မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေကြီးသည် သက်ရှိတို့၏လိုအပ်ရာများကို လုံလောက်စွာ မပြတ်တမ်း ထောက်ပံ့ပေးမည်လော

ကမ္ဘာမြေကြီးသည် သက်ရှိတို့၏လိုအပ်ရာများကို လုံလောက်စွာ မပြတ်တမ်း ထောက်ပံ့ပေးမည်လော

စာရှုသူများအမေး . . .

ကမ္ဘာမြေကြီးသည် သက်ရှိတို့၏လိုအပ်ရာများကို လုံလောက်စွာ မပြတ်တမ်း ထောက်ပံ့ပေးမည်လော

▪ လှပသောကမ္ဘာဂြိုဟ်သည် သက်ရှိများ ဆက်ရှင်သန်နိုင်ရန် ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ သို့တိုင် လူဦးရေ တိုးများလာခြင်း၊ ကမ္ဘာမြေ၏ပေါကြွယ်ဝသော သယံဇာတပြုန်းတီးမှုများ စိုးရိမ်မှတ်သို့ ရောက်ရှိလာခြင်းတို့ကြောင့် သင်သည် ဤမေးခွန်းများကို သိလိုပေမည်– ‘ကမ္ဘာမြေကြီးသည် သက်ရှိတို့၏လိုအပ်ရာများကို လုံလောက်စွာ မပြတ်တမ်း ထောက်ပံ့နိုင်ပါ့မည်လော။ အစားအစာနှင့် သယံဇာတ လုံလောက်စွာ အမြဲရှိနိုင်မည်လော။’

အဆိုပါမေးခွန်းများကို သုံးသပ်ကြည့်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ကျော်က လူ့မိသားစုအတွက် ဘုရားသခင်၏ ဤကတိပြုချက်က ကျွန်ုပ်တို့ကို စိတ်ချစေသည်– “မြေကြီးတည်သမျှကာလပတ်လုံး မျိုးစေ့ကြဲချိန်နှင့် ရိတ်သိမ်းချိန်၊ အပူနှင့် အအေး၊ နွေကာလနှင့် ဆောင်းကာလ၊ နေ့နှင့်ညသည် မပြတ်ရ။” (ကမ္ဘာဦး ၈:၂၂သမ္မာ) သို့ဖြစ်၍ နေ့စဉ် နေထွက်လာမည်ကို ကျွန်ုပ်တို့ အသေအချာသိသကဲ့သို့ ကမ္ဘာမြေကြီးသည် သက်ရှိတို့၏ လိုအပ်ရာများကို မပြတ်တမ်း ထောက်ပံ့ပေးမည်ကိုလည်း ယုံကြည်စိတ်ချနိုင်သည်။

“ကမ္ဘာဂြိုဟ်သည် ကျွန်ုပ်တို့အတွက် အစားအစာ ထောက်ပံ့ပေးနိုင်သလော” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ၂၀၀၄ အစီရင်ခံစာတစ်စောင်တွင် ဝန်းကျင်ထိန်းသိမ်းရေးသတင်းထောက် အဲလက်စ် ကာရ်ဘီက ဤသို့ဖော်ပြသည်– “လူတိုင်း ဝဝလင်လင် စားသုံးနိုင်ရန် ကမ္ဘာမြေက ထောက်ပံ့ပေးလျက်ရှိသည်။ သို့သော် အစားအစာသည် တစ်ခါတစ်ရံ မရှိသင့်သည့်နေရာတွင် ရှိနေသည်။ ဈေးနှုန်း အလွန်မြင့်မားနေသည်။ ယင်းတို့ကို ကြာရှည်စွာ မသိုလှောင်ထားနိုင်ပါ။ ထို့ကြောင့် လူတိုင်း စားနပ်ရိက္ခာ အလုံအလောက်ရရှိရေးသည် သိပ္ပံပညာထက် နိုင်ငံရေးနှင့် ပို၍ဆက်နွှယ်လျက်ရှိသည်။” ကမ္ဘာမြေကို ကြည့်ရှုစောင့်ရှောက်ပြီး ၎င်း၏သယံဇာတများကို အကျိုးရှိရှိအသုံးပြုမည်ဆိုလျှင် ငတ်ပြတ်မည်ကို စိုးရိမ်စရာမလိုတော့ချေ။ ဥပမာ၊ ရှေးအစ္စရေးခေတ်တွင် ဘုရားသခင်သည် စိုက်ပျိုးမြေကို ကောင်းစွာအသုံးပြုရန် ရှင်းလင်းပြတ်သားစွာ ညွှန်ကြားခဲ့သည်။ အစ္စရေးတို့ကို ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်– “သတ္တမနှစ် . . . တွင် မြေကို လုံးဝမထွန်ယက်ဘဲ ချန်လှပ်ထားရမည်။ လယ်များတွင် မစိုက်မပျိုးရ။” (ဝတ်ပြုရာ ၂၅:၄ခမ) သတ္တမနှစ်ရောက်တိုင်း လူတို့သည် စိုက်ပျိုးမြေများကို အနားပေးရမည်ဖြစ်သော်လည်း အစားအစာများ ပေါကြွယ်ဝပြီး ငတ်ပြတ်မည်ကို စိုးရိမ်ရမည်မဟုတ်ဟု ဘုရားသခင် ကတိပြုတော်မူခဲ့သည်။—ဝတ်ပြုရာ ၂၆:၃-၅

ကမ္ဘာမြေနှင့် ၎င်း၏သယံဇာတများ မပျောက်မပျက်စေရန် ယခုခေတ်တွင် စိတ်ရင်းမှန်ဖြင့် ကြိုးစားကြသော်လည်း ထိုကြိုးစားမှုများသည် မဖြစ်စလောက်သာဖြစ်ပြီး နောက်ကျလွန်းနေပြီဟု လူအများက စိုးရိမ်ပူပန်လျက်ရှိကြသည်။ တစ်ခုတည်းသော အပြီးသတ်ဖြေရှင်းနည်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ယေဟောဝါဘုရားသခင်သည် “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” တော်မူမည်။ (ဗျာ. ၁၁:၁၈) ကိုယ်တော်သည် ကမ္ဘာမြေနှင့် ၎င်း၏သယံဇာတများအား တလွဲသုံးစွဲမှုကို ဖယ်ရှားပေးမည့်အပြင် သက်ရှိအားလုံးအတွက် လိုအပ်ရာများကို ကမ္ဘာမြေက ပေါကြွယ်ဝစွာ ထောက်ပံ့ပေးမည်ဟုလည်း အာမခံတော်မူသည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို တမင်တကာ လျစ်လျူရှုသူနှင့် ကိုယ်ကျိုးအတွက် ကမ္ဘာမြေကို အမြတ်ထုတ်နေသူ အားလုံးကို အဆုံးစီရင်တော့မည်။ ယေဟောဝါဘုရားသခင်၏ အုပ်ချုပ်မှုကို စိတ်လိုကိုယ်လျောက် ထောက်ခံသူများမှာမူ ဆာလံ ၇၂:၁၆ တွင်တွေ့ရသည့်စကားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ ကြုံခံစားရတော့မည်– “ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။”

အတိုင်းအဆမဲ့ မေတ္တာရှင်၊ ဉာဏ်ပညာရှင်ဖြစ်သော ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားတို့သည် မြေကြီးပရဒိသုစံအိမ်တွင် နေထိုင်ကြပြီး ယင်းကို စောင့်ရှောက်ကြရန်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) ကိုယ်တော်၏အုပ်ချုပ်မှုအောက်တွင် နာခံမှုရှိသောလူတို့သည် ကမ္ဘာမြေ၏ သဘာဝသယံဇာတများကို မဖြုန်းတီးဘဲ ပညာရှိရှိ အသုံးပြုရန် သင်ယူကြလိမ့်မည်။ သက်ရှိတို့၏အလိုဆန္ဒကို ဖြည့်ဆည်းပေးမည့် မေတ္တာပြည့်ဝသော ထောက်မပေးရှင်ကို ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်လှပါသည်။—ဆာလံ ၁၄၅:၁၆

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

“လူတိုင်း စားနပ်ရိက္ခာ အလုံအလောက်ရရှိရေးသည် သိပ္ပံပညာထက် နိုင်ငံရေးနှင့် ပို၍ဆက်နွှယ်”