မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး

သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး

သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး

“ငါ့နောက်လိုက်ကြသော သင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ကြလိမ့်မည်။”—မ. ၁၉:၂၈

၁။ အာဗြဟံရဲ့သားမြေးတွေကို ယေဟောဝါ ဘယ်လိုဆက်ဆံခဲ့သလဲ၊ အဲဒါက ကျန်လူမျိုးအားလုံးကို ကိုယ်တော် လုံးလုံးဂရုမစိုက်တဲ့အဓိပ္ပာယ်မဟုတ်ဘူးဆိုတာ ဘာကြောင့်ပြောနိုင်သလဲ။

ယေဟောဝါသည် အာဗြဟံကိုချစ်တော်မူ၏၊ ထိုကြောင့် သူ၏သားမြေးတို့အပေါ် သစ္စာစောင့်သိသောမေတ္တာ ပြတော်မူခဲ့သည်။ ရာစုနှစ် ၁၅ ခုကျော်သည်အထိ ကိုယ်တော်သည် အာဗြဟံမှဆင်းသက်သော အစ္စရေးလူမျိုးကို မိမိရွေးချယ်ထားသောလူမျိုး၊ ကိုယ်တော်၏ “ပိုင်ထိုက်သောအမျိုး” အဖြစ်ရှုမြင်တော်မူခဲ့သည်။ (တရားဟောရာ ၇:၆ ကိုဖတ်ပါ။) ယင်းက ယေဟောဝါသည် အခြားလူမျိုးများကို လုံးလုံး ဂရုမစိုက်ဟုဆိုလိုခြင်းလော။ မဟုတ်ပါ။ ထိုအချိန်အတောအတွင်းတွင် ယေဟောဝါအား ကိုးကွယ်လိုသည့် အစ္စရေးလူမျိုးမဟုတ်သူများအား ကိုယ်တော်၏အထူးလူမျိုးနှင့် ပူးပေါင်းခွင့်ပြုထားသည်။ ဤဘာသာပြောင်းဝင်လာသူများသည် ကိုယ်တော့်လူမျိုးအဝင်အဖြစ် ရှုမြင်ခံရကြသည်။ သူတို့သည် လူမျိုးတော်နှင့် တန်းတူဆက်ဆံခံခဲ့ရသည်။ (ဝတ်. ၁၉:၃၃၊ ၃၄) သို့သော် သူတို့သည် ယေဟောဝါ၏ပညတ်အားလုံးကို နာခံရန်လိုသည်။—ဝတ်. ၂၄:၂၂

၂။ ဘယ်ထိတ်လန့်ဖွယ်ကြေညာချက်ကို ယေရှု ကြေညာခဲ့သလဲ၊ ဘာမေးခွန်းတွေ ပေါ်လာသလဲ။

သို့သော် ယေရှုသည် မိမိခေတ်ရှိ ဂျူးများအား ဤထိတ်လန့်ဖွယ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှနုတ်ယူ၍ အသီးသီးမည့်လူမျိုးအား ပေးရလိမ့်မည်။” (မ. ၂၁:၄၃) ဤလူမျိုးသစ်ကို မည်သူတို့နှင့်ဖွဲ့စည်းမည်နည်း၊ ဤပြောင်းလဲမှုသည် ယနေ့ ကျွန်ုပ်တို့အပေါ် မည်သို့ အကျိုးသက်ရောက်သနည်း။

လူမျိုးသစ်

၃၊ ၄။ (က) တမန်တော်ပေတရုက လူမျိုးသစ်ကို ဘယ်လို ခွဲခြားဖော်ပြခဲ့သလဲ။ (ခ) ဒီလူမျိုးသစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားသလဲ။

တမန်တော်ပေတရုသည် ဤလူမျိုးသစ်ကို အထင်အရှား ခွဲခြားဖော်ပြခဲ့သည်။ ခရစ်ယာန်ချင်းများထံ သူအောက်ပါအတိုင်း ရေးခဲ့သည်– “သင်တို့မူကား မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ ‘မွန်မြတ်သောဂုဏ်ရည်တော်များကို အနှံ့အပြားဟောပြောရန် ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု’ ဖြစ်ကြ၏။” (၁ ပေ. ၂:၉) ကြိုတင်ဟောထားသည့်အတိုင်း ယေရှုအား မေရှိယအဖြစ်လက်ခံသူ ဇာတိဂျူးများသည် လူမျိုးသစ်၏ ဦးဆုံးအဖွဲ့ဝင်များဖြစ်လာသည်။ (ဒံ. ၉:၂၇က; မ. ၁၀:၆) နောက်ပိုင်းတွင် အစ္စရေးလူမျိုးမဟုတ်သူများသည်လည်း ဤလူမျိုးသစ်အဝင် ဖြစ်လာသည်။ ယင်းနှင့်ပတ်သက်၍ ပေတရု ဤသို့ဆက်ပြောခဲ့သည်– “သင်တို့သည် တစ်ချိန်က ထိုလူစုအဝင်မဟုတ်။ ယခုမူကား ဘုရားသခင်၏လူမျိုးဖြစ်ကြ၏။”—၁ ပေ. ၂:၁၀

ပေတရု မည်သူတို့ကို ပြောနေခြင်းဖြစ်သနည်း။ သူ့စာ၏နိဒါန်းပိုင်းတွင် ဤသို့ဖော်ပြထားသည်– “[ဘုရားသခင်သည်] ငါတို့အား တစ်ဖန်မွေးဖွားစေတော်မူ၍ ယေရှုခရစ်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ရှင်သန်သောမျှော်လင့်ချက်ကို ပေးတော်မူ၏။ မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသောအမွေကိုလည်း ပေးတော်မူ၏။ ထိုအမွေတော်သည် သင်တို့အတွက် ကောင်းကင်၌ သိုထား၏။” (၁ ပေ. ၁:၃၊ ၄) ထို့ကြောင့် ဤလူမျိုးသစ်သည် ကောင်းကင်မျှော်လင့်ချက်ရှိသည့် ဘိသိက်ပေးခံရသောခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်သည်။ (ဂလ. ၆:၁၆) ဤ “ဘုရားသခင်၏အစ္စရေးလူမျိုး” ၏အရေအတွက်မှာ ၁၄၄,၀၀၀ ဖြစ်ကြောင်း အဆင်းအာရုံတစ်ခုတွင် တမန်တော်ယောဟန် မြင်တွေ့ခဲ့သည်။ သူတို့သည် “ဘုရားသခင်နှင့် သိုးသငယ်အတွက် အဦးသီးသောအသီးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူသောသူများ ဖြစ်ကြ” ပြီး “ယဇ်ပုရောဟိတ်များ” အဖြစ် အမှုဆောင်ကာ “[ယေရှု] နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်။”—ဗျာ. ၅:၁၀; ၇:၄; ၁၄:၁၊ ၄; ၂၀:၆; ယာ. ၁:၁၈

အခြားသူများလည်း ပါဝင်သလော

၅။ (က) “ဘုရားသခင်၏အစ္စရေးလူမျိုး” ဆိုတဲ့ အသုံးအနှုန်းက ဘယ်သူတွေကို ရည်ညွှန်းသလဲ။ (ခ) အစ္စရေးလူမျိုးဆိုတဲ့ အသုံးအနှုန်းက ဘာကြောင့် အဓိပ္ပာယ်တစ်မျိုးတည်းနဲ့ပဲ အမြဲမကန့်သတ်ထားတာလဲ။

ထို့ကြောင့် ရှင်းနေသည်မှာ ဂလာတိ ၆:၁၆ တွင်ပါသော “ဘုရားသခင်၏အစ္စရေးလူမျိုး” သည် ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များကို သီးသန့်ရည်ညွှန်းသည်။ သို့သော် အစ္စရေးလူမျိုးကို ပုံဥပမာတစ်ခုအနေနှင့် ယေဟောဝါအသုံးပြုသည့်အခါ ဘိသိက်ပေးခြင်းခံရသူတို့ကိုသာမက ခရစ်ယာန်များကိုပါ ရည်ညွှန်းခဲ့သည့် သာဓကများရှိပါသလော။ အဖြေကို မိမိ၏သစ္စာရှိတမန်တော်များအား ယေရှုပြောသောစကားများတွင် တွေ့နိုင်သည်– “ငါ့ခမည်းတော်သည် ငါနှင့် ပဋိညာဉ်ဖွဲ့သည့်နည်းတူ ငါသည်လည်း နိုင်ငံတော်အတွက် သင်တို့နှင့် ပဋိညာဉ်ဖွဲ့၏။ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်ရကြမည်။ ပလ္လင်ပေါ်ထိုင်၍ အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ရကြလိမ့်မည်။” (လု. ၂၂:၂၈-၃၀) ယင်းသည် “အသစ်ပြုပြင်ရာကာလ” ဖြစ်သော ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလတွင် ဖြစ်ပျက်လိမ့်မည်။—မဿဲ ၁၉:၂၈ ကိုဖတ်ပါ။

၆၊ ၇။ မဿဲ ၁၉:၂၈ နဲ့ လုကာ ၂၂:၃၀ ရဲ့ရှေ့နောက်စကားအရ “အစ္စရေးလူမျိုးတစ်ဆယ့်နှစ်နွယ်” ဆိုတာက ဘယ်သူတွေကို ရည်ညွှန်းသလဲ။

အနှစ်တစ်ထောင်ကာလအတွင်းတွင် ၁၄၄,၀၀၀ သည် ကောင်းကင်ဆိုင်ရာ ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ တရားသူကြီးများအဖြစ် အမှုဆောင်ပါလိမ့်မည်။ (ဗျာ. ၂၀:၄) သူတို့သည် မည်သူတို့ကို တရားစီရင်၍ မည်သူတို့ကို အုပ်ချုပ်မည်နည်း။ မဿဲ ၁၉:၂၈ နှင့် လုကာ ၂၂:၃၀ အရ သူတို့သည် “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို” တရားစီရင်မည်ဟု ကျွန်ုပ်တို့သိရသည်။ ရှေ့နောက်စကားအရ “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်” သည် မည်သူ့ကို ပုံဆောင်သနည်း။ ၎င်းတို့မှာ ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ပြီး တော်ဝင်ယဇ်ပုရောဟိတ်အတန်းအစားတွင် မပါဝင်သည့် မြေကြီးမျှော်လင့်ချက်ရှိသူအားလုံးကို ပုံဆောင်သည်။ (ဇာတိအစ္စရေးလူမျိုး ၁၂ နွယ်စာရင်းတွင် လေဝိအနွယ် မပါဝင်ချေ။) ဤရှေ့နောက်စကားအရ အစ္စရေးလူမျိုး ၁၂ နွယ်သည် ၁၄၄,၀၀၀ ၏ယဇ်ပုရောဟိတ်လုပ်ငန်းမှ အကျိုးခံစားရမည့်သူများကို ပုံဆောင်သည်။ ဤယဇ်ပုရောဟိတ်အနွယ်မဟုတ်သည့် အကျိုးခံစားရသူများသည်လည်း ဘုရားသခင့်လူမျိုးဖြစ်ပြီး ကိုယ်တော်သည် သူတို့ကို ချစ်မြတ်နိုးကာ လက်ခံတော်မူသည်။ သူတို့ကို ရှေးအချိန်မှ ကိုယ်တော်၏လူတို့နှင့် နှိုင်းယှဉ်ဖော်ပြခြင်းမှာ သင့်လျော်ပေသည်။

ကြီးစွာသောဒုက္ခမတိုင်မီ ၁၄၄,၀၀၀ အပြီးသတ်တံဆိပ်ခတ်ခံရသည်ကို တမန်တော်ယောဟန် မြင်ပြီးနောက် ‘လူမျိုးများထဲမှထွက်လာသော’ မရေမတွက်နိုင်သည့် “လူအုပ်ကြီး” ကိုလည်း မြင်ရခြင်းမှာ သင့်လျော်ပါသည်။ (ဗျာ. ၇:၉) သူတို့သည် ကြီးစွာသောဒုက္ခတွင် အသက်ရှင်ကျန်ရစ်ကာ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။ ထိုတွင် သူတို့သည် ထမြောက်လာကြမည့် သန်းထောင်နှင့်ချီသောသူတို့နှင့် ပူးပေါင်းကြမည်ဖြစ်သည်။ (ယော. ၅:၂၈၊ ၂၉; ဗျာ. ၂၀:၁၃) ၎င်းတို့အားလုံးသည် ယေရှုနှင့် တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့၏ တရားစီရင်ခြင်းကိုခံရမည့် ပုံဆောင် “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်” ဖြစ်လာကြမည်။—တ. ၁၇:၃၁; ၂၄:၁၅; ဗျာ. ၂၀:၁၂

၈။ ရှေးခေတ်အပြစ်ဖြေရာနေ့ရဲ့ အဖြစ်အပျက်တွေက ၁၄၄,၀၀၀ နဲ့ကျန်လူသားတွေရဲ့ ဆက်နွှယ်မှုကို ဘယ်လို ကြိုတင်အရိပ်အမြွက်ဖော်ပြသလဲ။

၁၄၄,၀၀၀ နှင့် ကျန်လူသားတို့အကြားရှိ ဆက်နွှယ်မှုကို နှစ်စဉ်အပြစ်ဖြေရာနေ့မှ အဖြစ်အပျက်များက ကြိုတင် အရိပ်အမြွက်ပြသည်။ (ဝတ်. ၁၆:၆-၁၀) ယဇ်ပုရောဟိတ်မင်းကြီးသည် ဦးစွာ ‘မိမိအဖို့နှင့် မိမိအိမ်သူအိမ်သားများအဖို့’ အပြစ်ဖြေရာယဇ်အဖြစ် နွားတစ်ကောင်ကို ပူဇော်ရသည်။ ထို့ကြောင့် ယေရှု၏ပူဇော်ရာယဇ်သည် ကိုယ်တော်နှင့်အတူ ကောင်းကင်တွင်အမှုဆောင်မည့် လက်ထောက်ယဇ်ပုရောဟိတ်များတွင် ဦးဆုံး အကျိုးသက်ရောက်သည်။ ထို့ပြင် ရှေးခေတ် အပြစ်ဖြေရာနေ့တွင် အခြားအစ္စရေးလူတို့အတွက် အပြစ်ဖြေရန် ဆိတ်နှစ်ကောင်ကို ပူဇော်ရသည်။ ဤအဖြစ်အပျက်တွင် ယဇ်ပုရောဟိတ်အနွယ်သည် ၁၄၄,၀၀၀ ကို ပုံဆောင်ပြီး ကျန်အစ္စရေးလူတို့သည် မြေကြီးမျှော်လင့်ချက်ရှိသူအားလုံးကို ပုံဆောင်သည်။ ဤတွင် မဿဲ ၁၉:၂၈ ပါ “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်” ဟူသောအသုံးအနှုန်း၏ အဓိပ္ပာယ်သည် ယေရှုနှင့်အတူအုပ်ချုပ်မည့် စွမ်းအားတော်ဖွား လက်ထောက်ယဇ်ပုရောဟိတ်များကိုသာမက ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်သည့် အခြားသူများအားလုံးကိုလည်း ရည်ညွှန်းသည်။ *

၉။ ယေဇကျေလရဲ့ ဝတ်ပြုရာအိမ်တော် အဆင်းအာရုံမှာ ယဇ်ပုရောဟိတ်တွေက ဘယ်သူ့ကို ပုံဆောင်သလဲ၊ ယဇ်ပုရောဟိတ်အနွယ်မဟုတ်တဲ့ အစ္စရေးလူတွေက ဘယ်သူ့ကို ပုံဆောင်သလဲ။

အခြားဥပမာတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ ပရောဖက်ယေဇကျေလသည် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များပါဝင်သော အဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့သည်။ (ယေဇ. အခန်းကြီး ၄၀-၄၈) ထိုအဆင်းအာရုံတွင် ယဇ်ပုရောဟိတ်များသည် ညွှန်ကြားချက်များပေးခြင်း၊ ယေဟောဝါထံမှ သွန်သင်ချက်နှင့် ဆုံးမပဲ့ပြင်မှုများကို လက်ခံခြင်းဖြင့် ဝတ်ပြုရာအိမ်တော်တွင် အမှုဆောင်ကြသည်။ (ယေဇ. ၄၄:၂၃-၃၁) ယင်းအဆင်းအာရုံတွင် အနွယ်အသီးသီးမှ လူများသည် ဝတ်ပြုရန်နှင့် ပူဇော်ရာယဇ်များ ပူဇော်ရန် လာကြသည်။ (ယေဇ. ၄၅:၁၆၊ ၁၇) ဤတွင် ယင်း၏ရှေ့နောက်စကားအရ ယဇ်ပုရောဟိတ်များသည် ဘိသိက်ပေးခြင်းခံရသူများကို ပုံဆောင်ပြီး ယဇ်ပုရောဟိတ်အနွယ် မဟုတ်သူများသည် မြေကြီးမျှော်လင့်ချက်ရှိသူများကို ပုံဆောင်သည်။ ယဇ်ပုရောဟိတ်အတန်းအစားက စင်ကြယ်သောဝတ်ပြုရေးကို ဦးဆောင်ကာ ထိုအုပ်စုနှစ်စုသည် အတူတကွ လုပ်ဆောင်ကြကြောင်း အဆင်းအာရုံက ဖော်ပြသည်။

၁၀၊ ၁၁။ (က) ယုံကြည်ခြင်းခွန်အားရရှိစေတဲ့ ယေရှုရဲ့ ဘယ်စကားတွေ ပြည့်စုံတာကို ကျွန်ုပ်တို့ မြင်တွေ့နေရသလဲ။ (ခ) အခြားသိုးနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

၁၀ မိမိ၏ဘိသိက်ခံခြင်းခံရသည့် နောက်လိုက်များဖြစ်သော “သိုးစုငယ်” နှင့် “သိုးခြံ” တစ်ခြံတည်းတွင် မရှိသည့် “အခြားသိုး” အကြာင်းကိုလည်း ယေရှုပြောခဲ့သည်။ (ယော. ၁၀:၁၆; လု. ၁၂:၃၂) ကိုယ်တော် ဤသို့ပြောခဲ့သည်– ‘ထိုသိုးများကို ငါဆောင်ခဲ့ရမည်။ သူတို့လည်း ငါ့စကားသံကို နားထောင်သဖြင့် သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်းဖြစ်ရမည်။’ ဤစကားများ၏ပြည့်စုံချက်ကို မြင်တွေ့ရခြင်းသည် မည်မျှ ယုံကြည်ခြင်းခွန်အား ရရှိစေသည်တကား။ အုပ်စုငယ်ဖြစ်သော ဘိသိက်ပေးခြင်းခံရသူများနှင့် အခြားသိုးအဝင် လူအုပ်ကြီးသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြ၏။ (ဇာခရိ ၈:၂၃ ကိုဖတ်ပါ။) အခြားသိုးများသည် ပုံဆောင်ဝတ်ပြုရာအိမ်တော်၏အတွင်းရင်ပြင်တွင် အမှုမဆောင်ကြသော်လည်း ၎င်းအိမ်တော်၏အပြင်ရင်ပြင်တွင် အမှုဆောင်ကြသည်။

၁၁ သို့သော် တစ်ခါတစ်ရံ ယေဟောဝါသည် အခြားသိုးများကို ပုံတင်ပြရန် ယဇ်ပုရောဟိတ်မဟုတ်သော ရှေးခေတ်အစ္စရေးလူတို့ကို အသုံးပြုသည်ဆိုလျှင် မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် သတိရအောက်မေ့ပွဲအထိမ်းအမှတ်များကို စားသုံးသင့်သလော။ ယခု ကျွန်ုပ်တို့သည် ဤမေးခွန်း၏အဖြေကို သုံးသပ်ကြမည်။

ပဋိညာဉ်သစ်

၁၂။ ဘယ်အစီအစဉ်သစ်ကို ယေဟောဝါ ကြိုဟောခဲ့သလဲ။

၁၂ ယေဟောဝါသည် မိမိလူမျိုးအတွက် အစီအစဉ်သစ်ကို ဤသို့ကြိုဟောခဲ့သည်– ‘နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား ငါယေဟောဝါသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’ (ယေ. ၃၁:၃၁-၃၃) ဤပဋိညာဉ်သစ်အားဖြင့် အာဗြဟံအား ယေဟောဝါပေးခဲ့သော ကတိတော်သည် ခမ်းနားထည်ဝါစွာ ထာ၀ရပြည့်စုံလာရသည်။—ကမ္ဘာဦး ၂၂:၁၈ ကိုဖတ်ပါ။

၁၃၊ ၁၄။ (က) ပဋိညာဉ်သစ်မှာ ပါဝင်သူတွေက ဘယ်သူတွေလဲ။ (ခ) ဘယ်သူတွေ အကျိုးခံစားရကြသလဲ၊ သူတို့က ဘယ်လိုနည်းနဲ့ ဒီပဋိညာဉ်သစ်ကို ‘စွဲလမ်း’ ကြသလဲ။

၁၃ ယေရှုသည် မိမိမသေဆုံးမီညတွင် ဤပဋိညာဉ်သစ်ကို ရည်ညွှန်း၍ ဤသို့ပြောခဲ့သည်– “ဤခွက်ကား သင်တို့အတွက် သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏။” (လု. ၂၂:၂၀; ၁ ကော. ၁၁:၂၅) ခရစ်ယာန်အားလုံး ဤပဋိညာဉ်တရားသစ်တွင် ပါဝင်သလော။ မပါဝင်ပါ။ ထိုညတွင် ထိုခွက်ကို သောက်ခဲ့သည့် တမန်တော်များကဲ့သို့သော အချို့သူများသည် ပဋိညာဉ်သစ်တွင် ပါဝင်ကြသူများဖြစ်သည်။ * ယေရှုသည် မိမိ၏နိုင်ငံတော်တွင် သူတို့နှင့်အတူ အုပ်ချုပ်ရန် သူတို့နှင့် နောက်ထပ်ပဋိညာဉ်တစ်ခုပြုခဲ့သည်။ (လု. ၂၂:၂၈-၃၀) သူတို့သည် ယေရှုနှင့်အတူ ကိုယ်တော်၏နိုင်ငံတော်တွင် အုပ်ချုပ်ကြပါလိမ့်မည်။—လု. ၂၂:၁၅၊ ၁၆

၁၄ ကိုယ်တော်၏နိုင်ငံတော်အောက် မြေကြီးပေါ်တွင်အသက်ရှင်ကြမည့်သူများကော အသို့နည်း။ သူတို့သည် ပဋိညာဉ်သစ်မှ အကျိုးခံစားကြရသူများဖြစ်သည်။ (ဂလ. ၃:၈၊ ၉) သူတို့သည် ပဋိညာဉ်တွင် ပါဝင်ကြသူများ မဟုတ်သော်လည်း ပဋိညာဉ်၏တောင်းဆိုချက်များကို နာခံခြင်းဖြင့် ယင်းကို ‘စွဲလမ်း’ ကြသည်။ ယင်းနှင့်ပတ်သက်၍ ပရောဖက်ဟေရှာယ ဤသို့ကြိုဟောခဲ့သည်– ‘ယေဟောဝါထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကိုချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလို့ငှာ ယေဟောဝါ၌မှီဝဲသော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ကိုလည်းကောင်း ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ ဝမ်းမြောက်စေမည်။’ ထို့နောက် ယေဟောဝါ ဤသို့ဆက်မိန့်တော်မူသည်– “ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။”—ဟေရှာ. ၅၆:၆၊ ၇

မည်သူတို့ စားသုံးသင့်သနည်း

၁၅၊ ၁၆။ (က) တမန်တော်ပေါလုက ပဋိညာဉ်သစ်မှာပါဝင်တဲ့သူတွေကို ဘယ်အခွင့်ထူးနဲ့ ချိတ်ဆက်သလဲ။ (ခ) မြေကြီးမျှော်လင့်ချက်ရှိသူတစ်ဦး ဘာကြောင့် သတိရအောက်မေ့ပွဲ အထိမ်းအမှတ်တွေကို မစားသုံးသင့်သလဲ။

၁၅ ပဋိညာဉ်သစ်တွင် ပါဝင်သူများသည် “အသန့်ရှင်းဆုံးဌာနထဲသို့ဝင်သောလမ်းကို အသုံးပြုရန် ယုံကြည်စိတ်ချမှုရှိကြ၏။” (ဟေဗြဲ ၁၀:၁၅-၂၀ ကိုဖတ်ပါ။) ထိုသူတို့သည် “မလှုပ်နိုင်သောနိုင်ငံကို ရ” မည့်သူများဖြစ်၏။ (ဟေဗြဲ ၁၂:၂၈) ထို့ကြောင့် ယေရှုခရစ်နှင့်အတူ ကောင်းကင်တွင် ယဇ်ပုရောဟိတ်များနှင့် ဘုရင်များအဖြစ် စိုးစံမည့်သူများသာ ပဋိညာဉ်သစ်ကို တင်စားသော “ခွက်” ကိုသောက်သင့်သည်။ ပဋိညာဉ်သစ်တွင် ပါဝင်သော ဤသူတို့သည် သိုးသငယ်နှင့် မင်္ဂလာဆောင်ရန် ကတိပြုထားသူများဖြစ်သည်။ (၂ ကော. ၁၁:၂; ဗျာ. ၂၁:၂၊) နှစ်စဉ်ကျင်းပသော သတိရအောက်မေ့ပွဲတွင် အထိမ်းအမှတ်ကို မစားသုံးသူများဖြစ်သော ကျန်တက်ရောက်သူများအားလုံးသည် လေးစားစွာရှုစားသူများဖြစ်ကြသည်။

၁၆ မြေကြီးမျှော်လင့်ချက်ရှိသူများသည် သတိရအောက်မေ့ပွဲ အထိမ်းအမှတ်များကို မစားသုံးကြောင်း ကျွန်ုပ်တို့နားလည်နိုင်ရန် ပေါလု ကူညီပေးသည်။ သူက ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်များကို ဤသို့ပြောခဲ့သည်– “အကြောင်းမူကား သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သခင်၏အသေခံတော်မူခြင်းကို ကြွလာတော်မူသည်တိုင်အောင် ကြွေးကြော်နေကြခြင်းဖြစ်၏။” (၁ ကော. ၁၁:၂၆) မည်သည့်အချိန်တွင် သခင် “ကြွလာတော်မူ” သနည်း။ ဘိသိက်ပေးခြင်းခံရသော သတို့သမီးအတန်းအစားမှ နောက်ဆုံးတစ်ဦးကို ကောင်းကင်သို့ ကိုယ်တော် ခေါ်ဆောင်မည့်အချိန်တွင်ဖြစ်သည်။ (ယော. ၁၄:၂၊ ၃) ရှင်းနေသည်မှာ သခင့်ညစာစားပွဲကို အဆုံးမရှိ နှစ်စဉ် ဆက်ကျင်းပမည်မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ မိန်းမ၏အမျိုးအနွယ်မှ “ကျန်ကြွင်းသူများ” တစ်ယောက်မကျန် ကောင်းကင်ဆုကျေးဇူး ရရှိသွားသောအခါ သူတို့ ဆက်စားသုံးကြတော့မည် မဟုတ်ချေ။ (ဗျာ. ၁၂:၁၇) အကယ်၍ မြေကြီးပေါ်တွင် ထာ၀စဉ်အသက်ရှင်မည့်သူများပါ အထိမ်းအမှတ်ကို စားသုံးခွင့်ရှိသည်ဆိုလျှင် သတိရအောက်မေ့ပွဲကို ထာ၀စဉ်ဆက်ကျင်းပဖို့ လိုပေလိမ့်မည်။

‘သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်”

၁၇၊ ၁၈။ ယေဇကျေလ ၃၇:၂၆၊ ၂၇ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်က ဘယ်လိုနည်းနဲ့ ပြည့်စုံခဲ့သလဲ။

၁၇ ယေဟောဝါသည် ဤစကားများဖြင့် ကိုယ်တော့်လူမျိုး၏ စည်းလုံးမှုကို ကြိုဟောခဲ့သည်– ‘သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍ ထိုပဋိညာဉ်သည် ထာ၀ရပဋိညာဉ်ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။ ငါ၏ဝတ်ပြုရာအိမ်တော်သည်လည်း သူတို့၌ရှိ၍ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’—ယေဇ. ၃၇:၂၆၊ ၂၇

၁၈ ဘုရားသခင့်လူမျိုးအားလုံးသည် ဤအံ့ချီးဖွယ် ကတိတော်ဖြစ်သော ငြိမ်သက်ခြင်းပဋိညာဉ် ပြည့်စုံချက်မှ အကျိုးခံစားနိုင်သည့် အခွင့်အရေးရရှိကြသည်။ မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏နာခံမှုရှိသော ကျေးကျွန်အားလုံး ငြိမ်သက်ခြင်းရရှိမည်ဟု အာမခံတော်မူသည်။ သူတို့အလယ်တွင် စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများ ထင်ရှားလျက်ရှိသည်။ ဤတွင် ခရစ်ယာန်ဝတ်ပြုမှု၏စင်ကြယ်ခြင်းကို ပုံတင်ပြသော ကိုယ်တော်၏သန့်ရှင်းရာဌာနသည် သူတို့အလယ်တွင် တည်ရှိသည်။ သူတို့သည် အရုပ်ကိုးကွယ်မှုပုံစံအားလုံးကို စွန့်ကာ ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်ဝတ်ပြုခြင်းဖြင့် ကိုယ်တော်၏လူဖြစ်လာကြသည်။

၁၉၊ ၂၀။ “ငါ၏လူ” လို့ယေဟောဝါခေါ်တဲ့ သူတွေထဲမှာ ဘယ်သူတွေ ပါဝင်သလဲ၊ ပဋိညာဉ်သစ်က ဘာတွေကို ဖြစ်မြောက်စေသလဲ။

၁၉ ကျွန်ုပ်တို့အချိန်တွင် ဤစည်းလုံးသော အုပ်စုနှစ်စုကို မြင်တွေ့ရခြင်းသည် စိတ်လှုပ်ရှားစရာပါတကား။ မကြုံစဖူးတိုးပွားလျက်ရှိသော လူအုပ်ကြီးသည် ကောင်းကင်မျှော်လင့်ချက်မရှိသော်လည်း ကောင်းကင်မျှော်လင့်ချက်ရှိသူများနှင့် ပူးပေါင်းခွင့်ရသည့်အတွက် ဂုဏ်ယူကြသည်။ သူတို့သည် ဘုရားသခင်၏အစ္စရေးလူမျိုးနှင့် ပူးပေါင်းကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် “ငါ၏လူ” ဟု ယေဟောဝါခေါ်ဆိုသောသူများအဝင် ဖြစ်ကြသည်။ သူတို့အလယ်တွင် ဤပရောဖက်ပြုချက် ပြည့်စုံခြင်းကို ကျွန်ုပ်တို့ မြင်တွေ့ရသည်– ‘ထိုကာလ၌ လူမျိုးအများတို့သည် ယေဟောဝါဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။’—ဇာ. ၂:၁၁; ၈:၂၁; ဟေရှာယ ၆၅:၂၂; ဗျာ. ၂၁:၃၊ ၄ တို့ကိုဖတ်ပါ။

၂၀ ပဋိညာဉ်သစ်အားဖြင့် ယေဟောဝါသည် ဤအရာအားလုံးကို ဖြစ်မြောက်စေသည်။ နိုင်ငံအသီးသီးမှသန်းနှင့်ချီသောသူများသည် ယေဟောဝါ၏မျက်နှာသာရလူမျိုးအဝင် ဖြစ်လာကြသည်။ (မိ. ၄:၁-၅) သူတို့သည် ပဋိညာဉ်၏ ပြင်ဆင်ပေးချက်များကို လက်ခံခြင်း၊ ယင်း၏တောင်းဆိုချက်များကို လိုက်နာခြင်းဖြင့် ပဋိညာဉ်ကို ဆက်၍ စွဲလမ်းကြရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (ဟေရှာ. ၅၆:၆၊ ၇) ယင်းသို့ပြုလုပ်ခြင်းဖြင့် ဘုရားသခင်၏အစ္စရေးလူမျိုးနှင့်အတူ ငြိမ်သက်ခြင်းမပြတ်ခံစားရသည့် ကြွယ်၀သောကောင်းချီးများတွင် မွေ့လျော်ကြသည်။ ယခုတွင်ရော လာမည့်အချိန်တွင်ပါ ဤကောင်းချီးများကို သင် ဆက်ခံစားနိုင်ပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ထိုနည်းတူ “အသင်းတော်” ဟူသည် ဘိသိက်ပေးတော်မူခြင်းခံရသူများကို အဓိကဆိုလိုသည်။ (ဟေဗြဲ ၁၂:၂၃) သို့သော် “အသင်းတော်” ဟူသောစကားလုံးသည် မည်သည့်မျှော်လင့်ချက်ပင်ရှိပါစေ အခြားသောအဓိပ္ပာယ်ဖြင့် ခရစ်ယာန်အားလုံးကို ရည်ညွှန်းနိုင်သည်။—ကင်းမျှော်စင်၊ ဧပြီ ၁၅၊ ၂၀၀၇၊ စာမျက်နှာ ၂၁-၂၃ ကိုကြည့်ပါ။

^ အပိုဒ်၊ 13 ယေရှုသည် ပဋိညာဉ်၏ ဖျန်ဖြေသူဖြစ်သည်၊ ယင်းတွင် ပါဝင်သူမဟုတ်ပါ။ ဖျန်ဖြေသူအနေနှင့် သူသည် အထိမ်းအမှတ်များကို မစားသုံးသည်မှာ ထင်ရှားသည်။

သင်မှတ်မိသလော

• ၁၄၄,၀၀၀ တရားစီရင်မယ့် “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်မျိုး” က ဘယ်သူတွေလဲ။

• ပဋိညာဉ်သစ်မှာ ဘိသိက်ပေးခံရသူတွေနဲ့ အခြားသိုးတွေရဲ့ ဆက်နွှယ်မှု ဘယ်လိုရှိသလဲ။

• ခရစ်ယာန်အားလုံး သတိရအောက်မေ့ပွဲ အထိမ်းအမှတ်ကို စားသုံးသင့်သလား။

• ကျွန်ုပ်တို့ခေတ်ရဲ့ ဘယ်စည်းလုံးမှုကို ကြိုဟောခဲ့သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ယခု လူများစွာက ဘုရားသခင်ရဲ့အစ္စရေးလူမျိုးနဲ့အတူ အမှုဆောင်နေကြ

၇,၃၁၃,၁၇၃

၄,၀၁၇,၂၁၃

၁,၄၈၃,၄၃၀

၃၇၃,၄၃၀

၁၉၅၀ ၁၉၇၀ ၁၉၉၀ ၂၀၀၉