မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုများကြုံရချိန်တွင် သူ သစ္စာရှိခဲ့

စမ်းသပ်မှုများကြုံရချိန်တွင် သူ သစ္စာရှိခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

စမ်းသပ်မှုများကြုံရချိန်တွင် သူ သစ္စာရှိခဲ့

ပေတရုသည်ယေရှု၏ဟောပြောချက်ကို နားထောင်နေသူများအား စိုးရိမ်တကြီး ကြည့်နေသည်။ ကပေရနောင်မြို့ရှိ တရားဟောရာနေရာတွင် သူတို့ရှိနေကြသည်။ ထိုမြို့တွင် ပေတရု၏နေအိမ်ရှိပြီး ဂါလိလဲကမ်းခြေရှိ သူ၏ငါးဖမ်းလုပ်ငန်းကိုလည်း ထိုဒေသတွင်ပင် လုပ်ကိုင်သည်။ ထို့ပြင် သူ၏မိတ်ဆွေများ၊ ဆွေမျိုးများနှင့် စီးပွားရေးလုပ်ဖော်ဆောင်ဖက်များလည်း ထိုတွင် နေထိုင်ကြသည်။ ထို့ကြောင့် ပေတရုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အကြီးမြတ်ဆုံးဆရာဖြစ်သူ ယေရှုထံမှ သိရှိလာချိန်တွင် သူခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှုတို့ကို တစ်မြို့တည်းသားများကိုလည်း ဝေမျှလိုမည်မှာ သေချာသည်။ ယနေ့ခေတ်တွင် ကပေရနောင်မြို့သို့ ယေရှုလည်ပတ်လျှင် ထိုသို့ဖြစ်ပျက်မည်မဟုတ်ပါ။

လူများစွာမှာ ဆက်နားမထောင်ကြတော့ချေ။ အချို့က ညည်းညူပြောဆိုကာ ယေရှုဟောသောအကြောင်းအရာကို ကန့်ကွက်ကြသည်။ သို့သော် ပေတရုကို စိတ်အနှောင့်အယှက်အပေးဆုံးအရာမှာ ယေရှု၏တပည့်အချို့ကပင် ထိုသို့တုံ့ပြန်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏မျက်နှာသည် အရေးကြီးသော အကြောင်းအရာကို သိလိုက်ရသောကြောင့် ကျေနပ်ပီတိဖြစ်နေပုံ၊ အမှန်တရားကို သိလိုက်ရသောကြောင့် ပျော်ရွှင်နေပုံမျိုး မထွက်တော့ချေ။ ယခု သူတို့သည် စိတ်အနှောင့်အယှက်ဖြစ်နေရုံသာမက ခါးခါးသီးသီးပင် ဖြစ်နေပုံပေါက်သည်။ အချို့က ယေရှုစကားများသည် လက်ခံရန်အလွန်ခက်လှသည်ဟုပင် ကျယ်လောင်စွာ ပြောနေကြသည်။ ထို့နောက် ယေရှု၏စကားကို ဆက်နားမထောင်တော့ဘဲ တရားဟောရာနေရာမှ ထွက်ခွာသွားကြပြီး ကိုယ်တော့်နောက်ကိုလည်း ဆက်မလိုက်ကြတော့ချေ။

ယင်းသည် ပေတရုနှင့်အခြားတမန်တော်များအတွက် အလွန်ပင်ခက်ခဲသောအချိန်ဖြစ်သည်။ ထိုနေ့တွင် ယေရှုဟောပြောခဲ့ရာများကို ပေတရုအပြည့်အ၀နားမလည်ပါ။ ယေရှု၏စကားများကို အသေအချာမရှင်းပြလျှင် ယင်းသည် မနှစ်မြို့စရာဖြစ်နေကြောင်း သူသိမည်မှာ သေချာသည်။ ပေတရု အဘယ်အရာပြုလုပ်မည်နည်း။ ဤတွင် သခင့်အပေါ် သူ၏သစ္စာရှိမှု စမ်းသပ်ခံရခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ၊ ထို့ပြင် နောက်ဆုံးအကြိမ်လည်း မဟုတ်ပါ။ ပေတရု၏ယုံကြည်ခြင်းက ထိုစမ်းသပ်မှုများကို အောင်မြင်ရန်နှင့် ဆက်သစ္စာရှိရန် သူ့ကို မည်သို့ထောက်ကူခဲ့ကြောင်း ကြည့်ကြစို့။

အခြားသူများ သစ္စာမဲ့သော်ငြား သူဆက်သစ္စာရှိခဲ့

ပေတရုသည် ယေရှုနှင့်ပတ်သက်၍ အံ့အားသင့်စရာများကို မကြာခဏ ကြုံခဲ့ရသည်။ သခင်ယေရှုသည် လူအများ မျှော်လင့်ထားသောပုံစံအတိုင်း မပြုမူခဲ့၊ မပြောဆိုခဲ့ကြောင်း ကြိမ်ဖန်များစွာ သူတွေ့ခဲ့ရသည်။ ယမန်နေ့တွင်ပင် ယေရှုသည် ထောင်နှင့်ချီသော လူအုပ်ကို အံ့ဖွယ်နည်းဖြင့် အစားအစာကျွေးမွေးခဲ့သည်။ ထိုအခါ လူအုပ်က ကိုယ်တော်ကို ဘုရင်တင်မြှောက်ရန် ကြိုးစားကြသည်။ သို့သော် ကိုယ်တော် ရှောင်ထွက်သွားပြီး တပည့်များကို ကပေရနောင်မြို့သို့ လှေဖြင့်သွားနှင့်ရန် မိန့်မှာခဲ့ရာ လူများစွာ အံ့အားသင့်ခဲ့ကြသည်။ ထိုညတွင် တပည့်များ လှေဖြင့်ရွက်လွှင့်သွားနေစဉ် ယေရှုသည် မုန်တိုင်းထန်နေသော ဂါလိလဲပင်လယ်ရေမျက်နှာပြင်ပေါ် လမ်းလျှောက်လာရာ တပည့်များ အံ့ဩတကြီးဖြစ်ရပြန်သည်၊ ထိုအချိန်တွင် ကိုယ်တော်သည် ပေတရုကို ယုံကြည်ခြင်းနှင့်ဆိုင်သော သင်ခန်းစာပေးခဲ့သည်။ *

မနက်မိုးလင်းသောအခါ လူအုပ်သည် လှေများစီး၍ နောက်သို့လိုက်လာကြောင်း မကြာမီ သူတို့တွေ့လိုက်ရသည်။ သို့သော် လူတို့သည် ဘုရားသခင်နှင့်ဆိုင်သော အမှန်တရားကို နားထောင်လိုစိတ်ကြောင့်မဟုတ်ဘဲ အံ့ဖွယ်နည်းဖြင့် ယေရှု အစားအစာကျွေးမွေးသည်ကို နောက်ထပ်မြင်တွေ့လိုသောကြောင့်သာ ထိုသို့လိုက်လာခြင်းဖြစ်သည်မှာ သိသာ၏။ သို့နှင့် ရုပ်ပိုင်းဆိုင်ရာကိုသာ ဦးစားပေးလိုသော သူတို့၏သဘောထားကို ယေရှုပြစ်တင်ဆုံးမခဲ့သည်။ ထိုဆုံးမစကားကို ကပေရနောင်မြို့ရှိ တရားဟောရာနေရာတွင် ဆက်မိန့်ဆိုခဲ့သည်၊ ထို့နောက် အလွန်အရေးကြီးပြီး နားလည်ရခက်သောအမှန်တရားကို သွန်သင်ပေးရန် လူတို့မျှော်လင့်ထားရာများနှင့် ဆန့်ကျင်သောအရာများကို ထိုတွင် မိန့်ဆိုခဲ့ပြန်သည်။

ယေရှုက မိမိသည် အစားအစာကျွေးမွေးသူတစ်ဦးမျှသာမဟုတ်ဘဲ လူတို့အသက်ရရန် ဘုရားသခင်စေလွှတ်လိုက်သူဖြစ်ကြောင်း လူတို့ကို ရှုမြင်စေလိုသည်။ အကြောင်းမှာ လူသားတစ်ဦးအနေဖြင့် ကိုယ်တော်၏အသက်တာနှင့်သေခြင်းသည် အခြားသူများကို ထာ၀ရအသက်ရစေနိုင်သောကြောင့်ပင်။ သို့ဖြင့် ကိုယ်တော်သည် မိမိကိုယ်ကို မောရှေခေတ်တွင် ကောင်းကင်မှကျလာသော မန္နမုန့်နှင့်နှိုင်းယှဉ်ကာ ပုံဥပမာတစ်ခုပေးခဲ့သည်။ အချို့က ကန့်ကွက်ပြောဆိုကြရာ ကိုယ်တော်က လူတို့ အသက်ရရန် မိမိအသားနှင့် အသွေးကို သုံးဆောင်ဖို့လိုကြောင်း ဖော်ပြသည့် ကွက်ကွက်ကွင်းကွင်းမြင်သာသော ပုံဥပမာကို မိန့်ဆိုခဲ့သည်။ ထိုအခါ ကန့်ကွက်ပြောဆိုသံများ ပိုကျယ်လောင်လာသည်။ အချို့က “ထိုစကားကို လက်ခံရန်ခက်လှ၏။ မည်သူနာယူနိုင်မည်နည်း” ဟုဆိုကြသည်။ တပည့်ရင်းများစွာကလည်း ကိုယ်တော့်နောက်တော်သို့ ဆက်မလိုက်တော့ရန် ဆုံးဖြတ်ကြသည်။ *ယောဟန် ၆:၄၈-၆၀၊ ၆၆

ပေတရု ဘာလုပ်မည်နည်း။ ယေရှု၏စကားများကြောင့် သူလည်း စိတ်ရှုပ်ထွေးနေမည်ပင်။ ယေရှုသည် ဘုရားသခင့်အလိုတော်ပြီးမြောက်ရေးအတွက် မလွဲမသွေအသေခံရမည်ဖြစ်ကြောင်း သူ သဘောမပေါက်သေးပါ။ သို့တိုင် ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်ပြောင်းလဲကာ ထိုနေ့တွင် ယေရှုကိုစွန့်ခွာသွားကြသော အခြားတပည့်များနည်းတူ ပေတရုသည် ကိုယ်တော့်နောက် မလိုက်ဘဲနေခဲ့ပါသလော။ မနေခဲ့ပါ။ ထိုသူတို့နှင့် ပေတရု မတူရသည့်အကြောင်းရင်းတစ်ခုရှိသည်။ ယင်းကား အဘယ်နည်း။

ယေရှုက “သင်တို့သည်လည်း ထွက်သွားလိုကြသလော” ဟု တမန်တော်များကို မေးတော်မူသည်။ (ယောဟန် ၆:၆၇) တမန်တော် ၁၂ ပါးစလုံးကို ကိုယ်တော် ဦးတည်မေးလိုက်ခြင်းဖြစ်သော်လည်း အားလုံးကိုယ်စား ဖြေဆိုလိုက်သူမှာ ပေတရုဖြစ်သည်။ ယင်းသို့ မကြာခဏဖြစ်လေ့ရှိသည်။ ပေတရုသည် တမန်တော် ၁၂ ပါးတွင် အသက်အကြီးဆုံးဖြစ်ပေမည်။ မည်သို့ဆိုစေ၊ တမန်တော်များအနက် သူသည် ဟုတ်တိုင်းမှန်ရာကို ဘွင်းဘွင်းအပြောတတ်ဆုံးဖြစ်သည်။ စိတ်ထဲရှိရာကို ထုတ်ပြောဖို့ တွန့်ဆုတ်နေသည့်အချိန်အခါမျိုး ပေတရုတွင် ဖြစ်ခဲလှဟန်တူသည်။ ဤကိစ္စတွင်လည်း ပေတရုစိတ်ထဲရှိရာမှာ နှစ်လို့ဖွယ်ကောင်းပြီး မှတ်သားဖွယ်ကောင်းသော ဤစကားများပင်ဖြစ်သည်– “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့သွားရပါမည်နည်း။ ထာ၀ရအသက်နှင့်ဆိုင်သော စကားသည် ကိုယ်တော်၌ရှိပါ၏။”—ယောဟန် ၆:၆၈

ထိုစကားများက သင့်စိတ်ကိုလည်း ထိမိစေသည်မဟုတ်လော။ ယေရှုအပေါ် ပေတရု၏ ယုံကြည်စိတ်ချမှုကြောင့် သစ္စာရှိမှုဟူသော ထူးခြားသည့်အရည်အသွေးကို သူပိုင်ဆိုင်ခဲ့သည်။ ကယ်တင်ရှင်သည် ယေရှုမှတစ်ပါး အခြားသူမဖြစ်နိုင်ကြောင်း၊ ဘုရားသခင့်နိုင်ငံတော်ကို ဟောပြောသွန်သင်ခြင်းအားဖြင့် ကိုယ်တော်ကယ်တင်တော်မူကြောင်း ပေတရု ကောင်းစွာ နားလည်သည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးစေသောအရာတချို့ ရှိသည့်တိုင် ဘုရားသခင့်မျက်နှာသာတော်နှင့် ထာ၀ရအသက်ကောင်းချီးခံစားလိုလျှင် ကိုယ်တော်ထံမှလွဲ၍ သွားစရာအခြားနေရာ မရှိသည်ကို ပေတရုသိသည်။

သင်လည်း ထိုသို့ခံစားရပါသလော။ ဝမ်းနည်းစရာမှာ ယနေ့ခေတ်တွင် လူများစွာသည် ယေရှုကို ချစ်မြတ်နိုးသည်ဟုဆိုသော်လည်း သစ္စာရှိမှုနှင့်ပတ်သက်၍ စမ်းသပ်ခံရချိန်တွင်မူ ကျရှုံးသွားကြသည်။ ကျွန်ုပ်တို့သည် ယေရှုအပေါ် စစ်မှန်သောသစ္စာရှိမည်ဆိုလျှင် ကိုယ်တော့်သွန်သင်ချက်များနှင့်စပ်လျဉ်း၍ ပေတရု၏သဘောထားမျိုး တင်ပြရမည်။ ကျွန်ုပ်တို့မျှော်လင့်ထားရာများ သို့မဟုတ် နှစ်သက်ရာများနှင့်မကိုက်ညီလျှင်ပင် ကိုယ်တော့်သွန်သင်ချက်များကို လေ့လာကာ အဓိပ္ပာယ်ကိုနားလည်အောင်လုပ်ပြီး ယင်းနှင့်အညီအသက်ရှင်ဖို့လိုသည်။ ကျွန်ုပ်တို့သည် သစ္စာရှိကြောင်း တင်ပြခြင်းအားဖြင့်သာ ယေရှုပေးလိုသော ထာ၀ရအသက်ကို မျှော်လင့်နိုင်ကြမည်။

တည့်မတ်ပေးခံရချိန်တွင်လည်း ဆက်သစ္စာရှိ

ထိုဖြစ်ရပ်ပြီးနောက် များမကြာမီ ယေရှုသည် တမန်တော်များနှင့် တပည့်များကို မြောက်ပိုင်းသို့ ခြေကျင်ခရီးရှည်ဖြင့် ဦးဆောင်ခေါ်သွားသည်။ အစ္စရေးလူမျိုးများအား ဘုရားသခင်ပေးခဲ့သောနယ်မြေ၏ မြောက်ဘက်စွန်းပိုင်းရှိ နှင်းဖုံးနေသော ဟေရမုန်တောင်ထွတ်ကို ဂါလိလဲပင်လယ်၏ရေပြင်ပေါ်မှပင် တစ်ခါတစ်ရံ လှမ်းမြင်ရတတ်သည်။ သူတို့သည် တရွေ့ရွေ့ မြင့်တက်သွားသော လမ်းအတိုင်း ကဲသရိဖိလိပ္ပိမြို့အနီးရှိ ရွာများအထိ တက်သွားကြသည်။ ဟေရမုန်တောင်အနီးသို့ တဖြည်းဖြည်း ရောက်လာသည်နှင့်အမျှ တောင်မှာ ပိုမြင့်သွားသယောင် ထင်ရသည်။ * အစ္စရေးလူမျိုးအား ဘုရားသခင်ပေးခဲ့သော နယ်မြေကို အပေါ်စီးမှ လှမ်းမြင်နေရသည့် လှပသောထိုဝန်းကျင်တွင် နောက်လိုက်များကို အရေးကြီးသော မေးခွန်းတစ်ခု ယေရှုမေးလေသည်။

ကိုယ်တော်က “လူအုပ်သည် ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးတော်မူ၏။ ပေတရုသည် ယေရှု၏ ကြင်နာမှုနှင့် ထက်မြက်စူးရှသော ဉာဏ်ရည်ကို ထပ်မံနားလည်သိရှိသွားကာ ထိုးထွင်းသိမြင်နိုင်သော ကိုယ်တော့်မျက်လုံးများကို စိုက်ကြည့်နေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်သည်။ နားထောင်နေသူတို့သည် ၎င်းတို့ မြင်ခဲ့၊ ကြားခဲ့ရာများနှင့်ပတ်သက်၍ မည်သို့ကောက်ချက်ချကြမည်ကို ယေရှု စိတ်ဝင်စားတော်မူသည်။ တပည့်များက ယေရှုမည်သူဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ လူတို့ပြောဆိုနေသည့် ထင်မြင်ချက်အမှားများကို ပြန်ပြောပြကာ ကိုယ်တော့်မေးခွန်းကို ဖြေဆိုလိုက်သည်။ သို့သော် ကိုယ်တော်သည် ထို့ထက်မက ပိုသိလိုတော်မူသည်။ မိမိ၏ အရင်းနှီးဆုံးတပည့်များကော ထိုသို့ပင် ထင်မြင်နေကြသလော။ ကိုယ်တော်က “သို့ဆိုလျှင် ငါမည်သူဖြစ်သည်ဟု သင်တို့ဆိုကြမည်နည်း” ဟူ၍ မေးတော်မူသည်။—လုကာ ၉:၁၈-၂၂

ဤတစ်ကြိမ်တွင်လည်း ပေတရုက “ကိုယ်တော်သည် ဘုရားသခင်စေလွှတ်တော်မူသော ခရစ်တော်ဖြစ်ပါသည်” ဟု ခပ်သွက်သွက်ပြန်ဖြေလိုက်ပြီး ထိုတွင်ရှိနေသော တမန်တော်များ၏ စိတ်ထဲမှအဖြေကို ရှင်းရှင်းလင်းလင်းနှင့် ရဲရဲဝံ့ဝံ့ ဖော်ပြလိုက်သည်။ ယေရှုသည် ပေတရုကို ချီးမွမ်းစကားဆိုစဉ် နှစ်သက်စွာ ပြုံးနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ခန့်မှန်းကြည့်နိုင်သည်။ စစ်မှန်သောယုံကြည်ခြင်းရှိသူများအား ထိုအရေးကြီးသော အမှန်တရားကို ရှင်းလင်းစွာဖော်ပြသူမှာ လူသားမဟုတ်ဘဲ ယေဟောဝါဘုရားသခင်သာဖြစ်ကြောင်း ပေတရုကို ယေရှုသတိပေးခဲ့သည်။ ပေတရုသည် ယေဟောဝါဘုရားသခင် ဖော်ပြလိုက်သော အရေးကြီးဆုံးအမှန်တရားများအနက် တစ်ခုကို သိမြင်နားလည်ခွင့်ရလိုက်သည်။ ယင်းမှာ ကြွလာမည်ဟု ကြာမြင့်စွာကတည်းက ကတိပြုထားသည့် မေရှိယတည်းဟူသော ခရစ်တော်သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိခွင့်ရလိုက်ခြင်းဖြစ်၏။—မဿဲ ၁၆:၁၆၊ ၁၇

တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်ဟူ၍ ရှေးအနာဂတ်ဟောချက်တစ်ခုတွင် ခေါ်ဆိုထားသူမှာ ထိုခရစ်တော်ပင် ဖြစ်သည်။ (ဆာလံ ၁၁၈:၂၂; လုကာ ၂၀:၁၇) ထိုအနာဂတ်ဟောချက်တွင် ဆိုထားသည့်အတိုင်း ပေတရု ယခုပင် သိလိုက်ရသည့် ထိုကျောက်တည်းဟူသော ကျောက်ဆောင်ပေါ်တွင် အသင်းတော်ကို ယေဟောဝါဘုရားသခင် တည်ထောင်မည်ဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။ * ထို့နောက် ကိုယ်တော်သည် ပေတရုကို ထိုအသင်းတော်၏ အလွန်အရေးကြီးသော တာဝန်တချို့ အပ်နှင်းခဲ့သည်။ လူတချို့ ယူဆသကဲ့သို့ ကိုယ်တော်သည် ပေတရုကို အခြားတမန်တော်များထက် အရေးပိုပေးနေခြင်းမဟုတ်ပါ။ သို့အစား သူ့ကို “ကောင်းကင်နိုင်ငံတော်၏သော့များ” အပ်နှင်းကာ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ (မဿဲ ၁၆:၁၉) ပေတရု၏တာဝန်မှာ ဘုရားသခင့်နိုင်ငံတော်ဝင်ခွင့်မျှော်လင့်ချက်ကို ဂျူးလူမျိုး၊ ထို့နောက် ရှမာရိလူမျိုးနှင့် နောက်ဆုံးတွင် လူမျိုးခြားများ ရရှိစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။

များစွာပေးအပ်ခံရသူသည် များစွာတာဝန်ရှိကြောင်း နောက်ပိုင်းတွင် ယေရှုဖော်ပြခဲ့ပြီး ယင်းသည် ပေတရု၏ကိစ္စတွင် မှန်ကန်၏။ (လုကာ ၁၂:၄၈) ယေရှုက မိမိသည် မကြာမီ ဂျေရုဆလင်မြို့တွင် ညှဉ်းဆဲခံရပြီး အသတ်ခံရမည်ဟူသည့် အချက်များအပါအဝင် မေရှိယနှင့်ဆိုင်သော အရေးပါသည့် အမှန်တရားများကို ဆက်ပြောပြခဲ့သည်။ ပေတရုသည် ယင်းတို့ကို ကြားရသောအခါ စိတ်အနှောင့်အယှက်ဖြစ်လာသည်။ သို့နှင့် ယေရှုကို သူ ခေါ်ထုတ်သွားပြီး “ကိုယ့်ကိုယ်ကိုယ် သနားပါ၊ သခင်။ ထိုအဖြစ်မျိုးကို ကိုယ်တော်လုံး၀မကြုံရပါ” ဟု ပြစ်တင်စကားဆိုလေသည်။—မဿဲ ၁၆:၂၁၊ ၂၂

ပေတရုသည် ရည်ရွယ်ချက်ကောင်းဖြင့် ပြောဆိုခဲ့သည်မှာ သေချာ၏၊ ထို့ကြောင့် ယေရှု၏တုံ့ပြန်စကားကို ကြားရသောအခါ သူအံ့အားသင့်သွားသည်။ ကိုယ်တော်သည် မျက်နှာလွှဲ၍ ပေတရုကဲ့သို့ပင် တွေးတောနေဟန်တူသော အခြားတမန်တော်များကို ကြည့်ပြီးနောက် ပေတရုအား “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် တိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏ရှုထောင့်မှ မစဉ်းစား။ လူ့ရှုထောင့်ဖြင့်သာ စဉ်းစားသည်” ဟုမိန့်ဆိုသည်။ (မဿဲ ၁၆:၂၃; မာကု ၈:၃၂၊ ၃၃) ယေရှု၏ ထိုစကားများတွင် ကျွန်ုပ်တို့အားလုံးအတွက် လက်တွေ့ကျသော သွန်သင်ချက်ပါရှိသည်။ ဘုရားသခင်၏အတွေးအခေါ်ထက် လူ့အတွေးအခေါ်ကို ပိုဦးစားပေးမိရန် အလွန်လွယ်ကူသည်။ ထိုသို့ဦးစားပေးမိပါက ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ မည်မျှပင်ကောင်းနေပါစေ ဘုရားသခင့်ရည်ရွယ်ချက်အစား စာတန်၏ရည်ရွယ်ချက်ကို အမှတ်တမဲ့ ထောက်ခံမိလျက်သား ဖြစ်သွားနိုင်သည်။ ပေတရု မည်သို့တုံ့ပြန်ခဲ့သနည်း။

မိမိကို စာတန်ဟု အမှန်တကယ် ယေရှုခေါ်ဆိုလိုက်ခြင်းမဟုတ်ကြောင်း ပေတရုသိမည်မှာ သေချာ၏။ ထို့ပြင် ယေရှုသည် စာတန်ကို ပြောဆိုခဲ့သည့်အတိုင်း ပေတရုကို မပြောခဲ့ချေ။ ကိုယ်တော်သည် စာတန်ကို “ထွက်သွားလော့” ဟူ၍ မိန့်ဆိုခဲ့ပြီး ပေတရုကိုမူ “ငါ့နောက်သို့ ဆုတ်လော့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၄:၁၀) ယေရှုသည် အရည်အသွေးကောင်းများစွာရှိသော ထိုတမန်တော်ကို ငြင်းပယ်လိုက်ခြင်းမဟုတ်ပါ။ ထိုကိစ္စနှင့်ပတ်သက်၍ သူ၏မှားယွင်းသောအတွေးအခေါ်ကို တည့်မတ်ပေးခြင်းသာဖြစ်သည်။ ပေတရုသည် မိမိသခင်၏ရှေ့တွင် တိုက်မိ၍လဲစရာအဖြစ် ကာဆီးမနေသင့်ဘဲ နောက်လိုက်ကောင်းတစ်ဦးအဖြစ် နောက်ဆုတ်ပေးသင့်ကြောင်း နားလည်နိုင်သည်။

ပေတရု စောဒကတက်ခဲ့သလော၊ စိတ်ဆိုးခဲ့သလော၊ သုန်မှုန်ခဲ့သလော။ မဖြစ်ခဲ့ပါ။ တည့်မတ်ပေးမှုကို နှိမ့်ချစွာ လက်ခံခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သစ္စာရှိမှုဟူသော အရည်အသွေးကို သူ ထပ်မံတင်ပြခဲ့သည်။ ခရစ်တော်၏နောက်လိုက်အားလုံး တစ်ချိန်မဟုတ်တစ်ချိန်တွင် ပြုပြင်တည့်မတ်မှု လိုအပ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဆုံးမပေးမှုကို နှိမ့်ချစွာ လက်ခံပြီး သင်ခန်းစာယူတတ်မှသာ ယေရှုခရစ်နှင့် ကိုယ်တော့်ခမည်းတော် ယေဟောဝါဘုရားသခင်ထံ ဆက်၍ချဉ်းကပ်နိုင်ကြမည်။—သု. ၄:၁၃

သစ္စာရှိမှုကြောင့် ကောင်းချီးခံစားရ

မကြာမီ အံ့အားသင့်ဖွယ်စကားများကို ယေရှု ဤသို့မိန့်ဆိုသည်– “ငါအမှန်ဆိုသည်ကား ဤတွင်ရပ်နေသူအချို့သည် ဘုရင်အဖြစ် လူသားကြွလာသည်ကို မမြင်မီ သေခြင်းသို့ မရောက်ရကြ။” (မဿဲ ၁၆:၂၈) ထိုစကားများ၏အဓိပ္ပာယ်ကို ပေတရု သိလိုစိတ်ပြင်းပြမည်မှာ သေချာသည်။ ယေရှု အဘယ်အရာကိုဆိုလိုခြင်း ဖြစ်နိုင်မည်နည်း။ ယခုလေးတွင်ပင် ပြင်းပြင်းထန်ထန် ဆုံးမခံလိုက်ရသည့်အတွက် ထိုအခွင့်ထူးများကို မိမိ ရတော့မည်မဟုတ်ဟူ၍ ပေတရုတွေးကောင်းတွေးပေမည်။

တစ်ပတ်ခန့်အကြာတွင် ယေရှုသည် ယာကုပ်၊ ယောဟန်နှင့်ပေတရုတို့ကို “မြင့်သောတောင်ပေါ်သို့” ခေါ်ဆောင်သွားသည်၊ ထိုတောင်မှာ မိုင်အနည်းငယ်အကွာရှိ ဟေရမုန်တောင်ဖြစ်နိုင်သည်။ သူတို့သုံးဦးမှာ အိပ်ငိုက်နေကြသောကြောင့် ယင်းအချိန်သည် ညအချိန်ဖြစ်နိုင်ဖွယ်ရှိ၏။ သို့သော် ယေရှုဆုတောင်းနေစဉ် အဖြစ်အပျက်တစ်ခုကြောင့် အိပ်ပျော်နေသူတို့ ဖျတ်ခနဲ နိုးသွားကြသည်။—မဿဲ ၁၇:၁; လုကာ ၉:၂၈၊ ၂၉၊ ၃၂

သူတို့မျက်စိရှေ့တွင်ပင် ယေရှု ကိုယ်ယောင်ပြောင်းလဲသွားသည်။ ကိုယ်တော့်မျက်နှာတော်သည် အဆင်းအရောင်ပြောင်းလဲ၍ နေရောင်ကဲ့သို့ တောက်ပလာသည်။ ကိုယ်တော့်အဝတ်တော်လည်း ဖြူဖွေးတောက်ပလျက်ရှိသည်။ ထို့နောက် မောရှေနှင့် ဧလိယတို့၏ အသွင်သဏ္ဌာန်နှစ်ခု ယေရှုအနားပေါ်လာပြီး “ဂျေရုဆလင်မြို့ ၌ပြည့်စုံရမည့် ကိုယ်တော်၏ထွက်ခွာခြင်းအကြောင်း” ပြောဆိုနေကြသည်။ ထိုအကြောင်းမှာ ကိုယ်တော်၏သေခြင်းနှင့် ထမြောက်ခြင်းအကြောင်းပင်ဖြစ်မည်။ မကြာမီ နာကျင်မှုများကို ယေရှု ခံစားရတော့မည်ဖြစ်ရာ ထိုသို့မဖြစ်စေရန် ပေတရု တားဆီးခြင်းက မှားယွင်းလှသည်တကား။—လုကာ ၉:၃၀၊ ၃၁

ပေတရုသည် ထူးခြားလှသော ထိုအဆင်းအာရုံတွင် မိမိလည်း ပါဝင်သင့်သည်ဟု ယူဆမိသည်။ မောရှေနှင့်ဧလိယသည် ယေရှုထံမှ ထွက်ခွာသွားတော့မည်ပုံပင်။ သို့နှင့် ပေတရုက “ဆရာ၊ ဤအရပ်သည် နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက် တဲတစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံး၊ တဲသုံးလုံးကို ကျွန်ုပ်တို့ ဆောက်ပါရစေ” ဟုပြောလေသည်။ ယေဟောဝါဘုရားသခင်၏ ထိုကျေးကျွန်နှစ်ဦးသည် အဆင်းအာရုံတွင် ပါဝင်သည်မှန်သော်လည်း ကြာမြင့်စွာကပင် သေဆုံးသွားပြီဖြစ်သောကြောင့် နေထိုင်စရာ တဲများမလိုအပ်ချေ။ ပေတရုလည်း ပြောမိပြောရာ ပြောလိုက်ခြင်းသာဖြစ်သည်။ သို့တိုင် သူ၏ထက်သန်သော၊ ကြင်နာတတ်သော စိတ်သဘောထားကို သင်နှစ်သက်မိသည်မဟုတ်လော။—လုကာ ၉:၃၃

ထိုညတွင် ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့သည် ကောင်းချီးနောက်တစ်ခု ရခဲ့ပြန်သည်။ တိမ်တိုက်တစ်ခုပေါ်လာပြီး တောင်ပေါ်တွင်ရှိနေသော သူတို့ကို လွှမ်းမိုးလေသည်။ ထိုစဉ် ယေဟောဝါဘုရားသခင်၏အသံတော်သည် တိမ်တိုက်ထဲမှ ဤသို့ထွက်ပေါ်လာသည်– “ဤသူသည် ငါရွေးချယ်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့။” ထို့နောက် ထိုအဆင်းအာရုံ ပျောက်ကွယ်သွားပြီး တောင်ပေါ်တွင် ယေရှုနှင့်အတူ သူတို့သာ ကျန်ရှိတော့သည်။—လုကာ ၉:၃၄-၃၆

ထိုအဆင်းအာရုံသည် ပေတရုနှင့်ကျွန်ုပ်တို့အတွက် ကောင်းချီးတစ်ခုပင်။ ထိုည၌ ယေရှုကို ဂုဏ်အသရေရှိသော ကောင်းကင်ဘုရင်အနေဖြင့် ‘ကိုယ်တော်၏မဟာဘုန်းကို ကိုယ်တိုင်မြင်သောသူများ’ တွင် မိမိလည်းပါဝင်ခဲ့သည်ဟု ဆယ်စုနှစ်များကြာပြီးနောက် ပေတရုရေးသားခဲ့သည်။ ထိုအဆင်းအာရုံသည် သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်များစွာကို အတည်ပြုပေးပြီး ပေတရု ကြုံတွေ့ရတော့မည့် စမ်းသပ်မှုများကိုရင်ဆိုင်နိုင်ရန် သူ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်။ (၂ ပေတရု ၁:၁၆-၁၉) ကျွန်ုပ်တို့လည်း ပေတရုနည်းတူ ယေဟောဝါဘုရားသခင်ခန့်အပ်ထားသော သခင်ယေရှုကို ဆက်၍သစ္စာရှိမည်၊ ကိုယ်တော့်ထံမှ သင်ယူမည်၊ ဆုံးမမှုနှင့်ပြုပြင်တည့်မတ်ပေးမှုကို လက်ခံမည်၊ နေ့စဉ် နှိမ့်ချစွာ ကိုယ်တော့်နောက်လိုက်မည်ဆိုလျှင် ထိုအဆင်းအာရုံသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုပါ ခိုင်ခံ့စေနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ၂၀၀၉၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်တွင်ဖော်ပြထားသော “သူတို့၏ယုံကြည်ခြင်းကို တုပကြလော့—စိုးရွံ့စိတ်နှင့် သံသယစိတ်ကို သူတွန်းလှန်ခဲ့” ဆောင်းပါးတွင် ကြည့်ပါ။

^ အပိုဒ်၊ 9 ယမန်နေ့ကပင် ထိုတရားဟောရာနေရာတွင် ယေရှု၏ဟောပြောချက်ကို လူတို့ကြားသောအခါ ကိုယ်တော်သည် ဘုရားသခင်၏ပရောဖက်ဖြစ်သည်ဟု စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြသည်ကိုထောက်၍ သူတို့၏ စိတ်အပြောင်းအလဲမြန်ပုံကို ထင်ရှားစွာတွေ့ မြင်နိုင်သည်။—ယောဟန် ၆:၁၄

^ အပိုဒ်၊ 15 သူတို့သည် ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ခန့်တွင်ရှိသော ဂါလိလဲပင်လယ်ကမ်းခြေမှ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁,၁၅၀ ခန့်အထိ၊ သဘာ၀ရှုခင်းများဖြင့် အလွန်လှပသော ဒေသတစ်လျှောက်ကို ဖြတ်သန်းကာ မိုင် ၃၀ ခရီးနှင်ခဲ့ကြသည်။

^ အပိုဒ်၊ 18 စာမျက်နှာ ၂၈ ရှိ  “ထိုကျောက်ဆောင်ကား မည်သူနည်း” လေးထောင့်ကွက်ကိုကြည့်ပါ။

[စာမျက်နှာ ၂၈ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 ထိုကျောက်ဆောင်ကား မည်သူနည်း

“ငါဆိုသည်ကား  သင်သည်  ပေတရုဖြစ်၏။ ဤကျောက်ဆောင်ပေါ်တွင်  ငါ၏အသင်းတော်ကို တည်ဆောက်မည်။” (မဿဲ ၁၆:၁၈) တမန်တော်ပေတရုကို  ယေရှုပြောခဲ့သော  ထိုစကားများအရ ပေတရုသည်  ခရစ်ယာန်အသင်းတော်၏  အုတ်မြစ်ဖြစ်မည်ဟု အချို့ယူဆကြသည်။ ယေရှုသည် ပေတရုကို  အခြားတမန်တော်များထက်  အခွင့်အရေးပိုပေးကာ  ပထမဆုံးပုပ်ရဟန်းမင်းအဖြစ်  ခန့်အပ်ခဲ့သည်ဟု ကက်သလစ်ချာ့ခ်ျက သွန်သင်သည်။ ထို့ကြောင့် ရောမမြို့ရှိ စိန့်ပီတာဘုရားရှိခိုးကျောင်း၏ အတွင်းဘက်အမိုးခုံးပေါ်တွင် ယေရှု၏ထိုစကားများကို လက်တင်ဘာသာဖြင့် လူတစ်ရပ်ကျော်အမြင့်ရှိ စာလုံးများနှင့် ရေးထိုးထားသည်။

ယေရှုသည်  မိမိတည်ထောင်မည့်  အသင်းတော်၏ကျောက်ဆောင်မှာ  ပေတရုဖြစ်သည်ဟု  ပြောနေခြင်းလော။  မဟုတ်ပါ။  ထိုသို့ဆိုရသည့်အကြောင်းရင်း သုံးခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ အခြားတမန်တော်များလည်း  ရှိနေကြသည်ဖြစ်ရာ  ကိုယ်တော့်စကားကို  သူတို့  ထိုသို့မယူမှတ်ခဲ့ကြပါ။  ယေရှုသည် ပေတရုကို  သူတို့အားလုံးရှေ့တွင်  အခွင့်အရေးပိုပေးခဲ့သည်ဆိုလျှင် နောက်ပိုင်းတွင် မည်သူအကြီးမြတ်ဆုံးဖြစ်သနည်း ဟူသောကိစ္စကို  သူတို့  အဘယ်ကြောင့် ထပ်ခါတလဲ ငြင်းခုံခဲ့ကြသနည်း။ (မာကု ၉:၃၃-၃၅; လုကာ ၂၂:၂၄-၂၆) ဒုတိယ၊ ကျောက်ဆောင်သည် ပေတရုမဟုတ်ဘဲ ယေရှုခရစ်ဖြစ်ကြောင်း နောက်ပိုင်းတွင် တမန်တော်ပေါလု ဖော်ပြခဲ့သည်။ (၁ ကောရိန္သု  ၃:၁၁; ၁၀:၄) တတိယ၊ မိမိသည် ကျောက်ဆောင်ဖြစ်သည်ဟု မယူဆခဲ့ကြောင်း ဆယ်စုနှစ်များစွာကြာပြီးနောက်  ပေတရုကိုယ်တိုင်  ဖော်ပြခဲ့သည်။ ယင်းအစား ယေရှုသည် နှစ်ပေါင်းများစွာကတည်းက ကြိုဟောထားသော၊ ဘုရားသခင်ကိုယ်တိုင်ရွေးချယ်ခဲ့သော “တိုက်ထောင့်အုတ်မြစ်ကျောက်” ဖြစ်သည်ဟု ပေတရုရေးခဲ့သည်။—၁ ပေတရု ၂:၄-၈

[စာမျက်နှာ ၂၄၊ ၂၅ ပါရုပ်ပုံ]

ပေတရုသည် တည့်မတ်ပေးခံရချိန်တွင်ပင် သစ္စာရှိကြောင်းပြခဲ့

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ပေတရု၏သစ္စာရှိမှုကြောင့် စိတ်လှုပ်ရှားဖွယ် အဆင်းအာရုံကို မြင်တွေ့ ခွင့်ရခဲ့