မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

ဘုရားသခင်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

ဘုရားသခင်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

“ခမည်းတော်ကား မည်သူဖြစ်တော်မူသည်ကို သားတော်နှင့် သားတော်ဖော်ပြလိုသူမှတစ်ပါး မည်သူမျှမသိ။”—လုကာ ၁၀:၂၂

ဘုရားသခင့်သားဦးသည် လူသားဘဝမတိုင်မီ နှစ်ပေါင်းများစွာကတည်းက ခမည်းတော်နှင့်ရင်းရင်းနှီးနှီး နေထိုင်ခဲ့သည်။ (ကောလောသဲ ၁:၁၅) ထို့ကြောင့် သားတော်သည် ခမည်းတော်၏ အတွေးအခေါ်၊ ခံစားချက်နှင့် နည်းလမ်းတော်များကို သိရှိလာ၏။ နောက်ပိုင်းတွင် ထိုသားတော်သည် လူသား ယေရှုအနေဖြင့် မြေကြီးပေါ်သို့ ကြွလာသောအခါ ခမည်းတော်နှင့်ပတ်သက်သည့် အမှန်တရားကို စိတ်အားထက်သန်စွာ သွန်သင်ပေးခဲ့သည်။ သားတော် ပြောဆိုခဲ့ရာများကို နားထောင်ခြင်းဖြင့် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ များစွာသိရှိနိုင်ကြပါသည်။

ဘုရားသခင့်နာမတော်။ ယေဟောဝါဟူသော ဘုရားသခင့်နာမတော်သည် ယေရှုအတွက် အရေးကြီးဆုံးအရာဖြစ်၏။ ဘုရားသခင် ချစ်မြတ်နိုးတော်မူသော ထိုသားတော်သည် အခြားသူတို့အားလည်း ခမည်းတော်၏နာမတော်ကို သိရှိပြီး အသုံးပြုစေလိုသည်။ ယေရှုဟူသည့် အမည်ကိုယ်နှိုက်က “ယေဟောဝါသည် ကယ်တင်ခြင်းဖြစ်၏” ဟူသော အဓိပ္ပာယ်ရှိသည်။ ယေရှုသည် မသေဆုံးမီညတွင် ယေဟောဝါဘုရားသခင်ထံ ဆုတောင်း၍ ‘ကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို ကြားသိစေပါပြီ’ ဟုပြောနိုင်ခဲ့သည်။ (ယောဟန် ၁၇:၂၆) ယေရှုသည် ဘုရားသခင့်နာမတော်ကို အသုံးပြုခဲ့ပြီး အခြားသူတို့အားလည်း ထိုနာမတော်ကို ကြားသိစေခြင်းက အံ့ဩစရာမဟုတ်ပေ။ သို့မဟုတ်ပါက ယေရှု၏စကားကို နားထောင်နေသူများသည် ယေဟောဝါဟူသော နာမတော်နှင့် ယင်း၏အဓိပ္ပာယ်ကို မသိရှိဘဲ ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို နားလည်နိုင်ကြမည်မဟုတ်ချေ။ *

ဘုရားသခင်၏ကြီးမြတ်သော မေတ္တာတော်။ တစ်ချိန်တွင် ဘုရားသခင်ထံ ယေရှု ဤသို့ဆုတောင်းခဲ့သည်– ‘အိုအဖ၊ ကိုယ်တော်သည် ဤလောကမတည်မီ ကျွန်ုပ်ကို ချစ်တော်မူ၏။’ (ယောဟန် ၁၇:၂၄) ယေရှုသည် ကောင်းကင်တွင် ဘုရားသခင့်မေတ္တာတော်ကို ခံစားခဲ့ရသဖြင့် မြေကြီးပေါ်ရှိစဉ် ထိုမေတ္တာကို နည်းအမျိုးမျိုးဖြင့် ကောင်းစွာ ဖော်ပြရန် ကြိုးစားခဲ့သည်။

ယေဟောဝါဘုရားသခင်၏ မေတ္တာတော်သည် ကြီးမားကျယ်ပြန့်ကြောင်း ယေရှု ဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာ၀ရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) “လောက” ဟုပြန်ဆိုသော ဂရိစကားလုံးသည် “ကမ္ဘာမြေ” ကိုမဆိုလိုပေ။ ယင်းသည် လူသားအားလုံးကို ရည်ညွှန်း၏။ သစ္စာရှိလူသားများ အပြစ်နှင့်သေခြင်းမှကင်းလွတ်၍ ထာ၀ရအသက်ရရှိနိုင်ရန် မိမိ၏အဖိုးတန်ဆုံး သားတော်ကို စွန့်လွှတ်သည်အထိ ဘုရားသခင့်မေတ္တာတော်သည် ကြီးမားလှ၏။ ဤမျှကြီးမားလှသည့် မေတ္တာတော်၏ အတိမ်အနက်ကို ကျွန်ုပ်တို့ အပြည့်အ၀ နားလည်နိုင်မည်မဟုတ်ပေ။—ရောမ ၈:၃၈၊ ၃၉

စိတ်အချရဆုံး အမှန်တရားတစ်ခုကို ယေရှု ဤသို့ အခိုင်အမာပြောဆိုခဲ့သည်– ယေဟောဝါဘုရားသခင်သည် မိမိအား ကိုးကွယ်သူ တစ်ဦးချင်းစီကို အလွန်ချစ်မြတ်နိုးတော်မူ၏။ ယေဟောဝါသည် သိုးတစ်ကောင်ချင်းစီကို ဂရုစိုက်ပြီး တန်ဖိုးထားသည့် သိုးထိန်းတစ်ဦးနှင့်တူကြောင်း ယေရှု သွန်သင်ခဲ့သည်။ (မဿဲ ၁၈:၁၂-၁၄) ယေဟောဝါဘုရားသခင်မသိဘဲ စာငှက်တစ်ကောင်မျှ မြေပေါ်သို့ မကျနိုင်ကြောင်း၊ “သင်တို့၏ဆံပင်များကိုလည်း အကုန်အစင် ရေတွက်ထား” ကြောင်း ယေရှုမိန့်ဆိုသည်။ (မဿဲ ၁၀:၂၉-၃၁) ငှက်သိုက်တစ်ခုတွင် စာငှက်တစ်ကောင် ပျောက်နေကြောင်းကိုပင် ယေဟောဝါဘုရားသခင် သိမြင်နိုင်သည်ဆိုလျှင် မိမိအား ဝတ်ပြုကိုးကွယ်သူတစ်ဦးချင်းစီကို ကိုယ်တော် ပို၍သိမြင်ပြီး ပို၍ဂရုစိုက်မည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏ဆံပင်ကို ယေဟောဝါ ရေတွက်ထားနိုင်ပြီး သတိပြုမိသည်ဆိုလျှင် ကျွန်ုပ်တို့၏လိုအပ်ရာများ၊ ကြိုးစားရုန်းကန်မှုများနှင့် စိုးရိမ်ပူပန်မှုများအစရှိသော ကျွန်ုပ်တို့၏ဘဝနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ကိုယ်တော်သိနိုင်သည်မဟုတ်ပေလော။

ကောင်းကင်ဘုံရှိ အဖ။ ယေရှုသည် ဘုရားသခင်၏တစ်ပါးတည်းသော သားတော်ဖြစ်ကြောင်း ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့ လေ့လာသိရှိခဲ့ကြသည်။ ထိုချစ်မြတ်နိုးခံရသော သားတော်သည် ယေဟောဝါဘုရားသခင်အား “အဖ” ဟူ၍ မကြာခဏ ခေါ်ဆိုခဲ့ပြီး ကိုယ်တော့်အကြောင်း ပြောဆိုခဲ့သည်ကို မအံ့သြသင့်ချေ။ မှန်ပါသည်၊ ယေရှု အသက် ၁၂ နှစ်အရွယ်သာ ရှိသေးစဉ် ဝတ်ပြုရာအိမ်တော်၌ ဦးဆုံးပြောဆိုခဲ့သည့်စကားများတွင် ယေဟောဝါဘုရားသခင်အား ‘ငါ့အဖ’ ဟူ၍ ခေါ်ဆိုခဲ့သည်။ (လုကာ ၂:၄၉) ခရစ်ဝင်ကျမ်းများတွင် “အဖ” ဟူသောစကားလုံး အကြိမ်ပေါင်း ၁၉၀ နီးပါး ပါရှိသည်။ ယေရှုသည် ယေဟောဝါဘုရားသခင်အား “သင်တို့အဖ၊” “ကျွန်ုပ်တို့အဖ၊” နှင့် “ငါ့ခမည်းတော်” ဟူ၍ အမျိုးမျိုး ခေါ်ဆိုခဲ့၏။ (မဿဲ ၅:၁၆; ၆:၉; ၇:၂၁) ယေရှုသည် ယင်းအသုံးအနှုန်းကို လွတ်လွတ်လပ်လပ် အသုံးပြုခြင်းအားဖြင့် မစုံလင်သော အပြစ်သားများ ယေဟောဝါဘုရားသခင်နှင့် နွေးထွေး၍ ယုံကြည်စိတ်ချမှုရှိသော ဆက်ဆံရေးရနိုင်ကြောင်း ပြောပြခဲ့သည်။

သနားကြင်နာပြီး ခွင့်လွှတ်လိုစိတ်ရှိ။ မစုံလင်သော လူသားများသည် ယေဟောဝါဘုရားသခင်ထံမှ သနားကြင်နာမှု အလွန်လိုအပ်ကြောင်း ယေရှု သိထားသည်။ ယေရှုသည် သားမိုက်ပုံဥပမာတွင် နောင်တရသောသားကို ပွေ့ဖက်ကြိုဆိုလက်ခံသည့် ကရုဏာရှိပြီး ခွင့်လွှတ်တတ်သောဖခင်နှင့် ယေဟောဝါဘုရားသခင်ကို နှိုင်းယှဉ်ထားသည်။ (လုကာ ၁၅:၁၁-၃၂) ယေဟောဝါဘုရားသခင်သည် မိမိဘက်မှ ကရုဏာပြနိုင်ရန် အပြစ်ပြုမိသူဘက်မှ စိတ်သဘောထားပြောင်းလဲမှုကို မျှော်လင့်ကြောင်း ယေရှု၏စကားများက ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။ နောင်တရသူ အပြစ်သားတစ်ဦးကို ယေဟောဝါဘုရားသခင် အလွန်ခွင့်လွှတ်လို၏။ “နောင်တရစရာမလိုသော ဖြောင့်မတ်သူ ကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသော အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ သာ၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်” ဟုယေရှု ရှင်းပြသည်။ (လုကာ ၁၅:၇) ထိုသို့သနားကြင်နာမှုပြသော ဘုရားသခင်ထံ ချဉ်းကပ်ရန် ဆွဲဆောင်မခံရသူ ရှိမည်မဟုတ်။

ဆုတောင်းချက်ကို နားထောင်တော်မူသောအရှင်။ ယေဟောဝါဘုရားသခင်သည် ‘ဆုတောင်းချက်ကို နားထောင်တော်မူသော’ အရှင်ဖြစ်ကြောင်း၊ မိမိအား တည်ကြည်စွာ ကိုးကွယ်သူများ၏ ဆုတောင်းချက်များကို နှစ်သက်တော်မူကြောင်း ယေရှု မြေကြီးပေါ်သို့မကြွလာမီ ကောင်းကင်တွင်ရှိစဉ်ကတည်းက သိရှိခဲ့သည်။ (ဆာလံ ၆၅:၂) ထို့ကြောင့် ယေရှုသည် ဓမ္မအမှုဆောင်စဉ်အတွင်း မိမိစကားကို နားထောင်နေသူများအား ဆုတောင်းနည်းနှင့် ဆုတောင်းရမည့်အချက်များကို သင်ပေးခဲ့သည်။ “စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်” ဟုကိုယ်တော် ဆုံးမ၏။ ဘုရားသခင့်အလိုတော်သည် “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံ” စေရန် ဆုတောင်းကြဖို့ ကိုယ်တော် တိုက်တွန်းခဲ့သည်။ ထို့ပြင် နေ့စဉ် အသက်မွေးလောက်သောအစာရရှိရန်၊ အပြစ်များအတွက် ခွင့်လွှတ်မှုရရန်၊ သွေးဆောင်မှုကို တွန်းလှန်နိုင်ရန် ကျွန်ုပ်တို့ ဆုတောင်းနိုင်ကြသည်။ (မဿဲ ၆:၅-၁၃) ယေဟောဝါဘုရားသခင်သည် မိမိကျေးကျွန်များ၏ ဆုတောင်းချက်များကို ဖခင်တစ်ဦးပမာ တုံ့ပြန်ပြီး ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သည့် သူတို့၏ဆုတောင်းချက်များကို ဖြေကြားတော်မူသည်ဟု ယေရှု သွန်သင်ခဲ့သည်။—မဿဲ ၇:၇-၁၁

ယေဟောဝါဘုရားသခင်သည် မည်သို့သော အရှင်ဖြစ်ကြောင်း၊ ကိုယ်တော်နှင့်ပတ်သက်သော အမှန်တရားမှာ အဘယ်အရာဖြစ်ကြောင်း ယေရှု ကြိုးစားသွန်သင်ပေးခဲ့သည်။ သို့သော် ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ယေရှု အလွန်ဝေမျှလိုခဲ့သောအရာများ ရှိသေးသည်။ ယင်းမှာ ဤကမ္ဘာမြေနှင့် လူသားတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို ပြည့်စုံစေရန် ကမ္ဘာချီပြောင်းလဲမှုများ ပြုလုပ်မည့် နည်းလမ်းတော်များဖြစ်၏။ မှန်ပါသည်၊ အဆိုပါအကြောင်းအရာကို ယေရှု အလေးပေးဟောပြောခဲ့သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 သမ္မာကျမ်းစာ၏ မူရင်းကျမ်းစာသားတွင် ယေဟောဝါဟူသော နာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ခန့် တွေ့ရသည်။ ထိုနာမတော်သည် “ငါဖြစ်စေမည့်အရာကို ငါဖြစ်စေမည်” ဟူသော အဓိပ္ပာယ်နှင့် ဆက်စပ်လျက်ရှိသည်။ (ထွက်မြောက်ရာ ၃:၁၄ကဘ) ဘုရားသခင်သည် မိမိရည်ရွယ်ချက် ဖြစ်မြောက်စေရန် မည်သည့်လိုအပ်ရာကိုမဆို ဖြစ်စေနိုင်၏။ ထို့ကြောင့် ဘုရားသခင်သည် မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ အမြဲမှန်ကန်စေမည်ဖြစ်ကြောင်း၊ မိမိပေးထားသော မည်သည့်ကတိကိုမဆို ပြည့်စုံစေမည်ဖြစ်ကြောင်း ကိုယ်တော့်နာမတော်က အာမခံ၏။