မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အသက်တာ၏နေ့ရက်တိုင်းကို ဘုရားသခင့်ဘုန်းထင်ရှားစေဖို့ အသုံးပြုပါ

သင့်အသက်တာ၏နေ့ရက်တိုင်းကို ဘုရားသခင့်ဘုန်းထင်ရှားစေဖို့ အသုံးပြုပါ

သင့်အသက်တာ၏နေ့ရက်တိုင်းကို ဘုရားသခင့်ဘုန်းထင်ရှားစေဖို့ အသုံးပြုပါ

နံနက်တွင် “ကရုဏာတော်စကားသံကို အလျင်အမြန်ကြားစေတော်မူပါ။ ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ” ဟု ယေဟောဝါထံ ဆာလံဆရာဒါဝိဒ် ဆုတောင်းခဲ့သည်။ (ဆာ. ၁၄၃:၈) ဒါဝိဒ်ကဲ့သို့ သင်လည်း အိပ်ရာမှနိုးထကာ ဘဝ၏နေ့သစ်တစ်နေ့အတွက် ယေဟောဝါအား ကျေးဇူးတင်ဆုတောင်းသောအခါ ဆုံးဖြတ်ချက်များချရာတွင်နှင့် အကောင်းဆုံးနည်းလမ်းဖြင့် လုပ်ဆောင်ရာတွင် သင့်ကို လမ်းညွှန်ပေးပါရန် အသနားခံတောင်းလျှောက်ပါသလော။ သင် ထိုသို့ပြုလုပ်မည်မှာ သေချာပါသည်။

ယေဟောဝါအား အပ်နှံထားသော ကျေးကျွန်များအနေနှင့် ‘ကျွန်ုပ်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်းအတွက် အရာခပ်သိမ်းကို ပြု’ ရန် ကြိုးစားကြသည်။ (၁ ကော. ၁၀:၃၁) ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်ပုံသည် ယေဟောဝါအား ဂုဏ်တင်နိုင် သို့မဟုတ် ရှုတ်ချနိုင်ကြောင်း သိထားကြသည်။ သမ္မာကျမ်းစာတွင် စာတန်သည် ခရစ်တော်၏ညီများ၊ အမှန်မှာ မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်များအားလုံးကို “နေ့ညမပြတ်” စွပ်စွဲနေကြောင်း ဖော်ပြထားသည်ကိုလည်း ကျွန်ုပ်တို့သိထားကြသည်။ (ဗျာ. ၁၂:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ မြင့်မြတ်သောအမှုတော်တွင် “နေ့ညမပြတ်” ပါဝင်ခြင်းဖြင့် စာတန်၏မှားယွင်းသောစွပ်စွဲချက်များကို ချေပကာ ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေမည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။—ဗျာ. ၇:၁၅; သု. ၂၇:၁၁

ကျွန်ုပ်တို့ဘဝအသက်တာ၏ နေ့ရက်တိုင်းကို ဘုရားသခင့်ဘုန်းအတွက် အသုံးပြုနိုင်သည့် အရေးပါသောနည်းနှစ်နည်းကို အတိုချုပ်သုံးသပ်ကြပါစို့။ ပထမနည်းမှာ သာ၍အရေးကြီးသောအရာများကို ဦးစားထားခြင်းဖြစ်ပြီး ဒုတိယနည်းမှာ အခြားသူများအား ထောက်ထားစာနာမှု တင်ပြခြင်းဖြစ်သည်။

အပ်နှံခြင်းနှင့်အညီ အသက်ရှင်နေထိုင်ခြင်း

ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါထံ အပ်နှံခြင်းဖြင့် ကိုယ်တော့်အမှုတော်ကို ဆောင်လိုသည့် ကျွန်ုပ်တို့၏ ထက်သန်သောစိတ်ဆန္ဒကို ဖော်ပြခဲ့ကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ နည်းလမ်းတော်များတွင် “နေ့ရက်အစဉ်အတိုင်း၊” ထာဝစဉ်ပင် လျှောက်လှမ်းပါမည်ဟုလည်း ကတိပြုခဲ့ကြသည်။ (ဆာ. ၆၁:၅၊) သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယင်းကတိအတိုင်း မည်သို့ အသက်ရှင်နေထိုင်ကြသနည်း။ ယေဟောဝါအား နှလုံးအကြွင်းမဲ့ဖြင့်ချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို နေ့စဉ် မည်သို့ဖော်ပြကြသနည်း။

ယေဟောဝါ ကျွန်ုပ်တို့ကို လုပ်ဆောင်စေလိုသော တာဝန်များကို သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။ (တရား. ၁၀:၁၂၊ ၁၃) စာမျက်နှာ ၂၂ မှ  “ဘုရားသခင်ပေးအပ်ထားသော တာဝန်များ” ဟူသော လေးထောင့်ကွက်တွင် အကြောင်းအရာအတော်များများကို စာရင်းပြုစုထားသည်။ ယင်းတာဝန်အားလုံးသည် ဘုရားသခင်ပေးအပ်ထားသောတာဝန်များဖြစ်သောကြောင့် အရေးကြီးသည်။ တစ်ချိန်တည်းတွင် လုပ်ဆောင်ရမည့်အရာနှစ်ခု သို့မဟုတ် နှစ်ခုထက်မက ရှိလာသောအခါ အဘယ်အရာကို ဦးစားပေးလုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့ မည်သို့ဆုံးဖြတ်ကြသနည်း။

ကျမ်းစာသင်အံမှု၊ ဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများနှင့် ခရစ်ယာန်ဓမ္မအမှုတို့ပါဝင်သည့် မြင့်မြတ်သောအမှုတော်ကို ကျွန်ုပ်တို့ဦးစားပေးကြသည်။ (မ. ၆:၃၃; ယော. ၄:၃၄; ၁ ပေ. ၂:၉) သို့သော် ယင်းအမှုတော်များကို ကျွန်ုပ်တို့ တစ်နေ့လုံး မလုပ်ဆောင်နိုင်ကြပါ။ အလုပ်အကိုင်၊ ကျောင်းနှင့် အခြားသောအိမ်မှုကိစ္စများစွာကိုလည်း ကျွန်ုပ်တို့ လုပ်ကိုင်ရန်လိုသည်။ သို့သော် ကျွန်ုပ်တို့သည် လောကအလုပ်နှင့် အခြားသောလုပ်ငန်းဆောင်တာများကို အတတ်နိုင်ဆုံး အစီအစဉ်တကျ လုပ်ဆောင်မည်ဆိုလျှင် ခရစ်ယာန်အစည်းအဝေး တက်ရောက်ခြင်းကဲ့သို့သော မြင့်မြတ်သောအမှုတော်အတွက် အနှောင့်အယှက်ဖြစ်တော့မည်မဟုတ်ပေ။ ဥပမာအနေနှင့် အားလပ်ရက်အတွက် အစီအစဉ်ဆွဲသောအခါ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု၊ အထူးစည်းဝေးပွဲနေ့၊ တိုက်နယ်စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးတို့ကို မလွတ်ကြောင်း သေချာစေသင့်သည်။ အခါအားလျော်စွာ ကျွန်ုပ်တို့၏ တာဝန်များကို ပေါင်း၍လုပ်ဆောင်နိုင်သည်။ ဥပမာ၊ မိသားစုလိုက် နိုင်ငံတော်ခန်းမကို သန့်ရှင်းရေးပြုလုပ်ခြင်း သို့မဟုတ်  အလုပ်တွင်၊ ကျောင်းတွင် လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းနေဖက်များအား နေ့လယ်စာစားချိန်တွင် သက်သေခံခြင်းတို့ဖြစ်ပေမည်။ အမှန်တကယ်ပင် ကျွန်ုပ်တို့၏အသက်တာ၌ အလုပ်အကိုင်၊ ကျောင်းပညာရေး သို့မဟုတ် အပေါင်းအသင်းကဲ့သို့သော ရွေးချယ်မှုများ ပြုလုပ်သည့်အခါတိုင်း ဘ၀တွင်အရေးကြီးဆုံး ဦးစားထားရာဖြစ်သည့် မေတ္တာရှင်ခမည်းတော်ယေဟောဝါအား ဝတ်ပြုခြင်းအပေါ်အခြေခံ၍ ဆုံးဖြတ်ရန်လိုသည်။—ဒေ. ၁၂:၁၃

အခြားသူများကို ထောက်ထားစာနာပါ

ယေဟောဝါသည် ကျွန်ုပ်တို့အား အခြားသူများအတွက် စိုးရိမ်ပေးစေလိုပြီး သူတို့အတွက် ကောင်းမှုပြုစေလိုသည်။ သို့သော် စာတန်သည် တစ်ကိုယ်ကောင်းစိတ်ဓာတ်ကို အားပေးအားမြှောက်ပြုနေသည်။ သူ၏လောကသည် “ဇာတိသဘောအတွက်မျိုးစေ့ကြဲ” နေကြသော ‘ကိုယ့်ကိုယ်ကိုယ်ချစ်သူများ’ နှင့် ‘အပျော်အပါးကိုနှစ်သက်သူများ’ ဖြင့်ပြည့်နှက်နေသည်။ (၂ တိ. ၃:၁-၅; ဂလ. ၆:၈) များစွာသောသူတို့မူ မိမိတို့၏လုပ်ရပ်ကြောင့် အခြားသူများအား မည်သို့ထိခိုက်မည်ကို ထည့်မစဉ်းစားကြချေ။ “လူ့ဇာတိနှင့်ဆိုင်သောအကျင့်များ” ကို နေရာအနှံ့တွင် အထင်အရှားတွေ့မြင်နိုင်သည်။—ဂလ. ၅:၁၉-၂၁

အခြားသူများအားဆက်ဆံရာတွင် ယေဟောဝါ၏ စွမ်းအားတော်တိုက်တွန်းမှုကြောင့် ဖြစ်ပေါ်လာသော ချစ်ခြင်း၊ ကြင်နာခြင်းနှင့် ကောင်းမြတ်ခြင်းတင်ပြကြသူတို့၏ သဘောထားနှင့် အလွန်ကွာခြားလိုက်လေခြင်း။ (ဂလ. ၅:၂၂) ကိုယ့်အရေးထက် တခြားသူများ၏အရေးကို ဦးစားပေးရန် သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုမိစေရန် သတိထားကြသော်လည်း အခြားသူများအား စိတ်ဝင်တစား ရှိကြသည်။ (၁ ကော. ၁၀:၂၄၊ ၃၃; ဖိ. ၂:၃၊ ၄၁ ပေ. ၄:၁၅) ကျွန်ုပ်တို့သည် အထူးသဖြင့် ယုံကြည်သူချင်းများကို ထောက်ထားစာနာမှုပြကြသည်။ သို့တိုင် မယုံကြည်သူများကိုလည်း ကြိုးစားကူညီပေးကြသည်။ (ဂလ. ၆:၁၀) သင်တွေ့ဆုံရသည့်သူများကို ကြင်နာမှုပြနိုင်သည့် အခွင့်အရေးကို ယနေ့ပင် သင်ရှာနိုင်ပါသလော။—စာမျက်နှာ ၂၃ မှ  “သူတို့ကို ထောက်ထားစာနာမှုပြပါ” ဟူသော လေးထောင့်ကွက်ကိုကြည့်ပါ။

ထောက်ထားစာနာမှုတင်ပြခြင်းကို အထူးအချိန်အခါ သို့မဟုတ် အခြေအနေများဖြင့် ကန့်သတ်မထားပါ။ (ဂလ. ၆:၂; ဧ. ၅:၂; ၁ သက်. ၄:၉၊ ၁၀) ယင်းအစား ကျွန်ုပ်တို့သည် နေ့စဉ် အခြားသူများ၏အခြေအနေကို အကင်းပါးပါးသိရှိနိုင်ရန်နှင့် သူတို့အကူအညီလိုအပ်သောအခါ ကျွန်ုပ်တို့အတွက် အဆင်မပြေသည့်တိုင် အကူအညီပေးဖို့ အသင့်ရှိနေရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အချိန်၊ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ၊ အတွေ့အကြုံများနှင့် အသိပညာတို့ကို ရက်ရက်ရောရောပေးလိုကြသည်။ အခြားသူများအပေါ် ကျွန်ုပ်တို့ ရက်ရက်ရောရောပေးကမ်းလျှင် ကျွန်ုပ်တို့အပေါ်တွင်လည်း ကိုယ်တော် ရက်ရောမည်ဟု ယေဟောဝါအာမခံတော်မူသည်။—သု. ၁၁:၂၅; လု. ၆:၃၈

မြင့်မြတ်သောအမှုတော်တွင် “နေ့ညမပြတ်”

မြင့်မြတ်သောအမှုတော်ကို ကျွန်ုပ်တို့ အမှန်တကယ် “နေ့ညမပြတ်” လုပ်ဆောင်နိုင်ပါသလော။ ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်မှုတွင် လုံ့လစိုက်ထုတ်ပြီး ပုံမှန်ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါသည်။ (တ. ၂၀:၃၁) ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှု တွေးတောဆင်ခြင်ခြင်း၊ မပြတ်ဆုတောင်းခြင်း၊ အစည်းအဝေးအားလုံးကို တက်ရောက်နိုင်ရန် ကြိုးစားခြင်းနှင့် အခွင့်အရေးရတိုင်း သက်သေခံခြင်းတို့ဖြင့် ကျွန်ုပ်တို့၏အသက်တာကို မြင့်မြတ်သောအမှုတော်နှင့် ပြည့်နေစေနိုင်ပါသည်။—ဆာ. ၁:၂; လု. ၂:၃၇; တ. ၄:၂၀; ၁ သက်. ၃:၁၀; ၅:၁၇

ထိုသို့သော မြင့်မြတ်သည့်အမှုတော်ကို ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်နေကြပါသလော။ လုပ်ဆောင်နေသည်ဆိုလျှင် ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုပြီး စာတန်၏စွပ်စွဲချက်များကို ချေပလိုသည့် ကျွန်ုပ်တို့၏ဆန္ဒသည် ကျွန်ုပ်တို့နေ့စဉ်အသက်တာ၏ ကဏ္ဍအသီးသီးတွင် ထင်ဟပ်နေပါလိမ့်မည်။ ကျွန်ုပ်တို့သည် မည်သည့်အခြေအနေမျိုးတွင်ရှိနေပါစေ ကျွန်ုပ်တို့လုပ်ဆောင်လေရာရာတွင် ယေဟောဝါအား ဂုဏ်တင်ရန် ကြိုးစားကြသည်။ ကိုယ်တော့်နည်းလမ်းတော်များကို ကျွန်ုပ်တို့၏ အပြောအဆို၊ အပြုအမူများအပေါ် ထိန်းချုပ်စေကာ ဆုံးဖြတ်ချက်များချရာတွင် လမ်းညွှန်စေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာပါသော ဂရုစိုက်စောင့်ရှောက်မှုအတွက် ကျေးဇူးတင်လေးမြတ်ကြပြီး ကိုယ်တော့်အပေါ် ယုံကြည်စိတ်ချမှုအပြည့်ရှိကာ ကိုယ်တော်၏အမှုတော်တွင် ရှိသမျှအစွမ်းခွန်အားဖြင့် ပါဝင်ကြသည်။ ထို့ပြင် ကျွန်ုပ်တို့၏ မစုံလင်မှုကြောင့် ကိုယ်တော်၏စံနှုန်းများကို မပြည့်မီသည့်အခါမျိုးတွင် ကိုယ်တော်၏ သွန်သင်မှုနှင့် ဆုံးမပဲ့ပြင်မှုများကို လက်ခံကြသည်။—ဆာ. ၃၂:၅; ၁၁၉:၉၇; သု. ၃:၂၅၊ ၂၆; ကော. ၃:၁၇; ဟေဗြဲ ၆:၁၁၊ ၁၂

နေ့ရက်တိုင်း ဘုရားသခင်၏ဘုန်းအတွက် ဆက်အသက်ရှင်သွားကြပါစို့။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် လန်းဆန်းမှုကိုရရှိကာ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်၏ မေတ္တာပါသောဂရုစိုက်စောင့်ရှောက်မှုတွင် အစဉ်အမြဲ မွေ့လျော်နိုင်ကြမည်ဖြစ်သည်။—မ. ၁၁:၂၉; ဗျာ. ၇:၁၆၊ ၁၇

[စာမျက်နှာ ၂၂ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 ဘုရားသခင်ပေးအပ်ထားသော တာဝန်များ

• မကြာခဏ ဆုတောင်းပါ။—ရော. ၁၂:၁၂

• သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာကာ လက်တွေ့ ကျင့်သုံးပါ။—ဆာ. ၁:၂; ၁ တိ. ၄:၁၅

• အသင်းတော်တွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ပါ။—ဆာ. ၃၅:၁၈; ဟေဗြဲ ၁၀:၂၄၊ ၂၅

• ကျွန်ုပ်တို့၏ မိသားစုဝင်များအား ရုပ်ပစ္စည်းပိုင်း၊ ဝတ်ပြုကိုးကွယ်မှုပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတွင် ထောက်မပေးပါ။—၁ တိ. ၅:၈

• ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြော၍ တပည့်ဖြစ်စေပါ။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀

• အကျိုးပြုသောအပန်းဖြေမှုအပါအဝင် ကျွန်ုပ်တို့၏ ကာယရေး၊ ဝတ်ပြုရေးနှင့် စိတ်လှုပ်ရှားမှုတို့တွင် ကျန်းမာနေစေရန် လိုအပ်ရာများကို လုပ်ဆောင်ပါ။—မာ. ၆:၃၁; ၂ ကော. ၇:၁; ၁ တိ. ၄:၈၊ ၁၆

• အသင်းတော်တာဝန်များကို လုပ်ဆောင်ပါ။ —တ. ၂၀:၂၈; ၁ တိ. ၃:၁

• ကျွန်ုပ်တို့၏ နေအိမ်နှင့် ဝတ်ပြုရာခန်းမတို့၏ အသွင်အပြင်ကို ဂရုစိုက်ပါ။—၁ ကော. ၁၀:၃၂

[စာမျက်နှာ ၂၃ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 သူတို့ကို ထောက်ထားစာနာမှုပြပါ

• သက်ကြီးညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး။—ဝတ်. ၁၉:၃၂

• ကာယပိုင်း သို့မဟုတ် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသူတစ်ဦး။—သု. ၁၄:၂၁

• သင် ပေးနိုင်သောအကူအညီကို အရေးတကြီး လိုအပ်နေသော အသင်းသားတစ်ဦး။ —ရော. ၁၂:၁၃

• မိသားစုဝင်တစ်ဦးဦး။—၁ တိ. ၅:၄၊

• အိမ်ထောင်ဖက်ဆုံးပါးသွားသော ယုံကြည်သူချင်းတစ်ဦး။ —၁ တိ. ၅:၉

• သင့်အသင်းတော်တွင် ကြိုးကြိုးစားစား လုပ်ဆောင်နေသော အကြီးအကဲတစ်ဦး။  —၁ သက်. ၅:၁၂၊ ၁၃; ၁ တိ. ၅:၁၇