မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်သူနှင့် အဘယ်အရာ၏နာမ၌ နှစ်ခြင်းခံသနည်း

အဘယ်သူနှင့် အဘယ်အရာ၏နာမ၌ နှစ်ခြင်းခံသနည်း

အဘယ်သူနှင့် အဘယ်အရာ၏နာမ၌ နှစ်ခြင်းခံသနည်း

“ထို့ကြောင့် သွား၍ . . . ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော။”—မ. ၂၈:၁၉

၁၊ ၂။ (က) စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မှာ ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) လူအုပ်ထဲက လူများစွာက ဘာကြောင့် နှစ်ခြင်းခံဖို့ လှုံ့ဆော်ခံခဲ့ကြရသလဲ။

ဂျေရုဆလင်မြို့သည် အနယ်နယ် အရပ်ရပ်မှလူများဖြင့် စည်ကားလျက်ရှိသည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အရေးပါသောပွဲတော်ကျင်းပလျက်ရှိပြီး ဧည့်သည်များမှာ ပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသည်။ သို့သော် ထူးခြားသောအဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်၊ ယင်းနောက် တမန်တော်ပေတရုက စိတ်လှုပ်ရှားစရာဟောပြောချက်ပေးခဲ့ရာ ထူးထူးခြားခြား အကျိုးသက်ရောက်ခဲ့သည်။ ဂျူးနှင့် ဂျုးဘာသာသို့ပြောင်းဝင်လာသူ ၃,၀၀၀ ခန့်သည် သူ့စကားများကြောင့် စိတ်ထိမိခဲ့ပြီး နောင်တရကာ ရေတွင် နှစ်ခြင်းခံခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် အသစ်ဖွဲ့စည်းထားသော ခရစ်ယာန်အသင်းတော်တွင် ပါဝင်လာကြသည်။ (တ. ၂:၄၁) ဂျေရုဆလင်မြို့ဝန်းကျင်ရှိ ရေကန်များတွင် လူများစွာ နှစ်ခြင်းခံနေကြရာ ရုတ်ရုတ်သဲသဲဖြစ်နေမည်ဖြစ်သည်။

အဘယ်ကြောင့် လူများစွာ နှစ်ခြင်းခံကြသနည်း။ ထိုနေ့အစောပိုင်းတွင် “လေပြင်းတိုက်သံနှင့်တူသောအသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်လာ” သည်။ အိမ်တစ်အိမ်၏အထက်ခန်းတွင် ယေရှု၏တပည့် ၁၂၀ ခန့်သည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ပြည့်ခဲ့ကြသည်။ ထို့နောက် ဘာသာတရားကြည်ညိုသော ယောက်ျားမိန်းမတို့သည် စုရုံးကာ တပည့်များ “အမျိုးမျိုးသောဘာသာစကားများဖြင့် ပြောဆိုကြ” သည်ကို အာရုံစိုက်နားထောင်ခဲ့ကြသည်။ ယေရှု၏သေခြင်းအကြောင်း အကျဉ်းချုပ်ပါဝင်သော ပေတရု၏ဟောပြောချက်ကို နားထောင်ပြီးနောက် လူများစွာသည် “စိတ်နှလုံးပူပန်” ခဲ့ကြသည်။ သူတို့ ဘာလုပ်သင့်သနည်း။ ပေတရု ဤသို့ဖြေဆိုခဲ့သည်– “နောင်တရကြလော့။ . . . ယေရှုခရစ်၏နာမ၌ လူတိုင်းနှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောစွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။”—တ. ၂:၁-၄၊ ၃၆-၃၈

၃။ ပင်တေကုတ္တေပွဲနေ့မှာ နောင်တရတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာဝင်ကိုပြောင်းဝင်လာတဲ့သူတွေဟာ ဘာလုပ်ဖို့လိုသလဲ။

ပေတရုဟောပြောရာကို ကြားခဲ့ရသော ဂျူးများနှင့် ဂျုးဘာသာသို့ပြောင်းဝင်လာသူများ၏ ဘာသာရေးအခြေအနေကို စဉ်းစားကြည့်ပါ။ သူတို့သည် ယေဟောဝါကို သူတို့၏ဘုရားသခင်အဖြစ် လက်ခံထားပြီးဖြစ်သည်။ ဖန်ဆင်းရာကာလအတွင်းနှင့် ပြီးနောက်တွင် အသုံးပြုခဲ့သည့် ဘုရားသခင်၏ တက်ကြွလှုပ်ရှားသော စွမ်းအားဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်အကြောင်းကို ဟေဗြဲကျမ်းစောင်များမှ သူတို့သိခဲ့ကြသည်။ (က. ၁:၂; သူကြီး. ၁၄:၅၊ ၆; ၁ ရာ. ၁၀:၆; ဆာ. ၃၃:၆) သို့သော် သူတို့တွင် ယင်းထက်မက လိုအပ်ခဲ့သည်။ မေရှိယဖြစ်သော ယေရှုကို ဘုရားသခင့်ကယ်တင်ရာနည်းလမ်းအဖြစ် နားလည်ပြီး လက်ခံခြင်းသည် သူတို့အတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် ပေတရုက သူတို့၏လိုအပ်ချက်ဖြစ်သည့် ‘ယေရှုခရစ်၏ နာမ၌နှစ်ခြင်းခံ’ ခြင်းကို အလေးပေးဖော်ပြခဲ့သည်။ ရက်အနည်းငယ်မတိုင်မီက ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုသည် လူများကို “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌” နှစ်ခြင်းပေးရန် ပေတရုနှင့် အခြားသူများအား မိန့်မှာခဲ့သည်။ (မ.၂၈:၁၉၊ ၂၀) ယင်းမိန့်မှာချက်တွင် ပထမရာစုအတွက်ရော၊ ယနေ့အချိန်အတွက်ပါ လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ ယင်းမှာ အဘယ်နည်း။

ခမည်းတော်၏ နာမ၌

၄။ ယေဟောဝါနဲ့ ဆက်ဆံရေးရှိတဲ့လူမျိုးမှာ ဘယ်ပြောင်းလဲမှု ဖြစ်ခဲ့သလဲ။

သိရှိခဲ့ပြီးဖြစ်သည့်အတိုင်း ပေတရု၏ဟောပြောချက်ကိုတုံ့ပြန်ခဲ့သူများသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများဖြစ်ပြီး ယခင်ကတည်းက ကိုယ်တော်နှင့် ဆက်ဆံရေးရှိခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏ပညတ်များကို လိုက်လျှောက်ရန် ကြိုးစားနေသူများဖြစ်ကြသည်၊ ထို့ကြောင့်ပင် အခြားတိုင်းပြည်မှ ဂျေရုဆလင်မြို့သို့လာရခြင်းဖြစ်သည်။ (တ. ၂:၅-၁၁) သို့သော် ဘုရားသခင်သည် လူသားများနှင့်ဆက်ဆံရာတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ကိုယ်တော်သည် ဂျူးလူမျိုးများကို ကိုယ်တော်၏အထူးပိုင်ဆိုင်ရာလူမျိုးအဖြစ်မှ ငြင်းပယ်ခဲ့ပြီးဖြစ်ရာ သူတို့သည် ပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ကိုယ်တော်၏မျက်နှာသာ မရနိုင်တော့ချေ။ (မ. ၂၁:၄၃; ကော.၂:၁၄) နားထောင်နေသူများသည် ယေဟောဝါနှင့် ဆက်၍ဆက်ဆံရေးရှိလိုလျှင် သူတို့သည် အခြားအရာတစ်ခုကို ပြုလုပ်ဖို့လိုသည်။

၅၊ ၆။ ပထမရာစု ဂျူးတွေနဲ့ ဂျူးဘာသာကိုပြောင်းဝင်လာသူတွေက ဘုရားသခင်နဲ့ဆက်ဆံရေးရှိဖို့ ဘာလုပ်ခဲ့ကြသလဲ။

သူတို့၏ အသက်ပေးရှင်ဖြစ်သော ယေဟောဝါအား ကျောခိုင်းသွားရန်မဟုတ်သည်မှာ သေချာပါသည်။ (တ. ၄:၂၄) မှန်ပါသည်၊ ပေတရု၏ရှင်းပြချက်ကို တုံ့ပြန်သူတို့သည် ယေဟောဝါကို ကောင်းမြတ်သောဖခင်တစ်ဦးအဖြစ် ယခင်ကထက်ပို၍ သိမြင်နိုင်ပေလိမ့်မည်။ “သင်တို့ သစ်တိုင်ပေါ်တင်ခဲ့သော ထိုယေရှုကို ဘုရားသခင်သည် သခင်အရာ၊ ခရစ်တော်အရာ၌ ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးသားလုံး အမှန်သိမှတ်ကြပါစေ” ဟု ပေတရု ပြောဆိုခဲ့သူများကိုပင် ကယ်လွှတ်ရန် ကိုယ်တော်သည် မေရှိယကိုစေလွှတ်ခြင်းဖြင့် ခွင့်လွှတ်ရန် တလိုတလားရှိခဲ့သည်။ ပေတရု၏စကားများကို လိုက်လျှောက်သူများသည် ယခုတွင် ဘုရားသခင်နှင့် ဆက်ဆံရေးရှိလိုသူအားလုံးအတွက် ခမည်းတော်ပြုလုပ်ပေးခဲ့ရာများအပေါ် အမှန်တကယ် သာ၍ကျေးဇူးတင်လေးမြတ်လာကြပေမည်။—တမန်တော် ၂:၃၀-၃၆ ကိုဖတ်ပါ။

ယေဟောဝါနှင့်ဆက်ဆံရေးရှိခြင်းတွင် ယေရှုအားဖြင့် ကယ်တင်ခြင်းကို ပြင်ဆင်ပေးရှင်အဖြစ် ကိုယ်တော့်ကို အသိအမှတ်ပြုခြင်းပါဝင်ကြောင်း ထိုဂျူးများနှင့် ဂျူးဘာသာသို့ပြောင်းဝင်လာသူများ ယခု နားလည်နိုင်ကြသည်။ ယေရှုကိုသတ်ရာတွင် သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ သူတို့ကျူးလွန်ခဲ့သောအပြစ်များမှ အဘယ်ကြောင့်နောင်တယူရသည်ကို သင်နားလည်နိုင်ပါသည်။ ထို့ပြင် ထိုနေ့နောက်ပိုင်းရက်များတွင်လည်း ‘သူတို့သည် တမန်တော်တို့၏ သွန်သင်ချက်ကိုခံယူခြင်း မပြတ်ပြုကြ’ ကြောင်းကို သဘောပေါက်နားလည်နိုင်ကြသည်။ (တ. ၂:၄၂) သူတို့သည် “လွတ်လပ်စွာပြောဆိုခွင့်နှင့်တကွ မဟာကရုဏာတော်ပလ္လင်သို့ ချဉ်းကပ်ကြ” ရန် အလိုရှိခဲ့ကြပြီး ချဉ်းကပ်နိုင်ခဲ့ကြသည်။—ဟေဗြဲ ၄:၁၆

၇။ ယနေ့ လူများစွာက ဘုရားသခင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်ကို ဘယ်လိုပြောင်းလဲခဲ့ကြပြီး ခမည်းတော်၏နာမ၌ နှစ်ခြင်းခံခဲ့ကြသလဲ။

ယနေ့ နောက်ခံအမျိုးမျိုးမှ သန်းပေါင်းများစွာသောသူတို့သည် သမ္မာကျမ်းစာမှ ယေဟောဝါနှင့်ပတ်သက်သော အမှန်တရားအကြောင်းကို သင်ယူခဲ့ကြသည်။ (ဟေရှာ. ၂:၂၊ ၃) အချို့မှာ ဘုရားသခင်မဲ့ဝါဒီ သို့မဟုတ် အကျင့်သီလပဓာနဝါဒီများ * ဖြစ်ခဲ့ကြသော်လည်း ဖန်ဆင်းရှင်တစ်ပါးရှိပြီး ကိုယ်တော်နှင့် အဓိပ္ပာယ်ပြည့်ဝသော ဆက်ဆံရေးကိုရရှိနိုင်ကြောင်း သူတို့ အခိုင်အမာယုံကြည်လာကြသည်။ အခြားသူများသည် သုံးပါးပေါင်းတစ်ဆူဘုရားသခင် သို့မဟုတ် အမျိုးမျိုးသောဘုရားသခင်များကို ကိုးကွယ်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါတစ်ပါးတည်းသာ အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သိရှိလာပြီး ယခုတွင် ကိုယ်တော့်ကို ကိုယ်ပိုင်နာမတော်ဖြင့် ခေါ်ဆိုခဲ့ကြသည်။ ယင်းအချက်က ကိုယ်တော်၏တပည့်တော်များကို ယေရှုပြောခဲ့သော ခမည်းတော်၏နာမ၌ နှစ်ခြင်းခံသင့်သည်ဟူသောအချက်နှင့် ကိုက်ညီသည်။

၈။ အာဒံထံကနေ အမွေရရှိထားတဲ့ အပြစ်အကြောင်း မသိတဲ့သူတွေက ခမည်းတော်နဲ့ပတ်သက်ပြီး ဘယ်အချက်ကို သိဖို့လိုသလဲ။

သူတို့သည် အာဒံထံမှ အပြစ်ကို အမွေခံထားရကြောင်းကိုလည်း သိရှိခဲ့ကြသည်။ (ရော. ၅:၁၂) ဤအချက်သည် အမှန်တရားအဖြစ် သူတို့လက်ခံရမည့် အသစ်သောအကြောင်းအရာ ဖြစ်သည်။ ထိုသူတို့ကို မိမိဖျားနာနေသော်လည်း ဖျားနာကြောင်းသတိမပြုမိသည့် လူနာတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ သူသည် ရံဖန်ရံခါ နာကျင်ကိုက်ခဲခြင်းကဲ့သို့သော ရောဂါလက္ခဏာအချို့ကို ခံစားရပေမည်။ သို့သော် သူ့တွင် အဘယ်ရောဂါရှိနေကြောင်း အတိအကျမသိဘဲ မိမိကိုယ်ကို ကျန်းမာရေးကောင်းသည်ဟု ယူဆပေမည်။ သို့တိုင် လက္ခဏာများက ရောဂါရှိကြောင်း ထင်ရှားဖော်ပြသည်။ (၁ ကောရိန္သု ၄:၄ နှင့်နှိုင်းယှဉ်ပါ။) အကယ်၍ သူ၏အဖျားအနာနှင့်ပတ်သက်၍ တိကျသောရောဂါအမည်ကို သိရှိရပါက အသို့နည်း။ လူသိများပြီး ပျောက်ကင်းနိုင်သော၊ ထိရောက်သော ကုသနည်းကို ရှာဖွေ၊ လက်ခံခြင်းသည် ပညာရှိရာရောက်သည် မဟုတ်လော။ အလားတူပင် အမွေရရှိထားသော အပြစ်တရားနှင့်ပတ်သက်၍ သင်ယူသိရှိလာသောအခါ များစွာသောသူတို့သည် သမ္မာကျမ်းစာက ဖော်ပြပေးသော “ရောဂါအမည်” ကို လက်ခံခဲ့ကြပြီး ဘုရားသခင် “ကုသ” ပေးနေကြောင်း နားလည်လာကြသည်။ ခမည်းတော်နှင့်စိမ်းကားနေသော လူသားအားလုံးသည် မိမိတို့ကို “ကုသ” ပေးနိုင်သောအရှင်ထံ ပြန်လှည့်လာဖို့လိုသည်။—ဧ. ၄:၁၇-၁၉

၉။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ဆက်ဆံရေးရရှိနိုင်ဖို့ ကိုယ်တော် ဘယ်အရာလုပ်ဆောင်ခဲ့သလဲ။

သင်သည် သင်၏အသက်တာကို ယေဟောဝါဘုရားသခင်ထံ အပ်နှံနှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ဦးဖြစ်မည်ဆိုလျှင် ကိုယ်တော်နှင့်ဆက်ဆံရေးရှိခြင်းသည် အလွန်ကောင်းသောအရာဖြစ်ကြောင်း သင်သိထားပေမည်။ သင်၏ခမည်းတော် ယေဟောဝါသည် အလွန်မေတ္တာပြည့်ဝကြောင်း ယခု သင် နားလည်သဘောပေါက်နိုင်ပါသည်။ (ရောမ ၅:၈ ကိုဖတ်ပါ။) အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကို ဆန့်ကျင်၍အပြစ်ပြုခဲ့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အပါအဝင် သူတို့၏သားစဉ်မြေးဆက်များ ကိုယ်တော်နှင့်ကောင်းသောဆက်ဆံရေး ရရှိနိုင်ရန် အစပြုလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်သည် မိမိ၏သားတော် နာကျင်စွာခံစားပြီး အသေခံရသည်ကို မြင်တွေ့ရခြင်းဖြင့် စိတ်နာကျင်မှု ခံစားခဲ့ရသည်။ ယင်းသို့သိထားခြင်းက ဘုရားသခင်၏ အခွင့်အာဏာကို အသိအမှတ်ပြုပြီး ကိုယ်တော်၏ပညတ်များကို မေတ္တာဖြင့်နာခံဖို့ ဖြစ်စေသည်မဟုတ်လော။ အကယ်၍ သင်ထိုသို့မပြုလုပ်ရသေးပါက ဘုရားသခင်ထံ သင့်ကိုယ်သင် အပ်နှံပြီးနှစ်ခြင်းခံရန် အကြောင်းကောင်းများစွာရှိပါသည်။

သားတော်၏နာမ၌

၁၀၊ ၁၁။ (က) ယေရှုနဲ့ပတ်သက်ပြီး သင့်မှာ ဘာတာဝန်ရှိသလဲ။ (ခ) ရွေးနုတ်ဖိုးအဖြစ် ယေရှုအသေခံခြင်းနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၀ ပေတရု လူအုပ်ကိုပြောခဲ့သော စကားများကို ပြန်စဉ်းစားကြည့်ပါ။ ယေရှုကိုလက်ခံခြင်းသည် “သားတော် . . . ၏နာမ၌” နှစ်ခြင်းခံခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း သူ အလေးပေးဖော်ပြခဲ့သည်။ ယင်းအချက်သည် ထိုအချိန်တွင် အဘယ်ကြောင့်အရေးကြီးခဲ့သနည်း၊ ယခုအချိန်တွင် အဘယ်ကြောင့် အရေးကြီးသနည်း။ ယေရှုကို လက်ခံခြင်းနှင့် ကိုယ်တော်၏နာမ၌ နှစ်ခြင်းခံခြင်းသည် ဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် ကိုယ်တော်၏အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းပါဝင်သည်။ ယေရှုသည် ဂျူးများထံမှ ပညတ်တရား၏ကျိန်ခြင်းကို ဖယ်ရှားရန်အလို့ငှာ ညှဉ်းဆဲရာသစ်တိုင်ပေါ်တွင် ဆွဲထားခြင်း ခံခဲ့ရသည်၊ သို့သော် ကိုယ်တော်၏ အသေခံခြင်းသည် ကြီးစွာသောအကျိုးဖြစ်ထွန်းခဲ့သည်။ (ဂလ. ၃:၁၃) လူသားအားလုံးလိုအပ်ခဲ့သော ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ကိုယ်တော်ပေးခဲ့သည်။ (ဧ.၂:၁၅၊ ၁၆; ကော. ၁:၂၀; ၁ ယော. ၂:၁၊ ၂) ယင်းကိုပြီးမြောက်စေရန် ယေရှုသည် မတရားမှု၊ ပုတ်ခတ်ဝေဖန်မှု၊ ညှဉ်းဆဲမှုနှင့် အဆုံးတွင် သေသည်အထိ ခံရပ်ခဲ့ရသည်။ ကိုယ်တော်၏ စွန့်လွှတ်အနစ်နာခံမှုကို သင်မည်မျှ ကျေးဇူးတင်လေးမြတ်ပါသနည်း။ သင်သည် ၁၉၁၂ ခုနှစ်က မျောနေသောရေခဲတောင်နှင့် တိုက်မိ၍ နစ်မြုပ်ခဲ့သည့် တိုက်တဲန်းနစ်သင်္ဘောဖြင့် ခရီးသွားနေသည့် ၁၂ နှစ်သားအရွယ် ကလေးတစ်ဦးဖြစ်သည်ဟု မြင်ယောင်ကြည့်ပါ။ သင်သည် အသက်ကယ်လှေပေါ်တက်ရန် ကြိုးစားသော်လည်း လူပြည့်နေပြီဖြစ်သည်။ ထိုအချိန်တွင် လူတစ်ဦးသည် သူ၏ဇနီးကို နှုတ်ဆက်လိုက်ပြီး ကုန်းပတ်ပေါ်ခုန်တက်လာကာ သင့်အား အသက်ကယ်လှေပေါ် တင်ပေးလိုက်သည်။ သင်မည်သို့ ခံစားရမည်နည်း။ သင်သည် ထိုသူအား အမှန်ကျေးဇူးတင်မည်မှာ သေချာပါသည်။ ထိုကဲ့သို့သော အဖြစ်မှန်နှင့်ကြုံခဲ့ရသည့် ယောက်ျားလေးတစ်ဦး မည်သို့ခံစားရသည်ကို သင်နားလည်နိုင်ပါသည်။ * သို့သော် ယေရှုသည် သင့်အတွက် ထိုထက်မကပြုလုပ်ပေးခဲ့သည်။ ကိုယ်တော်၏ အသေခံမှုသည် သင့်အား အဆုံးမဲ့အသက်တာကို ရရှိစေနိုင်သည်။

၁၁ ဘုရားသခင်၏သားတော် သင့်အတွက်ပြုလုပ်ပေးခဲ့ရာများကို သိရှိလာခြင်းမှ သင် မည်သို့ခံစားခဲ့ရသနည်း။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) သင် အလွန့်အလွန် ကျေးဇူးတင်မည်ဖြစ်သည်။ ယင်းက ဘုရားသခင်ထံ သင်၏အသက်တာကို အပ်နှံရန်နှင့် ‘မိမိအလိုအတိုင်း အသက်မရှင်တော့ဘဲ အသေခံပေးသွားသောသူအတွက် အသက်ရှင်ရန်’ လှုံ့ဆော်ရာတွင် ကူညီပေးသည်။ သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းဟူသည် သင့်အတွက် ယေရှုပြုလုပ်ပေးခဲ့ရာများကို အသိအမှတ်ပြုခြင်းနှင့် “အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်” အဖြစ် ကိုယ်တော်၏အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။ (တ. ၃:၁၅; ၅:၃၁) ယခင်က သင်သည် ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးမရှိခဲ့သဖြင့် အမှန်တကယ် ခိုင်လုံခြေမြစ်သော မျှော်လင့်ချက် မရှိခဲ့ချေ။ သို့သော် ယေရှုခရစ်သွန်းလောင်းခဲ့သော အသွေးတော်ကို ယုံကြည်ကြောင်းတင်ပြပြီး နှစ်ခြင်းခံခြင်းအားဖြင့် ယခုအချိန်တွင် ခမည်းတော်နှင့် ဆက်ဆံရေးရရှိထားသည်။ (ဧ. ၂:၁၂၊ ၁၃) တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သင်တို့သည် တစ်ချိန်က ဆိုးညစ်သောအမှုများကို စိတ်စွဲလမ်းသောကြောင့် ဘုရားသခင်နှင့် ကင်းကွာလျက် ကိုယ်တော်၏ ရန်သူများဖြစ်ခဲ့ကြ၏။ [ယေရှု] သည် သင်တို့ကို ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အစွန်းအထင်းမဲ့လျက် . . . ဆက်သနိုင်ရန် လူ့ခန္ဓာကိုယ်၌ အသေခံတော်မူခြင်းအားဖြင့် ယခု ဘုရားသခင်သည် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။”—ကော. ၁:၂၁၊ ၂၂

၁၂၊ ၁၃။ (က) အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို ပြစ်မှားမိတယ်ဆိုရင် သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းက သင့်ရဲ့တုံ့ပြန်ပုံအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ခ) ယေရှုရဲ့နာမမှာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်အနေနဲ့ သင့်မှာ ဘာတာဝန်တွေရှိသလဲ။

၁၂ သင်သည် သားတော်၏နာမ၌ နှစ်ခြင်းခံပြီးဖြစ်သော်လည်း သင်ကိုယ်တိုင်၏ အပြစ်ပြုလိုသည့်သဘောထားများကို သတိပြုမိပေမည်။ ထိုကဲ့သို့ သတိပြုမိခြင်းသည် နေ့ရက်တိုင်းအတွက် အထောက်အကူ ဖြစ်စေသည်။ ဥပမာ၊ တစ်စုံတစ်ယောက်က သင့်အား ပြစ်မှားပါက သင်တို့နှစ်ဦးစလုံးသည် အပြစ်သားများဖြစ်ကြကြောင်း သိမှတ်ပါသလော။ သင်တို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ခွင့်လွှတ်မှု လိုအပ်သောကြောင့် သင်တို့နှစ်ဦးစလုံး ခွင့်လွှတ်သင့်သည်။ (မာ. ၁၁:၂၅) ဤလိုအပ်ချက်ကို အလေးပေးဖော်ပြရန် ယေရှု ဥပမာ တစ်ခုပေးခဲ့သည်– ကျွန်တစ်ဦး၏သခင်သည် ကျွန်၏အကြွေး တဲလင့် တစ်သောင်း (ဒေနာရိ သန်း ၆၀) ကို လျှော်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုကျွန်သည် သူ၏ကျွန်ချင်းထံမှ သူရရန်ရှိသော ဒေနာရိ ၁၀၀ ကို လျှော်ပစ်မည့်အစား တောင်းခဲ့သည်။ ထို့နောက် ယေရှု ဤအချက်ကို ထောက်ပြခဲ့သည်– မိမိ၏ညီအစ်ကိုချင်းကို ခွင့်မလွှတ်သူအား ယေဟောဝါ ခွင့်လွှတ်တော်မူမည်မဟုတ်ချေ။ (မ. ၁၈:၂၃-၃၅) မှန်ပါသည်၊ သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းဟူသည် ယေရှု၏အခွင့်အာဏာကို အသိအမှတ်ပြုခြင်းနှင့် ကိုယ်တော်၏ပုံသက်သေနှင့် သွန်သင်ရာများကို လိုက်လျှောက်ရန် ကြိုးစားခြင်း၊ ယင်းတွင် အခြားသူများကို ခွင့်လွှတ်ရန် တလိုတလားရှိခြင်းတို့ပါဝင်သည်။—၁ ပေ. ၂:၂၁; ၁ ယော. ၂:၆

၁၃ သင်သည် မစုံလင်သောကြောင့် ယေရှုကို အပြည့်အဝတုပနိုင်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဘုရားသခင်ထံ သင့်နှလုံးအကြွင်းမဲ့ အပ်နှံခြင်းနှင့်အညီ သင့်အစွမ်းရှိသမျှဖြင့် ယေရှုကို တုပလိုပေမည်။ ဤတွင် ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို မပြတ်ယူတင်ဝတ်ဆောင်ခြင်း ပါဝင်သည်။ (ဧဖက် ၄:၂၀-၂၄ ကိုဖတ်ပါ။) သင်သည် မိတ်ဆွေတစ်ဦးကို ရိုသေလေးစားသောအခါ သူ၏ပုံသက်သေကောင်းနှင့် အရည်အသွေးကောင်းများမှ သင်ယူရန်ကြိုးစားပေမည်။ အလားတူပင် သင်သည် ခရစ်တော်ထံမှ သင်ယူပြီး ကိုယ်တော့်အား တုပလိုပေမည်။

၁၄။ ကောင်းကင်ဘုရင်အဖြစ် ယေရှုရဲ့အခွင့်အာဏာကို သင် အသိအမှတ်ပြုကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၄ သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းတွင် အဘယ်အရာပါဝင်သည်ကို သင်နားလည်သဘောပေါက်ကြောင်း ပြသနိုင်သည့် အခြားနည်းတစ်နည်းရှိသည်။ ဘုရားသခင်သည် “အရာခပ်သိမ်းကို ခရစ်တော်၏ ခြေအောက်တွင် ချထားပြီး အသင်းတော်အတွက် ကိုယ်တော်အား အရာခပ်သိမ်းအပေါ် ဦးခေါင်းဖြစ်စေတော်မူ၏။” (ဧ. ၁:၂၂) ထို့ကြောင့် ယေဟောဝါထံအပ်နှံထားသူများအား ယေရှုလမ်းညွှန်သည့်နည်းကို သင်လေးစားဖို့လိုသည်။ ခရစ်တော်သည် ဒေသခံအသင်းတော်တွင် ရင့်ကျက်သည့် အသက်ကြီးသူများ၊ ခန့်အပ်ခံ အကြီးအကဲများဖြစ်သည့် မစုံလင်သောလူသားများကို အသုံးပြုနေသည်။ ထိုကဲ့သို့သောသူများကို ခန့်အပ်ထားခြင်းမှာ “သန့်ရှင်းသူတို့ကို ပြန်တည့်မတ်ပေးရန်၊ . . . ခရစ်တော်၏ ခန္ဓာကိုယ်ကို တည်ဆောက်ပေးရန်ဖြစ်၏။” (ဧ. ၄:၁၁၊ ၁၂) အကယ်၍ မစုံလင်သူတစ်ဦး အမှားပြုမိမည်ဆိုလျှင် ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဘုရင်အဖြစ် ကိစ္စရပ်များကို မိမိ၏အချိန်၊ မိမိနည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်။ ယင်းကို သင် ယုံကြည်ပါသလော။

၁၅။ အကယ်၍ သင်နှစ်ခြင်းခံတော့မယ်ဆိုရင် နှစ်ခြင်းခံပြီးတဲ့နောက် ဘယ်ကောင်းချီးတွေကို သင်မျှော်လင့်နိုင်သလဲ။

၁၅ အချို့သူတို့မှာ ယခုအထိ ယေဟောဝါထံ မိမိတို့ကိုယ်ကို အပ်နှံကာ နှစ်ခြင်းမခံရသေးချေ။ အကယ်၍ သင်လည်းထိုသို့မပြုရသေးပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း သားတော်ကို အသိအမှတ်ပြုခြင်းသည် ကျိုးကြောင်းညီညွတ်ကြောင်းနှင့် သင်၏ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြခြင်းဖြစ်ကြောင်း သိမြင်ပါသလော။ သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းသည် သင့်အား ထူးမြတ်သောကောင်းချီးများစွာကို ရရှိစေပါလိမ့်မည်။—ယောဟန် ၁၀:၉-၁၁ ကိုဖတ်ပါ။

သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌

၁၆၊ ၁၇။ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌ နှစ်ခြင်းခံခြင်းဆိုတာ သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၆ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌နှစ်ခြင်းခံခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ပင်တေကုတ္တေပွဲနေ့တွင် ပေတရု၏စကားကို ကြားနာသူများသည် သန့်ရှင်းသောစွမ်းအားတော်ကို သတိပြုမိခဲ့ကြသည်။ ဘုရားသခင်သည် သန့်ရှင်းသောစွမ်းအားတော်ကို မပြတ်အသုံးပြုသည်ကို သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ခဲ့ကြသည်။ ‘သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်လျက် အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုကြ’ သူများထဲတွင် ပေတရုသည် တစ်ဦးအပါအဝင်ဖြစ်၏။ (တ. ၂:၄၊) “နာမ၌” ဟူသော ဖော်ပြချက်က ပုဂ္ဂိုလ်တစ်ဦး၏နာမကို ရည်ညွှန်းနေသည့်သဘော မသက်ရောက်ပါ။ ယနေ့အချိန်တွင် ပုဂ္ဂိုလ်တစ်ဦးမဟုတ်သည့် “အစိုးရ၏နာမည်” သို့မဟုတ် အခွင့်အာဏာဖြင့် အရာများစွာ ပြီးမြောက်လျက်ရှိသည်။ အလားတူပင် သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌ နှစ်ခြင်းခံသူတစ်ဦးသည် သန့်ရှင်းသောစွမ်းအားတော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ ယေဟောဝါ၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။ ယင်းနှစ်ခြင်းသည် ဘုရားသခင်၏ရည်ရွယ်ချက်တွင် သန့်ရှင်းသောစွမ်းအားတော် လုပ်ဆောင်သည့်အခန်းကဏ္ဍကို တစ်စုံတစ်ဦး အသိအမှတ်ပြုခြင်းကို ဆိုလိုသည်။

၁၇ သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် သန့်ရှင်းသောစွမ်းအားတော်အကြောင်းကို သိလာသည်မဟုတ်လော။ ဥပမာအနေနှင့် ကျမ်းစာစောင်များသည် သန့်ရှင်းသောစွမ်းအားတော်၏လှုံ့ဆော်မှုဖြင့် ရေးသားထားရာဖြစ်ကြောင်း သင်သိနားလည်လာပေမည်။ (၂ တိ. ၃:၁၆) သင်သည် ကျမ်းစာအသိပညာ တိုးများလာသည်နှင့်အမျှ ‘ကောင်းကင်ဘုံရှိ သင်တို့အဖသည် [သင်အပါအဝင်] တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူမည်’ ဖြစ်ကြောင်း တိုးသိနားလည်လာပါလိမ့်မည်။ (လု. ၁၁:၁၃) သင့်အသက်တာတွင် သန့်ရှင်းသောစွမ်းအားတော် အလုပ်လုပ်ကြောင်း သင်တွေ့မြင်ရပေမည်။ ထိုမျှမက သင်သည် သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းခံတော့မည်ဆိုလျှင် ခမည်းတော်သည် သန့်ရှင်းသောစွမ်းအားတော်ကို ပေးမည်ဟူသည့် ယေရှု၏အာမခံချက်ကြောင့် သင်သည် စွမ်းအားတော်ကိုရရှိလာသည်နှင့်အမျှ ကောင်းချီးများ ပို၍ခံစားရမည်ဖြစ်သည်။

၁၈။ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းခံသူတွေ ဘယ်ကောင်းချီးတွေ ရရှိမလဲ။

၁၈ ယေဟောဝါသည် ခရစ်ယာန်အသင်းတော်ကို မိမိ၏စွမ်းအားတော်ဖြင့် ဦးဆောင်လမ်းပြနေကြောင်းကိုလည်း ယနေ့ အထင်အရှားတွေ့မြင်နိုင်ပါသည်။ ထိုစွမ်းအားတော်သည် ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ကျွန်ုပ်တို့တစ်ဦးချင်းစီကိုလည်း အကူအညီပေးသည်။ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌ နှစ်ခြင်းခံထားခြင်းက ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ယင်း၏အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းနှင့် ထိုစွမ်းအားတော်နှင့် ကျေးဇူးတင်လေးမြတ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ပါဝင်သည်။ သို့သော် ယေဟောဝါအား အပ်နှံမှုနှင့်အညီ ကျွန်ုပ်တို့ မည်သို့နေထိုင်နိုင်ကြောင်းနှင့် သန့်ရှင်းသောစွမ်းအားတော်သည် မည်သို့ ပါဝင်ပတ်သက်ကြောင်းတို့ကို အချို့က သိလိုကြပေမည်။ ယင်းတို့ကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အကျင့်သီလပဓာနဝါဒကို ယုံကြည်သက်ဝင်သူများသည် ဘုရားသခင်တည်ရှိကြောင်းကို ယုံကြည်ကြသော်လည်း ကိုယ်တော်သည် သူ၏ဖန်ဆင်းရာများအပေါ် စိတ်ဝင်စားမှုမရှိဟု ယူဆကြသည်။

^ အပိုဒ်၊ 10 ၁၉၈၁၊ အောက်တိုဘာ ၂၂၊ နိုးလော့! [အင်္ဂလိပ်] စာမျက်နှာ ၃-၈ ကိုကြည့်ပါ။

သင်မှတ်မိသလော

• ခမည်းတော်၏နာမ၌ နှစ်ခြင်းခံခြင်းမှာ ဘယ်အရာ ပါဝင်သလဲ။

• သားတော်၏နာမ၌ နှစ်ခြင်းခံခြင်းဆိုတာ ဘာအဓိပ္ပာယ်ရှိသလဲ။

• ခမည်းတော်နဲ့ သားတော်ရဲ့ နာမမှာ နှစ်ခြင်းခံခြင်းရဲ့ အရေးပါမှုကို သင်တန်ဖိုးထားကြောင်း ဘယ်လိုပြသနိုင်သလဲ။

• သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌နှစ်ခြင်းခံခြင်းက ဘာကိုဆိုလိုသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါပုံစာ]

စီအီး ၃၃ ပင်တေကုတ္တေပွဲပြီးနောက် တပည့်သစ်တွေ ခမည်းတော်နဲ့ ဘယ်ဆက်ဆံရေးရှိခဲ့သလဲ

[Credit Line]

By permission of the Israel Museum, Jerusalem