မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ရခြင်းသည် မဟာကရုဏာတော်ကြောင့်ဖြစ်

ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ရခြင်းသည် မဟာကရုဏာတော်ကြောင့်ဖြစ်

ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ရခြင်းသည် မဟာကရုဏာတော်ကြောင့်ဖြစ်

‘ငါတို့သည် ယေဟောဝါနှင့်သာဆိုင်၏။’—ရော. ၁၄:၈

၁၊ ၂။ (က) ကျွန်ုပ်တို့ ဘာအခွင့်ထူးရရှိထားသလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

“အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် [“အထူးပိုင်ဆိုင်ရာလူမျိုး၊” သမ္မာ] ဖြစ်ရကြလိမ့်မည်” ဟု အစ္စရေးလူမျိုးအား ယေဟောဝါ မိန့်တော်မူသောအခါ ယင်းသည် သူတို့အတွက် အခွင့်ထူးတစ်ရပ်ဖြစ်သည်။ (ထွ. ၁၉:၅) ယနေ့ ခရစ်ယာန်အသင်းတော်၏ အသင်းသားများသည်လည်း ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ခွင့် ရရှိထားကြသည်။ (၁ ပေ. ၂:၉; ဗျာ. ၇:၉၊ ၁၄၊ ၁၅) ယင်းသည် ကျွန်ုပ်တို့အား ထာဝစဉ်အကျိုးပြုနိုင်သည့် အခွင့်ထူးတစ်ခုဖြစ်သည်။

ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ရခြင်းသည် အခွင့်ထူးတစ်ခုဖြစ်သည့်အပြင် တာဝန်တစ်ခုလည်းဖြစ်သည်။ အချို့က ဤသို့စဉ်းစားပေမည်– ‘ယေဟောဝါမျှော်လင့်တဲ့အတိုင်း ငါလုပ်ဆောင်နိုင်ပါ့မလား။ တကယ်လို့ ငါအပြစ်ပြုမိရင် ကိုယ်တော် ငါ့ကို ငြင်းပယ်လိုက်မလား။ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာဖြစ်ခြင်းက ငါ့ရဲ့လွတ်လပ်မှုတွေကို ဆုံးရှုံးသွားစေမလား။’ ယင်းတို့သည် သုံးသပ်သင့်သော အကြောင်းအရာများဖြစ်သည်။ သို့သော် ဤမေးခွန်းကို ဦးစွာဂရုတစိုက်သုံးသပ်သင့်သည်– ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများကား အဘယ်နည်း။

ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ခြင်းက ပျော်ရွှင်စေ

၃။ ယေဟောဝါကိုဝတ်ပြုဖို့ ရာခပ်ဆုံးဖြတ်ခဲ့တဲ့အတွက် ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။

ယေဟောဝါ၏ ပိုင်ဆိုင်ရာဖြစ်ခဲ့ကြသူတို့သည် အကျိုးရရှိခဲ့ကြပါသလော။ ရှေးယေရိခေါမြို့တွင်နေထိုင်သည့် ပြည့်တန်ဆာ ရာခပ်အကြောင်း သုံးသပ်ကြည့်ပါ။ သူသည် ခါနာန်နတ်ဘုရားများ၏ ယုတ်ညံ့သည့် ကိုးကွယ်မှုအလေ့အထများကို လုပ်ဆောင်ခဲ့မည်မှာ သေချာသည်။ သို့သော် သူသည် ယေဟောဝါ၏ထောက်မမှုကြောင့် အစ္စရေးလူမျိုးများ အောင်ပွဲများရရှိကြောင်း ကြားသိရသောအခါ ယေဟောဝါသည် မှန်သောဘုရားသခင်ဖြစ်ကြောင်း သိမြင်လာသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ရန် အသက်နှင့်ရင်းကာစွန့်စားပြီး သူ၏အနာဂတ်အား ထိုသူတို့၏လက်ထဲ ပုံအပ်ခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကို ဧည့်ဝတ်ကျေပွန်စွာ လက်ခံ၍ အခြားသောလမ်းဖြင့် သူတို့ကိုလွှတ်လိုက်ပြီးနောက် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။” (ယာ. ၂:၂၅) ဘုရားသခင်၏ပညတ်တရားအားဖြင့် မေတ္တာနှင့် တရားမျှတခြင်းနည်းလမ်းများ သွန်သင်ခံရသော လူမျိုးတစ်မျိုးဖြစ်သည့် ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးတော်အဝင်ဖြစ်လာသောအခါ သူခံစားခဲ့ရသည့် အကျိုးကျေးဇူးများကို စဉ်းစားကြည့်ပါ။ သူ၏ နဂိုဘဝလမ်းစဉ်ဟောင်းကို စွန့်ပစ်လိုက်သည့်အတွက် မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း။ သူသည် အစ္စရေးလူမျိုးတစ်ဦးနှင့် အိမ်ထောင်ပြုပြီးနောက် မွေးဖွားလာသည့် သားဗောဇကို ထင်ရှားသောဘုရားသခင့်လူတစ်ဦးဖြစ်လာရန် ပြုစုပျိုးထောင်ခဲ့သည်။—ယောရှု ၆:၂၅; ရု. ၂:၄-၁၂; မ. ၁:၅၊ ၆

၄။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရုသဆုံးဖြတ်ခဲ့တဲ့အတွက် ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။

မောဘအမျိုးသမီး ရုသလည်း ယေဟောဝါကိုဝတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အမျိုးသမီးငယ်တစ်ဦးအနေနှင့် သူသည် ခေမုရှနှင့်အခြားမောဘနတ်ဘုရားများကို ကိုးကွယ်ခဲ့ဖွယ်ရှိသည်၊ သို့သော် သူသည် ယေဟောဝါအား စစ်မှန်သောဘုရားသခင်အဖြစ် သိလာကာ သူ့ပြည်သို့ခိုလှုံရန် ရောက်ရှိလာသော အစ္စရေးလူတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ (ရုသ ၁:၁-၆ ကိုဖတ်ပါ။) နောက်ပိုင်းတွင် ရုသနှင့် သူ၏လင်ညီအစ်မ ဩရပတို့သည် ယောက္ခမဖြစ်သူ နောမိနှင့် ဘက်သလီဟင်မြို့သို့ ထွက်ခွာလာခဲ့ကြရာ နောမိက အမျိုးသမီးငယ်နှစ်ဦးအား ကိုယ့်ဇာတိကိုယ်ပြန်ကြရန် တိုက်တွန်းခဲ့သည်။ အစ္စရေး၌ အခြေချနေထိုင်ဖို့ဆိုသည်မှာ သူတို့နှစ်ယောက်အတွက် လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။ ဩရပသည် အမှန်ပင် ‘အမျိုးသားရင်း၊ ဘုရားသခင်ရင်းတို့ထံသို့ ပြန်သွား’ ခဲ့သော်လည်း ရုသမှာမူ ထိုသို့မဟုတ်ချေ။ သူသည် မည်သူ၏ ပိုင်ဆိုင်ရာဖြစ်လိုကြောင်း သိမြင်လာပြီး သူ၏ယုံကြည်ခြင်းအတိုင်း ပြုမူခဲ့သည်။ နောမိအား သူဤသို့ပြောခဲ့သည်– ‘ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်၏ဘုရားသခင်သည် ကျွန်မ၏ဘုရားသခင်ဖြစ်ပါစေ။’ (ရု. ၁:၁၅၊ ၁၆) ရုသသည် ယေဟောဝါအားဝတ်ပြုရန် ရွေးချယ်ခဲ့သောကြောင့် မုဆိုးမများ၊ ဆင်းရဲသားများနှင့် လယ်ယာမြေမရှိသူများအတွက် အထူးအစီအစဉ်ပါရှိသည့် ဘုရားသခင့်ပညတ်တရားမှ အကျိုးခံစားခဲ့ရသည်။ ယေဟောဝါ၏ အတောင်တော်အောက်တွင် သူသည် ပျော်ရွှင်မှု၊ ကွယ်ကာမှုနှင့် လုံခြုံမှုတို့ကို ခံစားခဲ့ရသည်။

၅။ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုနေသူတွေနဲ့ ပတ်သက်ပြီး သင်ဘာသိရသလဲ။

ယေဟောဝါအား မိမိတို့ကိုယ်ကိုအပ်နှံခဲ့ကြပြီးနောက် ဆယ်စုနှစ်များစွာ သစ္စာရှိရှိဝတ်ပြုနေကြသောသူများထဲမှ အချို့ကို သင်သိကောင်းသိပေမည်။ ကိုယ်တော်အားဝတ်ပြုခြင်းမှ မည်သို့အကျိုးရခဲ့ကြောင်း သူတို့အား မေးမြန်းပါလေ။ ပြဿနာနှင့်ကင်းသူမရှိသော်လည်း ဆာလံဆရာပြောခဲ့သော ဤစကားများမှန်ကန်ကြောင်း အထင်အရှားဖော်ပြလျက်ရှိသည်– ‘ယေဟောဝါသည် အကြင်လူမျိုး၏ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် ပျော်ရွှင်၏။’ —ဆာ. ၁၄၄:၁၅

ယေဟောဝါ၏ အကျိုးသင့်အကြောင်းသင့်ရှိသော မျှော်လင့်မှု

၆။ ယေဟောဝါ မျှော်လင့်တဲ့အတိုင်း မလုပ်ဆောင်နိုင်မှာကို ဘာကြောင့်မစိုးရိမ်သင့်သလဲ။

ယေဟောဝါ သင့်ထံမှမျှော်လင့်သည့်အရာကို သင်လုပ်ဆောင်နိုင်မနိုင် သင်သိလိုပေမည်။ ဘုရားသခင်၏ကျေးကျွန်တစ်ဦးဖြစ်ရန်၊ ကိုယ်တော်၏တရားတော်အတိုင်း နေထိုင်ရန်၊ ကိုယ်တော့်ကို ကိုယ်စားပြုရန်တို့ကို စဉ်းစားလိုက်သည်နှင့် အလွယ်တကူ စိတ်လေးသွားနိုင်သည်။ ဥပမာ၊ မောရှေသည် အီဂျစ်ဘုရင်နှင့် အစ္စရေးလူမျိုးအား စကားပြောရန်စေလွှတ်ခံရသောအခါ မိမိတွင် အရည်အချင်းမပြည့်မီဟု ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်သည် မောရှေထံမှ အဆမတန် မျှော်လင့်ခဲ့ခြင်းမဟုတ်ပေ။ ယေဟောဝါသည် မောရှေအား ‘အဘယ်သို့ပြုရမည်ကို သွန်သင်ပေးခဲ့သည်။’ (ထွက်မြောက်ရာ ၃:၁၁; ၄:၁၊ ၁၀၊ ၁၃-၁၅ တို့ကိုဖတ်ပါ။) မောရှေသည် အကူအညီကိုလက်ခံခဲ့သောကြောင့် ဘုရားသခင်၏ အလိုတော်ပြီးမြောက်ခြင်းမှ ရွှင်လန်းမှုခံစားခဲ့ရသည်။ အလားတူပင် ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ မျှော်လင့်ရာတွင်လည်း အကျိုးသင့်အကြောင်းသင့်ရှိတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ မစုံလင်မှုကို သိရှိကာ ကျွန်ုပ်တို့ကို ကူညီပေးလိုတော်မူသည်။ (ဆာ. ၁၀၃:၁၄) ယေရှု၏နောက်လိုက်တစ်ဦးအနေနှင့် ယေဟောဝါအား ဝတ်ပြုခြင်းသည် ဖိစီးမှုဖြစ်ခြင်းထက် လန်းဆန်းမှုဖြစ်စေသည်။ အကြောင်းမှာ ယင်းဘဝပုံစံသည် အခြားသူများကို အကျိုးပြုပြီး ယေဟောဝါ၏ နှလုံးကို ရွှင်ပြုံးစေသောကြောင့်ဖြစ်သည်။ ယေရှု ဤသို့ဆို၏– “ငါ့ထံသို့လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။”—မ. ၁၁:၂၈၊ ၂၉

၇။ ယေဟောဝါ သင့်ထံက မျှော်လင့်ရာတွေကို သင်လုပ်ဆောင်နိုင်ဖို့ ကိုယ်တော်ကူညီပေးမယ်လို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

ကျွန်ုပ်တို့သည် ခွန်အားရရှိရန် ယေဟောဝါကိုမှီခိုနေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်သော ထောက်မမှုကို အစဉ်အမြဲပေးပါလိမ့်မည်။ ဥပမာ၊ ယေရမိသည် ပင်ကိုအားဖြင့် စကားပြောစွမ်းရည်မရှိခဲ့ချေ။ ထို့ကြောင့် ယေဟောဝါသည် သူ့အား ပရောဖက်တစ်ပါးအဖြစ် တာဝန်ပေးချိန်တွင် ယေရမိ ဤသို့ပြောခဲ့သည်– ‘အို အရှင်ယေဟောဝါ၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ၊ သူငယ်ဖြစ်ပါ၏။’ နောက်ပိုင်းတွင် သူက ‘ငါသည် နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်’ ဟူ၍ပင် ပြောခဲ့သည်။ (ယေ. ၁:၆;၂၀:၉) သို့သော် ယေရမိသည် ယေဟောဝါ၏အကူအညီဖြင့် လူများမနှစ်သက်သော သတင်းကို အနှစ် ၄၀ လုံးလုံး ဟောပြောနိုင်ခဲ့သည်။ ယေဟောဝါသည် “သင့်ကို ကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်” ဟူသောစကားများဖြင့် သူ့အား အကြိမ်ကြိမ်စိတ်ချစေခဲ့သည်။—ယေ. ၁:၈၊ ၁၉; ၁၅:၂၀

၈။ ယေဟောဝါကို ကိုးစားကြောင်း ကျွန်ုပ်တို့ ဘယ်လိုဖော်ပြကြသလဲ။

မောရှေနှင့် ယေရမိအား ယေဟောဝါ ခွန်အားပေးတော်မူခဲ့သကဲ့သို့ ယနေ့လည်း ခရစ်ယာန်များထံမှ ကိုယ်တော်မျှော်လင့်ရာများကို လုပ်ဆောင်နိုင်ရန် ကိုယ်တော် ကျွန်ုပ်တို့အား ကူညီပေးပါလိမ့်မည်။ အဓိကလိုအပ်ချက်မှာ ဘုရားသခင်အပေါ် မှီခိုအားထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ (သု. ၃:၅၊ ၆) သမ္မာကျမ်းစာနှင့် အသင်းတော်မှတစ်ဆင့် ကိုယ်တော်ပေးသော အကူအညီများကို ကိုယ်တိုင် အသုံးချခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့ ဖော်ပြကြသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါ၏လမ်းညွှန်မှုကို လက်ခံမည်ဆိုလျှင် ကိုယ်တော့်အပေါ်သစ္စာမဲ့စေရန် အဘယ်အရာကမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

တစ်ဦးချင်းစီကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်

၉၊ ၁၀။ ဆာလံအခန်းကြီး ၉၁ က ဘယ်ကာကွယ်မှုမျိုးကို ကတိပေးထားသလဲ။

ယေဟောဝါထံ မိမိကိုယ်ကို အပ်နှံရန် စဉ်းစားလိုက်သောအခါ အချို့သူတို့က နောင်တွင် မိမိတို့အပြစ်ပြုမိပြီး မထိုက်မတန်ဖြစ်လာကာ ယေဟောဝါ၏ ငြင်းပယ်မှုခံရမည်ကို စိုးရိမ်ကြပေမည်။ ဝမ်းသာစရာမှာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏အဖိုးတန်ဆက်ဆံရေးကို ထိန်းသိမ်းရန် လိုအပ်သောကာကွယ်မှုအားလုံးကို ကိုယ်တော်ပေးသနားထားတော်မူသည်။ ယင်းအကြောင်းကို ဆာလံအခန်းကြီး ၉၁ တွင် မည်သို့ ဖော်ပြထားသည်ကို ကြည့်ကြစို့။

၁၀ ထိုဆာလံကျမ်းကို ဤသို့ အစပြုထားသည်– ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်၌နေသောသူသည် အတိုင်းအဆမဲ့တန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။ “ယေဟောဝါသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်” ဟု ငါပြောဆို၏။ အကယ်စင်စစ် မုဆိုး [“ငှက်ခတ်သမား၊” ကဘ] ၏ကျော့ကွင်းနှင့် သင့်ကို ကင်းလွတ်စေတော်မူမည်။’ (ဆာ. ၉၁:၁-၃) ယေဟောဝါသည် ကိုယ်တော့်အား ချစ်မြတ်နိုးပြီး ယုံကြည်ကိုးစားသောသူတို့အား ကာကွယ်ပေးမည်ဟု ကတိပြုထားကြောင်း သတိရပါ။ (ဆာလံ ၉၁:၉၊ ၁၄ ကိုဖတ်ပါ။) မည်ကဲ့သို့သော အကာအကွယ်မျိုးကို ဆိုလိုသနည်း။ ကတိထားရာမေရှိယ ဆင်းသက်လာမည့်မျိုးရိုးကို ထိန်းသိမ်းရန် အချို့ကိစ္စများတွင် ယေဟောဝါသည် ကိုယ်တော်၏ ရှေးခေတ်ကျေးကျွန်အချို့ကို ကာယရေးအရ ကာကွယ်ပေးခဲ့သည်မှာ မှန်ပါသည်။ သို့သော် များစွာသော အခြားသစ္စာရှိကျေးကျွန်များမှာမူ စာတန်၏လုပ်ရပ်များဖြစ်သော ထောင်ချခြင်း၊ ညှဉ်းဆဲခြင်းနှင့် ရက်စက်စွာ အသေသတ်ခြင်းကိုပင် ခံခဲ့ကြရသည်။ (ဟေဗြဲ ၁၁:၃၄-၃၉) သမာဓိကို ချိုးဖောက်စေသည့် အန္တရာယ်များမှ သူတို့ကို ယေဟောဝါကာကွယ်ခဲ့ခြင်းကြောင့် ခံရပ်နိုင်ရန် လိုအပ်သည့် ရဲစွမ်းသတ္တိကို သူတို့ရရှိခဲ့ကြသည်။ ထို့ကြောင့် ဆာလံအခန်းကြီး ၉၁ ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ကာကွယ်ပေးမည်ဟူသော ကတိတော်တစ်ခုအဖြစ် နားလည်နိုင်သည်။

၁၁။ ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ ဆိုတာ ဘာလဲ၊ ဘယ်သူတွေကို ဘုရားသခင် ကာကွယ်ပေးမလဲ။

၁၁ ထို့ကြောင့် ဆာလံဆရာ ဖော်ပြခဲ့သည့် ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ကာကွယ်ပေးသော ပုံဆောင်နေရာတစ်ခု ဖြစ်သည်။ ယင်းတွင် ဘုရားသခင်၏ ဧည့်သည်အဖြစ် ကိုယ်တော့်ထံတွင် တည်းခိုသူအားလုံးသည် မိမိတို့၏ယုံကြည်ခြင်းနှင့် ဘုရားသခင်အားချစ်သည့်မေတ္တာကို အန္တရာယ်ပြုနိုင်သည့် မည်သည့်အရာ၊ မည်သူမဆိုထံမှ ကာကွယ်ခံရကြသည်။ (ဆာ. ၁၅:၁၊ ၂; ၁၂၁:၅) မယုံကြည်သူများသည် ယင်းကိုနားလည်သဘောမပေါက်နိုင်သောကြောင့် ၎င်းသည် ကွယ်ကာရာဌာနတစ်ခု သို့မဟုတ် လျှို့ဝှက်နေရာတစ်ခုဖြစ်သည်။ ယေဟောဝါသည် “ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်” ဟု အမှန်ပင်ပြောဆိုသူများကို ကိုယ်တော် ကာကွယ်ပေးတော်မူ၏။ ကျွန်ုပ်တို့သည် ခိုလှုံရာနေရာတွင် ရှိနေမည်ဆိုပါက “ငှက်ခတ်သမား” စာတန်၏ထောင်ချောက်များထဲသို့ ကျရောက်ကာ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးသွားမည်ကို အလွန်အမင်းစိုးရိမ်နေစရာ မလိုပါ။

၁၂။ အဘယ်အန္တရာယ်တွေက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ခြိမ်းခြောက်နေသလဲ။

၁၂ အဘယ်အန္တရာယ်များက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ အဖိုးထိုက်ဆက်ဆံရေးကို ခြိမ်းခြောက်လျက်ရှိသနည်း။ ဆာလံဆရာက အန္တရာယ်အမျိုးမျိုးကို ဖော်ပြသည်၊ ယင်းတို့ထဲတွင် ‘မှောင်မိုက်ထဲမှာလည်တတ်သော ကာလနာ၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်’ တို့ပါဝင်သည်။ (ဆာ. ၉၁:၅၊ ၆) “ငှက်ခတ်သမား” သည် များစွာသောသူတို့အား တစ်ကိုယ်ကောင်းဆန်သည့် လွတ်လပ်လိုစိတ်ကျော့ကွင်းအတွင်းသို့ သက်ဆင်းစေခဲ့ပြီဖြစ်သည်။ (၂ ကော. ၁၁:၃) သူသည် လောဘစိတ်၊ မာနစိတ်နှင့် ရုပ်ပစ္စည်းလိုက်စားလိုစိတ်တို့ကို မြှင့်တင်ပေးခြင်းဖြင့် အခြားသူများအား ထောင်ဖမ်းလျက်ရှိသည်။ လူ့အတွေးအခေါ်များဖြစ်သည့် လူမျိုးရေးစိတ်၊ ဆင့်ကဲအယူနှင့် အယူမှားဝတ်ပြုရေးတို့ဖြင့် များစွာသောသူတို့ကို လမ်းလွဲစေလျက်ရှိသည်။ (ကော. ၂:၈) များစွာသောသူတို့မှာမူ တရားမဝင်လိင်ဆက်ဆံခြင်း ထောင်ချောက်ထဲသို့ သွေးဆောင်ခံခဲ့ကြရသည်။ ယင်းစရိုက်လက္ခဏာများသည် ကပ်ရောဂါကဲ့သို့ပင် သန်းနှင့်ချီသောသူများကို ဘုရားသခင်အားချစ်သည့် မေတ္တာပျောက်ဆုံးသွားစေသည်။—ဆာလံ ၉၁:၇-၁၀ ကိုဖတ်ပါ; မ. ၂၄:၁၂

ဘုရားသခင်ကိုချစ်သည့် သင်၏မေတ္တာကို ကာကွယ်ခြင်း

၁၃။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပျက်ပြားစေတဲ့ အန္တရာယ်တွေကနေ ယေဟောဝါ ဘယ်လိုကာကွယ်ပေးသလဲ။

၁၃ ယေဟောဝါသည် မိမိလူမျိုးကို ယင်းအန္တရာယ်များမှ မည်သို့ကာကွယ်ပေးသနည်း။ ဆာလံဆရာ ဤသို့ဆို၏– “သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်။” (ဆာ. ၉၁:၁၁) ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ သတင်းကောင်းဟောပြောနိုင်ရန် လမ်းညွှန်၊ ကာကွယ်ပေးသည်။ (ဗျာ. ၁၄:၆) ကောင်းကင်တမန်များ၏အကူအညီအပြင် ခရစ်ယာန်အကြီးအကဲများသည် သမ္မာကျမ်းစာကို အခိုင်အမာကိုင်စွဲကာ သွန်သင်ခြင်းအားဖြင့် မှားယွင်းသောကျိုးကြောင်းဆင်ခြင်မှုများ၏ လှည့်စားမှုမခံရစေရန် ကျွန်ုပ်တို့ကို ကာကွယ်ပေးကြသည်။ လောက၏စိတ်သဘောထားများကို တွန်းလှန်ရန် ကြိုးစားနေသူ မည်သူကိုမဆို အကြီးအကဲများ အကူအညီပေးနိုင်ကြသည်။ (တိ. ၁:၉; ၁ ပေ. ၅:၂) ထို့ပြင် ဆင့်ကဲသွန်သင်ချက်၊ အကျင့်ပျက်သွေးသားဆန္ဒများ၏ သွေးဆောင်မှု၊ ရုပ်ပစ္စည်းနှင့် ထင်ပေါ်ကျော်ကြားမှုကို လိုက်စားခြင်းနှင့် အကျိုးယုတ်စေသော အခြားအလိုဆန္ဒများ၊ ဩဇာလွှမ်းမိုးမှုများစွာမှ ကာကွယ်ပေးသည့် ကျမ်းစာအခြေပြုစာပေများနှင့် စည်းဝေးများကို “သစ္စာနှင့် သတိပညာရှိသောကျွန်” က ပြင်ဆင်ပေးသည်။ (မ. ၂၄:၄၅) ထိုအန္တရာယ်များမှ အချို့ကို တိုက်လှန်ရန် သင့်ကို အဘယ်အရာက အထောက်အကူပြုသနည်း။

၁၄။ ဘုရားသခင်ပြင်ဆင်ပေးတဲ့ ကာကွယ်မှုကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲ။

၁၄ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည့် ဘုရားသခင်၏ “ကွယ်ကာရာဌာနတော်” တွင် ဆက်ရှိနေရန် အဘယ်အရာပြုလုပ်ရမည်နည်း။ မတော်တဆမှုများ၊ ရာဇဝတ်မှုများ၊ ကူးစက်ရောဂါများ ကဲ့သို့သော ကာယရေးကို ထိခိုက်စေနိုင်သည့် အရာများမှ မိမိကိုယ်ကို မပြတ်ကာကွယ်နေသကဲ့သို့ပင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အရာများမှ မိမိတို့ကိုယ်ကို မပြတ်ကာကွယ်နေရမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာပေများ၊ အသင်းတော်အစည်းအဝေးများနှင့် စည်းဝေးပွဲများမှတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးသော လမ်းညွှန်ချက်များမှ မှန်မှန်အကျိုးရယူသင့်သည်။ အကြီးအကဲများ၏ အကြံပေးချက်ကို တောင်းခံရမည်။ ထို့ပြင် ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများတင်ပြသော အရည်အသွေးအမျိုးမျိုးမှလည်း အကျိုးရရှိကြသည်မဟုတ်လော။ မှန်ပါသည်၊ အသင်းတော်နှင့် ပေါင်းသင်းခြင်းက ကျွန်ုပ်တို့ကို ပညာရှိလာစေသည်။—သု. ၁၃:၂၀; ၁ ပေတရု ၄:၁၀ ကိုဖတ်ပါ။

၁၅။ ယေဟောဝါရဲ့မျက်နှာသာ ဆုံးရှုံးစေနိုင်တဲ့အရာမှန်သမျှကနေ ကျွန်ုပ်တို့ကို ကိုယ်တော်ကာကွယ်ပေးနိုင်တယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၅ ယေဟောဝါ၏မျက်နှာသာ ဆုံးရှုံးစေနိုင်သည့်အရာမှန်သမျှမှ ကျွန်ုပ်တို့အား ကိုယ်တော်ကာကွယ်ပေးနိုင်သည်ကို သံသယဝင်စရာအကြောင်းမရှိပါ။ (ရော. ၈:၃၈၊ ၃၉) များသောအားဖြင့် အင်အားကြီးဝတ်ပြုရေးနှင့် နိုင်ငံရေးရန်သူများသည် ကျွန်ုပ်တို့ကို သေစေလိုသည့် ရည်ရွယ်ချက်မရှိသော်လည်း သန့်ရှင်းသောဘုရားသခင်ထံတော်မှ ဝေးကွာသွားစေလိုကြသည်၊ အသင်းတော်ကို ယင်းအန္တရာယ်မှ ကိုယ်တော်ကာကွယ်ခဲ့သည်။ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဟူသော ယေဟောဝါ၏ကတိတော် မှန်ကန်ကြောင်း သက်သေထင်ရှားခဲ့သည်။—ဟေရှာ. ၅၄:၁၇

လွတ်လပ်မှုကို မည်သူပေးသနည်း

၁၆။ ဒီလောက,က ဘာကြောင့် ကျွန်ုပ်တို့ကို လွပ်လပ်မှု မပေးနိုင်တာလဲ။

၁၆ ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ လွပ်လပ်မှုကို ဆုံရှုံးစေမည်လော။ မဆုံးရှုံးစေပါ၊ လောက၏ပိုင်ဆိုင်ရာဖြစ်ခြင်းကသာ ကျွန်ုပ်တို့၏ လွပ်လပ်မှုကို ဆုံးရှုံးစေသည်။ ဤလောကသည် ယေဟောဝါနှင့်စိမ်းကားနေပြီး ယင်းကို လူများအား လွှမ်းမိုးချုပ်ကိုင်နေသော ရက်စက်သည့် ဘုရားသခင်တစ်ပါးက အုပ်စိုးသည်။ (ယော. ၁၄:၃၀) ဥပမာ၊ စာတန်၏လောကစနစ်သည် စီးပွားရေးနှင့်ဆက်နွှယ်သည့် ဖိစီးမှုများဖြင့် လူတို့၏လွတ်လပ်မှုကို ဆုံးရှုံးစေသည်။ (ဗျာ. ၁၃:၁၆၊ ၁၇ နှင့်နှိုင်းယှဉ်ပါ။) အပြစ်တရားသည်လည်း လူတို့ကို လှည့်စားကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။ (ယော. ၈:၃၄; ဟေဗြဲ ၃:၁၃) မယုံကြည်သူများသည် ယေဟောဝါ၏သွန်သင်ချက်များနှင့် ဆန့်ကျင်သော အသက်တာလမ်းစဉ်လိုက်ဖို့ ဖိအားပေးသည့်အခါ လွတ်လပ်မည်ဟု ကတိပြုကြသော်လည်း သူတို့၏စကားကို နားထောင်သူတို့သည် ဆိုးညစ်ပြီး ယုတ်ညံ့သောဘဝပုံစံ၏ လွှမ်းမိုးချုပ်ကိုင်မှုအောက် မိမိတို့ရောက်ရှိနေကြောင်း အလျင်အမြန်တွေ့ရှိလာကြသည်။—ရော. ၁:၂၄-၃၂

၁၇။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်လိုလွတ်လပ်မှုမျိုး ပေးသလဲ။

၁၇ သို့သော်၊ ကျွန်ုပ်တို့သည် ယေဟောဝါထံ မိမိတို့ကိုယ်ကိုအပ်နှံပါက အကျိုးယုတ်စေနိုင်သည့် မည်သည့်အရာမှမဆို ကျွန်ုပ်တို့အား ကိုယ်တော်လွတ်မြောက်စေမည်။ ကျွန်ုပ်တို့၏အခြေအနေသည် အသက်အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်စေနိုင်သည့် ကျွမ်းကျင်သောခွဲစိတ်ဆရာဝန်လက်တွင် မိမိအသက်ကိုအပ်နှံထားသော လူတစ်ဦးနှင့် အတန်အရာတူသည်။ ကျွန်ုပ်တို့အားလုံးသည် အမွေခံထားရသောအပြစ်ကြောင့် အသက်အန္တရာယ်ရှိသော အခြေအနေတွင် ရှိကြသည်။ ခရစ်တော်၏ပူဇော်ရာယဇ်ကို အခြေခံကာ မိမိကိုယ်ကို ယေဟောဝါထံအပ်နှံမှသာ အပြစ်၏ဆိုးကျိုးမှ လွတ်မြောက်ပြီး ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်နိုင်ကြသည်။ (ယော. ၃:၃၆) ခွဲစိတ်ဆရာဝန်၏ ဂုဏ်သတင်းကိုသိရှိလာသည်နှင့်အမျှ သူ့အားပို၍ယုံကြည်စိတ်ချလာသကဲ့သို့ ယေဟောဝါအကြောင်းကို ဆက်လေ့လာခြင်းဖြင့် ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှု တိုးပွားလာမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဆက်၍ ဂရုတစိုက်လေ့လာကြသည်၊ အကြောင်းမှာ ယင်းက ကိုယ်တော့်ထံအပ်နှံရန် စိုးရွံ့နေသည့်စိတ်ကို ဖယ်ရှားပေးသည့်မေတ္တာ တိုးပွားစေသောကြောင့်ဖြစ်သည်။

၁၈။ ဘုရားသခင့်ပိုင်ဆိုင်ရာဖြစ်သူတွေ ဘာအကျိုးတွေ ခံစားရမလဲ။

၁၈ ယေဟောဝါသည် လူသားအားလုံးကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတော်မူသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း သင်၏ဘုရားသခင် ယေဟောဝါကိုချစ်၍ အသက်တရားကို ရွေးယူလော့။’ (တရား. ၃၀:၁၉၊ ၂၀) ဘုရားသခင်အားဝတ်ပြုဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းဖြင့် ကိုယ်တော့်ကိုချစ်ကြောင်းဖော်ပြရန် ကိုယ်တော်အလိုရှိတော်မူ၏။ ကျွန်ုပ်တို့ချစ်မြတ်နိုးသော ဘုရားသခင်၏ပိုင်ဆိုင်ရာဖြစ်ရခြင်းက ကျွန်ုပ်တို့၏လွတ်လပ်မှုကို ဆုံးရှုံးစေမည့်အစား ကျွန်ုပ်တို့ကို အစဉ်အမြဲပျော်ရွှင်စေမည်မှာ သေချာပါသည်။

၁၉။ ယေဟောဝါရဲ့ပိုင်ဆိုင်ရာဖြစ်ရခြင်းက ဘာကြောင့် မဟာကရုဏာတော်ဖြစ်သလဲ။

၁၉ အပြစ်သားများဖြစ်သော ကျွန်ုပ်တို့သည် စုံလင်သောဘုရားသခင်၏ ပိုင်ဆိုင်ရာ မဖြစ်ထိုက်ပါ။ ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့်သာ ဖြစ်နိုင်သည်။ (၂ တိ. ၁:၉) ထို့ကြောင့် ပေါလု ဤသို့ရေးခဲ့သည်– ‘ငါတို့ အသက်ရှင်လျှင် ယေဟောဝါအတွက် ရှင်၏။ သေလျှင်လည်း ယေဟောဝါအတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ယေဟောဝါနှင့်သာ ဆိုင်၏။’ (ရော. ၁၄:၈) ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ရန် ရွေးချယ်ခဲ့ခြင်းအတွက် ကျွန်ုပ်တို့ ဘယ်တော့မျှ နောင်တရမည်မဟုတ်ကြောင်း သေချာသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါရဲ့ ပိုင်ဆိုင်ရာဖြစ်ရခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ခံစားရသလဲ။

• ဘုရားသခင် ကျွန်ုပ်တို့ထံက မျှော်လင့်ရာတွေကို ကျွန်ုပ်တို့ ဘာကြောင့်လုပ်ဆောင်နိုင်သလဲ။

• မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လိုကာကွယ်ပေးသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါရုပ်ပုံ]

ယေဟောဝါရဲ့ ပိုင်ဆိုင်ရာဖြစ်ရခြင်းကြောင့် ဘယ်လို အကျိုးခံစားရတယ်ဆိုတာ အခြားသူတွေကို မေးမြန်းပါ

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

ယေဟောဝါကာကွယ်ပေးတဲ့ နည်းလမ်းအချို့က ဘာတွေလဲ