မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောကိုးကွယ်မှုအကြောင်း

စစ်မှန်သောကိုးကွယ်မှုအကြောင်း

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

စစ်မှန်သောကိုးကွယ်မှုအကြောင်း

ကိုးကွယ်မှုမှန်သမျှကို ဘုရားသခင် လက်ခံပါသလော

▪ ယေရှုသည် မှားယွင်းသောဘာသာ၏ လှည့်စားမှုခံရသူများကို သနားခဲ့သည်။ “စဉ်းလဲသော ဝံပုလွေသဘောရှိသော်လည်း သိုးရေခြုံလျက် . . . လာသော ပရောဖက်အတုအယောင်များ” နှင့်ပတ်သက်၍ ကိုယ်တော် သတိပေးခဲ့သည်။ (မဿဲ ၇:၁၅) လူအချို့သည် ဘာသာရေးကို ခုတုံးလုပ်ပြီး မကောင်းမှုများ ကျူးလွန်နေကြောင်း သင် သတိပြုမိသလော။

ယေရှုသည် ဘုရားသခင်ထံ ဆုတောင်းစဉ် “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” ဟုဆိုခဲ့သည်။ (ယောဟန် ၁၇:၁၇) ကျမ်းစာအမှန်တရားနှင့်ဆန့်ကျင်သော ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင် လက်မခံချေ။ ထို့ကြောင့် ဟေရှာယ ၂၉:၁၃ ကို ယေရှုကိုးကား၍ ဘာသာရေးကြောင်သူတော်အချို့အား “သူတို့သည် လူတို့၏အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏” ဟု ပြောဆိုခဲ့သည်။—မဿဲ ၁၅:၉

စစ်မှန်သောဝတ်ပြုကိုးကွယ်မှုတစ်ခု ရှိသလော

▪ ယေရှုသည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှု၏ လှည့်စားမှုကို ခံနေရသည့် ရှမာရိအမျိုးသမီးတစ်ဦးကို ဤသို့မိန့်ဆိုခဲ့သည်– ‘သင်တို့သည် မသိသောအရာကို ကိုးကွယ်ကြ၏။ စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်လိမ့်မည်။ အကြောင်းမူကား ထိုသို့ကိုးကွယ်မည့်သူတို့ကို ခမည်းတော် ရှာတော်မူ၏။’ (ယောဟန် ၄:၂၂၊ ၂၃) စစ်မှန်သောကိုးကွယ်မှုကို အမှန်ပင် ရှာတွေ့နိုင်ပါသည်။

ယေရှုက “ငါသည် ကိုယ့်သဘောအတိုင်း အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အား သွန်သင်တော်မူသည့်အတိုင်း ဟောပြော” ၏ဟုဆိုခဲ့သည်။ မိမိသွန်သင်ခဲ့သော ဝတ်ပြုကိုးကွယ်မှုသည် စစ်မှန်သော၊ တစ်ခုတည်းသော ဝတ်ပြုကိုးကွယ်မှုဖြစ်ကြောင်း ယေရှု သိသည်။ (ယောဟန် ၈:၂၈) ထို့ကြောင့် ကိုယ်တော်က “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟုဆိုခဲ့သည်။ (ယောဟန် ၁၄:၆) စစ်မှန်သောကိုးကွယ်သူများသည် လမ်းကြောင်းတစ်ခုတည်းဖြင့် ခမည်းတော်ဘုရားသခင်ထံ စည်းလုံးစွာချဉ်းကပ်ကြသောကြောင့် စစ်မှန်သည့် ဝတ်ပြုကိုးကွယ်မှုတစ်ခုတည်းတွင် သူတို့ စည်းလုံးကြခြင်းဖြစ်သည်။

စစ်မှန်သောကိုးကွယ်သူများကို သင် မည်သို့ခွဲခြားသိမြင်နိုင်သနည်း

▪ ခရစ်ယာန်ဟူသည် ယေရှုခရစ်၏နောက်လိုက်ဖြစ်သည်။ ယေရှု၏စံနမူနာကို တုပသော နောက်လိုက်များအား ရှင်းလင်းစွာ ခွဲခြားသိမြင်စေသည့် နည်းလမ်းလေးခုကို သုံးသပ်ကြည့်ပါ။

၁။ ယေရှုခရစ်သည် ယေဟောဝါဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “ကျွန်ုပ်သည် . . . ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ။” (ယောဟန် ၁၇:၂၆) အလားတူ ယနေ့ ခရစ်ယာန်စစ်များလည်း ဘုရားသခင့်နာမတော်ကို လူတို့အား ကြားသိစေကြသည်။

၂။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခဲ့ပြီး တပည့်များကိုလည်း တစ်အိမ်မှတစ်အိမ်ဟောပြောရန် စေလွှတ်ခဲ့သည်။ “မည်သည့်မြို့ရွာကိုမဆိုဝင်လျှင် မည်သူထိုက်တန်ကြောင်းကို ရှာဖွေ” ရန်ကိုယ်တော်မိန့်မှာခဲ့သည်။ နောက်ပိုင်းတွင် ကိုယ်တော်က ‘ထို့ကြောင့် သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလော့’ ဟု နောက်လိုက်များကို မိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၇၊ ၁၁; ၂၈:၁၉) ယနေ့ စစ်မှန်သောခရစ်ယာန်များသည် ထိုလုပ်ငန်းကို ဆက်လုပ်ကိုင်နေသောကြောင့် သူတို့ကို သင် အလွယ်တကူ ခွဲခြားသိမြင်ပါလိမ့်မည်။

၃။ ယေရှုသည် နိုင်ငံရေးတွင် မပါဝင်ခဲ့ချေ။ ထို့ကြောင့် မိမိ၏နောက်လိုက်များနှင့်ပတ်သက်၍ ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– ‘ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြ။’ (ယောဟန် ၁၇:၁၄) စစ်မှန်သောကိုးကွယ်သူများသည် နိုင်ငံရေးတွင် ကြားနေသောကြောင့် သူတို့ကို လူသိများကြသည်။

၄။ ယေရှုသည် အခြားသူများကို ကိုယ်ကျိုးစွန့်မေတ္တာပြခဲ့၏။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၃:၃၅) ခရစ်ယာန်စစ်များသည် တစ်ဦးကို တစ်ဦး မေတ္တာဖြင့် ဂရုစိုက်ကြပြီး စစ်မှုရေးရာတွင် မပါဝင်ကြချေ။

စစ်မှန်သောကိုးကွယ်မှုက သင့်ကို မည်သို့အကျိုးပြုသနည်း

▪ စစ်မှန်သောကိုးကွယ်မှုအတိုင်း ကျင့်ကြံရန် သင်သည် ဦးစွာ ယေဟောဝါဘုရားသခင်ကို ကောင်းစွာသိကျွမ်းဖို့လိုသည်။ ဘုရားသခင်နှင့်ဆိုင်သော အသိပညာသည် သင့်ဘ၀တွင် အကောင်းဆုံးလမ်းစဉ်ကို လိုက်စားစေပြီး ဘုရားသခင်ကိုချစ်သည့်မေတ္တာ ရှိလာစေပါလိမ့်မည်။ ယေဟောဝါဘုရားသခင်သည် မိမိအား ချစ်မြတ်နိုးသူများကို အဆုံးမဲ့အသက်တာပေးမည်ဟု ကတိပြုတော်မူ၏။ ထို့ကြောင့်ပင် ‘ထာ၀ရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့်ဆိုင်သည့် အသိပညာကို ဆည်းပူးနေရမည်’ ဟု ယေရှုမိန့်ဆိုခဲ့ခြင်းဖြစ်သည်။—ယောဟန် ၁၇:၃

ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဤစာအုပ်၊ အခန်း ၁၅ တွင်ကြည့်ပါ။

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

“စဉ်းလဲသော ဝံပုလွေသဘောရှိသော်လည်း သိုးရေခြုံလျက် သင်တို့ထံလာသော ပရောဖက်အတုအယောင်များကို သတိထားကြလော့။”—မဿဲ ၇:၁၅