မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များလျက် ရွှင်လန်းနေပါ

ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များလျက် ရွှင်လန်းနေပါ

ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များလျက် ရွှင်လန်းနေပါ

ယေဟောဝါသည် သင့်အား ရွှင်လန်းစေလို၏။ (ဆာ. ၁၀၀:၂) သင်သည် ကိုယ်တော့်ကျေးကျွန်တစ်ဦးအနေနှင့် အလုပ်လည်း များနိုင်ပါသည်။ ဘုရားသခင်ထံ သင့်အသက်တာကို အပ်နှံခဲ့ချိန်က သင် ဤမျှအလုပ်များမည်မဟုတ်သော်လည်း ယခု လောကအလုပ်နှင့် ဝတ်ပြုရေးဆိုင်ရာတာဝန်များဖြင့် ဝန်ပိနေပေမည်။ သင်လုပ်ဆောင်လိုသည့် အလုပ်အားလုံးကို မပြီးမြောက်နိုင်သည့်အခါ အပြစ်ရှိသည်ဟုပင် ခံစားရပေမည်။ သင်သည် မည်သို့ ဟန်ချက်ညီပြီး “ယေဟောဝါ၌ရွှင်လန်း” နိုင်သနည်း။—နေ. ၈:၁၀ကဘ။

သင်သည် ခက်ခဲကျပ်တည်းသောကာလတွင် အသက်ရှင်နေရပြီး ဖိစီးမှုများစွာခံစားရသောကြောင့် စနစ်တကျစီစဉ်ရန်လိုသည်။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားခဲ့သော တမန်တော်ပေါလု၏ အကြံပေးချက်သည် အထူးသဖြင့် သက်ဆိုင်၏– “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။”—ဧ. ၅:၁၅၊ ၁၆

ဤပညာရှိအကြံပေးချက်အရ သင့်အတွက် လက်တွေ့ကျပန်းတိုင်များ မည်သို့ချမှတ်ပြီး ကိုယ်ပိုင်လေ့လာမှု၊ မိသားစုစောင့်ရှောက်မှု၊ လယ်ကွင်းလုပ်ငန်း၊ လောကအလုပ်နှင့် အခြားလုပ်ဆောင်မှုများကို မည်သို့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်သနည်း။

သင့်ကိုသင် ဘုရားသခင်ထံအပ်နှံပြီး နှစ်ခြင်းခံခဲ့စဉ်က ခံစားခဲ့ရသော ရွှင်လန်းမှုကို ပြန်အမှတ်ရသလော။ ရွှင်လန်းမှုသည် ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ဆိုင်သော အသိပညာမှ အရင်းခံသည်။ သိနားလည်မှုနှင့် ရွှင်လန်းမှုရရှိရန် လနှင့်ချီ၍ ဝီရိယစိုက်ထုတ် လေ့လာခဲ့ရပေမည်။ သို့သော် ကြိုးစားအားထုတ်ရကျိုးနပ်ပါသည်။ ထိုလေ့လာမှုက သင့်အသက်တာကို ပိုကောင်းမွန်အောင် ပြောင်းလဲပေးခဲ့သည်။

သင့်ရွှင်လန်းမှုကို ဆက်ထိန်းသိမ်းထားရန် ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ဆက်လေ့လာနေဖို့လိုသည်။ ကျမ်းစာဖတ်ရှုလေ့လာရန် အချိန်လုနေရပါက သင့်ဇယားကို ပြန်လည်သုံးသပ်ပါ။ ကျမ်းစာကို နေ့စဉ် မိနစ်အနည်းငယ် လေ့လာ၍ တွေးတောဆင်ခြင်လျှင်ပင် ဘုရားသခင်နှင့် ပို၍ရင်းနှီးလာပြီး ပို၍လည်း ရွှင်လန်းလာမည်မှာ သေချာပါသည်။

ဘုရားသခင့်ကျေးကျွန်အများစုသည် သိပ်အရေးမကြီးသောအရာများတွင် အချိန်လျှော့သုံးခြင်းဖြင့် အဓိကကျသောလုပ်ဆောင်မှုများအတွက် အချိန်ပိုရကြသည်။ သင့်ကိုသင် ဤသို့မေးပါ– ‘လောကမဂ္ဂဇင်းတွေ၊ သတင်းစာတွေဖတ်ဖို့၊ တီဗွီကြည့်ဖို့၊ သီချင်းနားထောင်ဖို့ ဒါမှမဟုတ် ဝါသနာပါရာတွေလိုက်စားဖို့ ငါအချိန် ဘယ်လောက်သုံးသလဲ။’ ဤအရာများကို ဟန်ချက်ညီညီလုပ်ဆောင်ပါက နှစ်သက်ဖွယ်ကောင်းပါသည်။ (၁ တိ. ၄:၈) သင်သည် အချိန်ကိုကောင်းစွာအသုံးမပြုကြောင်း တွေ့ရှိရပါက သင်၏ဇယားကို ပြန်ချိန်ညှိပါ။

လင်ယောက်ျားလည်းဖြစ်၊ ကလေးသုံးယောက်ဖခင်နှင့် အကြီးအကဲတစ်ဦးလည်းဖြစ်သူ အဒမ်က သူအကူအညီရရှိပုံကို ဤသို့ရှင်းပြသည်– “ရိုးရှင်းတဲ့အသက်တာနဲ့နေထိုင်ဖို့ ကျွန်တော်ကြိုးစားတယ်။ အချိန်စားတဲ့ ဝါသနာတွေနဲ့ အရမ်းဂရုစိုက်ရတဲ့ပစ္စည်းတွေကို ရှောင်တယ်။ ခြိုးခြိုးခြံခြံနေတာတော့မဟုတ်ဘူး၊ ရိုးရှင်းတဲ့ အပန်းဖြေမှုတွေကိုပဲ ရွေးချယ်တယ်။”

သင့်ဆုံးဖြတ်ချက်၏ ရလဒ်ကောင်းများကို စဉ်းစားခြင်းက သင့်ရွှင်လန်းမှုများကို ပြန်လည်သစ်လွင်လန်းဆန်းစေနိုင်ပြီး အပြုသဘောထားဆက်ရှိနေရန် ကူညီပေးနိုင်သည်။ ဥပမာ၊ သားသမီးသုံးယောက်ရှိသည့် မာရူးရှ်အမည်ရှိ အကြီးအကဲတစ်ဦးက ဤသို့ပြောသည်– “ကျွန်တော် ကျမ်းစာစလေ့လာတာနဲ့အမျှ အကောင်းမြင်တတ်သူတစ်ဦး ဖြစ်လာတယ်။ မကြာခဏဆိုသလို အခက်အခဲတွေကို ကျွန်တော် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပြီး အဲဒီထဲကအများစုကိုတော့ ယေဟောဝါပဲသိနိုင်တယ်။ ဒါပေမဲ့ ကိုယ်တော့်ထောက်မမှုကြောင့် အနာဂတ်ကို ရွှင်လန်းမှုနဲ့ ကျွန်တော် မျှော်လင့်နေတယ်။”

မာရူးရှ်၏အခြေအနေတွင်ကဲ့သို့ အကောင်းမြင်သဘောထားသည် စိုးရိမ်ပူပန်မှုအားလုံးကို မဖယ်ရှားပေးနိုင်ပါ။ သို့သော် ယင်းက သင့်အား ပိုစိတ်ချမ်းသာစေပြီး ဘ၀အခက်အခဲများကို ပို၍ထိရောက်စွာ ဖြေရှင်းစေနိုင်သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။” (သု. ၁၅:၁၅) ဘုရားသခင် သင့်အပေါ်ပြသခဲ့သည့်မေတ္တာကို ပြန်ပြောင်းတွေးတောပါ။ ဤသို့တွေးတောခြင်းသည် ကိုယ်တော့်အပေါ် ထားရှိသောမေတ္တာကို ပြုစုပျိုးထောင်နိုင်ပြီး ဘုရားသခင်ကြောင့်ခံစားရသည့် သင့်ရွှင်လန်းမှုကို တိုးပွားစေနိုင်သည်။—မ. ၂၂:၃၇

ယေဟောဝါနှင့် ကိုယ်တော့်အားဝတ်ပြုခြင်းကို ဘ၀တွင် ဦးစားထားခြင်းသည် မိသားစုရွှင်လန်းမှုကို တိုးပွားစေနိုင်သည်။ ခရစ်ယာန်အရည်အသွေးများကို တင်ပြခြင်းက ပဋိပက္ခများကို လျော့နည်းစေပြီး မိသားစုတွင် ဆက်သွယ်ရေးကောင်းစေကာ ပို၍ရင်းနှီးစေသည်။ ထို့ကြောင့် သင့်အိမ်သည် အေးချမ်းရိပ်မြုံဖြစ်လာပြီး မိသားစုတစ်ခုလုံး စည်းစည်းလုံးလုံးရှိလာပါလိမ့်မည်။—ဆာ. ၁၃၃:၁

ဝတ်ပြုရေးနှင့်ဆိုင်သောလုပ်ဆောင်မှုများတွင် မိသားစုလိုက်ပါဝင်ခြင်းက စစ်မှန်သောရွှင်လန်းမှုကို တိုးပွားစေသည်။ မာရူးရှ်က ဤသို့ရှင်းပြသည်– “မိသားစုလိုက် အတူတကွလုပ်ဆောင်ချိန်တွေကို ကျွန်တော်တန်ဖိုးထားတယ်။ ကျွန်တော့်ဇနီးက အထောက်အမကောင်းတစ်ဦးဖြစ်တယ်။ အမှုဆောင်ထွက်တဲ့အခါ၊ စည်းဝေးကြီးကျင်းပတဲ့ အားကစားကွင်းကို သန့်ရှင်းရေးလုပ်တဲ့အခါ၊ တခြားအသင်းတော်တွေမှာ လူထုဟောပြောချက်ပေးရတဲ့အခါတွေမှာ ဖြစ်နိုင်တဲ့အခါတိုင်း ကျွန်တော်နဲ့အတူ အမြဲရှိတယ်။ ဒါက ကျွန်တော့်အတွက် အားပေးမှုပဲ။”

မိသားစု၏ရုပ်ပစ္စည်းလိုအပ်ရာများကို ထောက်ပံ့ပေးရန် သမ္မာကျမ်းစာက ခရစ်ယာန်များအား တောင်းဆိုထားသည်။ (၁ တိ. ၅:၈) သို့သော် လောကလုပ်ငန်းတွင် သင့်အချိန်နှင့် ခွန်အားကို ကုန်ခန်းသွားစေမည်ဆိုလျှင် ဘုရားသခင့်အမှုတော်တွင် သင် ရွှင်လန်းနိုင်တော့မည်မဟုတ်ပေ။ ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံ ဆုတောင်းပါ။ (ဆာ. ၅၅:၂၂) ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားနိုင်ရန် တခြားအလုပ်တစ်ခုရှာဖို့လိုကြောင်း အချို့သူတို့ တွေ့ရှိခဲ့ကြသည်။ ခရစ်ယာန်များသည် အချိန်နှင့် ခွန်အားများစွာစိုက်ထုတ်ရပြီး ငွေကြေးများစွာရရှိစေသည့်အလုပ်ကြောင့် သာ၍အရေးကြီးသည့် ဝတ်ပြုရေးနှင့်ဆိုင်သောအရာများကို အာရုံမစိုက်နိုင်တော့သည်အထိ မဖြစ်သင့်ပေ။—သု. ၂၂:၃

လက်ရှိအလုပ်အကိုင် သို့မဟုတ် သင်ပြောင်းမည်ဟု စဉ်းစားထားသောအလုပ်အကိုင်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ချရေးခြင်းက သင့်အား အထောက်အကူပြုကြောင်း တွေ့ရပေမည်။ လခကောင်းသောအလုပ်၊ ကျေနပ်ဖွယ်ကောင်းအလုပ်သည် နှစ်သက်စရာဖြစ်သည်မှာ မှန်ပါသည်။ သို့သော် သင့်လက်ရှိအလုပ်သည် သင့်မိသားစု၏ဝတ်ပြုရေးဆိုင်ရာ ကောင်းကျိုးများကို တိုးတက်စေဖို့ အထောက်အကူပြုသလော။ အချက်အလက်အားလုံးကို သုံးသပ်ပြီးနောက် ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ဦးစားပေးသော ဆုံးဖြတ်ချက်များချပါလေ။

သင့်လက်ရှိအလုပ်သည် ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို အကျိုးမပြုပါက သင့်အခြေအနေကို ပြုပြင်ပြောင်းလဲရန်လိုသည်။ ခရစ်ယာန်များစွာသည် ဝတ်ပြုရေးဆိုင်ရာလုပ်ဆောင်မှုများအတွက် အချိန်ရရန် လုံးလုံးပြောင်းလဲခဲ့ကြသည်။ ပိုလန်မှ ညီအစ်ကိုတစ်ဦး ဤသို့ပြောပြသည်– “တစ်ခါက ကျွန်တော်ဟာ အလုပ်ကိစ္စနဲ့ မကြာခဏခရီးသွားရတဲ့ ကုမ္ပဏီအလုပ်ကြောင့် ရွေးချယ်စရာမရှိဘဲ အလုပ်ထွက်လိုက်ရတယ်။ အဲဒီအလုပ်ကြောင့် ကျွန်တော်ဟာ ဝတ်ပြုရေးရာကိစ္စတွေကို ဒါမှမဟုတ် မိသားစုကို ကောင်းကောင်းဂရုစိုက်ဖို့ အချိန်မပေးနိုင်ခဲ့ဘူး။” ယခု သူသည် အချိန်နှင့် ခွန်အား အနည်းငယ်သာသုံးရသောအလုပ်တစ်ခုနှင့် အသက်မွေးဝမ်းကျောင်းပြုနေသည်။

အခြားသူများအား ကူညီပေးခြင်းဖြင့် ရွှင်လန်းမှုရှာယူပါ

“ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဟုယေရှုမိန့်တော်မူ၏။ (တ. ၂၀:၃၅) ယင်းသို့ပေးကမ်းရန် ခရစ်ယာန်များတွင် အခွင့်အရေးများစွာ ရှိပါသည်။ လှိုက်လှဲသောအပြုံး၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ သီအိုကရက်တစ်တာဝန်တွင် တစ်စုံတစ်ဦး၏ကြိုးစားအားထုတ်မှုအတွက် စိတ်ရင်းမှန်ဖြင့်ပြောသော ကျေးဇူးတင်စကားတစ်ခွန်းတို့က နှစ်ဦးနှစ်ဖက်ကို ရွှင်လန်းစေနိုင်သည့်အရာများဖြစ်သည်။

တမန်တော်ပေါလုသည် ခရစ်ယာန်ချင်းများအား “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆိုလျက် အားနည်းသောသူတို့ကို ထောက်မ” ပါဟု အားပေးခဲ့၏။ (၁ သက်. ၅:၁၄) စိတ်အားငယ်သူတို့သည် မိမိတို့၏အစွမ်းခွန်အားဖြင့် ပြဿနာများကို မဖြေရှင်းနိုင်ဟု ခံစားရပေမည်။ ထိုသို့သောသူတို့ကို သင်ကူညီနိုင်သလော။ သင့်ညီအစ်ကိုတစ်ဦးသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ရွှင်လန်းမှုပျောက်ဆုံးနေကြောင်း သိရှိပါက သူ့ကို အားပေးရန် ကြိုးစားပါ။ ယင်းသို့ပြုလုပ်ခြင်းက သင့်အတွက်လည်း အားပေးမှုဖြစ်စေပေမည်။ အချို့ပြဿနာများကို လူသားတို့ မဖြေရှင်းနိုင်ပါ။ သို့သော် သင်သည် စိတ်ရင်းမှန်ဖြင့် ထောက်ထားစာနာမှုတင်ပြနိုင်ပြီး အမြဲတမ်းကူညီထောက်မပေးနိုင်သည့် ယေဟောဝါကို မှီခိုအားထားရန် သင့်ညီအစ်ကိုအား တိုက်တွန်းနိုင်သည်။ ယင်းသို့လုပ်ဆောင်သူတို့သည် ဘယ်သောအခါမျှ စိတ်ပျက်ရလိမ့်မည်မဟုတ်ပေ။—ဆာ. ၂၇:၁၀; ဟေရှာ. ၅၉:၁

နောက်ထပ်လက်တွေ့ကျ လုပ်ဆောင်နိုင်သည့် အရာမှာ ရွှင်လန်းမှုကင်းမဲ့နေပုံရသူအား ခရစ်ယာန်ဓမ္မအမှုတွင် သင်နှင့်တွဲလုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ယေရှုသည် တပည့် ၇၀ အား “နှစ်ဦးစီ” တွဲ၍ စေလွှတ်ခဲ့သည်။ (လု. ၁၀:၁) ကိုယ်တော်ထိုသို့ပြုလုပ်ခြင်းဖြင့် အပြန်အလှန်အားပေးမှု ရရှိကြကြောင်း သင်သဘောတူသည် မဟုတ်လော။ ရွှင်လန်းမှုကင်းမဲ့နေသူကို ကူညီရန် ယင်းနည်းကို သင်အသုံးပြုနိုင်သလော။

ဘဝသည် စိုးရိမ်ပူပန်စရာများစွာနှင့် ပြည့်နှက်နေသည်။ သို့တိုင် ကျွန်ုပ်တို့ကို ပေါလုဤသို့တိုက်တွန်းခဲ့သည်– “သခင်၌ အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။” (ဖိ. ၄:၄) သင်သည် ဘုရားသခင်ကို ချစ်သောကြောင့် ကိုယ်တော့်ကို နာခံပြီး ကိုယ်တော်အပ်နှင်းထားသည့်အလုပ်ကို ဇွဲရှိရှိလုပ်ဆောင်ခြင်းဖြင့် သင့်အသက်တာသည် ရည်ရွယ်ချက်ရှိလာသည်။ ယင်းက သင့်ကိုရွှင်လန်းစေသည်။ ထို့အပြင် ယေဟောဝါသည် သင်ရင်ဆိုင်နေရသည့် ဖိစီးမှုနှင့်ပြဿနာများကို ဖြေရှင်းရန် ကူညီပေးတော်မူသည်။—ရော. ၂:၆၊ ၇

ယေဟောဝါ၏ ကတိထားရာ ကမ္ဘာသစ်သည် အလွန်နီးကပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုတွင် ကောင်းချီးများနှင့် ရွှင်လန်းမှုများစွာ ခံစားရကြပါလိမ့်မည်။ (ဆာ. ၃၇:၃၄) ယခုအချိန်တွင်ပင် ယေဟောဝါသည် ကောင်းချီးများစွာပေးနေကြောင်းသိရှိလျက် အမှန်ရွှင်လန်းနိုင်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ယေဟောဝါ၏ အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်” နိုင်ကြသည်။—ဆာ. ၁၀၀:၂

[စာမျက်နှာ ၈ ပါ ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင်ဆက်ရွှင်လန်းလိုပါက သင့်အချိန်ခွဲဝေအသုံးပြုပုံကို ချိန်ညှိဖို့လို

အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု

အိမ်နဲ့ မိသားစုစောင့်ရှောက်မှု

အလုပ်အကိုင်

ခရစ်ယာန် အစည်းအဝေးများ

ကိုယ်ပိုင် လေ့လာမှု

ခရစ်ယာန်ဓမ္မအမှု

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အခြားသူတွေ ရွှင်လန်းမှုခံစားရဖို့ သင် ကူညီပေးနိုင်သလား