မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏ နောက်လိုက်စစ်တစ်ဦး ဖြစ်ကြောင်း သက်သေပြပါ

ခရစ်တော်၏ နောက်လိုက်စစ်တစ်ဦး ဖြစ်ကြောင်း သက်သေပြပါ

ခရစ်တော်၏ နောက်လိုက်စစ်တစ်ဦး ဖြစ်ကြောင်း သက်သေပြပါ

“ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကို သီးတတ်၏။”—မ. ၇:၁၇

၁၊ ၂။ အထူးသဖြင့် ဒီဆုံးခန်းကာလမှာ ခရစ်တော်ရဲ့နောက်လိုက်စစ်တွေနဲ့ အတုအယောင်တွေကို ဘယ်လိုခွဲခြားမလဲ။

ယေရှုက မိမိနောက်လိုက်များဟု မမှန်မကန်ပြောဆိုသူများနှင့် မိမိ၏နောက်လိုက်စစ်များကို သူတို့၏ အသီးဖြစ်သော သူတို့၏ သွန်သင်ချက်များ၊ အမူအကျင့်များဖြင့် ခွဲခြားနိုင်မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ (မ. ၇:၁၅-၁၇၊ ၂၀) အမှန်ပင် လူတို့သည် သူတို့၏စိတ်နှလုံးအတွင်းသို့ ထည့်သွင်းသည့်အရာများ၏ လွှမ်းမိုးမှုခံရကြောင်း ထင်ရှားသည်။ (မ. ၁၅:၁၈၊ ၁၉) မှားယွင်းသောအကြောင်းအရာများ သွန်သင်ခံရသူတို့သည် “မကောင်းသောအသီး” ကိုသီးကြသော်လည်း ဘုရားသခင်နှင့်ဆိုင်သည့် အမှန်တရားအကြောင်း သင်ယူထားသူတို့သည် “ကောင်းသောအသီး” ကိုသီးကြသည်။

ဤဆုံးခန်းကာလတွင် ယင်းအသီးနှစ်မျိုးမှာ သိသာထင်ရှားလာသည်။ (ဒံယေလ ၁၂:၃၊ ၁၀ ကိုဖတ်ပါ။) အယူမှားခရစ်ယာန်များသည် ဘုရားသခင်နှင့်ပတ်သက်၍ လွဲမှားသောအမြင်ရှိကာ ဝတ်ပြုရေးတွင် ကြည်ညိုဟန်ဆောင်လေ့ရှိသော်လည်း သမ္မာကျမ်းစာကို ကောင်းစွာနားလည်သူတို့သည် “စွမ်းအားတော်၏ လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ” ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြသည်။ (ယော. ၄:၂၄; ၂ တိ. ၃:၁-၅) သူတို့သည် ခရစ်တော်ပြသခဲ့သော အရည်အသွေးများကို တင်ပြရန် ကြိုးစားကြသည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့်ကော အသို့နည်း။ ခရစ်ယာန်စစ်ဖြစ်ကြောင်း ခွဲခြားဖော်ပြသည့် အောက်ပါ အမှတ်အသားငါးခုအကြောင်း သုံးသပ်စဉ် သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့ရဲ့အမူအကျင့်နဲ့ သွန်သင်ချက်တွေက သမ္မာကျမ်းစာနဲ့ ကိုက်ညီရဲ့လား။ ငါ့ရဲ့အမူအကျင့်နဲ့ သွန်သင်ချက်တွေက အမှန်တရားရှာဖွေနေတဲ့သူတွေအတွက် နှစ်သက်စရာဖြစ်သလား။’

သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်နေထိုင်ကြ

၃။ ယေဟောဝါ နှစ်သက်တာက ဘာလဲ၊ အဲဒီလို လုပ်ဆောင်ရာမှာ ခရစ်ယာန်စစ်တွေအတွက် ဘယ်အရာ ပါဝင်ပတ်သက်သလဲ။

ယေရှုက “‘သခင်၊ သခင်’ ဟု ငါ့ကို ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်သောသူသာ ဝင်ရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မ. ၇:၂၁) မှန်ပါသည်၊ ယေဟောဝါနှစ်သက်သည်မှာ ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု ပြောခြင်းမဟုတ်ဘဲ ခရစ်ယာန်တစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ နောက်လိုက်စစ်များအတွက် ယင်းတွင် ငွေအပေါ်ထားရှိသည့် သဘောထား၊ လောကအလုပ်အကိုင်၊ ဖျော်ဖြေမှု၊ လောကဓလေ့ထုံးစံများနှင့် ပွဲနေ့များ၊ အိမ်ထောင်ပြုခြင်းနှင့် အခြားလူမှုဆက်ဆံရေးအားလုံး အပါအဝင် သူတို့၏ ဘဝပုံစံတစ်ခုလုံး ပါဝင်ပတ်သက်သည်။ သို့သော် ခရစ်ယာန်အတုအယောင်များသည် ဤနောက်ဆုံးသောနေ့ရက်များတွင် တရားမဲ့မှုများ ပို၍တိုးပွားလျက်ရှိသည့် လောက၏လမ်းစဉ်နှင့် စဉ်းစားတွေးခေါ်ပုံကို ခံယူကြသည်။—ဆာ. ၉၂:၇

၄၊ ၅။ မာလခိ ၃:၁၈ မှာပါတဲ့ ယေဟောဝါရဲ့ စကားတော်တွေကို ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘယ်လိုကျင့်သုံးနိုင်သလဲ။

သို့ဖြစ်၍ ပရောဖက်မာလခိက ဤသို့ရေးခဲ့သည်– ‘တစ်ဖန် သင်တို့သည် ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။’ (မာလ. ၃:၁၈) ယင်းစကားများကို သင်စဉ်းစားသည့်အခါ သင့်ကိုသင် ဤသို့မေးပါ– ‘ငါက လောကပုံစံထွက်နေသလား၊ ဒါမှမဟုတ် လောကနဲ့ သီးခြားရပ်တည်နေသလား။ ကျောင်းတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ လောကအပေါင်းအသင်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားသလား၊ ဒါမှမဟုတ် ကျမ်းစာမူတွေအတိုင်း အခိုင်အမာရပ်တည်ပြီး လိုအပ်တဲ့အခါ ခုခံပြောဆိုသလား။ (၁ ပေတရု ၃:၁၆ ကိုဖတ်ပါ။) အမှန်တကယ်တွင် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆသောပုံမျိုး မထွက်စေလိုကြပါ၊ သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါကို မချစ်သူများ၊ ဝတ်မပြုသူများနှင့် မတူသင့်ပေ။

သင်၌ တိုးတက်စရာရှိသည်ကို သိမြင်လျှင် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ဆုတောင်းကာ ပုံမှန်ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းနှင့် အစည်းအဝေးတက်ရောက်ခြင်းတို့ဖြင့် ခွန်အားရယူပါလေ။ သမ္မာကျမ်းစာကို ပို၍လက်တွေ့ကျင့်သုံးလေ “ဘုရားသခင်၏ နာမတော်ကို ကြေညာခြင်းဖြစ်သည့် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်” အပါအဝင် “ကောင်းသောအသီး” ကို ပို၍သီးနိုင်လေဖြစ်မည်။—ဟေဗြဲ ၁၃:၁၅

ဘုရားသခင်၏နိုင်ငံတော်ကို ဟောပြောကြ

၆၊ ၇။ ဘုရားသခင့် နိုင်ငံတော်သတင်းနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ခရစ်ယာန်တွေနဲ့ ခရစ်ယာန်အတုအယောင်တွေကြား ဘာကွာခြားချက်တွေကို တွေ့နိုင်သလဲ။

ယေရှု ဤသို့ဆို၏– “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏။” (လု. ၄:၄၃) ယေရှု၏ဓမ္မအမှုတွင် ဘုရားသခင့်နိုင်ငံတော်ကို အဘယ်ကြောင့် အဓိကထားဟောပြောခဲ့သနည်း။ ရှင်ပြန်ထမြောက်ပြီးသော စွမ်းအားတော်ဖွားညီတော်များနှင့်အတူ မိမိကိုယ်တော်တိုင် ဘုရင်အဖြစ် ဘုရားသခင့်နိုင်ငံတော်ကို အုပ်ချုပ်သောအခါ လူသားတို့၏ ဆင်းရဲဒုက္ခရင်းမြစ်ဖြစ်သည့် အပြစ်နှင့် စာတန်အား အပြီးသတ်ဖယ်ရှားမည်ဖြစ်ကြောင်း သိထား၍ဖြစ်သည်။ (ရော. ၅:၁၂; ဗျာ. ၂၀:၁၀) ထို့ကြောင့် လက်ရှိအစီအစဉ်စနစ် အဆုံးမတိုင်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောကြရန် မိမိနောက်လိုက်များအား ကိုယ်တော်မိန့်မှာခဲ့သည်။ (မ. ၂၄:၁၄) ခရစ်တော်၏နောက်လိုက်ဖြစ်ပါသည်ဟု နှုတ်ဖြင့်သာပြောသူတို့သည် ယင်းလုပ်ငန်းကို မလုပ်ဆောင်ကြချေ။ လုပ်လည်းမလုပ်နိုင်ကြချေ။ အဘယ်ကြောင့်နည်း။ အနည်းဆုံး ဤအကြောင်းရင်းသုံးခုကြောင့် ဖြစ်သည်– ပထမအချက်မှာ သူတို့သည် သူတို့နားမလည်သော အကြောင်းအရာကို မဟောပြောနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သူတို့အများစုတွင် လူများကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေမျှရာ၌ ကြုံရနိုင်သည့် ဆန့်ကျင်မှုနှင့် ကဲ့ရဲ့ပြောင်လှောင်မှုတို့ကို ရင်ဆိုင်နိုင်သည့် နှိမ့်ချမှုနှင့် သတ္တိမရှိကြသောကြောင့် ဖြစ်သည်။ (မ. ၂၄:၉; ၁ ပေ. ၂:၂၃) တတိယအချက်မှာ ခရစ်ယာန်အတုအယောင်များ၌ ဘုရားသခင့်စွမ်းအားတော်မရှိသောကြောင့် ဖြစ်သည်။—ယော. ၁၄:၁၆၊ ၁၇

သို့သော် ခရစ်ယာန်စစ်များမှာမူ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်ကြောင်းနှင့် ယင်းကလုပ်ဆောင်ပေးမည့်အရာများကို နားလည်ထားကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဘဝတွင်ဦးစားထားကြပြီး ယင်းအကြောင်းကို ယေဟောဝါ၏ စွမ်းအားတော်အကူအညီနှင့် ကမ္ဘာချီဟောပြောလျက်ရှိသည်။ (ဇာ. ၄:၆) ဤလုပ်ငန်းတွင် သင်မှန်မှန် ပါဝင်နေပါသလော။ သင်သည် ခရစ်ယာန်ဓမ္မအမှုတွင် အချိန်ပို၍ပါဝင်ခြင်း သို့မဟုတ် ပို၍ထိရောက်မှုရှိစေခြင်းဖြင့် တိုးတက်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူတစ်ဦးဖြစ်အောင် ကြိုးစားနေပါသလော။ အချို့သူတို့သည် သမ္မာကျမ်းစာကို ပို၍ကောင်းစွာ အသုံးပြုခြင်းဖြင့် မိမိတို့၏ ဓမ္မအမှုအရည်အသွေးကို တိုးတက်စေရန် ကြိုးစားခဲ့ကြပြီ။ သမ္မာကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်သည့် အလေ့အထရှိသော တမန်တော်ပေါလုက “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏” ဟု ရေးခဲ့သည်။—ဟေဗြဲ ၄:၁၂; တ. ၁၇:၂၊ ၃

၈၊ ၉။ (က) ကျွန်ုပ်တို့ရဲ့ ဓမ္မအမှုမှာ ကျမ်းစာအသုံးပြုခြင်းရဲ့ တန်ဖိုးကို ဘယ်တွေ့ကြုံမှုတွေက ပေါ်လွင်စေသလဲ။ (ခ) သမ္မာကျမ်းစာကို အသုံးပြုရာမှာ ကျွန်ုပ်တို့ ဘယ်လို ပိုပြီးကျွမ်းကျင်လာနိုင်သလဲ။

တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ညီအစ်ကိုတစ်ဦးသည် ဒံယေလ ၂:၄၄ ကို ကက်သလစ်ဘာသာဝင်အမျိုးသားတစ်ဦးအား ဖတ်ပြပြီး ဘုရားသခင့်နိုင်ငံတော်သည် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို မည်သို့ဆောင်ကြဉ်းပေးမည်ကို ရှင်းပြခဲ့သည်။ ထိုသူဤသို့တုံ့ပြန်ခဲ့သည်– “ဒီအတိုင်း အလွတ်ပြောမယ့်အစား ခင်ဗျားရဲ့ ကျမ်းစာဖွင့်ပြီး ကျမ်းချက်ကို ပြတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။” ညီအစ်ကိုတစ်ဦးသည် ဂရိသြသဒေါက်ဘာသာဝင်အမျိုးသမီးတစ်ဦးအား ကျမ်းချက်တစ်ချက်ဖတ်ပြသောအခါ အမျိုးသမီးက သိလိုသည့်မေးခွန်းများစွာ မေးခဲ့သည်။ ဤဖြစ်ရပ်တွင်လည်း ညီအစ်ကိုသည် သူ၏ဇနီးနှင့်အတူ သမ္မာကျမ်းစာမှ ဖြေဆိုပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီး ဤသို့ပြော၏– “ကျွန်မ ဘာကြောင့် ရှင်တို့နဲ့ လိုလိုလားလားစကားပြောခဲ့တယ်ဆိုတာ သိလား။ ရှင်တို့က သမ္မာကျမ်းစာနဲ့ ကျွန်မအိမ်ကို ရောက်လာပြီး အဲဒီအထဲက ဖတ်ပြလို့ပဲ။”

မှန်ပါသည်၊ ကျွန်ုပ်တို့၏စာပေများသည် အရေးပါသောကြောင့် လယ်ကွင်းဓမ္မအမှုတွင် ယင်းတို့ကို ဝေငှသင့်သည်။ သို့သော် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ အဓိကအသုံးပြုသည့် ကိရိယာဖြစ်သည်။ ထို့ကြောင့် ဓမ္မအမှုတွင် ကျမ်းစာကို ပုံမှန်အသုံးပြုသည့်အလေ့အထ သင်၌မရှိသေးလျှင် ပုံမှန်အသုံးပြုရန် ပန်းတိုင်ထားပါလေ။ သင့်ဒေသရှိလူတို့ စိုးရိမ်မကင်းဖြစ်နေသည့် သတ်သတ်မှတ်မှတ်ပြဿနာများကို ဘုရားသခင့်နိုင်ငံတော်က မည်သို့ဖြေရှင်းပေးနိုင်ကြောင်း၊ ဘုရားသခင့်နိုင်ငံတော်ဟူသည် မည်သည့်အရာဖြစ်ကြောင်းတို့ကို ရှင်းပြသည့် အဓိကကျမ်းချက်အချို့ကို ရွေးချယ်ထားနိုင်သည်။ ထို့နောက် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သင်ပါဝင်သည့်အခါ ယင်းကျမ်းချက်များကို ဖတ်ရှုရန် အသင့်ပြင်ထားပါ။

ဘုရားသခင့်နာမတော်ကို ဂုဏ်ယူစွာခံယူကြ

၁၀၊ ၁၁။ ဘုရားသခင့်နာမတော် အသုံးပြုခြင်းနဲ့ပတ်သက်လို့ ယေရှုနဲ့ ကိုယ်တော့်နောက်လိုက်လို့ ပြောတဲ့သူတွေအကြား ဘယ်လိုကွာခြားမှုရှိသလဲ။

၁၀ ‘ယေဟောဝါမိန့်တော်မူသည်ကား “ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။”’ (ဟေရှာ. ၄၃:၁၀၊ ၁၂) ယေဟောဝါ၏ အထင်ရှားဆုံးသက်သေဖြစ်သူ ယေရှုခရစ်သည် ဘုရားသခင့်နာမတော်ကို ခံယူကာ ယင်းကို ကြေညာခွင့်ရခြင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် ယူမှတ်ခဲ့သည်။ (ထွက်မြောက်ရာ ၃:၁၅; ယောဟန် ၁၇:၆; ဟေဗြဲ ၂:၁၂ တို့ကိုဖတ်ပါ။) အမှန်ပင် ယေရှုသည် ခမည်းတော်၏နာမတော်ကို ကြေညာခဲ့သောကြောင့် ကိုယ်တော့်ကို “သစ္စာရှိသောသက်သေ” ဟုခေါ်ခဲ့သည်။—ဗျာ. ၁:၅; မ. ၆:၉

၁၁ သို့သော် ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ကို ကိုယ်စားပြုသည်ဟု ဆိုသူများသည် မိမိတို့၏ဘာသာပြန်ကျမ်းများတွင် ဘုရားသခင့်နာမတော်ကို ဖယ်ရှားခြင်းဖြင့်ပင် နာမတော်ကို ရှုတ်ချသော သဘောထား တင်ပြကြသည်။ မကြာသေးမီက ကက်သလစ်ဘုန်းကြီးများအားပေးခဲ့သော ညွှန်ကြားချက်တစ်ခုတွင် ဝတ်ပြုချိန်အတွင်း “ဘုရားသခင့်နာမတော် တက်တြာဂရမ်မီတန် ယဟဝဟကို အသုံးမပြုရ၊ မပြောရ” ဟုဆိုထားခြင်းဖြင့် အလားတူသဘောထားမျိုး တင်ပြခဲ့ကြသည်။ * ယင်းသည် ပြစ်တင်ရှုတ်ချခံထိုက်သော သဘောထားဖြစ်သည်။

၁၂။ ၁၉၃၁ ခုနှစ်မှာ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ဘယ်လိုသဘောမျိုးနဲ့ ယေဟောဝါနဲ့ ပိုအနီးကပ်ဆက်စပ်လာသလဲ။

၁၂ ခရစ်ယာန်စစ်များသည် ခရစ်တော်နှင့် ကိုယ်တော့်ထက်ရှေးကျသော ကြီးမားသည့် “သက်သေအုပ်စုကြီး” ကို တုပကာ ဘုရားသခင့်နာမတော်ကို ဂုဏ်ယူစွာ အသုံးပြုကြသည်။ (ဟေဗြဲ ၁၂:၁) အမှန်မှာ ၁၉၃၁ ခုနှစ်တွင် ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါသက်သေဟူသောအမည်ကို ခံယူလိုက်ခြင်းဖြင့် ယေဟောဝါနှင့် ပို၍အနီးကပ်ဆက်စပ်မှုရှိလာသည်။ (ဟေရှာယ ၄၃:၁၀-၁၂ ကိုဖတ်ပါ။) ထို့ကြောင့် အထူးသဘောမျိုးဖြင့် ခရစ်တော်၏နောက်လိုက်များသည် “[ဘုရားသခင့်] နာမတော်အတွက် လူမျိုး” ဖြစ်လာသည်။—တ. ၁၅:၁၄၊ ၁၇

၁၃။ ကျွန်ုပ်တို့ကို ဘုရားသခင်ပေးအပ်ထားတဲ့ အမည်နာမနဲ့အညီ ဘယ်လိုနေထိုင်နိုင်သလဲ။

၁၃ ကျွန်ုပ်တို့တစ်ဦးစီသည် ကျွန်ုပ်တို့ခံယူထားသောအမည်နာမနှင့်အညီ မည်သို့နေထိုင်နိုင်သနည်း။ တစ်ချက်အနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းကို သစ္စာရှိစွာ သက်သေခံရမည်။ ပေါလု ဤသို့ရေးခဲ့သည်– ‘ယေဟောဝါ၏နာမတော်ကိုခေါ်၍ ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ သို့သော် မယုံကြည်သောအရှင်ကို မည်သို့ ခေါ်မည်နည်း။ မကြားဖူးသောအရှင်ကို မည်သို့ ယုံကြည်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားမည်နည်း။ စေလွှတ်ခြင်းကို မခံရလျှင် မည်သို့ဟောပြောမည်နည်း။’ (ရော. ၁၀:၁၃-၁၅) ထို့ပြင် မေတ္တာရှင်ဘုရားသခင်အား စာတန်ကဲ့သို့ ရက်စက်ယုတ်မာသူဖြစ်စေသည့် မီးငရဲစသော မှားယွင်းသည့်သွန်သင်ချက်များကို ကျွန်ုပ်တို့ လိမ္မာပါးနပ်စွာ ဖော်ထုတ်သင့်သည်။—ယေ. ၇:၃၁; ၁ ယော. ၄:၈; မာကု ၉:၁၇-၂၇ နှင့်နှိုင်းယှဉ်ပါ။

၁၄။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို သိရတဲ့အခါ လူတချို့ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။

၁၄ ကောင်းကင်ခမည်းတော်၏နာမတော်ကို ခံယူရသည့်အတွက် သင်ဂုဏ်ယူပါသလော။ အခြားသူများ ထိုသန့်ရှင်းသောနာမတော်ကို သိရှိစေရန် သင် ကူညီပေးသလော။ ယေဟောဝါသက်သေများ ဘုရားသခင့်နာမတော်ကို သိသည်ဟု ကြားသိခဲ့ရသော ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ အမျိုးသမီးတစ်ဦးသည် သူတွေ့ဆုံခဲ့သော နောက်သက်သေခံတစ်ဦးအား ထိုနာမတော်ကို သူမ၏ကျမ်းစာထဲမှပြရန် တောင်းဆိုခဲ့သည်။ ဆာလံ ၈၃:၁၈ ကိုဖတ်ပြီးနောက် သူ အလွန်ထိမိစွဲမှတ်သွားသည်။ သူကျမ်းစာစတင်လေ့လာပြီး ယခုအခါ အခြားနိုင်ငံတွင် အမှုဆောင်နေသော သစ္စာရှိသက်သေခံတစ်ဦးဖြစ်နေပြီ။ ဩစတြေးလျတွင်နေထိုင်သော ကက်သလစ်အမျိုးသမီးတစ်ဦးသည် သမ္မာကျမ်းစာတွင် ဘုရားသခင့်နာမတော်ကို ပထမဦးဆုံးအကြိမ် တွေ့လိုက်ရသောအခါ ဝမ်းသာမျက်ရည်ကျခဲ့သည်။ သူသည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ မကြာသေးမီက ဂျမေကာမှ သက်သေခံတစ်ဦးသည် အမျိုးသမီးတစ်ဦးအား ဘုရားသခင့်နာမတော်ကို သူ၏ကိုယ်ပိုင်ကျမ်းစာထဲမှ ပြလိုက်ရာ သူလည်း ဝမ်းသာမျက်ရည်ကျခဲ့သည်။ ထို့ကြောင့် ယေရှုကို တုပကာ ဘုရားသခင့်နာမတော်ကို ခံယူရသည့်အတွက်နှင့် ထိုနာမတော်မြတ်ကို လူအပေါင်းရှေ့ ထင်ရှားဖော်ပြရသည့်အတွက် ဂုဏ်ယူပါလေ။

“လောကကို . . . မချစ်ကြ”

၁၅၊ ၁၆။ ခရစ်ယာန်စစ်တွေက လောကကို ဘယ်လို ရှုမြင်သလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးခွန်းတွေ မေးသင့်သလဲ။

၁၅ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာများကိုလည်းကောင်း မချစ်ကြနှင့်။ လောကကို ချစ်သောသူသည် ခမည်းတော်ကို ချစ်ခြင်းမရှိ။” (၁ ယော. ၂:၁၅) လောကနှင့် ယင်း၏ဇာတိသဘောထားသည် ယေဟောဝါနှင့် ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏နောက်လိုက်စစ်များသည် လောက၏အစိတ်အပိုင်းမဖြစ်အောင် ရှောင်ကြဉ်ရုံမျှသာမဟုတ်ချေ။ ‘လောကနှင့်မိတ်ဆွေဖွဲ့လိုသူသည် ဘုရားသခင်၏ရန်သူဖြစ်’ သည်ဟု တပည့်ဖြစ်သူယာကုပ်ရေးခဲ့သည်ကို သိထားရာ လောကကိုချစ်ရန် ငြင်းပယ်ကြသည်။—ယာကုပ် ၄:၄

၁၆ သွေးဆောင်မှုများစွာရှိသော လောကတွင် ယာကုပ်၏စကားများကို လိုက်နာရန်မှာ စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ (၂ တိ. ၄:၁၀) ထို့ကြောင့် ယေရှုသည် မိမိနောက်လိုက်များအတွက် ဤသို့ဆုတောင်းခဲ့သည်– “သူတို့ကို ဤလောကမှနုတ်ယူရန် တောင်းလျှောက်သည် မဟုတ်ပါ။ ဆိုးညစ်သူ၏လက်မှ စောင့်ရှောက်တော်မူပါရန် တောင်းလျှောက်ပါ၏။ ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။” (ယော. ၁၇:၁၅၊ ၁၆) သင့်ကိုသင် ဤသို့မေးပါ– ‘လောကနဲ့မသက်ဆိုင်ဖို့ ငါကြိုးစားသလား။ ကျမ်းစာနဲ့မကိုက်ညီတဲ့ ပွဲနေ့တွေနဲ့ ထုံးစံတွေအပြင် အယူမှားဝတ်ပြုရေးအပေါ် အခြေမခံပေမဲ့ လောကစိတ်ဓာတ်ကို အထင်အရှားဖော်ပြတဲ့အရာတွေနဲ့ ပတ်သက်တဲ့ ငါ့ရဲ့ရပ်တည်ချက်ကို အခြားသူတွေ သိကြသလား။’—၂ ကော. ၆:၁၇; ၁ ပေ. ၄:၃၊ ၄

၁၇။ ယေဟောဝါဘက်ရပ်တည်ဖို့ စိတ်နှလုံးရိုးဖြောင့်သူတွေကို ဘယ်အရာက လှုံ့ဆော်ပေးမလဲ။

၁၇ ကျမ်းစာပေါ်အခြေခံသော ကျွန်ုပ်တို့၏ရပ်တည်ချက်သည် လောက၏မျက်နှာသာကို မရနိုင်သည်မှာမှန်သော်လည်း စိတ်နှလုံးရိုးဖြောင့်သူများ၏ သိလိုစိတ်ကို နှိုးဆွပေမည်။ ကျွန်ုပ်တို့၏ရပ်တည်ချက်သည် သမ္မာကျမ်းစာပေါ် အခိုင်အမာအခြေပြုကြောင်း၊ ယင်းသည် ကျွန်ုပ်တို့၏ဘ၀လမ်းစဉ်ဖြစ်ကြောင်း ဤသူတို့သိမြင်လာသောအခါ ‘ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်’ ဟု ဘိသိက်ပေးခံရသူများအား ပြောဆိုခြင်းဖြင့် အမှန်ပင်တုံ့ပြန်ကြပေမည်။—ဇာ. ၈:၂၃

စစ်မှန်သောခရစ်ယာန်မေတ္တာပြကြ

၁၈။ ယေဟောဝါနဲ့ လူသားချင်းကိုချစ်တဲ့မေတ္တာမှာ ဘယ်အရာ ပါဝင်ပတ်သက်သလဲ။

၁၈ “သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်” ၍ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မ. ၂၂:၃၇၊ ၃၉) ထိုချစ်ခြင်းမေတ္တာ (ဂရိလို အဂါးပေး) သည် တာဝန်၊ စည်းမျဉ်းမူနှင့် လူမှုရေးကျင့်ဝတ်တို့ ပါဝင်ပတ်သက်သော ကိုယ်ကျင့်တရားဆိုင်ရာ ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။ ယင်းသည် နွေးထွေး၍ လှိုက်လှဲနိုင်သည်။ (၁ ပေ. ၁:၂၂) ယင်းမေတ္တာကို တစ်ကိုယ်ကောင်းမဆန်သော အပြောအဆိုများ၊ လုပ်ရပ်များဖြင့် ဖော်ပြသောကြောင့် ကိုယ်ကျိုးရှာခြင်းနှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၄-၇ ကိုဖတ်ပါ။

၁၉၊ ၂၀။ ခရစ်ယာန်မေတ္တာ အစွမ်းတန်ခိုးရှိပုံကို ဖော်ပြတဲ့ တွေ့ ကြုံမှုတွေကို ပြောပြပါ။

၁၉ ချစ်ခြင်းမေတ္တာသည် ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးတစ်ခုဖြစ်သောကြောင့် ခရစ်ယာန်စစ်များသည် အခြားသူများမလုပ်နိုင်သောအရာဖြစ်သည့် လူမျိုးရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအတားအဆီးများကို အောင်မြင်ကျော်လွှားနိုင်ကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ; ဂလ. ၅:၂၂) ဤမေတ္တာမျိုးကို မြင်တွေ့ရသော သိုးကဲ့သို့စိတ်ထားရှိသူများသည် အမှန်ပင် လှုံ့ဆော်ခံရသည်။ ဥပမာ၊ အစ္စရေးတွင် ဂျူးလူငယ်တစ်ဦးသည် ပထမဆုံးအကြိမ် ခရစ်ယာန်အစည်းအဝေးကို တက်ရောက်သောအခါ ဂျူးနှင့် အာရပ်ညီအစ်ကိုများ ယေဟောဝါအား အတူတကွဝတ်ပြုနေသည်ကို မြင်တွေ့ရ၍ အံ့အားသင့်ခဲ့သည်။ ရလဒ်အနေနှင့် သူသည် အစည်းအဝေးများကို ပုံမှန်တက်ရောက်ကာ ကျမ်းစာသင်အံမှု လက်ခံခဲ့သည်။ သင့်ညီအစ်ကိုများအပေါ် ဤသို့သော လှိုက်လှဲသည့်မေတ္တာမျိုး သင် ပြသပါသလော။ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ရောက်လာသူလူသစ်များသည် မည်သည့် လူမျိုး၊ အသားအရောင်၊ လူမှုရေးအဆင့်အတန်းပင်ဖြစ်ပါစေ အားလုံးကို လှိုက်လှဲစွာကြိုဆိုရန် သင် ကြိုးစားပါသလော။

၂၀ ခရစ်ယာန်စစ်များအနေနှင့် ကျွန်ုပ်တို့သည် အားလုံးကို မေတ္တာပြရန် ကြိုးစားကြ၏။ အယ်ဆာဗေးဒေါတွင် ကြေညာသူညီအစ်မငယ်တစ်ဦးသည် မိမိ၏ချာ့ခ်ျကိုသာဖက်တွယ်နေသော ၈၇ နှစ်အရွယ် ကက်သလစ်အမျိုးသမီးကြီးတစ်ဦးကို ကျမ်းစာသင်ပေးသည်။ တစ်နေ့သော် အမျိုးသမီးကြီးသည် အလွန်နာမကျန်းဖြစ်လာသောကြောင့် ဆေးရုံတင်လိုက်ရသည်။ သူဆေးရုံမှဆင်းပြီး အိမ်ပြန်လာသောအခါ သက်သေခံများသည် သူ့ထံလည်ပတ်ပြီး စားစရာရှိမရှိ ကြည့်ရှုကာ စီစဉ်ပေးခဲ့သည်။ ယင်းသို့ပြုလုပ်ပေးသည်မှာ တစ်လခန့်ကြာသွားသည်။ သူ့ချာ့ခ်ျမှ မည်သူမျှ သူ့ထံ လာမလည်ခဲ့ပါ။ မည်သည့်ရလဒ်ရရှိခဲ့သနည်း။ သူသည် ဝတ်ပြုရေးနှင့်ဆိုင်သောရုပ်ပုံများကို ဖယ်ရှားလိုက်ပြီး ချာ့ခ်ျမှ နုတ်ထွက်လိုက်ကာ ကျမ်းစာသင်အံမှုကို ပြန်လည်စတင်ခဲ့သည်။ ခရစ်ယာန်မေတ္တာသည် အမှန်ပင် အစွမ်းတန်ခိုးရှိ၏။ ယင်းသည် စကားလုံးများထက်ပို၍ လူတို့၏စိတ်ကို ထိမိနိုင်သည်။

၂၁။ ကျွန်ုပ်တို့ရဲ့အနာဂတ် လုံခြုံအောင် ဘယ်လိုလုပ်နိုင်သလဲ။

၂၁ မကြာမီ ယေရှုသည် နောက်လိုက်အတုအယောင်များအား “သင်တို့ကို ငါလုံး၀မသိ။ မတရားသောအမှုကိုပြုသောသူတို့ ငါထံမှ ထွက်သွားကြ” ဟု မိန့်တော်မူမည်ဖြစ်သည်။ (မ. ၇:၂၃) ထို့ကြောင့် ခမည်းတော်နှင့် သားတော်ကို ဂုဏ်တင်သော အကျင့်အကြံများကို ကျင့်ကြံကြစို့။ ယေရှုက “ငါဟောသော ဤစကားကိုကြား၍ လိုက်နာသောသူတိုင်းကို ကျောက်ဆောင်ပေါ်တွင် အိမ်ဆောက်သည့် သတိပညာရှိသောသူနှင့် ငါပုံခိုင်းမည်” ဟုဆိုသည်။ (မ. ၇:၂၄) ကျွန်ုပ်တို့သည် ခရစ်တော်၏နောက်လိုက်စစ်များဖြစ်ကြောင်း ထင်ရှားပြမည်ဆိုလျှင် ဘုရားသခင့်မျက်နှာသာတော်ကို ရရှိပြီး ကျွန်ုပ်တို့၏အနာဂတ်သည် ကျောက်ပေါ်တွင် တည်ဆောက်ထားသကဲ့သို့ လုံခြုံပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဂျေရုဆလင်ကျမ်းစာအပါအဝင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ခေတ်သစ်ကက်သလစ်စာပေတချို့တွင် တက်တြာဂရမ်မီတန်ကို “ယာဝေး” ဟုပြန်ဆိုကြသည်။

သင်မှတ်မိသလော

• ခရစ်တော်ရဲ့နောက်လိုက်စစ်တွေနဲ့ အတုအယောင်တွေကို ဘယ်လိုခွဲခြားမလဲ။

• ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတဲ့ “အသီး” တချို့ကိုဖော်ပြပါ။

• ခရစ်ယာန်အမူအကျင့်တွေကို ကျင့်ကြံရာမှာ သင် ဘယ်ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ခရစ်ယာန်ဓမ္မအမှုမှာ သင် ကျမ်းစာသုံးတဲ့အကျင့်ရှိသလား

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ကျမ်းစာနဲ့မကိုက်ညီတဲ့ ပွဲနေ့တွေနဲ့ပတ်သက်တဲ့ သင့်ရပ်တည်ချက်ကို တခြားသူတွေသိသလား