မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း

မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း

မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း

“လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။” —၁ ကော. ၁၅:၂၂

၁၊ ၂။ (က) ယေရှုနဲ့တွေ့ဆုံခြင်းအပေါ် အန္ဒြေနဲ့ ဖိလိပ္ပုတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ (ခ) ယေရှုမေရှိယဖြစ်ကြောင်း အထောက်အထားတွေက ပထမရာစုအချိန်ကထက် ယနေ့ ကျွန်ုပ်တို့အချိန်မှာ ပိုများတယ်လို့ ဘာကြောင့်ပြောနိုင်ရသလဲ။

အန္ဒြေသည် နာဇရက်မြို့သား ယေရှုကို ဘုရားသခင်၏ဘိသိက်ပေးခံရသူအဖြစ် အခိုင်အမာယုံကြည်လျက် “ငါတို့သည် မေရှိယကိုတွေ့ ကြပြီ” ဟု မိမိအစ်ကိုပေတရုအား ပြောခဲ့သည်။ ဖိလိပ္ပုလည်း ယုံကြည်ခဲ့ပြီး သူ၏မိတ်ဆွေဖြစ်သူနာသနေလအား “မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၌ ရေးသားဖော်ပြသူကို ငါတို့တွေ့ကြပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့သား ယေရှုဖြစ်သည်” ဟုဆို၏။—ယော. ၁:၄၀၊ ၄၁၊ ၄၅

ယေရှုသည် ကတိထားရာမေရှိယ၊ ယေဟောဝါ၏ “ကယ်တင်သောကိုယ်စားလှယ်ချုပ်” ဖြစ်ကြောင်း သင်အကြွင်းမဲ့ ယုံကြည်ပါသလော။ (ဟေဗြဲ ၂:၁၀) ယေရှုမေရှိယဖြစ်ကြောင်း အထောက်အထားသည် ပထမရာစုအချိန်ကထက် ယနေ့ ကျွန်ုပ်တို့အချိန်တွင် ပိုများပါသည်။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ကိုယ်တော်မွေးဖွားချိန်မှ ထမြောက်ချိန်အထိ မငြင်းဆိုနိုင်သောအထောက်အထားများကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ယောဟန် ၂၀:၃၀၊ ၃၁ ကိုဖတ်ပါ။) ယေရှုသည် ကောင်းကင်မှနေ၍ မေရှိယတစ်ဦးအနေနှင့် မိမိ၏အခန်းကဏ္ဍကို ဆက်လက်ပြည့်စုံစေမည်ဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (ယော. ၆:၄၀; ၁ ကောရိန္သု ၁၅:၂၂ ကိုဖတ်ပါ။) ယနေ့ သင်လည်း သမ္မာကျမ်းစာလေ့လာရာမှရရှိသည့် အသိပညာကြောင့် ‘မေရှိယကိုတွေ့ပြီ’ ဟုပြောနိုင်ပါသည်။ သို့သော် အစောပိုင်းတပည့်များသည် မည်သို့အားဖြင့် မေရှိယကိုတွေ့ပြီဟု မှန်ကန်စွာကောက်ချက်ချနိုင်ခဲ့သည်ကို ဦးစွာသုံးသပ်ကြည့်ကြစို့။

မေရှိယနှင့်ပတ်သက်သော “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုအဆင့်ဆင့်ဖော်ပြခဲ့

၃၊ ၄။ (က) ပထမရာစုတပည့်တွေ မေရှိယကို ဘယ်လိုတွေ့ရှိခဲ့ကြသလဲ။ (ခ) ယေရှုတစ်ပါးတည်းကသာ မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေခဲ့တယ်လို့ သင် ဘာကြောင့်ပြောနိုင်ရသလဲ။

ယေရှုသည် မေရှိယဖြစ်ကြောင်း ကိုယ်တော်၏ပထမရာစုနောက်လိုက်များ မည်သို့ အသေအချာပြောနိုင်ခဲ့ကြသနည်း။ ယေဟောဝါသည် ပရောဖက်များမှတစ်ဆင့် ရောက်ရှိလာတော့မည့်မေရှိယအား ခွဲခြားသိမြင်စေသည့် အမှတ်အသားများကို အဆင့်ဆင့် ဖော်ပြခဲ့သည်။ ကျမ်းပညာရှင်တစ်ဦးက ဤဖြစ်စဉ်ကို စကျင်ကျောက်ရုပ်တုတစ်ခု၏အပိုင်းအစများ ဆက်ခြင်းနှင့် နှိုင်းယှဉ်၏။ တစ်ဦးနှင့်တစ်ဦး တစ်ခါမျှအဆက်အဆံမရှိခဲ့ဖူးသော လူများသည် အခန်းတစ်ခုအတွင်းသို့ ရုပ်တု၏အပိုင်းအစတစ်ခုစီ ယူလာကြသည်ဟု မြင်ယောင်ကြည့်ပါ။ အပိုင်းအစများသည် တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျဖြစ်ကာ ပြည့်စုံသော ရုပ်တုတစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်ဆိုလျှင် ယင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ တစ်စုံတစ်ဦးက ယင်းအပိုင်းအစများကို ထိုသူတို့ထံပို့ရန် နောက်ကွယ်မှ ညွှန်ကြားနေခြင်းဖြစ်ရမည်ဟု ဆင်ခြင်တုံတရားနှင့်အညီ သင် ကောက်ချက်ချမည်ဖြစ်သည်။ ရုပ်တု၏အပိုင်းအစတစ်ခုစီကဲ့သို့ မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်တစ်ခုစီသည် မေရှိယနှင့်ပတ်သက်သော အကြောင်းအရာများ၏ အဓိကအပိုင်းအစများဖြစ်သည်။

မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်အားလုံးသည် ပုဂ္ဂိုလ်တစ်ဦးထံတွင် တိုက်ဆိုင်စွာ ပြည့်စုံနိုင်မည်လော။ မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်အားလုံး ပုဂ္ဂိုလ်တစ်ဦးတွင် မတော်တဆ ပြည့်စုံခဲ့သည်ဟုဆိုခြင်းမှာ “မည်သို့မျှ” ယုတ္တိမရှိချေ။ “သမိုင်းတစ်လျှောက်လုံးတွင် ယေရှုတစ်ပါးတည်းကသာ ယင်းသို့ပြည့်စုံစေနိုင်သည်” ဟုသုတေသီတစ်ဦးကဆိုသည်။

၅၊ ၆။ (က) စာတန်ကို ဘယ်လို တရားစီရင်မလဲ။ (ခ) ကတိထားရာ “အမျိုးအနွယ်” ရဲ့ ဆွေစဉ်မျိုးဆက်ကို ဘုရားသခင် ဘယ်လို အဆင့်ဆင့်ဖော်ပြခဲ့သလဲ။

မေရှိယကိုဗဟိုပြုသော ပရောဖက်ပြုချက်များသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” တစ်ခုဖြစ်ကာ စကြ၀ဠာအရေးကိစ္စနှင့်ပတ်သက်သည့် ကဏ္ဍများစွာပါဝင်သည်။ (ကော. ၁:၂၆၊ ၂၇; က. ၃:၁၅) ယင်းလျှို့ဝှက်ချက်တွင် လူသားများအား အပြစ်နှင့်သေခြင်းသို့ ကျရောက်စေသော “မူလမြွေ” စာတန်ကို တရားစီရင်ခြင်းပါဝင်သည်။ (ဗျာ. ၁၂:၉) မည်ကဲ့သို့ တရားစီရင်မည်နည်း။ စာတန်၏ခေါင်းကိုကြိတ်မည့် “အမျိုးအနွယ်” သည် “မိန်းမ” ထံမှ ဆင်းသက်လာမည်ဟု ယေဟောဝါ ကြိုဟောတော်မူခဲ့သည်။ ကြိုဟောထားသော “အမျိုးအနွယ်” သည် မြွေ၏ဦးခေါင်းကို ကြိတ်ခြင်းဖြင့် ပုန်ကန်မှု၊ အဖျားအနာနှင့် သေခြင်းတို့ကို ဖြစ်စေသည့်အကြောင်းရင်းများကို ဖယ်ရှားပါလိမ့်မည်။ သို့သော် ဦးစွာ စာတန်သည် ဘုရားသခင်၏ခွင့်ပြုချက်ဖြင့် မိန်းမ “အမျိုးအနွယ်” ၏ဖနောင့်ကို ပုံဆောင်သဘောအရ ဒဏ်ရာရစေမည်ဖြစ်သည်။

မည်သူသည် ကတိထားရာ “အမျိုးအနွယ်” ဖြစ်မည်ကို ယေဟောဝါ အဆင့်ဆင့် ဖော်ပြတော်မူသည်။ ဘုရားသခင်က အာဗြဟံကို ဤသို့ကျိန်ဆိုခဲ့သည်– “သင်၏အမျိုးအနွယ်အားဖြင့် လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (က. ၂၂:၁၈) မောရှေက ထိုသူသည် မိမိထက်သာ၍ကြီးမြတ်သော “ပရောဖက်တစ်ပါး” ဖြစ်မည်ဟု ကြိုဟောခဲ့သည်။ (တရား. ၁၈:၁၈၊ ၁၉) မေရှိယသည် ဒါဝိဒ်ထံမှဆင်းသက်လာပြီး သူ၏မင်းအရိုက်အရာကို ဆက်ခံမည်ဖြစ်ကြောင်း ဒါဝိဒ်ယုံကြည်စိတ်ချခဲ့ပြီး နောက်ပိုင်းတွင် ပရောဖက်များက ယင်းကိုအတည်ပြုခဲ့သည်။—၂ ရာ. ၇:၁၂၊ ၁၆; ယေ. ၂၃:၅၊ ၆

ယေရှု မေရှိယဖြစ်ကြောင်း အထောက်အထားများ

၇။ ယေရှုက ဘယ်လိုနည်းနဲ့ ဘုရားသခင်ရဲ့ “မိန်းမ” ကနေ ဆင်းသက်လာသူ ဖြစ်သလဲ။

ဘုရားသခင်သည် မိမိ၏ဇနီးနှင့်တူသော ကောင်းကင်နာမ်ဝိညာဉ်အဖွဲ့အစည်းမှ ကိုယ်တော်၏ပထမဦးဆုံးဖန်ဆင်းရာဖြစ်သည့် မိမိ၏သားတော်ကို “အမျိုးအနွယ်” အဖြစ်စေလွှတ်ခဲ့သည်။ ယင်းက တစ်ပါးတည်းသောသားတော်သည် ကောင်းကင်အသက်တာတွင် “ပိုင်ဆိုင်သမျှကိုစွန့်” ၍ စုံလင်သောလူသားတစ်ဦးအဖြစ် မွေးဖွားခံရရန်လိုအပ်သည်။ (ဖိ. ၂:၅-၇; ယော. ၁:၁၄) မာရိအပေါ် သန့်ရှင်းသောစွမ်းအားတော် “သက်ရောက်” ခြင်းက မွေးဖွားလာမည့်သူသည် ‘ဘုရားသခင့်သားတော်ဟု ခေါ်ဆို’ ခံရမည့်သူဖြစ်ကြောင်း သေချာစေခဲ့သည်။—လု. ၁:၃၅

၈။ ယေရှုက ရေမှာနှစ်ခြင်းခံဖို့ ကိုယ်တိုင်ကြွလာချိန်မှာ မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို ဘယ်လိုပြည့်စုံစေခဲ့သလဲ။

မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် ယေရှုပေါ်ထွန်းမည်ကို မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များက ဖော်ပြခဲ့သည်။ ယေရှုသည် ကြိုဟောထားသည့်အတိုင်း ဗက်လင်မြို့ သို့မဟုတ် ဘက်သလီဟင်မြို့တွင် မွေးဖွားခဲ့သည်။ (မိ. ၅:၂) ပထမရာစုဂျူးများသည် မေရှိယကို အလွန်မျှော်လင့်ခဲ့ကြ၏။ မေရှိယပေါ်ထွန်းခြင်းကို မျှော်လင့်နေရာ နှစ်ခြင်းဆရာယောဟန်သည် “ခရစ်တော်ဖြစ်ပါမည်လော” ဟုမေးကြသည်။ သို့သော် ယောဟန်က “ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်၌ကြွလာလိမ့်မည်” ဟု ပြန်ဖြေခဲ့သည်။ (လု. ၃:၁၅၊ ၁၆) စီအီး ၂၉၊ ယေရှုအသက် ၃၀ တွင် နှစ်ခြင်းခံရန် ယောဟန်ထံကြွလာကာ မိမိသည် မေရှိယဖြစ်ကြောင်း အချိန်ကိုက်ဖော်ပြခဲ့သည်။ (ဒံ. ၉:၂၅) ထို့နောက် ကိုယ်တော်သည် မိမိ၏ထူးခြားသောခရစ်ယာန်ဓမ္မအမှုကို စတင်ကာ ဤသို့ပြောခဲ့သည်– “ချိန်းချက်တော်မူရာအချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီ။”—မာ. ၁:၁၄၊ ၁၅

၉။ အချက်အလက်တွေ အသေးစိတ်မပြည့်စုံသေးပေမဲ့ ယေရှုရဲ့တပည့်တွေမှာ အဘယ်ခိုင်မာတဲ့ ယုံကြည်ခြင်းမျိုးရှိခဲ့သလဲ။

သို့သော် လူများ၏မျှော်လင့်ချက် ပြုပြင်ပြောင်းလဲရန် လိုအပ်ခဲ့သည်။ လူများသည် အကြောင်းကောင်းဖြင့် ယေရှုအား ဘုရင်အဖြစ် ကြွေးကြော်ခဲ့သော်လည်း ယေရှုသည် အနာဂတ်တွင် ကောင်းကင်မှအုပ်ချုပ်မည်ဖြစ်ကြောင်း ထိုအချိန်ကလူများ အပြည့်အ၀ နားမလည်ခဲ့ကြပါ။ (ယော. ၁၂:၁၂-၁၆; ၁၆:၁၂၊ ၁၃; တ. ၂:၃၂-၃၆) သို့သော် ယေရှုက “ငါမည်သူဖြစ်သည်ဟု သင်တို့ဆိုကြမည်နည်း” ဟု မေးသောအခါ ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်ပါသည်” ဟု ချက်ချင်းပြန်ဖြေခဲ့သည်။ (မ. ၁၆:၁၃-၁၆) သွန်သင်ချက်တစ်ခုကြောင့် လူများထိမိ၍လဲကာ ယေရှုကို ကျောခိုင်းသွားသောအခါတွင်လည်း ပေတရု ထိုသို့ပင် ဖြေဆိုခဲ့သည်။—ယောဟန် ၆:၆၈၊ ၆၉ ကိုဖတ်ပါ။

မေရှိယ၏စကားကို နားထောင်ခြင်း

၁၀။ ယေရှုရဲ့စကားကို နားထောင်ဖို့ ယေဟောဝါ ဘာကြောင့် အလေးပေးဖော်ပြခဲ့သလဲ။

၁၀ ဘုရားသခင့်တစ်ပါးတည်းသောသားတော်သည် ကောင်းကင်တွင် တန်ခိုးကြီးသော နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးဖြစ်၏။ မြေကြီးပေါ်တွင် ယေရှုသည် “ခမည်းတော်၏ ကိုယ်စားလှယ်တော်” ဖြစ်သည်။ (ယော. ၁၆:၂၇၊ ၂၈) ကိုယ်တော် ဤသို့ဆို၏– “ငါသွန်သင်သော တရားသည် ငါ၏တရားမဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏။” (ယော. ၇:၁၆) ကိုယ်ယောင်ပြောင်းလဲချိန်တွင် ယေရှု၏ မေရှိယအဖြစ်တော်ကို အတည်ပြုပြီးနောက် “သူ၏စကားကို နားထောင်ကြလော့” ဟု ယေဟောဝါ ညွှန်ကြားခဲ့သည်။ (လု. ၉:၃၅) မှန်ပါသည်၊ ဤရွေးချယ်ထားသူ၏စကားကို နားထောင် သို့မဟုတ် နာခံရန်ဖြစ်သည်။ ယင်းတွင် ဘုရားသခင့်မျက်နှာသာနှင့် ထာ၀ရအသက်အမှန်ရစေသော ယုံကြည်ခြင်းနှင့် ကောင်းမွန်သောအလုပ်များ ပါဝင်သည်။—ယော. ၃:၁၆၊ ၃၅၊ ၃၆

၁၁၊ ၁၂။ (က) ပထမရာစုဂျူးတွေက ဘာအကြောင်းတွေကြောင့် ယေရှုကို မေရှိယအဖြစ် လက်မခံခဲ့ကြတာလဲ။ (ခ) ယေရှုကို ဘယ်သူတွေ ယုံကြည်ခဲ့ကြသလဲ။

၁၁ ယေရှုသည် မေရှိယဖြစ်ကြောင်း အထောက်အထားများစွာရှိသော်လည်း ပထမရာစုမှ ဂျူးအများစုသည် ယေရှုကို မေရှိယအဖြစ် လက်မခံခဲ့ကြချေ။ အကြောင်းမှာ မေရှိယသည် သူတို့ကို ရောမဖိနှိပ်မှုအောက်မှ ကယ်တင်မည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်မည်ဟူသော ထင်မြင်ချက်အပါအဝင်၊ သူတို့တွင် မေရှိယနှင့်ပတ်သက်သော ကိုယ်ပိုင်အယူအဆများ ရှိနှင့်ပြီးသားဖြစ်သည်။ (ယောဟန် ၁၂:၃၄ ကိုဖတ်ပါ။) ထို့ကြောင့် မထီမဲ့မြင်ပြုခံရသူ၊ စွန့်ပယ်ခံရသူ၊ အနာရောဂါနှင့် အကျွမ်းဝင်သောသူ၊ အဆုံးတွင် အသေသတ်ခြင်းခံရသူဖြစ်မည်ဟူသော ပရောဖက်ပြုချက်များကို ပြည့်စုံစေမည့်သူအား လက်မခံနိုင်ကြချေ။ (ဟေရှာ. ၅၃:၃၊ ၅) ရောမဖိနှိပ်မှုမှ လွတ်မြောက်အောင် ယေရှုမလုပ်ဆောင်ပေးခဲ့သည့်အတွက် ကိုယ်တော်၏သစ္စာရှိတပည့်အချို့ပင် စိတ်ပျက်ခဲ့ကြသည်။ သို့သော် သူတို့သည် ဆက်သစ္စာရှိခဲ့ကြပြီး အချိန်တန်သော် မှန်ကန်စွာသိနားလည်ခဲ့ကြသည်။—လု. ၂၄:၂၁

၁၂ ယေရှုအား ကတိထားရာမေရှိယအဖြစ် လက်မခံသည့် နောက်အကြောင်းရင်းတစ်ခုမှာ လက်ခံရခက်သည်ဟု လူအများယူဆသော ကိုယ်တော့်သွန်သင်ချက်များကြောင့်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်လိုလျှင် ‘ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်’၊ ယေရှု၏ အသားကို “စား” ၍ အသွေးကို “သောက်” ရမည်၊ “နောက်တစ်ဖန်မွေးဖွားခြင်းကိုခံ” ၍ “လောကနှင့်သီးခြားဖြစ်ရန်” လိုသည်။ (မာ. ၈:၃၄; ယော. ၃:၃; ၆:၅၃; ၁၇:၁၄၊ ၁၆) မာနကြီးသူများ၊ ချမ်းသာသူများ၊ အရေခြုံဟန်ဆောင်သူများက ယင်းတောင်းဆိုချက်များကို လိုက်နာရန် ခက်ခဲသည်ဟု ရှုမြင်ကြ၏။ သို့သော် “ဤသူသည် လောက၏ကယ်တင်ရှင်အမှန်ဖြစ်” သည်ဟု ပြောခဲ့ကြသော ရှမာရိလူအချို့ကဲ့သို့ပင် နှိမ့်ချသောဂျူးများသည် ယေရှုအား မေရှိယအဖြစ် လက်ခံခဲ့ကြသည်။—ယော. ၄:၂၅၊ ၂၆၊ ၄၁၊ ၄၂; ၇:၃၁

၁၃။ ပုံဆောင်သဘောအရ ယေရှုက ဘယ်လိုနည်းနဲ့ ဖနောင့်ဒဏ်ရာရခဲ့သလဲ။

၁၃ မိမိသည် ယဇ်ပုရောဟိတ်အကြီးများ၏ စီရင်ခြင်းကိုခံရပြီး လူမျိုးခြားတို့လက်ဖြင့် နှက်တိုင်တင်ခြင်းခံရမည်၊ သို့သော် သုံးရက်မြောက်သောနေ့တွင် ထမြောက်မည်ဟု ယေရှုကြိုပြောခဲ့သည်။ (မ. ၂၀:၁၇-၁၉) ကိုယ်တော်သည် ဆဲန်ဟီဒရင်ရှေ့မှောက်တွင် “ဘုရားသခင်၏သားတော်၊ ခရစ်တော်” ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သောကြောင့် ဘုရားသခင်အားစော်ကားပြောဆိုသူအဖြစ် စီရင်ခံခဲ့ရသည်။ (မ. ၂၆:၆၃-၆၆) ဂျူးတို့သည် ကိုယ်တော်အား ပုန်ကန်သူအဖြစ် စွပ်စွဲကြသော်လည်း ပိလတ်သည် ကိုယ်တော်၌ “သေထိုက်သောပြစ်မှုတစ်ခုကိုမျှမတွေ့” ခဲ့ချေ။ သို့သော် ပိလတ်သည် “ယေရှုကို သူတို့အလိုသို့ အပ်လိုက်လေ၏။” (လု. ၂၃:၁၃-၁၅၊ ၂၅) ကိုယ်တော်သည် ဘုရားသခင်စေလွှတ်သူဖြစ်ကြောင်း သက်သေအထောက်အထားများစွာရှိသော်လည်း သူတို့သည် “အသက်ရှင်ခြင်းသို့ပို့ဆောင်တော်မူသောအရှင်” ကို “ငြင်းပယ်” ၍ သတ်ရန် လုပ်ကြံဖန်တီးခဲ့ကြသည်။ (တ. ၃:၁၃-၁၅) မေရှိယသည် စီအီး ၃၃၊ ပသခါပွဲနေ့တွင် နှက်တိုင်တင်ခံရခြင်းဖြင့် ကြိုဟောထားသည့်အတိုင်း “အသေသတ်ခြင်းကိုခံ” ခဲ့ရသည်။ (ဒံ. ၉:၂၆၊ ၂၇; တ. ၂:၂၂၊ ၂၃) ဤသို့ရက်စက်စွာအသတ်ခံရခြင်းက ကမ္ဘာဦး ၃:၁၅ တွင်ကြိုဟောထားသော “ဖနောင့်” ဒဏ်ရာကို ကိုယ်တော်ခံစားရခြင်းဖြစ်သည်။

မေရှိယ အဘယ်ကြောင့် သေဆုံးရ

၁၄၊ ၁၅။ (က) အဘယ်အကြောင်းရင်းနှစ်ရပ်ကြောင့် ယေဟောဝါက ယေရှုကို အသေခံဖို့ခွင့်ပြုခဲ့သလဲ။ (ခ) ရှင်ပြန်ထမြောက်ပြီးတဲ့နောက် ယေရှုဘာလုပ်ဆောင်ခဲ့သလဲ။

၁၄ အဓိကအကြောင်းရင်းနှစ်ရပ်ကြောင့် ယေရှုအသတ်ခံရရန် ယေဟောဝါခွင့်ပြုခြင်းဖြစ်သည်။ ပထမအချက်မှာ ယေရှု၏သစ္စာရှိစွာသေဆုံးခြင်းသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” ၏အရေးပါသောအချက်တစ်ချက်ကို ဖြေရှင်းနိုင်ခဲ့သည်။ စုံလင်သောလူတစ်ဦးသည် စာတန်ဖြစ်ပေါ်စေသော အပြင်းထန်ဆုံးစမ်းသပ်မှုများကြားမှ ‘ဘုရားသခင်၏ဝတ်တွင် ဆက်၍မွေ့လျော်’ နိုင်ပြီး ဘုရားသခင်၏ပိုင်သအုပ်စိုးမှုဘက် ရပ်တည်နိုင်ကြောင်း ကိုယ်တော် သက်သေပြခဲ့သည်။ (၁ တိ. ၃:၁၆) ဒုတိယအချက်မှာ ယေရှုပြောသည့်အတိုင်းဖြစ်သည်– “လူသားသည် . . . လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူသည်။” (မ. ၂၀:၂၈) ယင်း “ညီမျှသော ရွေးနုတ်ဖိုး” ကြောင့် အာဒံ၏သားစဉ်မြေးဆက်များ အမွေရထားသောအပြစ်တရား ချေဖျက်ခံရသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းနည်းလမ်းအဖြစ် ယေရှုကို လက်ခံသူအားလုံးသည် ထာဝရအသက် ရရှိနိုင်၏။—၁ တိ. ၂:၅၊ ၆

၁၅ သင်္ချိုင်းတွင် သုံးရက်နေပြီးနောက် ခရစ်တော်ထမြောက်ခဲ့ပြီး တပည့်များရှေ့တွင် ရက် ၄၀ ကိုယ်ယောင်ထင်ရှားပြခဲ့ကာ မိမိအသက်ရှင်ပြီဖြစ်ကြောင်း သက်သေပြ၍ သူတို့ကို ထပ်ဆင့်ညွှန်ကြားချက်များ ပေးခဲ့သည်။ (တ. ၁:၃-၅) ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွတော်မူပြီး ယေဟောဝါအား မိမိ၏အဖိုးထိုက်ပူဇော်ရာယဇ်၏ တန်ဖိုးကို ဆက်သခဲ့ကာ မိမိအား မေရှိယဘုရင်အဖြစ် ခန့်အပ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ဤအချိန်တွင် ကိုယ်တော်၌ လုပ်စရာများစွာရှိသည်။

မေရှိယ၏ အခန်းကဏ္ဍကို အပြည့်အဝထမ်းဆောင်ခြင်း

၁၆၊ ၁၇။ ယေရှုကောင်းကင်ကို တက်ကြွသွားပြီးတဲ့နောက် ကိုယ်တော်ပြည့်စုံစေခဲ့တဲ့၊ ပြည့်စုံစေဦးမယ့် မေရှိယအခန်းကဏ္ဍကို အကျဉ်းချုံးဖော်ပြပါ။

၁၆ ယေရှုထမြောက်ပြီးနောက် ရာစုနှစ်များစွာအတွင်း ကိုယ်တော်သည် ခရစ်ယာန်အသင်းတော်အပေါ် ဘုရင်အဖြစ်အုပ်ချုပ်ပြီး ယင်းနှင့်သက်ဆိုင်သောလုပ်ဆောင်မှုများကို သစ္စာရှိစွာ ကြီးကြပ်ခဲ့သည်။ (ကော. ၁:၁၃) ချိန်းချက်ချိန်ရောက်သောအခါ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် မိမိ၏အခွင့်အာဏာကို စတင်အသုံးပြုမည်။ ကျမ်းစာပရောဖက်ပြုချက်များနှင့် ကမ္ဘာ့အဖြစ်အပျက်များက ၁၉၁၄ ခုနှစ်တွင် ကိုယ်တော်သည် ဘုရင်အဖြစ် ရောက်ရှိလာပြီး “ဤလောကစနစ်နိဂုံးပိုင်း” စတင်ကြောင်း အတည်ပြုသည်။ (မ. ၂၄:၃; ဗျာ. ၁၁:၁၅) ယင်းနောက် မကြာမီတွင် ကိုယ်တော်သည် သန့်ရှင်းသောကောင်းကင်တမန်များကို ဦးဆောင်ကာ စာတန်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်မှ နှင်ချခဲ့သည်။—ဗျာ. ၁၂:၇-၁၀

၁၇ စီအီး ၂၉ တွင် ကိုယ်တော်အစပြုခဲ့သော ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းသည် အထွတ်အထိပ်သို့ ရောက်တော့မည်။ မကြာမီ ကိုယ်တော်သည် သက်ရှိအားလုံးကို တရားစီရင်ပါလိမ့်မည်။ ယေဟောဝါ၏ ကယ်တင်ရာနည်းလမ်းအဖြစ် ကိုယ်တော်ကိုလက်ခံသော သိုးကဲ့သို့သောသူတို့အား “ဤလောကတည်ချိန်မှစ၍ သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံကို လာ၍အမွေခံကြလော့” ဟု ကိုယ်တော် ပြောပါလိမ့်မည်။ (မ. ၂၅:၃၁-၃၄၊ ၄၁) ကိုယ်တော်သည် ကောင်းကင်ဗိုလ်ခြေများအား ဦးဆောင်ကာ ဆိုးညစ်သူအပေါင်းကို တိုက်ခိုက်သောအခါ မိမိအား ဘုရင်အဖြစ်လက်မခံသူတို့ကို ဖျက်ဆီးပါလိမ့်မည်။ ထို့နောက် ယေရှုသည် စာတန်နှင့် သူ၏နတ်ဆိုးများကို ဖမ်းဆီးကာ “တွင်းနက်ကြီး” ထဲပစ်ချမည်ဖြစ်သည်။”—ဗျာ. ၁၉:၁၁-၁၄; ၂၀:၁-၃

၁၈၊ ၁၉။ မေရှိယအခန်းကဏ္ဍကို ယေရှုပြည့်စုံအောင်လုပ်ဆောင်ရာမှာ နာခံမှုရှိတဲ့လူသားတွေအတွက် အဘယ်ရလဒ်ရရှိစေသလဲ။

၁၈ ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်တွင် ယေရှုသည် “အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်” ဟူသော ဘွဲ့နာမများနှင့်အညီ အပြည့်ဝဆုံးသဘောဖြင့် လုပ်ဆောင်သွားပါလိမ့်မည်။ (ဟေရှာ. ၉:၆၊ ၇) သေခြင်းမှ ထမြောက်လာမည့်သူများအပါအဝင် လူသားအားလုံးသည် ကိုယ်တော်၏နိုင်ငံတော်အုပ်ချုပ်မှုအားဖြင့် စုံလင်လာကြပါလိမ့်မည်။ (ယော. ၅:၂၆-၂၉) မေရှိယသည် တလိုတလားရှိသောလူသားတို့ကို “အသက်စမ်းရေသို့” ပို့ဆောင်မည်ဖြစ်ရာ နာခံမှုရှိသောလူသားတို့သည် ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးတွင် ပျော်မွေ့ကြပါလိမ့်မည်။ (ဗျာ. ၇:၁၆၊ ၁၇ ကိုဖတ်ပါ။) နောက်ဆုံးစမ်းသပ်မှုပြီးသွားသောအခါ စာတန်နှင့် သူ၏နတ်ဆိုးများအပါအဝင် ပုန်ကန်သူအားလုံးသည် “ကန့်မီးအိုင်ထဲသို့ ပစ်ချခံရ” မည်ဖြစ်ရာ “မြွေ” ၏ခေါင်းကို အပြီးအပိုင်ကြိတ်ချေခြင်းဖြစ်မည်။—ဗျာ. ၂၀:၁၀

၁၉ ယေရှုသည် မိမိ၏မေရှိယအခန်းကဏ္ဍကို အပြစ်ဆိုဖွယ်ရာမရှိ၊ နှစ်သက်စဖွယ် ပြည့်စုံစေမည်။ ပရဒိသုမြေကြီးသည် စုံလင်သောကျန်းမာရေးနှင့် ပျော်ရွှင်စွာ ထာ၀စဉ်အသက်ရှင်ကြမည့် ရွေးနုတ်ထားသောလူသားများဖြင့် ပြည့်နေပါလိမ့်မည်။ ယေဟောဝါ၏မြင့်မြတ်သောနာမတော်သည် ပြစ်တင်ရှုတ်ချမှုမှန်သမျှနှင့် ကင်းရှင်းပြီး ကိုယ်တော်၏တော်မှန်သော စကြ၀ဠာပိုင်သအုပ်စိုးမှုသည် လုံး၀သံသယကင်းရှင်းသွားမည်ဖြစ်သည်။ ဘုရားသခင်၏ဘိသိက်ပေးခြင်းခံရသူအား နာခံသူအားလုံးအတွက် လက်တစ်ကမ်းတွင်ရှိသော ထူးမြတ်လှသည့် အမွေအနှစ်ပါတကား။

မေရှိယကို သင်တွေ့ပြီလော

၂၀၊ ၂၁။ မေရှိယအကြောင်း  အခြားသူတွေကိုပြောပြဖို့  သင့်မှာ ဘာအကြောင်းကောင်းတွေ ရှိသလဲ။

၂၀ ၁၉၁၄ ခုနှစ်မှစတင်သည့် ခရစ်တော်၏ပါရိုစီးယား သို့မဟုတ် ရောက်ရှိချိန်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြသည်။ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကိုယ်တော်၏ရောက်ရှိခြင်းကို မျက်စိဖြင့်မမြင်ရသော်လည်း ပရောဖက်ပြုချက်များ ပြည့်စုံခြင်းအားဖြင့် ထင်ရှားလျက်ရှိသည်။ (ဗျာ. ၆:၂-၈) သို့သော် ပထမရာစုမှ ဂျူးများကဲ့သို့ပင် ယနေ့လူအများစုသည် မေရှိယရောက်ရှိခြင်း၏ အထောက်အထားကို ငြင်းပယ်ကြ၏။ သူတို့သည် နိုင်ငံရေးခေါင်းဆောင်တစ်ဦး သို့မဟုတ် အနည်းဆုံး လူသားနိုင်ငံရေးအုပ်စိုးရှင်များနှင့် တွဲဖက်လုပ်ဆောင်သူတစ်ဦးကို အလိုရှိကြသည်။ သို့သော် ယေရှုသည် ဘုရားသခင့်နိုင်ငံတော်တွင် ဘုရင်အဖြစ် ယခု စိုးစံနေပြီဖြစ်ကြောင်း သင်တို့သိရှိလာရပြီဖြစ်သည်။ ထိုသို့ သိရှိခွင့်ရသည့်အတွက် သင်ဝမ်းမြောက်ခဲ့သည် မဟုတ်လော။ ပထမရာစုတပည့်များကဲ့သို့ သင်လည်း “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” ဟုကြွေးကြော်ရန် လှုံ့ဆော်ခံခဲ့ရပေမည်။

၂၁ ယနေ့ သင်အမှန်တရားအကြောင်းပြောဆိုသောအခါ ယေရှု၏မေရှိယအခန်းကဏ္ဍကို အလေးပေးပြောဆိုသလော။ ထိုသို့ပြောဆိုခြင်းဖြင့် ကိုယ်တော် သင့်အတွက် ပြုလုပ်ပေးခဲ့ရာများ၊ ယခု ပြုလုပ်ပေးနေသည့်အရာများနှင့် ပြုလုပ်ပေးဦးမည့်အရာများကို ပို၍လေးမြတ်လာမည်ဖြစ်သည်။ အန္ဒြေနှင့် ဖိလိပ္ပုကဲ့သို့ သင်သည် သင့်ဆွေမျိုးများနှင့် မိတ်ဆွေများအား မေရှိယအကြောင်း ပြောပြခဲ့မည်မှာ သေချာပါသည်။ အားသစ်လောင်းခံရသောဇွဲဖြင့် သူတို့ထံချဉ်းကပ်ကာ ယေရှုခရစ်သည် ဘုရားသခင့်ကယ်တင်ခြင်းအစီအစဉ်၏ ကတိထားရာမေရှိယဖြစ်ကြောင်း ပြောပြပါလေ။

သင်ရှင်းပြနိုင်သလော

• ပထမရာစုကတပည့်တွေ မေရှိယကို ဘယ်လိုတွေ့ရှိခဲ့ ကြသလဲ။

• အဘယ်အရေးကြီးတဲ့ အကြောင်းရင်းနှစ်ခုကြောင့် ယေရှုအသေခံခဲ့သလဲ။

• မေရှိယအဖြစ် ကိုယ်တော့်အခန်းကဏ္ဍကို ပြည့်စုံစေရာမှာ ယေရှု ဘာတွေဆက်လုပ်ဆောင်သွားမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပထမရာစုမှာရှိတဲ့လူတွေက ယေရှုဟာ ကတိထားရာမေရှိယဖြစ်တယ်ဆိုတာ ဘယ်လိုသိခဲ့ကြသလဲ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အခြားသူတွေနဲ့ သင်စကားပြောတဲ့အခါ ယေရှုရဲ့မေရှိယအခန်းကဏ္ဍကို အလေးပေးပြောဆိုသလား