မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်ဟူသည် မည်သို့သောနေရာနည်း

ကောင်းကင်ဟူသည် မည်သို့သောနေရာနည်း

ကောင်းကင်ဟူသည် မည်သို့သောနေရာနည်း

ကောင်းကင်အကြောင်းသိဖို့မဖြစ်နိုင်။ အကြောင်းမှာ ကောင်းကင်အကြောင်း ကျွန်ုပ်တို့ကို ပြောပြရန် ကောင်းကင်မှဆင်းလာသူ တစ်ဦးမျှမရှိသောကြောင့်ဟု တချို့က ယူဆကြသည်။ ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟူသော ယေရှု၏စကားကို ထိုသူတို့ မေ့လျော့သွားခြင်း ဖြစ်နိုင်သည်။ (ယောဟန် ၆:၃၈) “သင်တို့သည် အောက်ဘုံမှဖြစ်ကြ၏။ ငါမူကား အထက်ဘုံမှဖြစ်၏” ဟူ၍လည်း ဘာသာရေးခေါင်းဆောင်တချို့ကို ကိုယ်တော် မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၂၃) ယေရှုသည် ကောင်းကင်နှင့်ပတ်သက်၍ အဘယ်အရာ မိန့်ဆိုခဲ့သနည်း။

ကောင်းကင်ဟူသည် ယေဟောဝါဘုရားသခင် ကိန်းဝပ်ရာနေရာဖြစ်သည်ဟု ယေရှု အခိုင်အမာမိန့်ဆိုခဲ့သည်။ ဘုရားသခင်အား “ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်” ဟုကိုယ်တော် ခေါ်ဆိုခဲ့၏။ (မဿဲ ၁၂:၅၀) သို့သော် ယေရှုသည် “ကောင်းကင်” ဟူသောစကားလုံးကို အဓိပ္ပာယ်တစ်မျိုးထက်မက အသုံးပြုခဲ့၏။ ဥပမာ၊ “မိုးကောင်းကင်ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့” ဟု ကိုယ်တော် မိန့်ဆိုရာ၌ ကမ္ဘာ့လေထုကို “ကောင်းကင်” အဖြစ် ရည်ညွှန်းခဲ့၏။ (မဿဲ ၆:၂၆) သို့တိုင် ယေဟောဝါဘုရားသခင်သည် ကမ္ဘာ့လေထု၏ အပြင်ဘက်တွင် စံမြန်းတော်မူ၏။ ကိုယ်တော်သည် “မြေကြီးစက်အထက် မြင့်ရာ၌ စံနေတော်မူထသော” အရှင်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။—ဟေရှာယ ၄၀:၂၂သမ္မာ။

‘ကောင်းကင်ဘုံရှိ ခမည်းတော်’ သည် ကြယ်တာရာများအလယ်တွင် စံနေတော်မူသလော။ စကြ၀ဠာကိုလည်း “ကောင်းကင်” ဟုခေါ်ဆိုကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ဥပမာ၊ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း” ဟုဆာလံဆရာတစ်ဦးက ရေးသားခဲ့သည်။—ဆာလံ ၈:၃၊ ၄

လက်သမားတစ်ဦးသည် ၎င်းပြုလုပ်ထားသော ဗီရိုထဲတွင် နေထိုင်မည်မဟုတ်ပါ။ အလားတူ ယေဟောဝါဘုရားသခင်သည်လည်း မိမိဖန်ဆင်းထားသော စကြ၀ဠာထဲတွင် စံမြန်းတော်မူမည်မဟုတ်ပေ။ ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်ကို ယေဟောဝါဘုရားသခင်ထံ အပ်နှံချိန်တွင် ဘုရင်ရှောလမုန် ဤသို့ဆိုခဲ့သည်– ‘ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွတ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း။’ (၃ ဓမ္မရာဇဝင် ၈:၂၇) ယေဟောဝါဘုရားသခင်သည် စကြ၀ဠာတွင် စံမြန်းတော်မမူလျှင် မည်သည့်အရပ်တွင် စံမြန်းတော်မူသနည်း။

လူတို့သည် စကြ၀ဠာကို အမြင်အားကောင်းသော အဝေးကြည့်မှန်ပြောင်းများဖြင့် ကြည့်ရှုလေ့လာကာ လူတချို့ကို အာကာသသို့စေလွှတ်၍ လေ့လာစေခဲ့ကြသော်လည်း “ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး” ဟူသောကျမ်းစာအဆိုမှာ မှန်ကန်နေဆဲပင်။ (ယောဟန် ၁:၁၈) “ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏” ဟုမိန့်ဆိုကာ အကြောင်းရင်းကို ယေရှုရှင်းပြခဲ့သည်။—ယောဟန် ၄:၂၄

နာမ်ဝိညာဉ်ဟူသည် လူသားများထက် ပို၍အဆင့်မြင့်သော သက်ရှိတစ်မျိုးဖြစ်သည်။ ယင်းကို အသွေးအသားခန္ဓာကိုယ်ဖြင့် မဖွဲ့စည်းထားသောကြောင့် မမြင်နိုင်၊ ထိတွေ့ကိုင်တွယ်၍လည်းမရနိုင်ချေ။ ထို့ကြောင့် ယေရှုက “ကောင်းကင်” ရှိခမည်းတော်နှင့်အတူ မိမိနေထိုင်ခဲ့ကြောင်း မိန့်ဆိုရာ၌ မြင်တွေ့နိုင်သော မည်သည့်ရုပ်ခန္ဓာထက်မဆို ပို၍ဘုန်းကျက်သရေရှိသည့် ဝိညာဉ်ခန္ဓာမျိုးကို ပိုင်ဆိုင်ခဲ့ကြောင်း ဆိုလိုခြင်းဖြစ်သည်။ (ယောဟန် ၁၇:၅; ဖိလိပ္ပိ ၃:၂၀၊ ၂၁) ခမည်းတော်နှင့်အတူ ယေရှုနေထိုင်ခဲ့သော ထိုဝိညာဉ်နယ်ပယ်ကို “ကောင်းကင်” ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ယင်းသည် မည်သို့သောနေရာမျိုးနည်း။ ထိုတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။

ပျော်ရွှင်စွာလုပ်ဆောင်သောနေရာ

ကောင်းကင်သည် လုပ်ဆောင်စရာများစွာရှိသော နေရာအရပ်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ထိုအရပ်တွင် သန်းနှင့်ချီရှိသော သစ္စာရှိဝိညာဉ်သတ္တဝါများ နေထိုင်ကြကြောင်းလည်း ဖော်ပြထားသည်။ (ဒံယေလ ၇:၉၊ ၁၀) ထိုဝိညာဉ်သတ္တဝါများတွင် ထူးခြားသောပင်ကိုစရိုက် တစ်မျိုးစီရှိကြ၏။ ယင်းကို ကျွန်ုပ်တို့ မည်သို့သိရသနည်း။ ကျွန်ုပ်တို့ မြင်တွေ့နိုင်သမျှ ဖန်ဆင်းရာအားလုံးတွင် အတိအကျတူညီသော သက်ရှိနှစ်မျိုးဟူ၍ မရှိသည့်နည်းတူ ကောင်းကင်တွင်လည်း ကွဲပြားခြားနားမှုများစွာရှိမည်မှာ သေချာပါသည်။ သို့သော် ပင်ကိုစရိုက် အမျိုးမျိုးရှိကြသည့် အဆိုပါဝိညာဉ်သတ္တဝါအားလုံးသည် စည်းလုံးညီညွတ်စွာ အလုပ်လုပ်နေကြသည်မှာ မှတ်သားထိုက်၏။ ကောင်းစွာပူးပေါင်းဆောင်ရွက်မှု နည်းပါးသော ယနေ့လူ့လောကနှင့် ကွာခြားလှသည်။

ကောင်းကင်တွင် အဘယ်အရာများလုပ်ဆောင်နေကြောင်း သမ္မာကျမ်းစာ ဖော်ပြချက်ကို သတိပြုကြည့်ပါ။ ‘တန်ခိုးကြီး၍ မိန့်တော်မူသံကိုနာခံလျက် အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အလိုတော်ကိုဆောင်ရွက်သော အမှုတော်ထမ်း၊ ဗိုလ်ခြေတော်အပေါင်းတို့ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။’ (ဆာလံ ၁၀၃:၂၀၊ ၂၁သမ္မာ) ထို့ကြောင့် ကောင်းကင်တွင် လုပ်ကိုင်စရာ များစွာရှိပြီး ယင်းတို့သည် စိတ်ကျေနပ်မှုရစေသော အလုပ်များဖြစ်မည်မှာ သေချာပါသည်။

ကောင်းကင်တမန်များသည် ကမ္ဘာကိုမဖန်ဆင်းမီ ကြာမြင့်စွာကပင် အမှုတော်ကို ပျော်ရွှင်စွာထမ်းရွက်ခဲ့ကြသည်။ ကမ္ဘာကို ယေဟောဝါဘုရားသခင် တည်ခဲ့ချိန်က ဘုရားသခင့်သားတို့သည် “တညီတညွတ်တည်း သီချင်းဆို” ကာ “ဝမ်းမြောက်စွာ ကြွေးကြော်ကြ” ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ (ယောဘ ၃၈:၄၊ ၇ခမ) ကောင်းကင်သားတစ်ဦးသည် အခြားအရာများကို ဘုရားသခင်ဖန်ဆင်းချိန်တွင် ကိုယ်တော်နှင့်အတူ တွဲဖက်လုပ်ဆောင်ခွင့်ပင် ရရှိခဲ့၏။ (ကောလောသဲ ၁:၁၅-၁၇) ကောင်းကင်ရှိ ပျော်ရွှင်စရာလုပ်ဆောင်မှုများကို ထိုသို့နှစ်သက်ဖွယ် ဖော်ပြထားခြင်းကြောင့် ကောင်းကင်၊ လူသားတို့နှင့်ပတ်သက်သော မေးခွန်းများ သင့်စိတ်ထဲပေါ်လာပေမည်။

လူတို့သည် ကောင်းကင်သို့သွားရန် ဖန်ဆင်းခံရသလော

ကောင်းကင်တမန်များသည် ကမ္ဘာမတည်ရှိမီကတည်းက ဘုရားသခင့်အမှုတော်ကို ကောင်းကင်တွင် ထမ်းဆောင်နေကြသောကြောင့် အာဒံနှင့်ဧ၀သည် ကောင်းကင်တွင်နေထိုင်ရန် ဖန်ဆင်းမခံရကြောင်း ထင်ရှားပါသည်။ ယင်းအစား ဘုရားသခင်သည် ထိုဇနီးမောင်နှံကို “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟူ၍ မိန့်တော်မူခဲ့၏။ (ကမ္ဘာဦး ၁:၂၈; တမန်တော် ၁၇:၂၆) အာဒံသည် မြေကြီးပေါ်တွင် အသက်ရှင်သော ဦးဆုံးလူသားဖြစ်ပြီး ဘုရားသခင်အား သိကျွမ်း၍ ကိုယ်တော်၏အမှုတော်ကို သစ္စာရှိရှိ ထမ်းရွက်နိုင်သည်။ သူသည် လူသားမျိုးနွယ်၏အဖဖြစ်ပြီး ကမ္ဘာမြေကြီးကို လူတို့၏နေအိမ်ဖြစ်လာစေရန် ပြုစုစောင့်ရှောက်ပေးရမည်။ ‘ကောင်းကင်ကား ထာ၀ရဘုရားသခင်၏ ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။’—ဆာလံ ၁၁၅:၁၆

လူတို့သည် အများအားဖြင့် မသေလိုကြချေ။ အကြောင်းမှာ လူသားတို့သည် သေဖို့ဖန်ဆင်းခံရခြင်းမဟုတ်သောကြောင့်ပင်။ အာဒံ မနာခံမှသာလျှင် သေဒဏ်ခံရမည်ဖြစ်ကြောင်း ဘုရားသခင် မိန့်ဆိုခဲ့သည်။ ဘုရားသခင့်စကား နားထောင်ခဲ့မည်ဆိုလျှင် အာဒံ ဘယ်တော့မျှ သေရမည်မဟုတ်ချေ။—ကမ္ဘာဦး ၂:၁၇; ရောမ ၅:၁၂

ဘုရားသခင်သည် အာဒံကို ကောင်းကင်သို့သွားရမည်ဟူ၍ လုံး၀မမိန့်ဆိုခဲ့ခြင်းက အံ့ဩစရာမဟုတ်ပေ။ ကမ္ဘာမြေကြီးသည် ကောင်းကင်တွင် လူသားတို့ အသက်ရှင်နေထိုင်ရန် အရည်အချင်းပြည့်မပြည့်သိရှိဖို့ စမ်းသပ်သည့်နေရာ မဟုတ်ပေ။ လူသားတို့ကို ကမ္ဘာမြေပေါ်တွင် ထာ၀စဉ်အသက်ရှင်ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်ပြီး မကြာမီ ထိုအတိုင်း ပြည့်စုံလာတော့မည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်” ဟုသမ္မာကျမ်းစာတွင် ကတိပြုထား၏။ (ဆာလံ ၃၇:၂၉) ရှင်းနေသည်မှာ မူလကတည်းက လူသားတို့ကို ကောင်းကင်သွားရန် ဖန်ဆင်းထားခြင်းမဟုတ်ပေ။ သို့ဆိုလျှင် ယေရှုသည် တမန်တော်များကို ကောင်းကင်အသက်တာပေးမည်ဟု အဘယ်ကြောင့် ကတိပေးခဲ့သနည်း။ လူကောင်းအားလုံး ကောင်းကင်သွားမည်ဟု ယေရှုဆိုလိုခဲ့ခြင်းလော။