မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် အဘယ်ကြောင့် ယေဟောဝါထံအပ်နှံရ

သင် အဘယ်ကြောင့် ယေဟောဝါထံအပ်နှံရ

သင် အဘယ်ကြောင့် ယေဟောဝါထံအပ်နှံရ

‘ငါ့ကိုပိုင်တော်မူသော ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် ညက ငါ့အနားမှာ ပေါ်လာ၏။’ —တ. ၂၇:၂၃

၁။ နှစ်ခြင်းခံသူတွေဟာ ဘယ်ခြေလှမ်းတွေ လှမ်းခဲ့ပြီးပြီလဲ၊ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

‘ယေရှုခရစ်၏ ပူဇော်ရာယဇ်အပေါ်အခြေပြုလျက် သင်၏အပြစ်များကို နောင်တရကာ ယေဟောဝါအလိုတော်ဆောင်ဖို့ သင့်ကိုယ်သင် ကိုယ်တော်ထံအပ်နှံပြီးပြီလော။’ ယင်းသည် နှစ်ခြင်းဟောပြောချက်နိဂုံးပိုင်း၌ နှစ်ခြင်းခံမည့်သူများဖြေဆိုရသည့် မေးခွန်းနှစ်ခုအနက် တစ်ခုဖြစ်သည်။ ခရစ်ယာန်များသည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို ယေဟောဝါထံ အပ်နှံရန် လိုသနည်း။ ဘုရားသခင်ထံ အပ်နှံခြင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုသနည်း။ ဘုရားသခင်ထံ အပ်နှံခြင်းမပြုဘဲ ဝတ်ပြုကိုးကွယ်ခြင်းသည် အဘယ်ကြောင့် လက်မခံနိုင်စရာဖြစ်သနည်း။ အဖြေများကိုနားလည်နိုင်ရန် အပ်နှံခြင်းဟူသည် အဘယ်အရာကို ဆိုလိုကြောင်း ဦးစွာ သုံးသပ်ဖို့လိုသည်။

၂။ ယေဟောဝါထံ မိမိကိုယ်ကို အပ်နှံခြင်းဆိုတာ ဘာအဓိပ္ပာယ်ရှိသလဲ။

လူတစ်ဦး ဘုရားသခင်ထံ အပ်နှံခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ တမန်တော်ပေါလုသည် သူနှင့်ဘုရားသခင်၏ဆက်ဆံရေးကို မည်သို့ဖော်ပြခဲ့ကြောင်း သတိပြုပါ။ အန္တရာယ်ကျရောက်နေသော သင်္ဘောပေါ်ရှိ လူများစွာရှေ့တွင် သူသည် ယေဟောဝါအား ‘ငါ့ကိုပိုင်တော်မူသော ဘုရားသခင်’ ဟု ခေါ်ဆိုခဲ့သည်။ (တမန်တော် ၂၇:၂၂-၂၄ ကိုဖတ်ပါ။) ခရစ်ယာန်စစ်အားလုံးကို ယေဟောဝါပိုင်တော်မူသည်။ ယင်းနှင့်ဆန့်ကျင်လျက် လောကသားအများစုသည် “ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေ” သည်။ (၁ ယော. ၅:၁၉) ခရစ်ယာန်များသည် ဆုတောင်းခြင်းဖြင့် ယေဟောဝါလက်ခံနိုင်သော အပ်နှံမှုပြုသည့်အခါ သူတို့သည် ကိုယ်တော်၏ပိုင်ဆိုင်ရာ ဖြစ်လာသည်။ ထိုကဲ့သို့သော အပ်နှံခြင်းသည် တစ်ဦးချင်းစီနှင့်ဆိုင်သော ကတိကဝတ်ဖြစ်သည်။ ထို့နောက် ရေတွင် နှစ်ခြင်းခံသည်။

၃။ ယေရှုနှစ်ခြင်းခံခြင်းက ဘယ်အရာရဲ့ အထိမ်းအမှတ်ဖြစ်သလဲ၊ ကိုယ်တော့်နောက်လိုက်တွေက ကိုယ်တော့်ပုံသက်သေကို ဘယ်လိုတုပနိုင်သလဲ။

ဘုရားသခင့်အလိုတော်ဆောင်ရန်အတွက် ကိုယ်ပိုင်ရွေးချယ်မှုပြုရာတွင် ယေရှုသည် ကျွန်ုပ်တို့အတွက် ပုံသက်သေထားခဲ့သည်။ ကိုယ်တော်သည် အပ်နှံထားသော အစ္စရေးလူမျိုးမှ မွေးဖွားလာသောကြောင့် ဘုရားသခင်ထံ အပ်နှံပြီးသားဖြစ်နေသည်။ သို့တိုင် ကိုယ်တော်နှစ်ခြင်းခံခြင်းသည် ပညတ်တရားကတောင်းဆိုသည်ထက် ပို၍လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ‘အိုဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် ကျွန်ုပ်ရောက်လာပါပြီ’ ဟုယေရှုပြောခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ဟေဗြဲ ၁၀:၇; လု. ၃:၂၁) ထို့ကြောင့် ယေရှုနှစ်ခြင်းခံခြင်းက ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ရန် မိမိကိုယ်ကို ဘုရားသခင်ထံပေးဆက်ခြင်း အထိမ်းအမှတ်ဖြစ်သည်။ ကိုယ်တော်၏နောက်လိုက်များသည် နှစ်ခြင်းခံရန် မိမိတို့ကိုယ်ကို ပေးဆက်သည့်အခါ ကိုယ်တော်၏ပုံသက်သေကို တုပခြင်းဖြစ်သည်။ သို့သော် သူတို့၏အခြေအနေတွင် ရေနှစ်ခြင်းသည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံ မိမိကိုယ်ကိုအပ်နှံပြီးဖြစ်ကြောင်း လူထုရှေ့ သက်သေပြခြင်းဖြစ်သည်။

အပ်နှံခြင်းက ကျွန်ုပ်တို့ကိုအကျိုးပြုပုံ

၄။ ဒါဝိဒ်နဲ့ ယောနသန်အကြားမှာရှိတဲ့ မိတ်ဆွေဖွဲ့မှုက သစ္စာပြုခြင်းနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

ခရစ်ယာန်အပ်နှံခြင်းသည် အလွန်အလေးအနက်ထားရမည့် ကိစ္စဖြစ်သည်။ ယင်းသည် သာမန် ကတိကဝတ်ပြုခြင်းမျှသာမဟုတ်ဘဲ အလေးအနက်သစ္စာပြုခြင်းဖြစ်သည်။ သို့ဆိုလျှင် အပ်နှံမှုပြုခြင်းက ကျွန်ုပ်တို့အား မည်သို့အကျိုးပြုသနည်း။ နှိုင်းယှဉ်သည့်အနေနှင့် လူလူချင်းဆက်ဆံရာတွင် သစ္စာပြုခြင်းသည် မည်သို့အကျိုးပြုကြောင်း သုံးသပ်ကြည့်ကြစို့။ ဥပမာတစ်ခုမှာ မိတ်ဆွေဖွဲ့ခြင်းဖြစ်သည်။ သင်သည် မိတ်ဆွေတစ်ဦးရှိခြင်း၏ အကျိုးကျေးဇူးခံစားလိုလျှင် သင်သည် မိတ်ဆွေတစ်ဦးဖြစ်ခြင်း၏ တာဝန်များကို လက်ခံရမည်။ ယင်းတွင် သင်၏မိတ်ဆွေအား ဂရုစိုက်ရမည့်တာဝန် ပါဝင်ပတ်သက်လာသည်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသော အထင်ရှားဆုံးမိတ်ဖွဲ့မှုများထဲမှတစ်ခုမှာ ဒါဝိဒ်နှင့်ယောနသန်၏ မိတ်ဆွေဖွဲ့မှုဖြစ်သည်။ ထိုသူနှစ်ဦးတို့သည် သူတို့၏ ရင်းနှီးမှုအပေါ်အခြေခံကာ မိတ်သဟာယ သို့မဟုတ် ပဋိညာဉ်ပင်ဖွဲ့ခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၁၇:၅၇; ၁၈:၁၊ တို့ကိုဖတ်ပါ။) ထိုကဲ့သို့သစ္စာပြု၍ မိတ်ဖွဲ့ခြင်းမျိုးသည် ရှားပါးသော်လည်း အပြန်အလှန်သစ္စာပြုထားသည်ဟူသော အသိစိတ်က ရင်းနှီးမှုကို ပို၍ခိုင်မြဲစေလေ့ရှိသည်။—သု. ၁၇:၁၇; ၁၈:၂၄

၅။ ကျွန်တစ်ဦးဟာ သခင်ကောင်းတစ်ဦးရဲ့ ပိုင်ဆိုင်ရာဖြစ်ခြင်းကနေ ဘယ်လို တည်မြဲတဲ့အကျိုးကျေးဇူး ခံစားရနိုင်သလဲ။

အစ္စရေးလူမျိုးများကိုပေးသော ဘုရားသခင့်ပညတ်က သစ္စာပြုခြင်းအားဖြင့် အကျိုးခံစားရသည့် နောက်ထပ်ဆက်ဆံရေးတစ်မျိုးကို ဖော်ပြသည်။ ကျွန်တစ်ဦးသည် သခင်ကောင်းတစ်ဦး၏ အစဉ်ပိုင်ဆိုင်ရာဖြစ်ခြင်းမှ လုံခြုံမှုခံစားလိုလျှင် တည်မြဲသော သဘောတူညီချက်တစ်ခုကို သခင်နှင့်ပြုလုပ်နိုင်သည်။ ပညတ်တရားက ဤသို့ဖော်ပြသည် “ကျွန်က ‘ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါ’ ဟုအတည့်အလင်းပြောဆိုလျှင်၊ သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍ နားရွက်ကိုစူးနှင့်ဖောက်ပြီးမှ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။”—ထွ. ၂၁:၅၊ ၆

၆၊ ၇။ (က) သစ္စာပြုခြင်းက လူတွေကို ဘယ်လိုအကျိုးပြုသလဲ။ (ခ) အဲဒါက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

အိမ်ထောင်မင်္ဂလာသည် အလေးအနက် သစ္စာပြုမှုလိုအပ်သော ဆက်ဆံရေးတစ်ခုဖြစ်၏။ ယင်းသည် စာချုပ်ပေါ်တွင်သာ သစ္စာပြုခြင်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးအား သစ္စာပြုခြင်းဖြစ်သည်။ လက်မထပ်ဘဲ အတူတကွ ပေါင်းသင်းနေထိုင်သူနှစ်ဦးသည် မိမိတို့ကိုယ်တိုင်သာမက သူတို့၏ကလေးများပါ စစ်မှန်သောလုံခြုံမှုကို ဘယ်တော့မျှခံစားရမည်မဟုတ်ပေ။ သို့သော် တစ်ဦးနှင့်တစ်ဦး ကတိသစ္စာပြုထားသော အသရေရှိသည့်အိမ်ထောင်တွင် ပြဿနာများပေါ်ပေါက်လာသောအခါ အခက်အခဲများကို မေတ္တာဖြင့် ကြိုးစားဖြေရှင်းရန် ကျမ်းဆိုင်ရာအကြောင်းပြချက်တစ်ခုရှိထားသည်။—မ. ၁၉:၅၊ ၆; ၁ ကော. ၁၃:၇၊ ၈; ဟေဗြဲ ၁၃:၄

ကျမ်းစာခေတ်က လူတို့သည် စီးပွားရေးနှင့် အလုပ်အကိုင်တို့တွင် သဘောတူစာချုပ်များချုပ်ဆိုခြင်းအားဖြင့် အကျိုးရရှိခဲ့ကြသည်။ (မ. ၂၀:၁၊ ၂၊) ယနေ့လည်း အလားတူပင်ဖြစ်သည်။ ဥပမာ၊ စီးပွားရေးစွန့်စားမှုတစ်ခုကို စတင်မပြုလုပ်မီတွင်ဖြစ်စေ၊ ကုမ္ပဏီတစ်ခုတွင် အလုပ်သမားတစ်ဦးအဖြစ် စတင်အလုပ်မလုပ်မီတွင်ဖြစ်စေ ရေးသားထားသော သဘောတူညီချက်တစ်ခု သို့မဟုတ် စာချုပ်တစ်ခုရှိခြင်းမှ ကျွန်ုပ်တို့ အကျိုးရရှိကြသည်။ ထို့ကြောင့် ကတိသစ္စာပြုခြင်းက မိတ်ဆွေဖွဲ့မှု၊ အိမ်ထောင်ရေးနှင့် အလုပ်အကိုင်တို့ကဲ့သို့သော ဆက်ဆံရေးကို ခိုင်မြဲစေသည်ဆိုလျှင် ယေဟောဝါနှင့်သင်၏ ဆက်ဆံရေးတွင် အကြွင်းမဲ့အပ်နှံခြင်းက သင့်အား ပို၍ပင်အကျိုးဖြစ်ထွန်းစေပါလိမ့်မည်။ ရှေးခေတ်မှလူတို့သည် ယေဟောဝါဘုရားသခင်ထံ အပ်နှံခြင်းမှ မည်သို့အကျိုးရရှိခဲ့ကြပြီး ယင်းအပ်နှံမှုသည် ကတိသစ္စာပြုခြင်းတစ်ခုထက်မကကြောင်း ယခု သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်ထံ အပ်နှံခြင်းမှ အစ္စရေးလူမျိုး အကျိုးရရှိပုံ

၈။ ဘုရားသခင်ထံအပ်နှံခြင်းက အစ္စရေးလူမျိုးအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

အစ္စရေးလူမျိုးသည် လူမျိုးတစ်မျိုးလုံးအနေနှင့် ဘုရားသခင်ထံ သစ္စာကတိပြုလိုက်သောအခါ သူတို့သည် ယေဟောဝါထံ အပ်နှံပြီးသောလူမျိုးဖြစ်လာသည်။ ယေဟောဝါသည် သူတို့ကို သိနာတောင်တွင် စုရုံးစေပြီးနောက် ဤသို့မိန့်တော်မူခဲ့သည်– “ယခုတွင် သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် [“အထူးပိုင်ဆိုင်ရာလူမျိုး၊” သမ္မာ] ဖြစ်ရကြလိမ့်မည်။” လူအပေါင်းတို့ကလည်း ‘ယေဟောဝါမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်’ ဟု တညီတညွတ်တည်း ပြန်ပြောကြ၏။ (ထွ. ၁၉:၄-၈) အစ္စရေးလူမျိုး ဘုရားသခင်ထံ အပ်နှံခြင်းဟူသည် တစ်စုံတစ်ရာကို လုပ်ဆောင်ရန် သစ္စာပြုခြင်းထက်မက ပါဝင်သည်။ ယင်းက သူတို့ကို ယေဟောဝါပိုင်ဆိုင်ပြီး ယေဟောဝါသည် သူတို့ကို “အထူးပိုင်ဆိုင်ရာလူမျိုး” အဖြစ် ယူမှတ်သည်ဟူသော သဘောသက်ရောက်သည်။

၉။ ဘုရားသခင်ထံ အပ်နှံထားခြင်းကနေ အစ္စရေးလူမျိုး ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။

အစ္စရေးလူမျိုးသည် ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ခြင်းမှ အကျိုးခံစားခဲ့ရသည်။ မေတ္တာရှိသောမိဘက ကလေးတစ်ဦးအား ဂရုစိုက်စောင့်ရှောက်သကဲ့သို့ ကိုယ်တော်သည် သူတို့အား သစ္စာရှိရှိ စောင့်ရှောက်တော်မူခဲ့သည်။ အစ္စရေးလူမျိုးအား ဘုရားသခင် ဤသို့မိန့်တော်မူခဲ့၏– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။” (ဟေရှာ. ၄၉:၁၅) ယေဟောဝါသည် သူတို့အား ပညတ်တရားအားဖြင့် လမ်းညွှန်၍ ပရောဖက်များအားဖြင့် အားပေးကာ ကောင်းကင်တမန်များအားဖြင့် ကာကွယ်ပေးခဲ့သည်။ ဆာလံဆရာ ဤသို့ရေးဖွဲ့ခဲ့သည်– ‘နှုတ်ထွက်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။ အခြားတစ်ပါးသောအမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။’ (ဆာ. ၁၄၇:၁၉၊ ၂၀; ဆာလံ ၃၄:၇၊ ၁၉; ၄၈:၁၄ တို့ကိုဖတ်ပါ။) ယေဟောဝါသည် အတိတ်က မိမိပိုင်ဆိုင်ခဲ့သော လူမျိုးကို ဂရုစိုက်သကဲ့သို့ ယနေ့လည်း ကိုယ်တော့်ထံအပ်နှံထားသောသူတို့ကို ဂရုစိုက်စောင့်ရှောက်တော်မူသည်။

မိမိတို့ကိုယ်ကို ဘုရားသခင်ထံ အဘယ်ကြောင့်အပ်နှံသင့်

၁၀၊ ၁၁။ ကျွန်ုပ်တို့က ဘုရားသခင်ရဲ့ စကြဝဠာမိသားစုဝင်တွေအဖြစ် မွေးဖွားလာခဲ့ကြသလား။ ရှင်းပြပါ။

၁၀ အချို့သူတို့သည် ခရစ်ယာန်အပ်နှံမှုနှင့် နှစ်ခြင်းအကြောင်းစဉ်းစားကာ ‘ဘုရားသခင်ထံ ကိုယ့်ကိုယ်ကို မအပ်နှံဘဲ ဘာကြောင့် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်လို့ မရတာလဲ’ ဟုသိလိုပေမည်။ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေမှန်ကို သုံးသပ်သည့်အခါ အကြောင်းရင်း ထင်ရှားလာသည်။ အာဒံ၏အပြစ်ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်မိသားစုဝင်မဟုတ်ဘဲ မွေးဖွားလာကြသည်ကို သတိရပါ။ (ရော. ၃:၂၃; ၅:၁၂) မိမိတို့ကိုယ်ကို ဘုရားသခင်ထံအပ်နှံခြင်းသည် ကိုယ်တော်၏ စကြဝဠာမိသားစုအဝင်ဖြစ်ရန် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်၏။ အကြောင်းရင်းကို ကြည့်ကြစို့။

၁၁ ကျွန်ုပ်တို့ မည်သူတစ်ဦးတစ်ယောက်တွင်မျှ ထာဝရအသက် လက်ဆင့်ကမ်းပေးနိုင်သည့် လူသားဖခင်မရှိပါ။ (၁ တိ. ၆:၁၉) ပထမလူသားမောင်နှံ အပြစ်ပြုသောအခါ လူသားမျိုးနွယ်သည် မေတ္တာပြည့်ဝသောခမည်းတော်၊ ဖန်ဆင်းရှင်နှင့် ကွဲကွာသွားသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်သားများအဖြစ် မွေးဖွားလာခြင်း မဟုတ်ပါ။ (တရားဟောရာ ၃၂:၅ နှင့်နှိုင်းယှဉ်ပါ။) ထိုအချိန်မှစ၍ လူသားထုတစ်ရပ်လုံးသည် ယေဟောဝါ၏ စကြဝဠာမိသားစုပြင်ပတွင် အသက်ရှင်ခဲ့ကြရပြီး ဘုရားသခင်နှင့် စိမ်းကားလာခဲ့သည်။

၁၂။ (က) မစုံလင်တဲ့လူသားတွေက ဘယ်လိုနည်းအားဖြင့် ဘုရားသခင့်မိသားစုအဝင် ဖြစ်လာနိုင်သလဲ။ (ခ) နှစ်ခြင်းမခံခင် ဘယ်အဆင့်တွေကို တက်လှမ်းရမလဲ။

၁၂ သို့သော် ကျွန်ုပ်တို့သည် တစ်ဦးချင်းစီအနေနှင့် နှစ်သက်မြတ်နိုးခံရသော ကျေးကျွန်များအဖြစ် ဘုရားသခင်၏မိသားစုတွင် ကျွန်ုပ်တို့ကိုလက်ခံရန် ကိုယ်တော်အား တောင်းဆိုနိုင်သည်။ * ကျွန်ုပ်တို့ကဲ့သို့သော အပြစ်သားများသည် ထိုသို့ မည်သို့ဖြစ်နိုင်ပါမည်နည်း။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ငါတို့သည် ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်” လာသည်။ (ရော. ၅:၁၀) နှစ်ခြင်းခံချိန်တွင် ကျွန်ုပ်တို့ကို ကိုယ်တော်လက်ခံရန် ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဘုရားသခင်ထံတော်မှ တောင်းဆိုကြသည်။ (၁ ပေ. ၃:၂၁) သို့သော် နှစ်ခြင်းမခံမီ ကျွန်ုပ်တို့ တက်လှမ်းရမည့်အဆင့်များရှိသည်။ ဘုရားသခင်ကို သိကျွမ်းရမည်၊ ကိုယ်တော်ကို ယုံကြည်ကိုးစားတတ်ရန် သင်ယူရမည်၊ နောင်တယူရမည်၊ ကျွန်ုပ်တို့၏လမ်းစဉ်ကို ပြောင်းလဲရမည်။ (ယော ၁၇:၃; တ. ၃:၁၉; ဟေဗြဲ ၁၁:၆) ကျွန်ုပ်တို့ကို ဘုရားသခင့်မိသားစုဝင်အဖြစ် လက်ခံနိုင်ရန် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်ရမည့်အရာရှိသေးသည်။ အဘယ်အရာနည်း။

၁၃။ တစ်စုံတစ်ဦးဟာ ဘုရားသခင့်မိသားစုဝင်ဖြစ်ဖို့ ကိုယ်တော့်ထံအပ်နှံပါတယ်လို့ ကတိပြုခြင်းဟာ ဘာကြောင့်သင့်လျော်သလဲ။

၁၃ ဘုရားသခင်နှင့် စိမ်းကားနေသူတစ်ဦးသည် နှစ်သက်မြတ်နိုးခံရသော ကျေးကျွန်များဖြင့် ဖွဲ့စည်းထားသည့် ဘုရားသခင့်မိသားစုဝင်တစ်ဦးမဖြစ်လာမီ ထိုသူသည် ဦးဆုံးအနေနှင့် ယေဟောဝါအား လေးနက်သောကတိတစ်ခု ပြုဖို့လိုသည်။ ထိုသို့ပြုဖို့ အဘယ်ကြောင့်လိုသည်ကို နားလည်သဘောပေါက်ရန် ဤအဖြစ်ကို မြင်ယောင်ကြည့်ပါ– ရိုသေလေးစားခံရသော ဖခင်တစ်ဦးသည် မိဘမဲ့လူငယ်လေးတစ်ဦးအပေါ် သနားစိတ်ဖြစ်ပေါ်လာသောကြောင့် မိမိ၏မိသားစုဝင်တစ်ဦးအဖြစ် မွေးစားလိုသည်။ ထိုဖခင်ဖြစ်သူကို လူကောင်းတစ်ဦးအဖြစ် လူအများသိထားကြသည်။ သို့တိုင် ထိုလူငယ်ကို မိမိ၏သားအဖြစ် လက်မခံမီ ထိုလူငယ်ထံမှ ကတိတစ်ခုကို သူရလိုသည်။ သို့ဖြစ်၍ သူဤသို့မေးသည်– “မင်းကို သားတစ်ယောက်အနေနဲ့ လက်မခံခင် ငါတစ်ခုသိချင်တယ်၊ ငါ့ကို မင်းရဲ့အဖေအနေနဲ့ ချစ်ပြီး လေးစားနိုင်မလား။” ထိုလူငယ်သည် အလေးအနက်ကတိပြုဖို့ တလိုတလားရှိမှသာ ဖခင်ဖြစ်သူက သူ့အား မိမိ၏မိသားစုဝင်အဖြစ် လက်ခံမည်ဖြစ်သည်။ ယင်းသည် ကျိုးကြောင်းညီညွတ်သည် မဟုတ်လော။ အလားတူပင် ယေဟောဝါသည် မိမိထံအပ်နှံခြင်း ကတိကဝတ်ပြုဖို့ တလိုတလားရှိသူတို့ကိုသာ မိသားစုဝင်အဖြစ် လက်ခံသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘အသက်ရှင်ခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ဖြစ်သည့် မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားအပ်နှံကြလော့။’—ရော. ၁၂:၁သမာကျမ်း။

မေတ္တာနှင့် ယုံကြည်ခြင်းတင်ပြသည့် လုပ်ရပ်

၁၄။ အပ်နှံခြင်းက ဘယ်လိုနည်းအားဖြင့် မေတ္တာရှိတယ်ဆိုတဲ့ ဖော်ပြချက်တစ်ရပ်ဖြစ်သလဲ။

၁၄ ဘုရားသခင်ထံအပ်နှံကြောင်း ကတိပြုခြင်းသည် ယေဟောဝါအား ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးကြောင်း ဖော်ပြခြင်းဖြစ်သည်။ ယင်းသည် အိမ်ထောင်မင်္ဂလာ ကတိကဝတ်နှင့် အတန်အရာဆင်တူသည်။ ခရစ်ယာန်သတို့သားသည် မည်သည့်အခြေအနေမျိုး၌မဆို သစ္စာရှိသွားမည်ဟု သူ၏သတို့သမီးအား ကတိပြုခြင်းဖြင့် မိမိ၏မေတ္တာကို ဖော်ပြသည်။ ယင်းသည် လက်ထပ်စာချုပ်ပေါ်တွင် ကတိပြုခြင်းမျှသာမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးအား အလေးအနက်ကတိပြုခြင်းဖြစ်သည်။ ခရစ်ယာန်သတို့သားသည် အိမ်ထောင်မင်္ဂလာကတိကဝတ်မပြုပါက သူ၏သတို့သမီးနှင့်အတူ နေထိုင်ခွင့်ရမည်မဟုတ်ကြောင်း သူသိထားသည်။ အလားတူပင် ကျွန်ုပ်တို့သည် အပ်နှံခြင်းကတိမပြုပါက ယေဟောဝါ၏မိသားစုဝင်တစ်ဦးဖြစ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မစုံလင်ကြသည့်တိုင် ဘုရားသခင်ပိုင်တော်မူသောသူဖြစ်လိုပြီး မည်သည့်အခြေအနေမျိုး၌မဆို ကိုယ်တော်အား သစ္စာစောင့်သိလိုသောကြောင့် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို အပ်နှံကြသည်။—မ. ၂၂:၃၇

၁၅။ အပ်နှံခြင်းက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်းတင်ပြတဲ့ လုပ်ရပ်တစ်ခုဖြစ်သလဲ။

၁၅ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို အပ်နှံခြင်းသည် ယုံကြည်ခြင်းတင်ပြသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါအား ယုံကြည်ခြင်းက ဘုရားသခင်ထံချဉ်းကပ်ခြင်းသည် အကျိုးရှိကြောင်း ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေသည်။ (ဆာ. ၇၃:၂၈) ကျွန်ုပ်တို့သည် “ကောက်ကျစ်ဖောက်ပြန်သော လူမျိုးဆက်” အလယ်တွင် နေထိုင်ကြရသောကြောင့် ဘုရားသခင်နှင့်လျှောက်လှမ်းရန် အမြဲလွယ်ကူမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ သိထားကြသည်၊ သို့သော် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ထောက်မပေးမည်ဟူသော ဘုရားသခင့်ကတိတော်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားကြသည်။ (ဖိ. ၂:၁၅; ၄:၁၃) ကျွန်ုပ်တို့သည် မစုံလင်ကြောင်း သိထားကြသည်၊ သို့သော် အမှားများပြုမိသည့်အခါ၌ပင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကြင်နာစွာဆက်ဆံမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။ (ဆာလံ ၁၀၃:၁၃၊ ၁၄; ရောမ ၇:၂၁-၂၅ တို့ကိုဖတ်ပါ။) သမာဓိစောင့်ထိန်းမည်ဟူသော ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်မှုကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။—ယောဘ ၂၇:၅

ဘုရားသခင်ထံအပ်နှံခြင်းက ပျော်ရွှင်မှုခံစားရစေ

၁၆၊ ၁၇။ ယေဟောဝါထံအပ်နှံခြင်းက ဘာကြောင့် ပျော်ရွှင်စေတာလဲ။

၁၆ ယေဟောဝါထံ အပ်နှံခြင်းသည် မိမိကိုယ်ကို ပေးဆက်ခြင်းပါဝင်သောကြောင့် ပျော်ရွှင်မှုခံစားရစေသည်။ ယေရှုသည် အခြေခံအမှန်တရားတစ်ခုကို ဤသို့ဖော်ပြခဲ့၏– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” (တ. ၂၀:၃၅) ယေရှုသည် မြေကြီးပေါ် ဓမ္မအမှုဆောင်ချိန်အတွင်း ပေးကမ်းခြင်းမှရရှိသည့် ရွှင်လန်းမှုကို အပြည့်အဝခံစားခဲ့ရသည်။ ကိုယ်တော်သည် အခြားသူများ အသက်လမ်းတွေ့ရှိရန် ကူညီပေးရာ၌ လိုအပ်ပါက အနားမယူ၊ အစာမစား၊ သက်သောင့်သက်သာမနေသည်အထိ လုပ်ဆောင်ခဲ့သည်။ (ယော. ၄:၃၄) ယေရှုသည် ခမည်းတော်၏စိတ်တော် ရွှင်လန်းအောင်ပြုလုပ်ခြင်းတွင် ပျော်မွေ့ခဲ့သည်။ “ထိုအရှင်နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” ဟု ယေရှုမိန့်ဆိုခဲ့သည်။—ယော. ၈:၂၉; သု. ၂၇:၁၁

၁၇ ထို့ကြောင့် ယေရှုသည် မိမိနောက်လိုက်များအား စိတ်ကျေနပ်မှုပေးသည့် အသက်တာလမ်းစဉ်ကို ဤသို့ညွှန်ပြခဲ့သည်– “မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်။” (မ. ၁၆:၂၄) ယင်းသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့ကို ယေဟောဝါနှင့် ပို၍ရင်းနှီးစေသည်။ မည်သူထက်မဆို ကျွန်ုပ်တို့ကို မေတ္တာဖြင့် ဂရုစိုက်စောင့်ရှောက်နိုင်သောအရှင်၏လက်တော်၌ မိမိကိုယ်ကို အပ်နှံထားနိုင်သလော။

၁၈။ ယေဟောဝါထံ အပ်နှံမှုနဲ့အညီ အသက်ရှင်နေထိုင်ခြင်းက တခြားအရာ ဒါမှမဟုတ် အခြားသူတစ်ဦးကို အပ်နှံခြင်းထက် ဘာကြောင့် ပိုပျော်ရွှင်စေသလဲ။

၁၈ ယေဟောဝါထံ မိမိကိုယ်ကိုအပ်နှံပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းအားဖြင့် ယင်းအပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်ခြင်းက အခြားအရာ သို့မဟုတ် အခြားသူတစ်ဦးအား အပ်နှံခြင်းထက် ပို၍ပျော်ရွှင်စေပါလိမ့်မည်။ ဥပမာ၊ လူများစွာသည် စစ်မှန်သောပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုမရရှိစေနိုင်သည့် ရုပ်ပစ္စည်းများလိုက်စားရန် မိမိတို့ဘဝကို မြှုပ်နှံခဲ့ကြသည်။ သို့သော် ယေဟောဝါထံ မိမိတို့ကိုယ်ကို အပ်နှံသူတို့သည် တည်မြဲသောပျော်ရွှင်မှုကို ခံစားကြရသည်။ (မ. ၆:၂၄) “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်ရခြင်းသည် သူတို့ကို ပျော်ရွှင်စေသည်၊ အကြောင်းမှာ သူတို့သည် အလုပ်တစ်ခုအပေါ်မဟုတ်ဘဲ တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင်ထံ အပ်နှံထားသောကြောင့်ဖြစ်သည်။ (၁ ကော. ၃:၉) သူတို့၏ကိုယ်ကျိုးစွန့်မှုကို ကိုယ်တော်ကဲ့သို့ တန်ဖိုးထားလေးမြတ်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိနိုင်ပေ။ ကိုယ်တော်သည် မိမိအပေါ်သစ္စာရှိသူတို့အား လူငယ့်ဘဝကိုပင် ပြန်လည်ရရှိစေမည်၊ သို့ဖြင့် သူတို့သည် ကိုယ်တော်၏ဂရုစိုက်စောင့်ရှောက်မှုကို ထာဝစဉ်ခံစားနိုင်ကြမည်ဖြစ်သည်။—ယောဘ ၃၃:၂၅; ဟေဗြဲ ၆:၁၀ ကိုဖတ်ပါ။

၁၉။ ယေဟောဝါထံအပ်နှံသူတွေ ဘယ်အခွင့်ထူးကို ခံစားကြရသလဲ။

၁၉ ယေဟောဝါထံ သင်၏အသက်တာကို အပ်နှံခြင်းသည် ကိုယ်တော်နှင့် ပိုရင်းနှီးလာစေသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာ. ၄:၈; ဆာ. ၂၅:၁၄) ယေဟောဝါပိုင်ဆိုင်ရာအဖြစ် ကျွန်ုပ်တို့ ရွေးချယ်မှုပြုခြင်းသည် မှန်ကန်ကြောင်း နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေရှု၏ “အခြားသိုး” များသည် အနှစ်တစ်ထောင် မကုန်မချင်း ဘုရားသခင်၏သားများ ဖြစ်လာကြမည်မဟုတ်ပါ။ သို့သော် သူတို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို အပ်နှံထားသောကြောင့် ဘုရားသခင်ကို “အဖ” ဟု သင့်လျော်စွာ ခေါ်ဆိုနိုင်ကြပြီး ယေဟောဝါအား ဝတ်ပြုကိုးကွယ်ကြသူတို့နှင့် ဖွဲ့စည်းထားသည့် မိသားစုအဝင်အဖြစ် သူတို့ကို တော်မှန်စွာ ယူမှတ်နိုင်ပါသည်။—ယော. ၁၀:၁၆; ဟေရှာ. ၆၄:၈; မ. ၆:၉; ဗျာ. ၂၀:၅

သင်မည်သို့ ဖြေဆိုမည်နည်း

• ဘုရားသခင်ထံအပ်နှံခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။

• ဘုရားသခင်ထံအပ်နှံခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုး ခံစားရစေသလဲ။

• ခရစ်ယာန်တွေဟာ ဘာကြောင့် ယေဟောဝါထံ အပ်နှံဖို့လိုသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါရုပ်ပုံ]

ကျွန်ုပ်တို့ရဲ့ အပ်နှံမှုနဲ့အညီ နေထိုင်ခြင်းက တည်မြဲတဲ့ပျော်ရွှင်မှုကို ခံစားရစေ