင်ဒီယန်းနားပြည်နယ်မှာ အဲဒီမိသားစုတွေ ရာနဲ့ချီရှိတယ်။

အာမစ်ရှ်တွေဟာ ၁၇ ရာစုက ရှေးဦးနှစ်ခြင်းခရစ်ယာန်အုပ်စုတစ်စုကနေ ဆင်းသက်လာတဲ့သူတွေပါ။ ဆွစ်ဇလန်နိုင်ငံမှာနေတဲ့ ယာကော့ပ် အာမန်ဆိုတဲ့ သူတို့ခေါင်းဆောင်ရဲ့နာမည်ကို အစွဲပြုပြီး အာမစ်ရှ်လို့ နာမည်တွင်သွားတာ။ အဲဒီတုန်းက ဘုရားသခင်ကိုရိုသေကိုင်းရှိုင်းတဲ့သူတွေဟာ မွေးစကလေးတွေကို နှစ်ခြင်းပေးတာ၊ စစ်မှုထမ်းတာ မှားတယ်ဆိုတာ ကျမ်းစာလေ့လာရာကနေ သိလာကြတယ်။ သူတို့ရဲ့ယုံကြည်ချက်တွေကြောင့် အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတယ်။ တချို့ဆိုရင် သူတို့ရဲ့ဘာသာရေးယုံကြည်ချက်တွေကြောင့် အသက်ကိုတောင် စတေးလိုက်ရတယ်။ နှိပ်စက်ညှဉ်းပန်းမှု တိုးများလာပြီး လူအတော်များများလည်း ဆွစ်ဇလန်နိုင်ငံရဲ့ တခြားဒေသတွေနဲ့ ပြင်သစ်နိုင်ငံကို မဖြစ်မနေ ထွက်ပြေးခဲ့ရတယ်။ ၁၉ ရာစုအလယ်ပိုင်းရောက်တော့ အမေရိကန်နိုင်ငံကို လူထောင်နဲ့ချီ ထွက်ပြေးသွားကြတယ်။ သူတို့နဲ့အတူ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဆွစ်ဂျာမန်ဘာသာစကားလည်း ပါသွားတာပေါ့။

နူးညံ့သိမ်မွေ့တဲ့ ဒီလူတွေဆီ သွားလည်တဲ့အခါ သူတို့စကားကိုပြောတတ်တဲ့ ကျွန်တော်တို့ကို အိမ်ပေါက်၀မှာ တွေ့လိုက်တော့ သူတို့ အံ့ဩသွားကြတယ်။ မြင်ကွင်းကို ပုံဖော်ကြည့်လိုက်ပါ။

“ငါတို့စကားကို မင်းတို့ ဘယ်လိုလုပ် ပြောတတ်တာလဲ” ဆိုပြီး ဆွစ်ဂျာမန်စကားနဲ့ သူတို့မေးကြတယ်။

“ကျွန်တော်တို့က ဆွစ်ဇလန်နိုင်ငံသားတွေဖြစ်လို့ ပြောတတ်တာပါ” ဆိုပြီး ပြန်ဖြေလိုက်တယ်။

“ဒါပေမဲ့ မင်းတို့က အာမစ်ရှ်တွေမှမဟုတ်တာ” လို့ပြောပြီး သူတို့ ဇဝေဇဝါဖြစ်သွားကြတယ်။

လူအတော်များများက ကျွန်တော်တို့ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တဲ့အတွက် သူတို့ရဲ့ ရှေးဆန်တဲ့လူနေမှုဘ၀ပုံစံကို ရိပ်ကနဲမြင်လိုက်ရတယ်။ လျှပ်စစ်မီးသီးတွေ၊ ကားတွေ၊ ရေဘုံဘိုင်တွေ၊ ရေဒီယိုတွေအစား ဆီမီးအိမ်တွေ၊ မြင်းနဲ့မြင်းလှည်းတွေ၊ ရေတွင်းနဲ့ လေရဟတ်တွေ၊ သီချင်းဆိုတာတွေပဲရှိတယ်။

သူတို့ရဲ့ စိတ်နှိမ့်ချမှုနဲ့ ကျိုးနွံမှုကိုတော့ ကျွန်တော်တို့ အရမ်းသဘောကျသွားတယ်။ အာမစ်ရှ်တွေက သမ္မာကျမ်းစာကို နေ့စဉ် မပျက်မကွက် ဖတ်ပြီး ကျမ်းစာအကြောင်း တပျော်တပါး ဆွေးနွေးကြတယ်။ အဲဒါကြောင့် လူသားနဲ့ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်တွေအကြောင်း ဆွေးနွေးခွင့်ရခဲ့တယ်။

မကြာပါဘူး၊ ဆွစ်ဇလန်နိုင်ငံက ဧည့်သည်တွေ ရောက်နေတယ်ဆိုတဲ့သတင်း ပြန့်သွားတယ်။ လူအများက သူတို့ရဲ့ဆွေမျိုးတွေဆီကိုလည်း လည်ပတ်ဖို့ တောင်းဆိုတဲ့အခါ ကျွန်တော်တို့ ဝမ်းပန်းတသာ သွားလည်ခဲ့ကြတယ်။ အာမစ်ရှ်စာသင်ကျောင်းတစ်ကျောင်းကို လည်ပတ်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ အဲဒီကိုသွားဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘာတွေကြုံရမလဲ။

ကျောင်းတံခါးကို ကျွန်တော်တို့ ခေါက်လိုက်တော့ ဆရာက လာဖွင့်ပေးပြီး အထဲဝင်ဖို့ ချက်ချင်း ဖိတ်ခေါ်တယ်။ အခန်းထဲလည်း ဝင်လိုက်ရော ကျွန်တော်တို့ သူစိမ်းလေးယောက်ကို မျက်လုံး ၃၈ စုံက သိချင်ဇောနဲ့ စူးစိုက်ကြည့်နေလိုက်ကြတာ။ စာသင်ခန်းရှစ်ခန်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကို တစ်ခန်းတည်းမှာ စုထားတယ်။ သူတို့လေးတွေက အသက် ၇ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်အထိ ရှိကြတယ်။ ကျောင်းသူလေးတွေက အပြာရောင်ဝတ်စုံဝတ်ထားပြီး အဖြူရောင်ဦးထုပ်ဆောင်းထားတယ်။ ကျောင်းသားလေးတွေကတော့ အနက်ရောင်ဘောင်းဘီရှည်နဲ့ အပြာရင့်ရောင် ရှပ်အင်္ကျီတွေ ဝတ်ထားတယ်။ အခန်းရဲ့မျက်နှာကြက်က အမြင့်ကြီးပဲ။ နံရံသုံးခုကို ပင်လယ်ပြာရောင်သုတ်ထားပြီး အရှေ့ဖက်နံရံမှာတော့ သင်ပုန်းတစ်ခုရှိတယ်။ သင်ပုန်းရဲ့ဘေးမှာ ကမ္ဘာလုံးတစ်ခုနဲ့ လိပ်ထားတဲ့ကမ္ဘာ့မြေပုံတချို့ရှိတယ်။ စာသင်ခန်းထောင့်မှာ သံမီးဖိုကြီးတစ်ခုရှိတယ်။

အတန်းရှေ့မှာချထားတဲ့ ခုံတွေမှာ ကျွန်တော်တို့ ထိုင်လိုက်တဲ့အခါ ကလေးတွေက ကျွန်တော်တို့ကို စပ်စုတဲ့မျက်လုံးတွေနဲ့ အကဲခတ်ကြည့်နေကြတယ်။ ဆရာက အတန်းတိုင်းကိုခေါ်ပြီး မနေ့ကပေးလိုက်တဲ့အိမ်စာ ပြီးမပြီး စစ်ဆေးတယ်။ ဆရာက ကျောင်းသူကျောင်းသားတွေကို ဆွစ်တောင်တန်းကြီးတွေနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေမေးတဲ့အခါ ကျွန်တော်တို့ အံ့ဩသွားတယ်။ ပြဋ္ဌာန်းစာအုပ်တွေက အတော်လေးကို ဟောင်းနွမ်းနေပြီ။ ဆွစ်ဇလန်နိုင်ငံက စာအုပ်ထဲကပုံအတိုင်း ရှိနေတုန်းပဲလား၊ နွေရာသီမှာ နွားတွေက ကုန်းမြင့်ပေါ်က မြက်ခင်းပြင်ကြီးတွေဆီ သွားတုန်းပဲလား၊ တောင်တန်းတွေပေါ်မှာ နှင်းတွေကျတုန်းပဲလားဆိုပြီး ကျွန်တော်တို့ကို ဆရာက မေးတယ်။ နှင်းဖုံးနေတဲ့တောင်ထွတ်တွေရဲ့ ရောင်စုံဓာတ်ပုံတွေကို သူ့ရဲ့စာအုပ်ထဲက အဖြူအမည်းပုံတွေနားမှာ ကျွန်တော်တို့ ချပြလိုက်တဲ့အခါ သူ ပြုံးသွားတယ်။

ဆရာ့လက်ထောက်ဖြစ်တဲ့ သူ့ဇနီးက “ရှင်တို့ ယိုဒယ်လ် ဆိုတတ်သလား” လို့ မေးတယ်။ * အဲဒီမေးခွန်းကို ကျွန်တော်တို့ ခဏခဏ အမေးခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဆိုတတ်ပါဘူး။ အာမစ်ရှ်တွေက ယိုဒယ်လ် ကောင်းကောင်းဆိုတတ်တယ်ဆိုတာ ကျွန်တော်တို့ သိထားတဲ့အတွက် သီချင်းတစ်ပုဒ်ဆိုပြဖို့ တောင်းဆိုလိုက်တယ်။ ဒါနဲ့ အသံပေါင်း ၄၀ က အုပ်စုလိုက်ဆိုပြတာကို ကျွန်တော်တို့ တအံ့တဩ နားထောင်ခဲ့ရတယ်။ သီချင်းဆိုပြီးတဲ့အခါ ဆရာက ကလေးတွေကို အပြင်ခဏထွက်ဆော့ခိုင်းလိုက်တယ်။

အခု ဆရာ့ဇနီးက သီချင်းဆိုပြဖို့ ကျွန်တော်တို့ကို တောင်းဆိုတယ်။ ဆွစ်ဂျာမန် ကျေးလက်ရိုးရာသီချင်း အတော်များများကို ကျွန်တော်တို့ ဆိုတတ်တဲ့အတွက် သဘောတူလိုက်တယ်။ မကြာပါဘူး၊ ကျွန်တော်တို့ သီချင်းဆိုမယ့်သတင်းက ကစားကွင်းအထိ ပြန့်သွားတော့ ကလေးတွေအားလုံး စာသင်ခန်းထဲ ပြန်ဝင်လာကြတယ်။ အတန်းရှေ့မှာ ရပ်နေတဲ့ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် ကြိုးစားဆိုပြလိုက်တယ်။

ပြီးတော့ လူ ၁၂ ယောက်ရှိတဲ့ အာမစ်ရှ်မိသားစုတစ်စုက နေ့လယ်စာစားဖို့ ကျွန်တော်တို့ကို ဖိတ်တယ်။ သစ်သားစားပွဲရှည်ပေါ်မှာ အာလူးပြုတ်ထောင်း၊ ဝက်ပေါင်ခြောက်၊ ပြောင်းဖူး၊ ပေါင်မုန့်၊ ဒိန်ခဲ၊ ဟင်းသီးဟင်းရွက်၊ အဆာသွတ်မုန့်တွေနဲ့ တခြားအချိုပွဲတွေစတဲ့ စားကောင်းသောက်ဖွယ်ရာတွေ ခင်းထားတယ်။ အစာမစားခင် အားလုံးက ကိုယ့်ဘာသာကိုယ် အသံတိတ် ဆုတောင်းကြတယ်။ ဟင်းပွဲတွေကို လက်ဆင့်ကမ်းပေးရင်း ဆွစ်ဇလန်နိုင်ငံအကြောင်း၊ သူတို့ရဲ့ ဘိုးဘေးတွေအကြောင်း ကျွန်တော်တို့ ပြောပြတယ်။ သူတို့ကျတော့ သူတိုရဲ့လယ်သမားဘ၀အကြောင်း ပြောပြကြတယ်။ ကလေးတွေကတော့ အစာစားနေရင်း စကားတိုးတိုးပြောပြီး တခစ်ခစ်ရယ်နေကြတယ်။ အစာစားပြီးတဲ့အခါ ဒုတိယအကြိမ် ဆုတောင်းပြန်တယ်။ ဒါက ကလေးတွေကို စားပွဲဝိုင်းက ထဖို့ အချက်ပြလိုက်တာ။ ဒါပေမဲ့ သွားကစားခိုင်းတာတော့မဟုတ်ဘူး။ စားပွဲကို သန့်ရှင်းရေးလုပ်ဖို့တာဝန်နဲ့ ပန်းကန်တွေဆေးကြောဖို့ ရေတုံကင်နဲ့ရေနှိပ်ယူပြီး ရေနွေးတည်ရတဲ့တာဝန် ကလေးတွေမှာ ကိုယ်စီရှိကြတယ်။

ကလေးတွေ ပန်းကန်ဆေးနေတုန်း မိဘတွေက ကျွန်တော်တို့ကို ဧည့်ခန်းထဲ ခေါ်သွားတယ်။ ဆိုဖာထိုင်ခုံတွေမရှိပေမဲ့ သက်သောင့်သက်သာရှိတဲ့ သစ်သားလှုပ်ကုလားထိုင်တွေပေါ် ထိုင်ကြတယ်။ ဟောင်းနွမ်းနေတဲ့ ဂျာမန်သမ္မာကျမ်းစာအုပ်ကို ဗီရိုထဲကထုတ်လာပြီး အာမစ်ရှ်မိသားစုတွေ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း မကြာခင်မှာပဲ ကျွန်တော်တို့ ကျမ်းစာအကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေးကြတယ်။ ကမ္ဘာမြေကြီးနဲ့ လူသားတွေအတွက် ယေဟောဝါဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ။ စိတ်နှိမ့်ချတဲ့သူတွေ မြေကြီးကို အမွေခံမယ်လို့ ယေရှုပြောတဲ့အခါ ဘာကိုဆိုလိုသလဲ။ ဘုရားသခင်က တကယ်ပဲ လူဆိုးတွေကို မီးတောက်လောင်နေတဲ့ ငရဲမှာ ထာ၀စဉ် ညှဉ်းပန်းနှိပ်စက်မှာလား။ ကမ္ဘာမြေတစ်ခွင်လုံးမှာ သတင်းကောင်းဟောပြောပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို ဘယ်သူတွေ လုပ်ဆောင်နေသလဲ။ အဲဒီမေးခွန်းတွေနဲ့ နောက်ထပ်မေးခွန်းအများကြီးကို ဘုရားသခင်ကိုချစ်မြတ်နိုးတဲ့သူတွေနဲ့အတူ ဆွေးနွေးခွင့်ရတာ ကျွန်တော်တို့ ပျော်လိုက်တာ။

ပျော်ရွှင်စရာ တွေ့ကြုံမှုတွေရခဲ့တဲ့ အတိတ်ကခရီးကို ကျွန်တော်တို့ အခု တသသနဲ့ တွေးနေကြတာပါ။ ဆွစ်ဂျာမန်စကားပြောတဲ့သူတွေဆီ လည်ပတ်ပြီး ဆွေးနွေးပြောဆိုခဲ့တာတွေက သမ္မာကျမ်းစာရဲ့ တိကျမှန်ကန်တဲ့ အမှန်တရားကို လူတွေ လက်ခံဖို့ လမ်းပွင့်သွားစေတဲ့အပြင် သူတို့ရဲ့ နှလုံးကိုလည်း ထိမိစေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ရင်း ဆုတောင်းနေပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ယိုဒယ်လ်ဟူသည် သီချင်းကို ပုံမှန်အသံမှ အမြင့်ဆုံးအသံ၊ တစ်ဖန် အမြင့်ဆုံးအသံမှ ပုံမှန်အသံဖြင့် ပြောင်းလဲသီဆိုခြင်းဖြစ်သည်။ ယင်းကို ဆွစ်ဇလန်နိုင်ငံနှင့် ဩစတြီးယားနိုင်ငံတို့တွင် အများအားဖြင့် ဆိုတတ်ကြသည်။