မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး . . .

ခရစ်ယာန်တစ်ဦးဖြစ်ရန် သုံးပါးတစ်ဆူအယူဝါဒကို ယုံကြည်ရမည်လော

ခရစ်ယာန်တစ်ဦးဖြစ်ရန် သုံးပါးတစ်ဆူအယူဝါဒကို ယုံကြည်ရမည်လော

ဒိန်းမတ်နိုင်ငံရှိ ကမ္ဘာ့ဘာသာတရားများဟူသော အထက်တန်းကျောင်း ပြဋ္ဌာန်းစာအုပ်တစ်အုပ်ကို ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ယေဟောဝါသက်သေများသည် ကျမ်းစာစံနှုန်းများကို ထက်ကြပ်မကွာလိုက်နာသော ခရစ်ယာန်လူနည်းစုတစ်စု ဖြစ်သည်ဟု ဖော်ပြထားသည်။ ဒိန်းမတ်နိုင်ငံတွင် ယေဟောဝါသက်သေများသည် တတိယအများဆုံး ခရစ်ယာန်များ ဖြစ်သည်။

သို့သော် ထိုပြဋ္ဌာန်းစာအုပ်တွင် သက်သေခံအကြောင်း ထည့်သွင်းဖော်ပြရန် ဆုံးဖြတ်ခဲ့သော စာရေးသူကို ချာ့ခ်ျတစ်ခု (The Danish National Church) ၏ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အဘယ်ကြောင့်နည်း။ “[ယေဟောဝါသက်သေများ] သည် ခရစ်ယာန်များဖြစ်သည်ဟု သတ်မှတ်သော ဓမ္မပညာရှင်တစ်ဦးတစ်လေမျှ ကျွန်ုပ် မတွေ့ဖူးသေး။ သက်သေခံများသည် ခရစ်ယာန်ဘာသာ၏ အဓိကအယူဝါဒဖြစ်သော သုံးပါးတစ်ဆူကို ငြင်းပယ်၏” ဟု ထိုခရစ်ယာန်ဘုန်းတော်ကြီးက ဆိုသည်။

ခရစ်ယာန်တစ်ဦးအဖြစ် ခံယူရသည့်အကြောင်းရင်းကို လူတို့အား မေးမြန်းသောအခါ ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် ယုံကြည်သောကြောင့်ဟူ၍ ဖြေဆိုသူ မရှိသလောက်ဖြစ်သည်ဟု ဘာသာရေးဆိုင်ရာ လူမှုဗေဒပညာရှင်တစ်ဦးဖြစ်သူ၊ ပြဋ္ဌာန်းစာအုပ်ကို ရေးသားခဲ့သည့် စာရေးဆရာမ အာနီကာ ဖီတာမာက ထောက်ပြခဲ့သည်။ ထို့ပြင် “သင်သည် ခရစ်ယာန်တစ်ဦးလော” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ထိုပြဋ္ဌာန်းစာအုပ်၏ အပိုင်းတစ်ပိုင်းတွင် ဤသို့ဖော်ပြထားသည်– “သုံးပါးတစ်ဆူ အယူဝါဒသည် ခရစ်ယာန်ဓမ္မပညာတွင် ပိုမိုခက်ခဲသော ဘာသာရပ်များအနက် တစ်ခုဖြစ်သည်။ ခရစ်ယာန်များကိုးကွယ်သော ဘုရားသခင်သည် တစ်ဆူတည်းဖြစ်ပြီး သုံးဆူမဟုတ်ရသည့် အကြောင်းရင်းကို ကျမ်းစာကျောင်း မတက်ခဲ့ဖူးသူများအား ရှင်းပြရန် ခက်သည်။”

“သုံးပါးတစ်ဆူ အယူဝါဒသည် ခရစ်ယာန်ဓမ္မပညာတွင် ပိုမိုခက်ခဲသော ဘာသာရပ်များအနက် တစ်ခုဖြစ်”

ဘုရားသခင်၊ ယေရှုတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာ သွန်သင်ရာမှာ ရိုးရှင်းလှသည်။ နားလည်ရ မခက်ချေ။ “သုံးပါးတစ်ဆူ” ဟူသော စကားလုံးကိုရော ယင်း၏သဘောတရားကိုပါ ကျမ်းစာတွင် မတွေ့ရချေ။ ယေရှုခရစ်သည် ဘုရားသခင်၏ သားဦးဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာ ဆို၏။ (ကောလောသဲ ၁:၁၅) ထို့ပြင် ယေရှုကို “ဘုရားသခင်နှင့် လူတို့စပ်ကြားတွင် . . . ဖျန်ဖြေသူ” အဖြစ်လည်း ဖော်ပြထားသည်။ (၁ တိမောသေ ၂:၅) ခမည်းတော်နှင့်ပတ်သက်၍မူ ကျမ်းစာက ဤသို့ဆိုသည်– ‘ထာဝရဘုရားသခင် [ယေဟောဝါ] ဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို သိကြပါစေသော။’—ဆာလံ ၈၃:၁၈

ယေရှုကို ယုံကြည်ရန် အရေးကြီးကြောင်း ယေဟောဝါသက်သေများ လက်ခံပါသည်။ (ယောဟန် ၃:၁၆) ထို့ကြောင့် သူတို့သည် “သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်” ဟူသော ယေရှု၏မိန့်မှာချက်ကို အလေးအနက် ထားကြသည်။ (မဿဲ ၄:၁၀) ယေရှု၏မိန့်မှာချက်များကို လိုက်နာဖို့ ကြိုးစားသူအား ခရစ်ယာန်ဟု အမှန်ပင် ခေါ်ဆိုနိုင်ပါသည်။