မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေးများရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များစွာကို ဖြေရှင်းနိုင်ရန် ကူညီပေးပါ

သင့်ကလေးများရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များစွာကို ဖြေရှင်းနိုင်ရန် ကူညီပေးပါ

သင့်ကလေးများရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များစွာကို ဖြေရှင်းနိုင်ရန် ကူညီပေးပါ

ကျွန်ုပ်တို့၏လူငယ်များသည် ပြင်းထန်သောဖိအားပေးမှုများကို ခံနေကြရသည်။ သူတို့သည် စာတန်၏ဆိုးညစ်သောလောကနှင့် ထိတွေ့နေရပြီး “လူငယ်များတွင်ဖြစ်ပေါ်တတ်သော အလိုဆန္ဒများကို” တိုက်လှန်ကြရသည်။ (၂ တိ. ၂:၂၂; ၁ ယော. ၅:၁၉) ထို့ပြင် သူတို့သည် ‘သူတို့၏ဖန်ဆင်းရှင်ကို သတိရ’ ရန်ကြိုးစားကြသောကြောင့် သူတို့၏ယုံကြည်ချက်ကို ဆန့်ကျင်သူများ၏ ကဲ့ရဲ့ပြောင်လှောင်မှုနှင့် ထပ်တလဲလဲ နှောင့်ယှက်မှုကိုပင် ခံကြရသည်။ (ဒေ. ၁၂:၁) ဗင်းစင့်အမည်ရှိညီအစ်ကိုက သူကြီးပြင်းခဲ့ရသည့်အချိန်ကို နောက်ကြောင်းပြန်တွေးကာ ဤသို့ပြော၏– “ကျွန်တော်က သက်သေခံတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်ကို နှောင့်ယှက်တဲ့သူ၊ အနိုင်ကျင့်တဲ့သူ၊ ရန်စတဲ့သူ အမြဲရှိတယ်။ အခြေအနေအရမ်းဆိုးတဲ့အချိန်တွေ အများကြီးရှိခဲ့လို့ ကျွန်တော် ကျောင်းမသွားချင်ခဲ့ဘူး။” *

ကျွန်ုပ်တို့၏သားသမီးများသည် လောက၏ဖိအားများအပြင် ရွယ်တူချင်းများနှင့်တူလိုသော သူတို့၏ဆန္ဒကိုလည်း တိုက်လှန်နေရပေမည်။ ဆယ်ကျော်သက်နှောင်းပိုင်း ညီအစ်မတစ်ဦးဖြစ်သူ ကက်သလင်းက “အများနဲ့မတူတဲ့သူအဖြစ် ရှုမြင်ခံရတာက မလွယ်ဘူး” ဟုပြောခဲ့သည်။ အယ်လဲန်အမည်ရှိ ညီအစ်ကိုတစ်ဦးက ဤသို့ဝန်ခံသည်– “စနေ၊ တနင်္ဂနွေတွေဆိုရင် ကျောင်းကသူငယ်ချင်းတွေက သူတို့နဲ့အပြင်သွားဖို့ ခေါ်ကြတယ်၊ ကျွန်တော် အရမ်းသွားချင်ခဲ့တယ်။” ထို့ပြင် မကောင်းသောပေါင်းသင်းမှု အလွယ်တကူဖြစ်သွားနိုင်သော ကျောင်းအားကစားပွဲများတွင် ပါဝင်လိုသော လူငယ်များ၏ဆန္ဒမှာ ပြင်းပြနိုင်သည်။ ထာန်ညာအမည်ရှိညီအစ်မငယ်တစ်ဦးက “ကျွန်မ အားကစားကိုနှစ်သက်တယ်။ ကျောင်းကနည်းပြတွေကလည်း အသင်းမှာကစားဖို့ အမြဲခေါ်တယ်။ ငြင်းရ အရမ်းခက်တယ်” ဟုပြောသည်။

သင့်သားသမီးများ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များစွာကို ဖြေရှင်းရန် သင် မည်သို့ကူညီနိုင်သနည်း။ သားသမီးများကို သွန်သင်လမ်းညွှန်ရန် မိဘများအား ယေဟောဝါ တာဝန်ပေးထားသည်။ (သု. ၂၂:၆; ဧ. ၆:၄) ဘုရားသခင်ကိုကြောက်ရွံ့သောမိဘများ၏ ပန်းတိုင်မှာ သားသမီးများ ယေဟောဝါအား နာခံလိုစိတ်ရှိအောင် ပြုစုပျိုးထောင်ပေးရန်ဖြစ်သည်။ (သု. ၆:၂၀-၂၃) ဤနည်းဖြင့် မိဘများ၏မျက်ကွယ်၌ပင် လောက၏ဖိအားများကို တွန်းလှန်ရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။

မိဘများအတွက်မူ စားဝတ်နေရေးအတွက် ရှာဖွေရခြင်း၊ မိသားစုကိုပြုစုစောင့်ရှောက်ရခြင်းနှင့် အသင်းတော်လုပ်ဆောင်မှုများတွင် ပါဝင်ရခြင်းတို့ကို တစ်ချိန်တည်းတွင် လုပ်ဆောင်ရခြင်းသည် စိန်ခေါ်ချက်ဖြစ်၏။ အချို့တို့သည် ကြင်ဖော်မဲ့မိဘများအနေနှင့် သို့မဟုတ် မယုံကြည်သူအိမ်ထောင်ဖက်များ၏ ဆန့်ကျင်မှုကြားမှ ယင်းတို့ကို လုပ်ဆောင်ရသည်။ သို့တိုင် မိဘများအား မိမိတို့၏သားသမီးများကို သွန်သင်၊ ကူညီပေးရန် အချိန်ဖယ်ထားဖို့ ယေဟောဝါတောင်းဆိုသည်။ ထို့ကြောင့် ရွယ်တူချင်းဖိအား၊ သွေးဆောင်မှုများနှင့် နေ့စဉ်ကြုံတွေ့နေရသော ထပ်တလဲလဲနှောင့်ယှက်မှုများမှ မိမိကိုယ်ကိုကာကွယ်ရန် သင့်ကလေးများကို သင်မည်သို့ ကူညီပေးနိုင်သနည်း။

ယေဟောဝါနှင့် နှစ်ကိုယ်ကြားဆက်ဆံရေး

ဦးစွာ ကျွန်ုပ်တို့၏သားသမီးများသည် ယေဟောဝါအား တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိရန်လိုသည်။ “မမြင်ရသောအရှင်ကို မြင်” ရန် သူတို့ကို ကူညီပေးဖို့လိုသည်။ (ဟေဗြဲ ၁၁:၂၇) အထက်တွင်ဖော်ပြခဲ့သော ဗင်းစင့်က ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံရေးရှိရန် မိမိအား မိဘများ ကူညီပေးခဲ့ပုံကို ပြန်အမှတ်ရသည်။ “မိဘတွေက ဆုတောင်းခြင်းရဲ့အရေးကြီးပုံကို ကျွန်တော့်ကို သင်ပေးတယ်။ ကျွန်တော်ခပ်ငယ်ငယ်ကတည်းက ညအိပ်ရာမဝင်ခင် ကျွန်တော် အမြဲဆုတောင်းတာကို သတိရတယ်။ ယေဟောဝါက ကျွန်တော့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးပဲ” ဟုသူပြောပြသည်။ သင်သည် သင့်ကလေးများနှင့်အတူ ဆုတောင်းသလော။ သူတို့၏သီးသန့်ဆုတောင်းချက်များတွင် ယေဟောဝါအား အဘယ်အရာများပြောဆိုကြောင်း နားထောင်ပါ။ ပုံသေစကားလုံးများကိုသာ အထပ်ထပ် ရွတ်နေခြင်းလော။ သို့မဟုတ် သူတို့၏ဆုတောင်းချက်များတွင် ယေဟောဝါနှင့်ပတ်သက်၍ မည်သို့ခံစားရကြောင်း ဖော်ပြသလော။ သူတို့၏ဆုတောင်းချက်များကို နားထောင်ခြင်းဖြင့် ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးတိုးတက်မှုအခြေအနေကို သင် ပိုင်းခြားနိုင်မည်ဖြစ်သည်။

သမ္မာကျမ်းစာကို ကိုယ်ပိုင်ဖတ်ရှုခြင်းသည် လူငယ်များ ယေဟောဝါနှင့်ရင်းနှီးနိုင်သည့် အရေးပါသော နောက်ထပ်နည်းလမ်းတစ်ခုဖြစ်၏။ အထက်တွင်ဖော်ပြခဲ့သော ကက်သလင်းက ဤသို့ပြောပြသည်– “ငယ်ငယ်ကတည်းက သမ္မာကျမ်းစာကိုဖတ်ရှုခဲ့တာက ကျွန်မအတွက် အထောက်အကူဖြစ်ခဲ့တယ်။ လူတွေက ကျွန်မကို ဆန့်ကျင်ရင်တောင် ယေဟောဝါ ကျွန်မကို ထောက်မမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။” သင့်သားသမီးများတွင် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုသည့် အစီအစဉ်ရှိပါသလော။—ဆာ. ၁:၁-၃; ၇၇:၁၂

မိဘများ၏လမ်းညွှန်မှုကို ကလေးများတုံ့ပြန်ပုံမှာ ကွဲပြားကြသည်။ ထို့ပြင် သူတို့၏တိုးတက်မှုသည် သူတို့၏အသက်အရွယ်အပေါ် မူတည်သည်။ သို့သော် လမ်းညွှန်မှုမရှိလျှင် ယေဟောဝါအား တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းရန် ကလေးများအတွက် ခက်ခဲပေမည်။ မိဘများသည် မိမိတို့၏ကလေးများအား သမ္မာကျမ်းစာအကြောင်း သွန်သင်ပေးရမည်၊ သို့မှသာ သူတို့ မည်သည့်နေရာ၌ပင် ရှိနေပါစေ ကိစ္စရပ်တစ်ခုအပေါ် ယေဟောဝါ၏စဉ်းစားပုံကို သိကြမည်ဖြစ်သည်။ (တရား. ၆:၆-၉) ယေဟောဝါသည် သူတို့ကို တစ်ဦးချင်းစီအနေနှင့် ဂရုစိုက်ကြောင်း သင့်ကလေးများ ယုံကြည်ရမည်ဖြစ်သည်။

အကျိုးရှိရှိ ပြောဆိုဆက်သွယ်နိုင်ပုံ

ပြောဆိုဆက်သွယ်ခြင်းသည် သင့်ကလေးကို ကူညီပေးနိုင်သော အရေးပါသည့် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အကျိုးရှိသော ပြောဆိုဆက်သွယ်ခြင်းဟူသည် သင့်ကလေးများနှင့် စကားပြောဆိုရုံထက်မက ပါဝင်ပတ်သက်သည်။ ယင်းတွင် မေးခွန်းများမေးခြင်းနှင့် သူတို့၏အဖြေများသည် သင်ကြားလိုသောအဖြေများ မဟုတ်သည့်တိုင် ယင်းတို့ကို စိတ်ရှည်စွာ နားထောင်ပေးခြင်းတို့ ပါဝင်သည်။ သားနှစ်ယောက်၏မိခင်ဖြစ်သူ အဲန်းက “သူတို့ရဲ့စဉ်းစားတွေးတောပုံနဲ့ သူတို့ဘ၀မှာဖြစ်နေတဲ့အရာတွေကို သူတို့ဘယ်လို ကိုင်တွယ်မယ်ဆိုတာ ကျွန်မသိရတဲ့အထိ သူတို့ကို မေးခွန်းတွေမေးတယ်” ဟုပြောပြသည်။ သင့်ကလေးများ စကားပြောသည့်အခါ သင် ကောင်းစွာနားထောင်ပေးသလော။ အထက်တွင်ဖော်ပြခဲ့သော ထာန်ညာက ဤသို့ပြောသည်– “ကျွန်မရဲ့မိဘတွေက ကျွန်မပြောတာကို သေချာနားထောင်ပေးပြီး ကျွန်မတို့ပြောဆိုခဲ့တာတွေကို မှတ်မိတယ်။ သူတို့က ကျွန်မအတန်းဖော်တွေရဲ့နာမည်ကို သိတယ်။ သူငယ်ချင်းတွေရဲ့အကြောင်းတွေမေးပြီး အရင်ကဆွေးနွေးခဲ့တဲ့အကြောင်းနဲ့ပတ်သက်တဲ့ အခြေအနေတွေကိုလည်း မေးမြန်းကြတယ်။” နားထောင်ခြင်းနှင့် မှတ်မိခြင်းတို့သည် အကျိုးရှိသောပြောဆိုဆက်သွယ်မှုအတွက် အရေးပါသည်။

ထမင်းစားချိန်များတွင် အကျိုးရှိရှိ ပြောဆိုဆယ်သွယ်ရန် အခွင့်အရေးရကြောင်း မိသားစုများ တွေ့ရှိခဲ့ကြသည်။ “အတူတကွစားသောက်တာက ကျွန်တော်တို့မိသားစုအတွက် အရေးကြီးတယ်။ ဖြစ်နိုင်တဲ့အခါတိုင်း မိသားစုအားလုံး စားပွဲမှာရောက်နေဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ အစာစားနေတုန်းမှာ ရုပ်မြင်သံကြားကြည့်တာ၊ ရေဒီယိုနားထောင်တာ၊ စာဖတ်တာမျိုး ခွင့်မပြုဘူး။ အများအားဖြင့် ပြောဆိုတာတွေက ပေါ့ပေါ့ပါးပါးတွေဖြစ်တဲ့အတွက် ကျွန်တော်ကျောင်းမှာ ကြုံတွေ့ရတဲ့ ပရမ်းပတာအခြေအနေနဲ့ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒီအေးဆေးတဲ့အချိန်တွေက အကူအညီဖြစ်စေတယ်” ဟုဗင်းစင့်ကပြောပြသည်။ သူကထပ်ဆင့်၍ “အစာစားချိန်မှာ ကျွန်တော့်မိဘတွေနဲ့ စကားပြောဆိုတဲ့အကျင့်ရှိတာကလည်း ပိုအရေးကြီးတဲ့ကိစ္စတွေမှာ အကူအညီလိုတဲ့အခါ သူတို့နဲ့စကားပြောဆိုဖို့ ပိုလွယ်ကူစေတယ်” ဟုပြောပြသည်။

သင့်ကိုသင် မေးပါ၊ ‘ငါတို့မိသားစု တစ်ပတ်မှာ ဘယ်နှစ်ကြိမ် အတူတူ စားသောက်ကြသလဲ။’ ဤကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် သင့်ကလေးများနှင့် ပို၍ကောင်းစွာ ပြောဆိုဆက်သွယ်ရန် အခွင့်အရေး ရရှိနိုင်သလော။

လက်တွေ့လေ့ကျင့်ခြင်းက အလွန်တန်ဖိုးရှိပုံ

ပတ်စဉ်မိသားစုဝတ်ပြုမှုညချမ်းသည်လည်း အကျိုးရှိရှိ ပြောဆိုဆက်သွယ်စေနိုင်ပြီး သတ်သတ်မှတ်မှတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ကူညီပေးသည်။ အထက်တွင်ဖော်ပြခဲ့သော အယ်လဲန်က “မိသားစုလေ့လာမှုလုပ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော်တို့ကို ထုတ်ဖော်ပြောဆိုစေတယ်။ သူတို့က ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို သုံးသပ်တယ်။” အယ်လဲန်၏မိခင်က ဤသို့ပြောသည်– “လေ့လာမှုလုပ်တဲ့အချိန်တချို့ကို လက်တွေ့လေ့ကျင့်မှုလုပ်တယ်။ ဒီလေ့ကျင့်မှုတွေက သူတို့ရဲ့ယုံကြည်ချက်တွေကို ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာနဲ့ သူတို့ယုံကြည်တာတွေက မှန်ကန်ကြောင်း ဘယ်လိုသက်သေပြရမယ်ဆိုတာ သိစေတယ်။ သူတို့ကြုံတွေ့ရမယ့် စိန်ခေါ်ချက်တွေကို ကိုင်တွယ်ရာမှာ ယုံကြည်စိတ်ချမှုရှိစေတယ်။

ကလေးများ ရွယ်တူချင်းဖိအားနှင့် ရင်ဆိုင်ရသောအခါ ငြင်းဆန်၍ လှည့်ထွက်သွားရုံထက်မက ပြုလုပ်ဖို့လိုသည်မှာ အမှန်ပင်။ ဘာကြောင့်လုပ်သည်၊ ဘာကြောင့်မလုပ်သည် စသောမေးခွန်းများကိုလည်း သူတို့ဖြေနိုင်ရမည်ဖြစ်သည်။ သူတို့၏ယုံကြည်ချက်ကြောင့် ပြောင်လှောင်သရော်ခံရသည့်အခါ မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချမှုရှိရမည်ဖြစ်သည်။ သူတို့၏ယုံကြည်ချက်ကို သူတို့မချေပနိုင်ပါက စစ်မှန်သောဝတ်ပြုရေးတွင် ရဲရင့်စွာရပ်တည်နိုင်မည် မဟုတ်ချေ။ လက်တွေ့လေ့ကျင့်သည့်အစီအစဉ်က သူတို့၏ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးနိုင်သည်။

 စာမျက်နှာ ၁၈ ရှိ လေးထောင့်ကွက်တွင်ဖော်ပြထားသော ဇာတ်အိမ်အချို့ကို သင်တို့၏မိသားစုဝတ်ပြုမှုညချမ်းတွင် သရုပ်ဆောင်နိုင်သည်။ သင့်ကလေးများအား ထပ်ဆင့်မေးခွန်းများ မေးခြင်းဖြင့် လက်တွေ့လေ့ကျင့်မှုများကို သဘာ၀ကျစေပါ။ ဤလက်တွေ့လေ့ကျင့်မှုများနှင့်အတူ သမ္မာကျမ်းစာပါပုံနမူနာများမှ ရရှိသော လက်တွေ့ကျသင်ခန်းစာအချို့ကို ထည့်သွင်းသုံးသပ်ပါ။ ဤသို့သော အိမ်တွင်းလေ့ကျင့်မှုက သင့်ကလေးများ ကျောင်းနှင့် အခြားမည်သည့်နေရာတွင်မဆို ကြုံတွေ့ရသော စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် အသင့်ရှိစေပါလိမ့်မည်။

လုံခြုံသည့် နားခိုရာနေအိမ်

သင့်ကလေးများသည် ကျောင်းဆင်းပြီးသည်နှင့် အိမ်သို့သာ ပြန်လာလိုသလော။ သင့်အိမ်သည် လုံခြုံသည့်နားခိုစရာနေရာဖြစ်ပါက သင့်ကလေးများ နေ့စဉ်ကြုံတွေ့နေရသော စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းရန် ထောက်ကူပေးပါလိမ့်မည်။ ယခုအခါ ဗေသလမိသားစုဝင်တစ်ဦးဖြစ်နေသည့် ညီအစ်မတစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မကြီးပြင်းလာခဲ့တဲ့အချိန်တစ်လျှောက်မှာ ကျွန်မအတွက် အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကျွန်မတို့ရဲ့အိမ်ဟာ လုံခြုံတဲ့နားခိုရာနေရာတစ်ခုဖြစ်တယ်ဆိုတာပဲ။ ကျောင်းမှာ အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး အိမ်ပြန်ရောက်တာနဲ့ အားလုံးအဆင်ပြေသွားမယ်ဆိုတာ ကျွန်မသိတယ်။” သင့်အိမ်သည် မည်သို့သော အခြေအနေရှိသနည်း။ “အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း” များသာဖြစ်နေလေ့ရှိသလော၊ သို့မဟုတ် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း” ရှိသလော။ (ဂလ. ၅:၁၉-၂၃) သင့်အိမ်သည် ငြိမ်သက်ခြင်းကင်းမဲ့နေပါက သင့်ကလေးများအတွက် နားခိုရာနေရာဖြစ်ရန် ပြုပြင်ရန်လိုသည့်အချက်များကို သိရှိရန် ကြိုးစားသလော။

သင့်ကလေးများ စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် ကူညီပေးနိုင်သည့် နောက်နည်းတစ်နည်းမှာ သူတို့အတွက် တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုကို အစပြု လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဥပမာ၊ သင့်မိသားစုအပန်းဖြေမှုများတွင် သင့်အသင်းတော်မှ ပုံသက်သေကောင်းသော ညီအစ်ကိုညီအစ်မများကို ပါဝင်စေနိုင်မည်လော။ သို့မဟုတ် သင့်အိမ်တွင် ရိုးရှင်းသောအစားအသောက်များကို ချက်ပြုတ်၍ နယ်လှည့်ကြီးကြပ်မှူးများ သို့မဟုတ် အချိန်ပြည့်လုပ်ငန်းများတွင် ပါဝင်နေသူများကို ဖိတ်ခေါ်ကျွေးမွေးနိုင်သလော။ စာဖြင့်၊ အီးမေးလ်ဖြင့် သို့မဟုတ် ဖုန်းမှန်မှန်ဆက်ခြင်းဖြင့်ပင် သင့်ကလေးများနှင့် မိတ်ဆွေဖြစ်နိုင်သော ခရစ်ယာန်သာသနာပြုများ သို့မဟုတ် ဗေသလအိမ်သားများကို သင်သိသလော။ ဤသို့သောဆက်ဆံရေးသည် မှန်သောလမ်းစဉ်တွင် လျှောက်လှမ်းနိုင်ရန်နှင့် ဝတ်ပြုရေးနှင့်ဆိုင်သောပန်းတိုင်များကို ချမှတ်ရန် သင့်ကလေးများကို အထောက်အကူပြုနိုင်သည်။ လူငယ်တိမောသေအပေါ် တမန်တော်ပေါလု၏ အကျိုးသက်ရောက်မှုကို စဉ်းစားကြည့်ပါ။ (၂ တိ. ၁:၁၃; ၃:၁၀) ပေါလုနှင့် အနီးကပ်ပေါင်းသင်းခြင်းက တိမောသေအား ဝတ်ပြုရေးနှင့်ဆိုင်သည့်ပန်းတိုင်များတွင်သာ အာရုံစိုက်စေသည်။—၁ ကော. ၄:၁၇

သင့်ကလေးများကို ချီးမွမ်းပါ

စာတန့်လောက၏ဖိစီးမှုများကြားမှ မှန်ကန်ရာဘက်တွင် ရပ်တည်နေသော လူငယ်များအား မြင်တွေ့ရခြင်းကို ယေဟောဝါနှစ်သက်တော်မူ၏။ (ဆာ. ၁၄၇:၁၁; သု. ၂၇:၁၁) ကျွန်ုပ်တို့၏လူငယ်များ ပညာရှိလမ်းစဉ် ရွေးချယ်သည်ကို မြင်တွေ့ရသည့်အတွက် သင်တို့လည်း ဝမ်းမြောက်မည်မှာ သေချာသည်။ (သု. ၁၀:၁) သူတို့နှင့်ပတ်သက်၍ သင်မည်သို့ခံစားရသည်ကို သင့်ကလေးများအား သိစေပြီး မေတ္တာပါသောချီးမွမ်းစကား များများပြောပါ။ ယေဟောဝါသည် မိဘများအတွက် ပုံသက်သေကောင်း ချမှတ်တော်မူခဲ့သည်။ ယေရှုနှစ်ခြင်းခံချိန်တွင် ယေဟောဝါက “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (မာ. ၁:၁၁) ယုံကြည်စိတ်ချမှုရှိစေသော ခမည်းတော်၏စကားက မိမိရင်ဆိုင်ရမည့်စိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ယေရှုအား ခွန်အားရှိစေခဲ့မည်မှာ သေချာသည်။ အလားတူပင် သူတို့ကို သင်ချစ်မြတ်နိုးကြောင်းနှင့် သူတို့ပြီးမြောက်ခဲ့ရာများကို သင်အသိအမှတ်ပြုကြောင်း သင့်ကလေးများအား သိရှိစေပါ။

သင်သည် သင့်ကလေးများအား ဖိအားများ၊ အနှောင့်အယှက်များ၊ ပြောင်လှောင်သရော်မှုများ လုံး၀မကြုံရစေရန် မလုပ်ဆောင်ပေးနိုင်သည်မှာ မှန်ပါသည်။ သို့သော် သူတို့ကို ကူညီပေးရန် သင် များစွာပြုလုပ်နိုင်ပါသည်။ အဘယ်နည်းများဖြင့်နည်း။ ယေဟောဝါနှင့် နှစ်ကိုယ်ကြားကောင်းသောဆက်ဆံရေးရှိရန် ကူညီပေးပါ။ အကျိုးရှိရှိ စကားစမြည်ပြောဆိုနိုင်သည့်ဝန်းကျင်ကို ဖန်တီးပေးပါ။ မိသားစုဝတ်ပြုမှုညချမ်းကို လက်တွေ့ကျစေပြီး သင့်အိမ်ကို လုံခြုံသည့်နားခိုရာ ဖြစ်စေပါ။ ယင်းသို့ပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးများသည် သူတို့ကြုံတွေ့ရသည့်စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်မည်မှာ သေချာပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤဆောင်းပါးမှ အမည်တချို့ကို ပြောင်းထားသည်။

[စာမျက်နှာ ၁၈ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 လက်တွေ့လေ့ကျင့်ခြင်းက အထောက်အကူဖြစ်

အောက်ပါတို့မှာ ကျွန်ုပ်တို့၏လူငယ်များ ကြုံတွေ့ရသည့်အခြေအနေများမှ နမူနာတချို့ဖြစ်သည်။ သင်တို့၏မိသားစုဝတ်ပြုမှုညချမ်းတွင် ဤဇာတ်အိမ်အချို့ကို လေ့ကျင့်ပါလေ။

▸ နည်းပြတစ်ဦးက သင့်သမီးကို ကျောင်းအားကစားအသင်းတွင် ပါဝင်ရန် ပြောသည်။

▸ သင့်သားသည် ကျောင်းမှအပြန် လမ်းတွင် စီးကရက်သောက်ရန် တိုက်တွန်းခံရသည်။

▸ နောက်တစ်ကြိမ် ဟောပြောနေသည်ကို တွေ့ ရှိပါက အရိုက်ခံရမည်ဟု သင့်သား ခြိမ်းခြောက်ခံရသည်။

▸ သင့်သမီး တစ်အိမ်မှတစ်အိမ် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်နေစဉ် ကျောင်းနေဖက်တစ်ဦးနှင့် ဆုံတွေ့သည်။

▸ သင့်သမီးသည် အဘယ်ကြောင့် အထိမ်းအမှတ်ကို အရိုအသေမပေးကြောင်း အတန်းရှေ့တွင် အမေးခံရသည်။

▸ ယောက်ျားလေးတစ်ဦးသည် သင့်သားအား သက်သေခံတစ်ဦးဖြစ်သောကြောင့် အမြဲလှောင်ပြောင်သည်။

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

သင့်ကလေးတွေမှာ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုတဲ့အစီအစဉ်ရှိသလား

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

သင့်မိသားစုအပန်းဖြေမှုတွေမှာ ပုံသက်သေကောင်းတဲ့ ညီအစ်ကိုညီအစ်မတွေကို ဖိတ်ခေါ်သလား