မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘ၀အခြေအနေများ ပြောင်းလဲသွားလင့်ကစား ဘုရားသခင့်မျက်နှာသာကို ဆက်ရယူပါ

ဘ၀အခြေအနေများ ပြောင်းလဲသွားလင့်ကစား ဘုရားသခင့်မျက်နှာသာကို ဆက်ရယူပါ

ဘ၀အခြေအနေများ ပြောင်းလဲသွားလင့်ကစား ဘုရားသခင့်မျက်နှာသာကို ဆက်ရယူပါ

ဘဝအပြောင်းအလဲများကို သင် ရင်ဆိုင်ကြုံတွေ့နေရပါသလော။ ယင်းအပြောင်းအလဲများကို လက်ခံဖို့ သင် အခက်တွေ့နေပါသလော။ ကျွန်ုပ်တို့အများစုသည် ထိုအခြေအနေများကို ကြုံတွေ့နေရ သို့မဟုတ် ကြုံတွေ့ကောင်း ကြုံတွေ့လာရပေလိမ့်မည်။ အတိတ်က ဘဝဖြစ်ရပ်မှန် နမူနာအချို့က ကျွန်ုပ်တို့အတွက် အသုံးဝင်မည့် အရည်အသွေးကောင်းများကို သိမြင်ရန် ကူညီပေးပါလိမ့်မည်။

ဥပမာ၊ ဒါဝိဒ်နှင့် သူကြုံတွေ့ခဲ့ရသည့် အပြောင်းအလဲများအကြောင်းကို သုံးသပ်ကြည့်ပါ။ ရှမွေလ သူ့ကို မင်းလောင်းအဖြစ် ဘိသိက်ပေးချိန်တွင် သူသည် သာမန်သိုးကျောင်းသားလေး တစ်ဦးမျှသာဖြစ်သည်။ အသက်ငယ်ရွယ်စဉ်အချိန်တွင် သူသည် ဖိလိတ္တိလူမျိုး လူ့ဘီလူးကြီးဂေါလျက်ကို တိုက်ခိုက်ခဲ့သည်။ (၁ ရာ. ၁၇:၂၆-၃၂၊ ၄၂) လူငယ်ဒါဝိဒ်သည် ဘုရင်ရှောလု၏ နန်းတော်တွင် နေထိုင်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး စစ်တပ်၏ ခေါင်းဆောင်အနေဖြင့် ခန့်အပ်ခံခဲ့ရသည်။ ဒါဝိဒ်သည် သူ့ဘဝတွင် ယင်းအပြောင်းအလဲများ ဖြစ်လာမည်ကို တွေးပင်တွေးကြည့်ဖူးမည်မဟုတ်ပေ၊ နောက်ပိုင်းအဖြစ်အပျက်များကိုလည်း မျှော်လင့်ခဲ့မည်မဟုတ်ချေ။

ဒါဝိဒ်နှင့် ရှောလု၏ ဆက်ဆံရေးမှာ အလွန်တင်းမာလာခဲ့သည်။ (၁ ရာ. ၁၈:၈၊ ၉; ၁၉: ၉၊ ၁၀) ဒါဝိဒ်သည် အသက်ဘေးမှလွတ်ရန် ၀ရမ်းပြေးဘ၀ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ သူသည် အစ္စရေးလူမျိုးများကို ဘုရင်အဖြစ်အုပ်ချုပ်နေချိန်တွင်ပင် အခြေအနေများမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့သည်၊ အထူးသဖြင့် သူ့သားအိမ်ရာပြစ်မှားပြီး သူ၏အပြစ်ကို ဖုံးကွယ်ရန် လူသတ်မှုကျူးလွန်ပြီးနောက်တွင်ဖြစ်သည်။ သူကျူးလွန်ခဲ့သော အပြစ်များ၏ ရလဒ်အနေနှင့် သူ့မိသားစုတွင် ဘေးဆိုးများစွာ ကြုံတွေ့ခဲ့ရသည်။ ဥပမာအနေနှင့် သားဖြစ်သူအဗရှလုံသည် သူ့ကိုပုန်ကန်ခဲ့သည်။ (၂ ရာ. ၁၂:၁၀-၁၂; ၁၅:၁-၁၄) သို့တိုင် ဒါဝိဒ်သည် သူကျူးလွန်ခဲ့သော သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် လူ့အသက်သတ်ခြင်းတို့အတွက် နောင်တရသောအခါ ယေဟောဝါသည် သူ့အားခွင့်လွှတ်ခဲ့၍ ဘုရားသခင့်မျက်နှာသာ ပြန်ရရှိခဲ့သည်။

သင့်အခြေအနေများလည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသည်။ ကျန်းမာရေးပြဿနာများ၊ စီးပွားရေးအခက်အခဲများ၊ မိသားစုအခက်အခဲများ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့်ပင် ဘဝတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်သည်။ ယင်းအပြောင်းအလဲများကို ဖြေရှင်းနိုင်ရန် အသင့်ဖြစ်နေစေဖို့ အဘယ်အရည်အသွေးများက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။

နှိမ့်ချမှုက ကူညီပေးနိုင်ပုံ

နှိမ့်ချခြင်းတွင် လက်အောက်ခံတတ်သည့် သဘောထားပါဝင်သည်။ နှိမ့်ချမှုအစစ်အမှန်က မိမိကိုယ်ကိုရော အခြားသူများကိုပါ အရှိအတိုင်း ရှုမြင်စေသည်။ အခြားသူများ၏ အရည်အသွေးများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် သူတို့၏လုပ်ဆောင်ရာများကို ပို၍လေးမြတ်တတ်လာပါလိမ့်မည်။ အလားတူစွာ၊ နှိမ့်ချမှုက အဘယ့်ကြောင့် ထိုအရာများဖြစ်ပျက်ကြောင်းနှင့် မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း သိနားလည်စေသည်။

ရှောလု၏သား ယောနသန်သည် ကောင်းသောပုံသက်သေတင်ပြသူတစ်ဦးဖြစ်သည်။ သူ မထိန်းချုပ်နိုင်သော အဖြစ်အပျက်များကြောင့် သူ့အခြေအနေများ ပြောင်းလဲခဲ့ရသည်။ ရှမွေလက ရှောလုအား ယေဟောဝါသည် နိုင်ငံကို သူ့ထံမှနုတ်ယူမည်ဟုပြောခဲ့သော်လည်း ဘုရင့်အရိုက်အရာကို ဆက်ခံမည့်သူမှာ ယောနသန်ဖြစ်သည်ဟု မပြောခဲ့ချေ။ (၁ ရာ. ၁၅:၂၈; ၁၆:၁၊ ၁၂၊ ၁၃) ဘုရားသခင်သည် ယောနသန်အစား ဒါဝိဒ်အား အစ္စရေးလူမျိုး၏ နောက်တက်လာမည့်ဘုရင်အဖြစ် ရွေးချယ်ခဲ့သည်။ ရှောလု၏မနာခံမှုကြောင့် ယောနသန်အပေါ် တစ်နည်းတစ်ဖုံဖြင့် ဆိုးကျိုးသက်ရောက်ခဲ့သည်။ ရှောလုပြုလုပ်ခဲ့ရာအတွက် ယောနသန်တွင် တာဝန်မရှိသော်လည်း သူ့ခမည်းတော်၏ အရိုက်အရာကို ဆက်ခံနိုင်မည်မဟုတ်ချေ။ (၁ ရာ. ၂၀:၃၀၊ ၃၁) ယောနသန်သည် ထိုအခြေအနေကို မည်သို့တုံ့ပြန်ခဲ့သနည်း။ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အတွက် ဒါဝိဒ်အပေါ် မနာလိုစိတ်ဖြစ်ပေါ်ကာ အငြိုးထားခဲ့ပါသလော။ မထားခဲ့ပါ။ ယောနသန်သည် ပို၍အသက်ကြီးပြီး အတွေ့အကြုံပိုများသော်လည်း ဒါဝိဒ်အား သစ္စာရှိရှိထောက်ခံခဲ့သည်။ (၁ ရာ. ၂၃:၁၆-၁၈) နှိမ့်ချမှုက မည်သူ့အပေါ်တွင် ဘုရားသခင့်ကောင်းချီးရှိနေကြောင်းသိမြင်ရန် သူ့အားထောက်ကူပေးခဲ့ပြီး သူ့ကိုယ်သူ ‘ထင်သင့်သည်ထက် လွန်၍မထင်’ ခဲ့ပေ။ (ရော. ၁၂:၃) ယောနသန်သည် မိမိထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သည်ကို သိနားလည်ခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်၏ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

မှန်ပါသည်၊ အပြောင်းအလဲများစွာက အခက်အခဲအချို့ကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တွင် ယောနသန်သည် သူနှင့်အရင်းနှီးဆုံး လူနှစ်ဦးကြားတွင် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ တစ်ဦးမှာ ယေဟောဝါဘိသိက်ပေးခြင်းခံရသူဖြစ်သည့် သူ၏မိတ်ဆွေဖြစ်သူ မင်းလောင်းဒါဝိဒ်ဖြစ်ပြီး နောက်တစ်ဦးမှာ ယေဟောဝါ ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ဘုရင်အဖြစ် ဆက်လက်အုပ်စိုးနေသေးသည့် သူ၏ဖခင် ရှောလုဖြစ်သည်။ ယောနသန်သည် ယေဟောဝါ၏ မျက်နှာသာတော်ကိုဆက်ရရှိရန် ကြိုးစားနေစဉ် ဤအခြေအနေက သူ့အား စိတ်သောကရောက်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့ ရင်ဆိုင်တွေ့ကြုံနေရသည့် အပြောင်းအလဲများက ကျွန်ုပ်တို့ကို ပူပင်သောကရောက်စေပြီး စိုးရိမ်ထိတ်လန့်စေနိုင်သည်။ သို့သော် ယေဟောဝါ၏ရှုမြင်ပုံကို နားလည်သဘောပေါက်ဖို့ ကြိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့သည် အပြောင်းအလဲများကို ဖြေရှင်းနေစဉ် ကိုယ်တော်အား ဆက်၍သစ္စာရှိရှိ ဝတ်ပြုသွားနိုင်မည်ဖြစ်သည်။

ကျိုးနွံမှု အရေးပါပုံ

ကျိုးနွံမှုဟုဆိုရာတွင် မိမိ၏အကန့်အသတ်ဖြစ်မှုကို အသိအမှတ်ပြုခြင်းပါဝင်သည်။ နှိမ့်ချမှုနှင့် ကျိုးနွံမှုကို မရောထွေးသင့်ပေ။ နှိမ့်ချမှုရှိသူတစ်ဦးသည် သူ၏အကန့်အသတ်ဖြစ်မှုများကို အပြည့်အဝ သတိပြုမိမည်မဟုတ်ပေ။

ဒါဝိဒ်သည် ကျိုးနွံမှုရှိသူတစ်ဦးဖြစ်သည်။ ယေဟောဝါသည် သူ့အား ဘုရင်အဖြစ်ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း နှစ်အတော်ကြာ ထီးနန်းအရိုက်အရာကို မရရှိခဲ့ချေ။ ဤသို့နှောင့်နှေးရသည့် အကြောင်းရင်းကို ယေဟောဝါ ဒါဝိဒ်အားရှင်းပြသည်ဟု သမ္မာကျမ်းစာတွင် မဖော်ပြထားပါ။ သို့သော် ဤအခြေအနေသည် စိတ်ပျက်စရာကောင်းပုံပေါက်သော်လည်း ယင်းကြောင့် သူစိတ်မပူပန်ခဲ့ချေ။ မိမိ၏အကန့်အသတ်ဖြစ်မှုများကို သူသတိပြုမိကာ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်သောယေဟောဝါသည် ဤအခြေအနေကို ခွင့်ပြုထားကြောင်း သူနားလည်ခဲ့သည်။ ထို့ကြောင့် ဒါဝိဒ်သည် မိမိအသက်ဘေးမှ လွတ်မြောက်ဖို့အတွက်ပင် ရှောလုကို မသတ်ခဲ့ပေ။ ထို့ပြင် သူ၏အဖော်အဘိရှဲအား ထိုသို့မပြုလုပ်ရန် တားမြစ်ခဲ့သည်။—၁ ရာ. ၂၆:၆-၉

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ ဒေသခံအသင်းတော်အတွင်းတွင် ကိစ္စရပ်များကို ကျွန်ုပ်တို့နားမလည်သော၊ သို့မဟုတ် ကျွန်ုပ်တို့၏အမြင်တွင် အကောင်းဆုံးနည်း သို့မဟုတ် စနစ်အကျဆုံးနည်းဖြင့် ဖြေရှင်းနေပုံမရသော အခြေအနေတစ်ရပ် ဖြစ်ပေါ်နေပေမည်။ ယေရှုသည် အသင်းတော်၏ဦးခေါင်းဖြစ်ကြောင်းနှင့် ကိုယ်တော်သည် ဦးဆောင်ရန် ခန့်အပ်ထားသော အကြီးအကဲအဖွဲ့မှတစ်ဆင့် လုပ်ဆောင်လျက်ရှိကြောင်းကို ကျွန်ုပ်တို့ကျိုးနွံစွာ အသိအမှတ်ပြုကြမည်လော။ ယေဟောဝါ၏ မျက်နှာသာတော်ကို ဆက်၍ရရှိနိုင်ရန် ယေရှုခရစ်မှတစ်ဆင့် ကိုယ်တော်၏ဦးဆောင်မှုကို စောင့်ဆိုင်းရန်လိုကြောင်း အသိအမှတ်ပြုခြင်းဖြင့် ကျိုးနွံမှုကို ကျွန်ုပ်တို့တင်ပြကြမည်လော။ ထိုသို့ပြုလုပ်ဖို့မလွယ်ကူသည့်တိုင် ကျွန်ုပ်တို့ ကျိုးနွံစွာဖြင့် စောင့်ဆိုင်းကြမည်လော။—သု. ၁၁:၂

နူးညံ့သိမ်မွေ့မှုက အကောင်းမြင်တတ်ရန်ကူညီပေး

နူးညံ့သိမ်မွေ့မှုဟူသည် စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းဖြစ်သည်။ ယင်းက အကျိုးပျက်စေသည့် ထိခိုက်နစ်နာမှုများကို စိတ်ဆိုးခြင်း၊ နာကြည်းခြင်း၊ လက်စားချေတတ်ခြင်းတို့ဖြင့် မတုံ့ပြန်ဘဲ ကျွန်ုပ်တို့အား သည်းခံတတ်စေသည်။ နူးညံ့သိမ်မွေ့ခြင်းသည် ပြုစုပျိုးထောင်ရခက်သော အရည်အသွေးတစ်ခုဖြစ်သည်။ သို့သော် မဿဲ ၅:၅ တွင် ဤသို့ဖော်ပြထားသည်– “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” နူးညံ့သိမ်မွေ့ခြင်းသည် နှိမ့်ချခြင်း၊ ကျိုးနွံခြင်းတို့နှင့် ဆက်စပ်နေရုံမက ကောင်းမြတ်ခြင်း၊ စိတ်နူးညံ့သိမ်မွေ့ခြင်းစသော အခြားအရည်အသွေးများလည်း ပါဝင်သည်။ နူးညံ့သိမ်မွေ့သူတစ်ဦးသည် သွန်သင်ပေးရာများကိုလက်ခံသောကြောင့် ခရစ်ယာန်အရည်အသွေးများ တိုးတက်လာနိုင်သည်။

ဘဝအပြောင်းအလဲများကို ဖြေရှင်းရန် နူးညံ့သိမ်မွေ့ခြင်းက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။ များစွာသောသူတို့သည် အပြောင်းအလဲများကို အဆိုးဘက်မှရှုမြင်တတ်ကြကြောင်း သင်တွေ့ရှိရပေမည်။ အမှန်တွင် ယင်းအပြောင်းအလဲများက ယေဟောဝါ၏ ထပ်ဆင့်လေ့ကျင့်ပေးမှုကို ရရှိစေသည့် အခွင့်အရေးများဖြစ်နိုင်သည်။ မောရှေ၏အသက်တာက ထိုအတိုင်းဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၄၀ အရွယ်၌ မောရှေတွင် အလွန်ကောင်းသောအရည်အသွေးများ ရှိနေပြီဖြစ်သည်။ သူသည် ဘုရားသခင့်လူမျိုးများ၏ လိုအပ်ရာကို အကင်းပါးပါးသိမြင်ခဲ့ပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြခဲ့သည်။ (ဟေဗြဲ ၁၁:၂၄-၂၆) သို့သော် မောရှေသည် အစ္စရေးလူမျိုးများကို အီဂျစ်ပြည်မှ ဦးဆောင်ခေါ်ထုတ်ရသည့် တာဝန်ပေးအပ်မခံရမီတွင် သာ၍နူးညံ့သိမ်မွေ့သူဖြစ်စေသည့် အပြောင်းအလဲများကို သူကြုံတွေ့ခဲ့ရသည်။ သူသည် အီဂျစ်ပြည်မှထွက်ပြေးလွတ်မြောက်ခဲ့ပြီး အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ်မဟုတ်ဘဲ သိုးထိန်းတစ်ဦးအဖြစ် မိဒျန်ပြည်တွင် အနှစ် ၄၀ ကြာ နေထိုင်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ ဤအပြောင်းအလဲက သူ့ကို ပိုကောင်းသောသူတစ်ဦး ဖြစ်စေခဲ့သည်။ (တော. ၁၂:၃) သူသည် သူ၏အလိုဆန္ဒထက် ယေဟောဝါ၏ အလိုတော်ကို ရှေးဦးထားရန် သင်ယူခဲ့သည်။

မောရှေ၏ နူးညံ့သိမ်မွေ့မှုကို သရုပ်ဖော်ရမည်ဆိုလျှင် ယေဟောဝါသည် နာခံမှုကင်းမဲ့သောလူမျိုးကို ငြင်းပယ်ပြီး မောရှေ၏သားစဉ်မြေးဆက်ကို အားကြီးသောလူမျိုးတစ်မျိုးဖြစ်စေမည်ဟု မောရှေအား ပြောခဲ့စဉ်က အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ (တော. ၁၄:၁၁-၂၀) မောရှေသည် ထိုလူမျိုးအတွက် ကြားဝင်တောင်းပန်ပေးခဲ့သည်။ သူ၏စကားများက သူ၏ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဘုရားသခင်၏ ဂုဏ်သတင်းနှင့် သူ၏ညီအစ်ကိုများ ကောင်းစားရေးအတွက် စိုးရိမ်မကင်းဖြစ်ကြောင်းဖော်ပြသည်။ လူမျိုးတစ်မျိုး၏ ခေါင်းဆောင်နှင့် ဖျန်ဖြေသူအဖြစ် မောရှေ၏အခန်းကဏ္ဍတွင် လုပ်ဆောင်သူသည် နူးညံ့သိမ်မွေ့သူ ဖြစ်ဖို့လိုသည်။ မိရိအံနှင့် အာရုန်တို့သည် သူ့အားပြစ်တင်ညည်းညူခဲ့သည်၊ သို့တိုင် ကျမ်းစာမှတ်တမ်းက မောရှေအား “မြေကြီးပေါ်မှာ ရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူအဖြစ် မှတ်တမ်းတင်ထားသည်။ (တော. ၁၂:၁-၃၊ ၉-၁၅) ယင်းက မောရှေသည် သူတို့၏စော်ကားပြောဆိုမှုများကို နူးညံ့သိမ်မွေ့သောသဘောဖြင့် သည်းခံခဲ့ပုံပေါ်သည်။ အကယ်၍ မောရှေသာ နူးညံ့သိမ်မွေ့မှုမတင်ပြခဲ့ပါက မည်ကဲ့သို့ ဖြစ်ခဲ့မည်နည်း။

နောက်ထပ်အခြေအနေတွင် ယေဟောဝါ၏ စွမ်းအားတော်သည် အမျိုးသားအချို့ပေါ်တွင် သက်ရောက်ခဲ့သောကြောင့် ထိုသူတို့သည် ပရောဖက်ပြုနိုင်ခဲ့ကြသည်။ မောရှေ၏လက်ထောက် ယောရှုက ထိုအစ္စရေးလူတို့သည် မလုပ်သင့်ရာကို လုပ်နေကြသည်ဟု ခံစားခဲ့ရ၏။ တစ်ဖက်တွင်မူ မောရှေသည် ကိစ္စရပ်များကို ယေဟောဝါ၏ရှုထောင့်မှ နူးညံ့သိမ်မွေ့စွာ ရှုမြင်ခဲ့ပြီး မိမိ၏အခွင့်အာဏာ ဆုံးရှုံးသွားမည်ကို မစိုးရိမ်ခဲ့ပေ။ (တော. ၁၁:၂၆-၂၉) မောရှေသာ နူးညံ့သိမ်မွေ့သူမဟုတ်ပါက ယေဟောဝါ၏အစီအစဉ်မှ ဤပြောင်းလဲမှုကို လက်ခံခဲ့ပါမည်လော။

နူးညံ့သိမ်မွေ့ခြင်းက မောရှေအား ဘုရားသခင်ပေးအပ်ထားသည့် ကြီးမားသောအခွင့်အာဏာကို တော်မှန်စွာအသုံးပြုရန်နှင့် ဘုရားသခင်ခန့်အပ်ထားသည့်တာဝန်ကို ကောင်းစွာလုပ်ဆောင်ရန် ထောက်ကူပေးခဲ့သည်။ ယေဟောဝါသည် မောရှေအား အစ္စရေးလူတို့ကိုယ်စား ဟောရပ်တောင်ပေါ်တက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဘုရားသခင်သည် မောရှေအား ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် စကားပြောခဲ့ပြီး ပဋိညာဉ်တရား၏ ဖျန်ဖြေသူအဖြစ် သူ့ကိုခန့်အပ်ခဲ့သည်။ မောရှေ၏ နူးညံ့သိမ်မွေ့မှုက အခွင့်အာဏာနှင့်ပတ်သက်၍ ဤကြီးမားသောအပြောင်းအလဲကို လက်ခံစေပြီး ဘုရားသခင်၏ မျက်နှာသာတော်တွင် ဆက်၍တည်နေရန် ထောက်ကူပေးခဲ့သည်။

ကျွန်ုပ်တို့ကော အသို့နည်း။ နူးညံ့သိမ်မွေ့ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၏ တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ ဘုရားသခင့်လူမျိုးအလယ်တွင် အခွင့်အာဏာနှင့် အခွင့်ထူးများ အပ်နှင်းခံထားရသူအားလုံးသည် နူးညံ့သိမ်မွေ့မှုရှိဖို့လိုသည်။ ယင်းက အပြောင်းအလဲများနှင့် တွေ့ကြုံရသောအခါ မာန်မတက်ရန် ကျွန်ုပ်တို့ကို ကာကွယ်ပေးပြီး အခြေအနေများကို သဘာထားမှန်ဖြင့် ကိုင်တွယ်နိုင်ရန် ထောက်ကူပေးသည်။ ကျွန်ုပ်တို့၏တုံ့ပြန်ပုံမှာ အရေးကြီးပါသည်။ အပြောင်းအလဲကို ကျွန်ုပ်တို့ လက်ခံကြမည်လော။ ယင်းကို တိုးတက်စေနိုင်သည့် အခွင့်အရေးတစ်ခုအဖြစ် ယူမှတ်ကြမည်လော။ ယင်းသည် နူးညံ့သိမ်မွေ့မှုကို ပြုစုပျိုးထောင်နိုင်သည့် အခွင့်အရေးကောင်း ဖြစ်ပါလိမ့်မည်။

ကျွန်ုပ်တို့၏ ဘဝတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို အဆက်မပြတ်တွေ့ရှိရပါလိမ့်မည်။ အဘယ်ကြောင့် ထိုအရာများဖြစ်ပျက်ရသည်ကို တစ်ခါတစ်ရံ နားမလည်နိုင် ဖြစ်နေပေမည်။ မိမိကိုယ်တိုင်၏ အကန့်အသတ်ဖြစ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ကိစ္စရပ်များကို ယေဟောဝါ ရှုမြင်သကဲ့သို့ မရှုမြင်နိုင်ဘဲဖြစ်နေပေမည်။ သို့တိုင် နှိမ့်ချမှု၊ ကျိုးနွံမှုနှင့် နူးညံ့သိမ်မွေ့မှုအစရှိသည့် အရည်အသွေးများက အပြောင်းအလဲများကို လက်ခံစေပြီး ဘုရားသခင်၏ မျက်နှာသာတော်တွင် ဆက်၍တည်နိုင်ရန် ကျွန်ုပ်တို့ကို ထောက်ကူပေးပါလိမ့်မည်။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

နှိမ့်ချမှုအစစ်အမှန်က မိမိကိုယ်ကို အရှိအတိုင်းမြင်စေ

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

နူးညံ့သိမ်မွေ့မှုက ကျွန်ုပ်တို့တစ်ဦးစီရဲ့ တိုးတက်မှုအတွက် မရှိမဖြစ်လို

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

မောရှေကို ပိုပြီးနူးညံ့သိမ်မွေ့သူဖြစ်စေတဲ့ အခက်အခဲတွေကို သူကြုံတွေ့ခဲ့ရ