မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်သာသနာပြုများ “မြေကြီးစွန်းတိုင်အောင်” စေလွှတ်ခံရ

ခရစ်ယာန်သာသနာပြုများ “မြေကြီးစွန်းတိုင်အောင်” စေလွှတ်ခံရ

၁၂၇ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ

ခရစ်ယာန်သာသနာပြုများ “မြေကြီးစွန်းတိုင်အောင်” စေလွှတ်ခံရ

ယေရှုက “မြေကြီးစွန်းတိုင်အောင်” သက်သေခံရန် တပည့်များကို မိန့်မှာခဲ့သည်။ (တမန်တော် ၁:၈) ယေဟောဝါသက်သေများသည် ထိုမိန့်မှာချက်ကို အလေးအနက်ထားကြသည်။

လွန်ခဲ့သော ၆၅ နှစ်တာ ကာလတစ်လျှောက်တွင် ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းမှ လေ့ကျင့်မှုရရှိခဲ့ကြသော ခရစ်ယာန်သာသနာပြုများသည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုလျက်ရှိသည်။ နောက်ထပ် ဝါရင့်ဓမ္မအမှုဆောင် ၅၆ ဦးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ပက်တာစင်ရှိ ခရစ်ယာန်သာသနာပြုကျောင်းတွင် ငါးလကြာ လေ့ကျင့်မှုရယူပြီးနောက် ၂၀၀၉၊ စက်တင်ဘာ ၁၂ ရက်၊ စနေနေ့တွင် သင်တန်းဆင်းခဲ့ကြသည်။

တွေးတောစိတ်ကူးနိုင်စွမ်း

ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သင်တန်းဆင်းပွဲသဘာပတိဖြစ်သူ စတီဗင်လက်တ်က သင်တန်းဆင်းများအား “သင့်တွေးတောစိတ်ကူးနိုင်စွမ်းကို ပညာရှိစွာ အသုံးပြုပါ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးခဲ့သည်။ သူသည် တွေးတောစိတ်ကူးနိုင်စွမ်းကို နည်းလေးနည်းတွင် အသုံးမပြုရန် သင်တန်းဆင်းများအား ဦးစွာ သတိပေးသည်။ ပထမနည်းသုံးနည်းမှာ (၁) ရုပ်ပစ္စည်းများသည် တည်မြဲသောကာကွယ်မှုကို ပေးနိုင်သည်ဟု မတွေးတောရန်၊ (၂) အကျင့်ပျက်သော လုပ်ရပ်များအကြောင်း မတွေးတောရန်၊ (၃) မနက်ဖြန်တွင် အဘယ်အရာများ ဆိုးဆိုးဝါးဝါးဖြစ်လာဦးမည်နည်းဟု အလွန်အမင်း တွေးပူမနေရန်တို့ဖြစ်သည်။ (သု. ၁၈:၁၁; မဿဲ ၅:၂၈; ၆:၃၄) တတိယနည်းနှင့်စပ်လျဉ်း၍ ဟောပြောသူက အလွန်အမင်းတွေးပူတတ်သူတစ်ဦးသည် မနေ့ကစိုးရိမ်စရာများကို ယနေ့ကြုံရသော စိုးရိမ်စရာများနှင့် ပေါင်းစပ်ကာ မနက်ဖြန်အတွက် ယနေ့ကတည်းက ကြိုတင်တွေးပူနေတတ်သည်ဟု ဆိုသည်။ “ဒါက မနိုင်ဝန်ထမ်းတာပဲ” ဟု ညီအစ်ကို လက်တ်က ဆိုသည်။ စတုတ္ထနည်းကား အဘယ်နည်း။ ခရစ်ယာန်သာသနာပြုတာဝန်ကို မထမ်းဆောင်မီက ဘ၀သည် ယခုထက်ပိုအဆင်ပြေသည်ဟုမတွေးမိရန် ကျောင်းဆင်းများ သတိပြုရမည်။ ယင်းသို့တွေးတောမည်ဆိုလျှင် ဒေသအသစ်တွင် သူတို့ပျော်ရွှင်နိုင်မည်မဟုတ်ပါ။

တွေးတောစိတ်ကူးနိုင်စွမ်းကို နည်းလေးနည်းတွင် ကောင်းစွာအသုံးပြုရန် သင်တန်းဆင်းများအား ညီအစ်ကို လက်တ်က အားပေးခဲ့သည်။ သူက ဤသို့ဆိုသည်– (၁) ဘုရားသခင်နှင့်ဆက်ဆံရေးကို ထိခိုက်စေနိုင်သော၊ ကာယရေးအရ အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများကို ကြိုတင်တွေးတောကာ ထိခိုက်နစ်နာမှုများကို ရှောင်ရှားပါ၊ (၂) ကျမ်းစာဖတ်စဉ် ဖြစ်ရပ်များကို စိတ်တွင်မြင်ယောင်ပြီး ထိုဖြစ်ရပ်များတွင် မိမိကိုယ်တိုင်ပါဝင်နေသည်ဟု တွေးတောပါ၊ (၃) တာဝန်ကျရာဒေသအသစ်တွင် မိမိနှင့်တွေ့ဆုံရသူတိုင်းသည် ယေဟောဝါဘုရားသခင်ကို ကိုးကွယ်လာရန် အလားအလာရှိသူများဖြစ်သည်ဟု တွေးတောပါ၊ (၄) မိမိဟောပြောနေသူများ၏နေရာတွင် မိမိသာရှိမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်းဟု တွေးတောခြင်းအားဖြင့် စာနာစိတ်မွေးမြူပါ။—သု. ၂၂:၃

အခြားသူများကို လေ့ကျင့်ပေးခြင်း၏ တန်ဖိုး

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေးဗစ်စပလန်က ၂ တိမောသေ ၂:၂ ကို အခြေခံ၍ “ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးသည်။ တမန်တော်ပေါလုသည် သစ္စာရှိအမျိုးသားများအား လေ့ကျင့်ပေးရန် တိမောသေကို ညွှန်ကြားခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ထိုသစ္စာရှိအမျိုးသားများသည် အမှန်တရားတွင် ခိုင်ခံ့မြဲမြံသူများဖြစ်လာရုံသာမက အခြားသူများကိုပါ ပြန်သွန်သင်ပေးသူများဖြစ်လာရန် လေ့ကျင့်ပေးဖို့ဖြစ်သည်။ ခရစ်ယာန်အသင်းတော်နှင့် ဟောပြောခြင်းလုပ်ငန်းတွင် ဦးဆောင်ရန် အမျိုးသားများစွာလိုအပ်နေကြောင်း သင်တန်းဆင်းများကို ဟောပြောသူက ဆိုသည်။ ထိုအမျိုးသားများကို မည်သည့်အချိန်တွင် မည်သို့လေ့ကျင့်ပေးနိုင်မည်နည်း။ ထိုသူတို့နှင့် ဦးဆုံးအကြိမ် ကျမ်းစာလေ့လာစဉ်ကပင် စတင်လေ့ကျင့်ပေးရန်ဖြစ်သည်ဟု ညီအစ်ကို စပလန်က သင်တန်းဆင်းများကို အားပေးခဲ့သည်။

ကျမ်းစာသင်သားများသည် အခြားသူများအတွက် သစ္စာရှိ ပုံနမူနာ ချမှတ်နိုင်ရန် ခရစ်ယာန်သာသနာပြုများ မည်သို့လေ့ကျင့်ပေးနိုင်မည်နည်း။ လေ့ကျင့်ပေးနိုင်မည့်နည်းလမ်းအချို့ကို ဟောပြောသူက ဖော်ပြသည်။ ကျမ်းစာသင်သားများကိုယ်တိုင် ကျမ်းစာကို ကောင်းစွာလေ့လာတတ်ရန် ခရစ်ယာန်သာသနာပြုများက လေ့ကျင့်ပေးဖို့ဖြစ်သည်။ ထို့နောက် ကျမ်းစာသင်သားသည် အသင်းတော်အစည်းအဝေးများကို စတင်တက်ရောက်လာလျှင် အစည်းအဝေးတွင် လေ့လာသော ကျမ်းစာအခြေပြုစာပေများကို မည်သို့ ကိုယ်တိုင်ပြင်ဆင်နိုင်ကြောင်း သင်ယူဖို့လိုသည်။ “လူတစ်ယောက်က ကျမ်းစာကို ကိုယ်တိုင်မလေ့လာတတ်ရင် တခြားသူတွေကို ဘယ်တော့မှ ပြန်သင်ပေးတတ်မှာ မဟုတ်ဘူး” ဟု ဟောပြောသူက ကျိုးကြောင်းဆင်ခြင်ပြခဲ့သည်။ ခရစ်ယာန်သာသနာပြုများသည် အချိန်မှန်သူများဖြစ်ရန်၊ ဟောပြောခြင်းလုပ်ငန်းကို ငွေကြေးအရ ထောက်ပံ့တတ်ရန်၊ ယခုဦးဆောင်နေသူများကို နာခံတတ်ရန် လူသစ်များအား ကူညီပေးနိုင်ကြောင်း ညီအစ်ကို စပလန်က ဆိုသည်။ ထိုသို့သင်ပေးရာတွင် အကောင်းဆုံးနည်းမှာ ပုံနမူနာကောင်းပြခြင်းဖြစ်သည်ဟု သူက ပြောပြသည်။

သက်သေခံများဖြစ်ရခြင်း၏ အခွင့်ထူး

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂိုင်ပီယပ်စ်က တမန်တော် ၁:၈ ပါယေရှု၏စကားကို အခြေခံ၍ ‘သင်တို့သည် ငါ့အကြောင်း သက်သေခံသူများဖြစ်ကြလိမ့်မည်’ ဟူသောခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးခဲ့သည်။ အေဒီပထမရာစုတွင် အစ္စရေးလူမျိုးသည် ယေဟောဝါဘုရားသခင်၏ သက်သေခံများဖြစ်ရသောအခွင့်ထူးကို ဆုံးရှုံးခဲ့ကြောင်း သင်တန်းဆင်းများအား သူ သတိပေးခဲ့သည်။ ထိုအခွင့်ထူးကို ဘုရားသခင့်နိုင်ငံတော်အသီးသီးသော လူမျိုးအား ပေးခဲ့သည်။ (မဿဲ ၂၁:၄၃) ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် ထိုလူမျိုးဖြစ်ကြောင်း သက်သေထူခဲ့ပြီ။ “သန့်ရှင်းသောလူမျိုး” တည်းဟူသော ဘိသိက်ခံခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်၏ မွန်မြတ်သော ဂုဏ်ရည်တော်များကို “အနှံ့အပြားဟောပြော” လိမ့်မည်ဟု ဆိုခဲ့သော တမန်တော်ပေတရု၏စကားများကို ဟောပြောသူက ကိုးကားခဲ့သည်။ (၁ ပေတရု ၂:၆-၉) ထို့ကြောင့် ခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်၏သက်သေများ မဟုတ်တော့ဘဲ မိမိ၏သက်သေများဖြစ်လိမ့်မည်ဟု ယေရှုဆိုလိုနေခြင်းမဟုတ်ပါ။ အမှန်မှာ ယေရှုကို “သစ္စာရှိသောသက်သေ” ဟုခေါ်ဆိုထားသည်။ (ဗျာ. ၁:၅; ၃:၁၄) ကိုယ်တော်သည် ယေဟောဝါဘုရားသခင်၏ အဓိကသက်သေခံဖြစ်ပြီး ကျွန်ုပ်တို့လိုက်လျှောက်ရမည့် စံနမူနာရှင်ဖြစ်သည်။—၁ ပေတရု ၂:၂၁

တမန်တော် ၁:၈ ပါယေရှု၏စကားများသည် ယနေ့ခေတ်တွင် ပို၍အဓိပ္ပာယ်ရှိကြောင်း ဟောပြောသူက သင်တန်းဆင်းများကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့် ပို၍အဓိပ္ပာယ်ရှိသနည်း။ ဗျာ. ၁၁:၁၅ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ပါ အရေးကြီးဆုံးဖြစ်ရပ်သည် ပြည့်စုံနေပြီဖြစ်သောကြောင့်ပင်။ ဘုရားသခင့်မေရှိယနိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးပြီ။ ထို့ကြောင့် ယခု သက်သေခံခြင်းလုပ်ငန်းကို စာသားအတိုင်းပင် “မြေကြီးစွန်းတိုင်အောင်” လုပ်ဆောင်လျက်ရှိသည်။ (တမန်တော် ၁:၈) ခရစ်ယာန်သာသနာပြုများသည် မိမိကိုယ်တိုင်အကြောင်း သို့မဟုတ် ယခင်က မိမိတို့၏ဘ၀ပုံစံ၊ ယဉ်ကျေးမှုနှင့် နိုင်ငံအကြောင်း သက်သေခံကြသူများမဟုတ်ဘဲ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်နိုင်ငံတော်အကြောင်း သက်သေခံကြသည်ဟု ညီအစ်ကို ပီယပ်စ်က အလေးပေးဖော်ပြခဲ့သည်။ “ကျန်ရှိနေသေးသောအချိန်တွင် လူများနိုင်သမျှများများကို” သွန်သင်ပေးရန် သင်တန်းဆင်းများကို သူ အားပေးခဲ့သည်။

အစီအစဉ်မှ အခြားပေါ်လွင်ချက်များ

ပုံနှိပ်ထုတ်ဝေရေးကော်မတီကို ကူညီပေးနေသူ အဲလစ် ရိုင်မြူလာက “ယေဟောဝါသည် သင့်ကို ခွန်အားပေးတော်မူမည်” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးသည်။ ယေဟောဝါဘုရားသခင်၏ အစွမ်းတန်ခိုးကို ခရစ်ယာန်သာသနာပြုများ အားကိုးမည်ဆိုလျှင် မိမိတို့၏လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုရန်၊ အားနည်းချက်များကို လက်ခံရန်၊ စိုးရိမ်စရာများကို ရင်ဆိုင်နိုင်ရန်၊ ဘုရားသခင်အား အကောင်းဆုံးပေးဆပ်ရန် သူတို့ကို ကိုယ်တော်ကူညီပေးမည်ဟုလည်း ပြောဆိုသွားသည်။

သီအိုကရက်တစ်ကျောင်းဌာနမှ သွန်သင်ပို့ချသူနှစ်ဦးဖြစ်သော ဆဲမ်ရောဘတ်စန်နှင့် ဝီလျံဆဲမြူရယ်စန်တို့လည်း ကျောင်းသားများကို ဟောပြောချက်ပေးခဲ့သည်။ ညီအစ်ကို ရောဘတ်စန်က ဟေရှာယ ၄၁:၁၀ ကို အခြေခံကာ “ငါသည် သင့်ဘက်မှာရှိ၏” ဟူသောအကြောင်းအရာကို တင်ဆက်ခဲ့သည်။ ခရစ်ယာန်သာသနာပြုများသည် ရွှင်လန်းမှုများစွာ ရရှိမည်ဖြစ်သော်လည်း ပြဿနာများနှင့် ကင်းမည်မဟုတ်ကြောင်း၊ မေတ္တာရှင်ဘုရားသခင်ထံ ဆုတောင်းကာ အကူအညီတောင်းခံခဲ့သော ဘုရင်ဒါဝိဒ်ကို အတုယူပါက အခက်အခဲများကို သူတို့ ကျော်လွှားနိုင်ကြမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။ (ဆာလံ ၃၄:၄၊ ၆၊ ၁၇၊ ၁၉) ညီအစ်ကို ဆဲမြူရယ်စန်၏ ဟောပြောချက်တွင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆက်၍မွေးမြူသွားရန်လိုကြောင်း အလေးပေးထားသည်။ ယင်းကိုမွေးမြူသော ခရစ်ယာန်သာသနာပြုများသည် စာနာမှုမရှိသော ဝေဖန်စကားများကို အပျက်သဘောဖြင့် မတုံ့ပြန်သည့်အပြင် အလွယ်တကူ စိတ်ခုနေမည်လည်းမဟုတ်ပါ။—သု. ၂:၁၀၊ ၁၁

စာပေပြုစုရေးကော်မတီကို ကူညီပေးနေသူ ဂျင်မ်မဲန်က ဂျော်ဂျီယာသမ္မတနိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံမှ ဌာနခွဲကော်မတီဝင်နှစ်ဦးနှင့် တာဂျစ်ကစ္စတန်နိုင်ငံမှ တိုင်းပြည်ကော်မတီဝင်တစ်ဦးကို လူတွေ့မေးမြန်းခဲ့သည်။ ခရစ်ယာန်သာသနာပြုများသည် ‘အကောင်းအားဖြင့် အဆိုးကို အနိုင်ယူ’ ကာ ဆန့်ကျင်ရန်တွေ့လိုသူများနှင့် မိတ်ဆွေဖွဲ့နိုင်ပုံကို ထိုဝါရင့်ညီအစ်ကိုများက အကြံဉာဏ်ပေးခဲ့သည်။ (ရောမ ၁၂:၂၁) သင်တန်းပို့ချသူ မာ့ခ်နျူမာက ဂိလဒ်သင်တန်းကာလအတွင်း ကျောင်းသားများရရှိခဲ့သော ဟောပြောခြင်းလုပ်ငန်းအတွေ့အကြုံများကို ဆွေးနွေးခန်းအဖြစ် တင်ဆက်ခဲ့သည်။ ခေါင်းစဉ်မှာ “ကူညီပါရစေ” ဟူ၍ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသည်။

ထို့နောက် သဘာပတိက သီချင်းစာအုပ်အသစ်တွင်ပါသော “သင့်ကိုယ်ကို ကမ္ဘာသစ်တွင် မြင်ယောင်ကြည့်ပါ” ဟူသည့်ခေါင်းစဉ်ရှိ သီချင်းစာသားများကို ကိုးကားပြီး အစီအစဉ်ကို နိဂုံးချုပ်လိုက်သည်။ တက်ရောက်သူ ၆,၅၀၉ ဦးတို့သည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်အကြောင်း “မြေကြီးစွန်းတိုင်အောင်” သက်သေခံကြရန် ယခင်ထက်ပို၍ စိတ်ပိုင်းဖြတ်ကာ ထွက်ခွာသွားကြလေသည်။

[စာမျက်နှာ ၃၁ ပါဇယားနှင့်မြေပုံ]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုနိုင်ငံပေါင်း

ကျောင်းသား/သူပေါင်း ၅၆

စုံတွဲ ၂၈

ပျမ်းမျှအသက် ၃၃.၆

ပျမ်းမျှအမှန်တရားသက်တမ်း ၁၈.၃

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း ၁၃.၆

[မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင်တန်းသားများ တာဝန်ခန့်အပ်ခံရသော နိုင်ငံပေါင်း ၂၂ နိုင်ငံကို အောက်တွင်ဖော်ပြထား

ခရစ်ယာန်သာသနာပြုတာဝန် ခန့်အပ်ချက်များ

ဂျမေကာ

နီကာရာဂွာ

ကော့စ်တာရီကာ

ပနားမား

ပီရူး

ချီလီ

ဟေတီ

ကုရာစောင်း

ဂူယာနာ

ကုတ်ဒီအဗွား

ဘိုလီးဗီးယား

ပါရာဂွေး

ဆားဗီးယား

အယ်လ်ဘေးနီးယား

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ

မော်လ်ဒိုဗာ

ယူဂန္ဓာ

ဘရွန်ဒီ

တန်ဇန်းနီးယား

မိုဇမ်ဘစ်

နီပေါလ်

ကမ္ဘောဒီးယား

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၂၇ ကြိမ်မြောက် သင်တန်းဆင်းပွဲ

အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။

(1) Marshall,T.; Prudent, L.; Mashburn, A.; Rosenström, S.; Testa, A.; Takeyama, M.; Sisk, M.

(2) Grooms, K.; Miura, S.; Camacho, M.; Rozas, S.; Burch, M.; Meza, I.; Young, G.; Geraghty, S.

(3) Bonilla, C.; Knaller, D.; Parrales, R.; Hotti, S.; Takada, A.; Tournade, M.; Sopel, C.

(4) Miura, Y.; Parrales, K.; Prudent, K.; Colburn, S.; Willis, L.; Vääränen, A.; Sisk, B.; Takada, R.

(5) Grooms, J.; Vääränen, M.; Geraghty, B.; Stackhouse, R.; Wilson, A.; Bonell, E.; Camacho, D.; Meza, R.; Bonell, M.

(6) Takeyama, S.; Testa, G.; Colburn, T.; Mashburn, C.; Willis, W.; Tournade, L.; Burch, J.; Stackhouse, J.

(7) Wilson, J.; Young, J.; Marshall, E.; Rozas, M.; Knaller, J.; Hotti, N.; Rosenström, A.; Sopel, J.; Bonilla, O.