မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ

အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ

အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ

‘မေတ္တာသည် အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။’—၁ ကော. ၁၃:၇၊ ၈

၁။ (က) မေတ္တာကို ဘယ်လိုဖော်ပြလေ့ရှိသလဲ။ (ခ) လူအများက သူတို့ရဲ့မေတ္တာကို ဘယ်အရာနဲ့ ဘယ်သူ့အပေါ် အလေးထားပြသကြသလဲ။

မေတ္တာအကြောင်း များစွာရေးဖွဲ့ဖော်ပြခဲ့ကြပြီ။ ဤအရည်အသွေးကို အမွှမ်းတင်ကြပြီး သီချင်းများတွင် စိတ်ကူးယဉ်ဆန်စွာ ဖွဲ့နွဲ့သီကုံးကြ၏။ မေတ္တာသည် လူသားတို့အတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည်။ စာအုပ်များနှင့် ရုပ်ရှင်များတွင် စိတ်ကူးဖြင့်ဖန်တီးထားသော အချစ်ဇာတ်လမ်းများ ရေးဖွဲ့ခဲ့ကြပြီး ဤအရာများသည် ရောင်းတမ်းဝင် စျေးကွက်တစ်ခုဖြစ်လာသည်။ သို့သော် ဘုရားသခင်နှင့် လူသားချင်းကိုချစ်သောမေတ္တာမှာမူ အလွန်ခေါင်းပါးလာ၏။ ဤနောက်ဆုံးနေ့ရက်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် ကြိုဟောထားရာများ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့ မြင်တွေ့နေရသည်။ လူတို့သည် “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ . . . ဘုရားသခင်ကိုချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ” များဖြစ်ကြသည်။—၂ တိ. ၃:၁-၅

၂။ သမ္မာကျမ်းစာက မလျော်ကန်တဲ့အရာတွေကို ချစ်ခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုသတိပေးထားသလဲ။

လူသားများတွင် ချစ်ခြင်းမေတ္တာ တင်ပြနိုင်သော စွမ်းရည်ရှိကြသည်၊ သို့သော် သမ္မာကျမ်းစာတွင် မလျော်ကန်သောအရာများကို မချစ်ရန် သတိပေးထားသည်။ လူတစ်ဦး၏နှလုံးတွင် ဤသို့သောမေတ္တာမျိုး အမြစ်စွဲလာလျှင် အဘယ်အရာဖြစ်ပျက်ကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။ (၁ တိ. ၆:၉၊ ၁၀) ဒေမအကြောင်း တမန်တော်ပေါလု မည်သို့ရေးခဲ့သည်ကို သင်မှတ်မိပါသလော။ ဒေမသည် ပေါလုနှင့် ပေါင်းသင်းသော်လည်း လောကတွင်ရှိသောအရာများကို ချစ်ခဲ့သည်။ (၂ တိ. ၄:၁၀) တမန်တော်ယောဟန်သည် ခရစ်ယာန်များအား ဤအန္တရာယ်ကို တိုက်လှန်ရန် သတိပေးခဲ့သည်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) ဤလောကနှင့် လောကရှိ ခဏသာတည်သောအရာများ၊ လောကလမ်းစဉ်များကို ချစ်ခြင်းသည် ဘုရားသခင်၊ ကိုယ်တော်နှင့်စပ်ဆိုင်ရာများကို ချစ်ခြင်းနှင့် မအပ်စပ်ချေ။

၃။ အဘယ်စိန်ခေါ်ချက်ကို ကျွန်ုပ်တို့ ရင်ဆိုင်နေရပြီး အဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

ကျွန်ုပ်တို့သည် ဤလောကနှင့် မသက်ဆိုင်သော်လည်း ဤလောကထဲတွင် နေထိုင်ကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မေတ္တာနှင့်ပတ်သက်သော လောက၏လွဲမှားသည့်အမြင်ကိုရှောင်ရမည့် စိန်ခေါ်ချက်နှင့် ရင်ဆိုင်ကြရသည်။ အဓိကအချက်မှာ မလျော်ကန်သောအရာများကို ချစ်မြတ်နိုးသည့်ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မကျော့မိစေရန်ဖြစ်သည်။ ထို့ကြောင့် မူအပေါ်အခြေခံသောမေတ္တာကို ပြုစုပျိုးထောင်ပြီး ယင်းမေတ္တာကို မည်သူတို့အပေါ် တင်ပြသင့်သနည်း။ အရာရာကိုခံရပ်နိုင်သော၊ အစဉ်တည်သောမေတ္တာကို ပြုစုပျိုးထောင်ရန် အဘယ်အရာများက ထောက်ကူပေးမည်နည်း။ ဤလမ်းစဉ်သည် ကျွန်ုပ်တို့ကို ယခု မည်သို့အကျိုးပြုပြီး ကျွန်ုပ်တို့၏အနာဂတ်အပေါ် မည်သို့ အကျိုးသက်ရောက်မည်နည်း။ ယင်းအဖြေများသည် ဘုရားသခင့်ရှုထောင့်မှဖြစ်ရန်လိုသည်၊ သို့မှသာ ယင်းနှင့်အညီ လမ်းညွှန်ခံရမည်ဖြစ်သည်။

ယေဟောဝါအားချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ခြင်း

၄။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာကို ဘယ်လိုကြီးထွားစေနိုင်သလဲ။

ပြုစုပျိုးထောင်ခြင်းဟူသည် တစ်စုံတစ်ရာကို ကြီးထွားစေရန် လုပ်ဆောင်ခြင်းနှင့် အားပေးလှုံ့ဆော်ခြင်း ဟူသောအဓိပ္ပာယ်ရှိသည်။ ပျိုးကြဲရန် မြေကို တပင်တပန်းထွန်ယက်နေသော လယ်သမားတစ်ဦးအကြောင်း စဉ်းစားကြည့်ပါ။ သူသည် မျိုးစေ့မှ အပင်ပေါက်လာဖို့ မျှော်လင့်ပေမည်။ (ဟေဗြဲ ၆:၇) အလားတူစွာ ဘုရားသခင်အားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာသည် ရှင်သန်ကြီးထွားသင့်သည်။ ယင်းသို့ကြီးထွားနိုင်ရန် အဘယ်အရာ လိုအပ်သနည်း။ နိုင်ငံတော်အမှန်တရားမျိုးစေ့ချသည့် ကျွန်ုပ်တို့၏နှလုံးသားမြေကို ကောင်းမွန်အောင် ပြုလုပ်ရမည်ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာတိုးပွားစေရန် သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်းဖြင့် ယင်းသို့ပြုလုပ်နိုင်ပါသည်။ (ကော. ၁:၁၀) အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းနှင့် ပါဝင်ခြင်းတို့က ကျွန်ုပ်တို့အား အသိပညာတိုးပွားစေရန် ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့တစ်ဦးစီသည် နက်နဲသော အသိပညာရရှိရန် အဆက်မပြတ် ကြိုးစားအားထုတ်နေပါသလော။—သု. ၂:၁-၇

၅။ (က) ယေဟောဝါရဲ့ အခြေခံအရည်အသွေးတွေအကြောင်း ကျွန်ုပ်တို့ ဘယ်လိုသင်ယူနိုင်သလဲ။ (ခ) ဘုရားသခင်ရဲ့ တရားမျှတခြင်း၊ ဉာဏ်ပညာ၊ တန်ခိုးတော်တို့နဲ့ ပတ်သက်ပြီး သင်ဘာပြောနိုင်သလဲ။

ယေဟောဝါသည် သမ္မာကျမ်းစာမှတစ်ဆင့် မိမိ၏အရည်အသွေးကို ဖော်ပြပေးသည်။ သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် ယေဟောဝါနှင့်ဆိုင်သောအသိပညာ တဖြည်းဖြည်းတိုးများလာကာ ကိုယ်တော်၏အရည်အသွေးများဖြစ်သည့် တရားမျှတခြင်း၊ တန်ခိုးတော်၊ ဉာဏ်ပညာအပြင် ကိုယ်တော်၏အလွန်မြင့်မြတ်သည့် မေတ္တာတို့အပေါ် ကျေးဇူးတင်လေးမြတ်စိတ်လည်း တိုးများလာနိုင်သည်။ ယေဟောဝါ၏နည်းလမ်းတော်များနှင့် စုံလင်သောတရားတော်တို့တွင် ကိုယ်တော်၏တရားမျှတမှု ပေါ်လွင်ထင်ရှား၏။ (တရား. ၃၂:၄; ဆာ. ၁၉:၇) ကျွန်ုပ်တို့သည် ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာတော်အားလုံးကို တွေးတောဆင်ခြင်နိုင်ပြီး ကိုယ်တော်၏ ထူးကဲမြင့်မားသောဉာဏ်ပညာတော်ကို အံ့သြချီးမွမ်းနိုင်ကြသည်။ (ဆာ. ၁၀၄:၂၄) ယေဟောဝါသည် မဟာစွမ်းအား၊ မကုန်ခမ်းနိုင်သောတန်ခိုးတော်၏ ရင်းမြစ်ဖြစ်ကြောင်း စကြဝဠာကလည်း သက်သေထူသည်။—ဟေရှာ. ၄၀:၂၆

၆။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ကိုယ်တော်ရဲ့မေတ္တာကို ဘယ်လိုဖော်ပြသလဲ၊ အဲဒီမေတ္တာက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။

ဘုရားသခင်၏ ထူးခြားထင်ရှားသော အရည်အသွေးဖြစ်သည့် ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ကော အဘယ်အရာပြောဆိုနိုင်သနည်း။ ယင်းမေတ္တာတော်သည် အလွန်ကျယ်ပြန့်ပြီး ကျွန်ုပ်တို့အားလုံးအပေါ် အကျိုးသက်ရောက်သည်။ ကိုယ်တော်သည် လူသားတို့အား ကယ်နုတ်ရန် ရွေးနုတ်ဖိုးပြင်ဆင်ပေးခြင်းဖြင့် မေတ္တာတော်ကို ထင်ရှားပြသခဲ့သည်။ (ရောမ ၅:၈ ကိုဖတ်ပါ။) ဤပြင်ဆင်ပေးချက်သည် လူသားအားလုံးအတွက်ဖြစ်သော်လည်း ဘုရားသခင်၏မေတ္တာတော်ကို တုံ့ပြန်ပြီး ကိုယ်တော့်သားတော်ကို ယုံကြည်ကြောင်းတင်ပြသူများသာလျှင် ယင်းမှ အကျိုးခံစားရမည်ဖြစ်သည်။ (ယော. ၃:၁၆၊ ၃၆) ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် ယေရှုအား အပြစ်ဖြေရာယဇ်အဖြစ် ပြင်ဆင်ပေးသောကြောင့် ကျွန်ုပ်တို့လည်း ဘုရားသခင်၏မေတ္တာတော်ကို တုံ့ပြန်သင့်သည်မဟုတ်လော။

၇၊ ၈။ (က) ဘုရားသခင်ကို ချစ်တဲ့မေတ္တာတင်ပြဖို့ ဘယ်အရာလိုအပ်သလဲ။ (ခ) ဘုရားသခင့်လူမျိုးက ဘယ်အခြေအနေကြားထဲမှာ ကိုယ်တော့်ပညတ်တွေကို လိုက်နာကြသလဲ။

ကိုယ်တော် ပြုလုပ်ပေးခဲ့ရာများအားလုံးအတွက် ကျေးဇူးတုံ့ပြန်ရာတွင် ကျွန်ုပ်တို့၏မေတ္တာကို မည်သို့တင်ပြနိုင်သနည်း။ စွမ်းအားတော်လမ်းညွှန်မှုဖြင့် ပေးသောအဖြေမှာ ရှင်းလင်းပါသည်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယော. ၅:၃) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်အား ချစ်သောမေတ္တာက ကိုယ်တော်၏ပညတ်တော်များကို လိုက်နာရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည်။ ယင်းက အခြားသူများအား အကျိုးရရှိစေသော ကိုယ်တော်၏ နာမတော်နှင့် နိုင်ငံတော်သတင်းကောင်းအကြောင်း သက်သေခံရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ စိတ်နှလုံးအပြည့်လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်တော်များကို စိတ်ရင်းမှန်နှင့် နာခံနေကြောင်း သက်သေပြနိုင်ကြသည်။—မ. ၁၂:၃၄

နိုင်ငံတော်သတင်းကောင်းကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုဆန့်ကျင်မှုများ ရင်ဆိုင်နေရသည့်ကြားမှ ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ ညီအစ်ကိုများသည် ဘုရားသခင့်ပညတ်တော်များကို ဆက်၍နာခံနေကြ၏။ သူတို့၏ခရစ်ယာန်ဓမ္မအမှုကို အကုန်အစင်ပြီးမြောက်စေရန် သူတို့၏ကြိုးစားအားထုတ်မှုများကို လက်မလျှော့ခဲ့ကြချေ။ (၂ တိ. ၄:၅) အလားတူပင်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို အခြားသူများအား ဝေမျှရန်နှင့် ကိုယ်တော်၏ အခြားပညတ်တော်အားလုံးကို လိုက်နာရန် လှုံ့ဆော်ခံရသည်။

ကျွန်ုပ်တို့၏သခင် ယေရှုခရစ်အား အဘယ်ကြောင့်ချစ်မြတ်နိုးရ

၉။ ခရစ်တော် ဘယ်အရာကိုခံရပ်ခဲ့သလဲ၊ အဲဒီလိုခံရပ်ဖို့ ဘယ်အရာက ကိုယ်တော့်ကို လှုံ့ဆော်ခဲ့သလဲ။

ဘုရားသခင်အား ချစ်သည့်မေတ္တာအပြင် ကိုယ်တော်၏သားတော်အား ချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ရသည့် အကြောင်းရင်းများစွာရှိပါသည်။ ကျွန်ုပ်တို့သည် ယေရှုကိုတစ်ခါမျှ မမြင်ဖူးကြသော်လည်း ကိုယ်တော့်အကြောင်းကို ပို၍လေ့လာလေ ကိုယ်တော်အားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာလည်း ပို၍နက်ရှိုင်းလေဖြစ်သည်။ (၁ ပေ. ၁:၈) ယေရှုခံရပ်ခဲ့သည့် အရာအချို့မှာ အဘယ်နည်း။ ကိုယ်တော်သည် ခမည်းတော်၏ အလိုတော်ကို ထမ်းဆောင်နေစဉ်အတွင်း အကြောင်းမဲ့မုန်းတီးမှု၊ ညှဉ်းဆဲမှု၊ မဟုတ်မမှန်စွပ်စွဲမှုနှင့် ပြစ်တင်ကဲ့ရဲ့မှုတို့ကို ခံစားခဲ့ရသည်။ ထို့ပြင် ကိုယ်တော်သည် အခြားသော စော်ကားပြောဆိုမှုတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ (ယောဟန် ၁၅:၂၅ ကိုဖတ်ပါ။) ကောင်းကင်ခမည်းတော်ကိုချစ်သည့် ယေရှု၏မေတ္တာက ယင်းသို့သော ဆင်းရဲဒုက္ခများကို ခံရပ်စေရန် လှုံ့ဆော်ပေးခဲ့သည်။ ယင်းမေတ္တာ၏ လှုံ့ဆော်မှုကြောင့် ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်အသေခံခဲ့သည်၊ ယင်းသေခြင်းသည် လူများစွာအတွက် ရွေးနုတ်ဖိုးဖြစ်ခဲ့၏။—မ. ၂၀:၂၈

၁၀၊ ၁၁။ ကျွန်ုပ်တို့အတွက် ခရစ်တော်ပြုလုပ်ပေးရာတွေကို ထောက်ရှုပြီး ကျွန်ုပ်တို့ ဘာလုပ်ဖို့ ရည်ရွယ်ချက်ရှိလဲ။

၁၀ ယေရှု၏လမ်းစဉ်က ကိုယ်တော်၏မေတ္တာကို တုံ့ပြန်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့အတွက် ခရစ်တော်ပြုလုပ်ပေးခဲ့ရာများကို စဉ်းစားသည်နှင့်အမျှ ကိုယ်တော့်အားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာလည်း ပို၍နက်ရှိုင်းလာပါလိမ့်မည်။ ကိုယ်တော့်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ခရစ်တော်ပြခဲ့သောမေတ္တာကို ဆက်၍မွေးမြူတင်ပြဖို့ ရည်မှန်းချက်ထားသင့်သည်၊ သို့မှသာ နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းပညတ်ကို ဆက်၍နာခံနိုင်ပါလိမ့်မည်။—မ. ၂၈:၁၉၊ ၂၀

၁၁ လူသားထုအတွက် ခရစ်တော်ပြသခဲ့သော မေတ္တာကို တုံ့ပြန်ရာတွင် အဆုံးမရောက်မီ ကျွန်ုပ်တို့၏တာဝန်ကို ပြီးစီးစေဖို့ လှုံ့ဆော်ခံရသင့်သည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ခရစ်တော်တင်ပြခဲ့သောမေတ္တာသည် လူသားတို့နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်များကို မိမိပြည့်စုံစေခြင်းအပေါ် မူတည်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံမှုတွင် ပါဝင်နိုင်ရန် ကျွန်ုပ်တို့ အနီးကပ်ဆုံးလိုက်လျှောက်နိုင်သည့် ပုံသက်သေကို ထားခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အားချစ်သည့် မေတ္တာကို အပြည့်ဝဆုံးသဘောဖြင့် အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ရန်လိုသည်။ (မ. ၂၂:၃၇) ယေရှုမိန့်မှာခဲ့သည့်အရာများကို လိုက်လျှောက်ခြင်းနှင့် ကိုယ်တော့်ပညတ်တော်များကို စောင့်ရှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုချစ်ကြောင်း၊ ယေရှုကဲ့သို့ပင် မည်သည့်အခြေအနေမျိုးကြုံရပါစေ ဘုရားသခင်၏ ပိုင်သအုပ်စိုးမှုကို ဆက်၍ထောက်ခံရန် စိတ်ပိုင်းဖြတ်ထားကြောင်း တင်ပြကြသည်။—ယော. ၁၄:၂၃၊ ၂၄; ၁၅:၁၀

သာ၍မြတ်သောလမ်းစဉ်ဖြစ်သည့် မေတ္တာကိုမီအောင်လိုက်ခြင်း

၁၂။ “သာလွန်ကောင်းမြတ်သောလမ်းစဉ်” လို့ ပြောရာမှာ ပေါလု ဘာကိုဆိုလိုသလဲ။

၁၂ တမန်တော်ပေါလုသည် ခရစ်တော်ကို တုပသူတစ်ဦးဖြစ်ခဲ့သည်။ ခရစ်တော်၏ခြေရာကို သူအနီးကပ်လိုက်လျှောက်ခဲ့သောကြောင့် ညီအစ်ကိုများကို မိမိအားတုပရန် ရဲရင့်စွာပြောဆိုနိုင်ခဲ့သည်။ (၁ ကော. ၁၁:၁) ပေါလုသည် ကောရိန္သုအသင်းတော်ရှိ ခရစ်ယာန်များအား ကုသခြင်းနှင့် ဘာသာစကားအမျိုးမျိုးပြောခြင်း ကဲ့သို့သော ပထမရာစုတွင်ထင်ရှားသည့် စွမ်းအားတော်ဆုကျေးဇူးအချို့ကို ထက်သန်စွာရှာရန် တိုက်တွန်းခဲ့သည်။ သို့သော် ယင်းတို့ထက် သာလွန်ကောင်းမြတ်သောအရာရှိကြောင်း ဖော်ပြခဲ့၏။ ၁ ကောရိန္သု ၁၂:၃၁ တွင် သူဤသို့ပြောသည်– “သာလွန်ကောင်းမြတ်သောလမ်းစဉ်ကို သင်တို့အား ငါပြဦးမည်။” ထိုအခန်းငယ်များ၏ နောက်ဆက်တွဲစကားများအရ ယင်းသာလွန်ကောင်းမြတ်သောလမ်းစဉ်မှာ မေတ္တာဖြစ်သည်။ အဘယ်သဘောဖြင့် သာလွန်ကောင်းမြတ်သနည်း။ အဘယ်အရာကိုဆိုလိုကြောင်း ပေါလု ဆက်၍ဖော်ပြခဲ့သည်။ (၁ ကောရိန္သု ၁၃:၁-၃ ကိုဖတ်ပါ။) အကယ်၍ ပေါလုသည် ထူးခြားသည့်အရည်အသွေးတချို့ပိုင်ဆိုင်ပြီး ကြီးကျယ်သည့်အလုပ်များ ပြီးမြောက်ခဲ့သော်လည်း မေတ္တာမရှိလျှင် အဘယ်အကျိုးရှိမည်နည်း။ အဘယ်အကျိုးမျှမရှိပါ။ သူသည် ဘုရားသခင်၏စွမ်းအားတော်လှုံ့ဆော်မှုဖြင့် ဤအရေးကြီးသောအချက်ကို ဖော်ပြခဲ့သည်။ ယင်းကို ဖော်ပြပုံသည် အလွန်စွဲမှတ်စရာကောင်း၏။

၁၃။ (က) ၂၀၁၀ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ (ခ) ဘယ်သဘောနဲ့ မေတ္တာက ထာဝစဉ်တည်သလဲ။

၁၃ မေတ္တာသည် အဘယ်အရာဖြစ်ပြီး အဘယ်အရာမဟုတ်ကြောင်း ပေါလု ဆက်၍ရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁၃:၄-၈ ကိုဖတ်ပါ။) သင်သည် မေတ္တာနှင့်ဆက်နွှယ်သည့်အရာကို မည်သို့ပြည့်မီနိုင်ကြောင်း ယခု အချိန်ယူဆန်းစစ်ကြည့်ပါ။ ၂၀၁၀ ခုနှစ်၏ နှစ်ချုပ်ကျမ်းချက်ဖြစ်သော အခန်းငယ် ၇ ၏နောက်ဆုံးစကားစုနှင့် အခန်းငယ် ၈ ၏ပထမစာကြောင်းကို အဓိကအာရုံစိုက်ပါ– ‘မေတ္တာသည် အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။’ အခန်းငယ် ၈ တွင် တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်တည်ထောင်ခါစတွင် အသုံးပြုခဲ့သော ပရောဖက်ပြုခြင်း၊ ဘာသာစကားအမျိုးမျိုးပြောခြင်း အပါအဝင် စွမ်းအားတော်၏ ဆုကျေးဇူးများ ကွယ်ပျောက်သွားမည်ဟု ပြောခဲ့သည်ကို သတိပြုပါ။ ယင်းတို့သည် အဆုံးတိုင်သွားမည်ဖြစ်သည်။ သို့သော် မေတ္တာမူကား အစဉ်တည်မည်။ ယေဟောဝါသည် မေတ္တာ၏ရင်းမြစ်ဖြစ်ကာ ကိုယ်တော်သည် ထာဝစဉ်တည်ရှိသောကြောင့် မေတ္တာသည် အစဉ်တည်မည်။ မေတ္တာသည် ထာဝရဘုရားသခင်၏ အရည်အသွေးတစ်ခုဖြစ်သောကြောင့် ထာဝစဉ်တည်ရှိသွားမည်။—၁ ယော. ၄:၈

မေတ္တာသည် အရာရာကို ခံရပ်နိုင်၏

၁၄၊ ၁၅။ (က) စုံစမ်းမှုတွေကို ကျွန်ုပ်တို့ခံရပ်နိုင်ဖို့ မေတ္တာက ဘယ်လိုကူညီပေးသလဲ။ (ခ) ညီအစ်ကိုငယ်တစ်ဦးက အလျှော့ပေးလိုက်လျောဖို့ ဘာကြောင့်ငြင်းဆိုခဲ့သလဲ။

၁၄ ခရစ်ယာန်များသည် စမ်းသပ်မှုများ၊ ခက်ခဲသောအခြေအနေများ၊ ပြဿနာများကြုံတွေ့ရသည့်ကြားမှ အဘယ်အရာက သူတို့ကို ခံရပ်စေနိုင်သနည်း။ အဓိကမှာ မူအပေါ်အခြေခံသောမေတ္တာကြောင့်ဖြစ်သည်။ ယင်းသို့သောမေတ္တာသည် ကျွန်ုပ်တို့၏ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို ပေးကမ်းခြင်းထက်မက ပါဝင်သည်။ ကျွန်ုပ်တို့၏သမာဓိကို စောင့်ထိန်းရန်နှင့် ခရစ်တော်အတွက် ကျွန်ုပ်တို့၏အသက်ကိုပင်စွန့်ရန် တလိုတလားရှိခြင်းအထိ ကျယ်ပြန့်သည်။ (လု. ၉:၂၄၊ ၂၅) ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးနောက် ချွေးတပ်စခန်းများ၊ အလုပ်ကြမ်းစခန်းများနှင့် အကျဉ်းထောင်များတွင် ဆင်းရဲဒုက္ခခံခဲ့ရသော သက်သေခံများ၏ သစ္စာရှိလမ်းစဉ်ကို သုံးသပ်ကြည့်ပါ။

၁၅ ဝီဟမ်အမည်ရှိသော ဂျာမန်သက်သေခံလူငယ်တစ်ဦးသည် ယင်းသို့သောမေတ္တာကို ကောင်းစွာတင်ပြခဲ့သည်။ သူသည် အလျှော့ပေးလိုက်လျောမည့်အစား နာဇီကွပ်မျက်ရေးသေနတ်တပ်ဖွဲ့၏ ခြိမ်းခြောက်မှုခံရချိန်တွင်ပင် တည်ကြည်မြဲတည်ကြည်ခဲ့သည်။ မိသားစုထံရေးသည့်နှုတ်ဆက်စာတွင် ဤသို့ရေးထား၏– “အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ယေရှုခရစ်မိန့်မှာခဲ့သလို ဘုရားသခင်ကို ချစ်ရမယ်။ ကျွန်တော်တို့ ကိုယ်တော့်ဘက်ရပ်တည်မယ်ဆိုရင် ကိုယ်တော် ကျွန်တော်တို့ကို ဆုချပါလိမ့်မယ်။” နောက်ပိုင်း ကင်းမျှော်စင် ဆောင်းပါးတစ်ပုဒ်တွင် မိသားစုဝင်တစ်ဦးက ဤသို့ရေးခဲ့၏– “ဗရုန်းသုန်ကားဖြစ်နေချိန်အတွင်းမှာ ကျွန်မတို့ဟာ မိသားစုလိုက် ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို ပထမနေရာမှာ အမြဲထားခဲ့ကြတယ်။” လက်ရှိအချိန်၌ အာမီးနီးယား၊ အဲရိထရိအာ၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများရှိ ထောင်ချခံနေရသော ညီအစ်ကိုများတွင် ယင်းသို့သောစိတ်သဘောထား ရှိကြသည်။ ထိုညီအစ်ကိုများ၏ ယေဟောဝါအားချစ်သည့်မေတ္တာသည် အလွန်ခိုင်မြဲ၏။

၁၆။ မာလာဝီမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေ ဘာတွေကို ခံရပ်ခဲ့ကြသလဲ။

၁၆ ဒေသများစွာရှိ ကျွန်ုပ်တို့ညီအစ်ကိုများ၏ ယုံကြည်ခြင်းနှင့် ခံနိုင်ရည်သည် နည်းအမျိုးမျိုးဖြင့် စမ်းသပ်ခံရလျက်ရှိသည်။ မာလာဝီရှိ ယေဟောဝါသက်သေများသည် ၂၆ နှစ်ကြာ အစိုးရ၏ပိတ်ပင်မှု၊ ရက်စက်ပြင်းထန်သော ဆန့်ကျင်မှုနှင့် ယုတ်မာသောလုပ်ရပ်များစွာကို ခံရပ်ခဲ့ကြရသည်။ သူတို့၏ခံနိုင်ရည် ဆုချခံခဲ့ရသည်။ ထိုနိုင်ငံ၌ နှိပ်စက်ညှဉ်းပန်မှုစတင်ချိန်တွင် သက်သေခံ ၁၈,၀၀၀ ခန့်သာရှိသည်။ အနှစ်သုံးဆယ်ကြာပြီးနောက် ထိုအရေအတွက်၏နှစ်ဆကျော်ဖြစ်သော ၃၈,၃၉၃ ဦးရှိလာသည်။ အခြားနိုင်ငံများတွင်လည်း အလားတူရလဒ်များ ရရှိခဲ့ကြသည်။

၁၇။ ယုံကြည်ခြင်းကွဲပြားနေတဲ့ အိမ်ထောင်တွေမှာ အချို့သူတွေ ဘာကိုရင်ဆိုင်ကြုံတွေ့ရသလဲ၊ သူတို့ဘာကြောင့် ခံရပ်နိုင်ခဲ့ကြသလဲ။

၁၇ ဆန့်ကျင်သူများ၏ ထိပ်တိုက်,တိုက်ခိုက်မှုများကိုခံရပ်ရန် ဘုရားသခင့်လူမျိုးအဖို့ ခက်ခဲနိုင်ပါသည်။ သို့သော် ခရစ်ယာန်တစ်ဦးအဖို့ မိသားစုဝင်များထံမှလာသည့် ဆန့်ကျင်မှုသည် ပို၍ပင်ခက်ခဲပေမည်။ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးရင်းချာများကြောင့် စိတ်ဖိစီးမှု ခံရပေမည်။ ယင်းသို့ဖြစ်မည်ဟု ယေရှုကြိုဟောခဲ့သည်မဟုတ်လော။ များစွာသောသူတို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း အမှန်ပင် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ (မ. ၁၀:၃၅၊ ၃၆) ဆယ်ကျော်သက်များသည် မယုံကြည်သူမိဘတို့၏ ဆန့်ကျင်မှုကို ခံရပ်ကြရသည်။ အချို့သူတို့သည် အိမ်မှ မောင်းထုတ်ခြင်းပင် ခံရသည်၊ သို့သော် ကြင်နာတတ်သောသက်သေခံများက သူတို့ကို ခေါ်ထားကြသည်။ အခြားသူတို့မှာမူ မိသားစု၏ စွန့်ပစ်မှုကို ခံကြရသည်။ ထိုသူတို့ကို အဘယ်အရာက ခံရပ်စေနိုင်ခဲ့သနည်း။ ညီအစ်ကိုအသင်းအပင်းကို ချစ်သည့်မေတ္တာကြောင့်သာမဟုတ်ပါ၊ ယေဟောဝါနှင့် ကိုယ်တော့်သားတော်ကို မေတ္တာစစ်နှင့် ချစ်သောကြောင့်ဖြစ်သည်။—၁ ပေ. ၁:၂၂; ၁ ယော. ၄:၂၁

၁၈။ အရာရာကို ခံရပ်နိုင်တဲ့ မေတ္တာက ခရစ်ယာန်အိမ်ထောင်သည်တွေအတွက် ဘယ်လိုအကူအညီဖြစ်စေသလဲ။

၁၈ အရာရာကိုခံရပ်နိုင်သည့်မေတ္တာ လိုအပ်သော ဘဝအခြေအနေများစွာရှိသည်။ မေတ္တာက အိမ်ထောင်သည်မောင်နှံစုံများအား ယေရှု၏ ဤစကားများကို လေးမြတ်ရန် ကူညီပေးနိုင်သည်– “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” (မ. ၁၆:၉) ခရစ်ယာန်အိမ်ထောင်သည်တို့သည် “ကာယဆင်းရဲဒုက္ခ” နှင့်ကြုံတွေ့ရသောအခါ အိမ်ထောင်တွင် ယေဟောဝါသည် အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်သည်။ (၁ ကော. ၇:၂၈) သမ္မာကျမ်းစာတွင် ‘မေတ္တာသည် အရာရာကိုခံရပ်’ နိုင်သည်ဟုဆိုထားရာ ဇနီးမောင်နှံတို့သည် ယင်းအရည်အသွေးကို တင်ပြမည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး သစ္စာရှိစေသောကြောင့် အိမ်ထောင်ရေးမပျက်စီးရန် ကာကွယ်ပေးသည်။—ကော. ၃:၁၄

၁၉။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီးနောက် ဘုရားသခင့်လူမျိုးတွေအလယ်မှာ ဘာဖြစ်ပျက်ခဲ့သလဲ။

၁၉ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် အရာရာကိုခံရပ်နိုင်ရန် မေတ္တာက ကျွန်ုပ်တို့အား ကူညီပေးသည်။ ပီရူးနိုင်ငံတောင်ပိုင်းတွင် မြေငလျင်ဒဏ်ခံရစဉ်နှင့် အမေရိကန်ပြည်ထောင်စုရှိ ပင်လယ်ကွေ့ဒေသကို ကက်ထရီနာ မုန်တိုင်းတိုက်ခတ်သွားချိန်တွင် ထိုသို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းသဘာဝဘေးဒဏ်တို့ကြောင့် ညီအစ်ကိုအတော်များများ၏ အိုးအိမ်များ သို့မဟုတ် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ ဆုံးရှုံးခဲ့ကြရသည်။ မေတ္တာက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးရန် ကမ္ဘာချီအသင်းတော်အားလှုံ့ဆော်ပေးပြီး အိမ်များပြန်လည်တည်ဆောက်ပေးရန်နှင့် ဝတ်ပြုရာခန်းမများ ပြုပြင်ရာတွင် ကူညီရန် စေတနာ့ဝန်ထမ်းများအား လှုံ့ဆော်ခဲ့သည်။ ဤကဲ့သို့သော လုပ်ရပ်များက တစ်ဦးအပေါ်တစ်ဦးထားရှိသော ကျွန်ုပ်တို့ညီအစ်ကိုများ၏မေတ္တာနှင့် ဂရုစိုက်မှုတို့သည် အချိန်အခါ၊ နေရာဒေသမရွေးကြောင်း ထင်ရှားသည်။—ယော. ၁၃:၃၄၊ ၃၅; ၁ ပေ. ၂:၁၇

မေတ္တာသည် အစဉ်တည်၏

၂၀၊ ၂၁။ (က) မေတ္တာက ဘာကြောင့် သာလွန်ထူးမြတ်သလဲ။ (ခ) မေတ္တာလမ်းစဉ်ကိုလိုက်ဖို့ သင် ဘာကြောင့်ဆုံးဖြတ်သလဲ။

၂၀ ယနေ့ ယေဟောဝါ၏လူမျိုးအလယ်တွင် သာ၍မြတ်သောမေတ္တာလမ်းစဉ်ကို လိုက်စားခြင်း၏ ဉာဏ်ပညာကို ကျွန်ုပ်တို့ တွေ့မြင်နေကြရသည်။ အမှန်တကယ်ပင် မေတ္တာသည် အခြေအနေအားလုံးအတွက် သာလွန်ကောင်းမြတ်လှပေသည်။ ယင်းအချက်မှန်ကန်ကြောင်း တမန်တော်ပေါလု အလေးပေးဖော်ပြပုံကို မှတ်သားပါ။ ဦးဆုံး စွမ်းအားတော်ဆုကျေးဇူးများ ပျောက်ကွယ်သွားမည်၊ ခရစ်ယာန်အသင်းတော်သည် တည်ထောင်စအခြေအနေမှ ရင့်ကျက်သည့်အခြေအနေသို့ရောက်မည်ဟု သူဖော်ပြခဲ့သည်။ ယင်းနောက် ဤစကားများဖြင့် အဆုံးသတ်ခဲ့သည်– “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အကြီးမြတ်ဆုံးဖြစ်၏။”—၁ ကော. ၁၃:၁၃

၂၁ နောက်ဆုံးတွင် ကျွန်ုပ်တို့ယုံကြည်ရာများ အမှန်တကယ်ပြည့်စုံလာသောအခါ ယင်းတို့ကို ယုံကြည်ဖို့မလိုတော့ပါ။ ကတိထားရာများပြည့်စုံမည်ကို မြင်တွေ့လိုသည့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် အရာခပ်သိမ်းအသစ်ဖြစ်လာပြီးနောက်တွင် ထပ်၍မျှော်လင့်စရာ မလိုတော့ပါ။ သို့သော် မေတ္တာကော အသို့နည်း။ မေတ္တာမူကား ဘယ်တော့မျှ ပျောက်ကွယ်သွားမည်မဟုတ်ပါ။ မေတ္တာသည် အစဉ်တည်မည်ဖြစ်သည်။ ထာဝရအသက်ကိုအကြောင်းပြု၍ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာတော်သွင်ပြင်များကို ပို၍သိရှိလာပြီး ပို၍နားလည်သဘောပေါက်လာမည်မှာ သေချာသည်။ သင်သည် အစဉ်တည်မည့် သာလွန်ကောင်းမြတ်သော မေတ္တာလမ်းစဉ်ကိုလိုက်စားကာ ဘုရားသခင့်အလိုတော်ဆောင်ခြင်းအားဖြင့် အစဉ်အမြဲတည်ရှိပါလိမ့်မည်။—၁ ယော. ၂:၁၇

သင်မည်သို့ဖြေဆိုမည်နည်း

• မလျော်ကန်တဲ့အရာတွေအပေါ် ချစ်ခြင်းကို ဘာကြောင့်တွန်းလှန်သင့်သလဲ။

• မေတ္တာက ဘာတွေကိုခံရပ်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးသလဲ။

• ဘယ်သဘောနဲ့ မေတ္တာက အစဉ်တည်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]

၂၀၁၀ နှစ်ချုပ်ကျမ်းချက်– ‘မေတ္တာသည် အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။’—၁ ကော. ၁၃:၇၊ ၈

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဘုရားသခင်ကိုချစ်တဲ့မေတ္တာက သက်သေခံဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အစဉ်တည်တဲ့မေတ္တာက မာလာဝီမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေကို ခံရပ်နိုင်စေ