မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ် ကိုယ်တော့်သတင်းစကားက သင့်အတွက် အကျိုးရှိပုံ

ယေရှုခရစ် ကိုယ်တော့်သတင်းစကားက သင့်အတွက် အကျိုးရှိပုံ

ယေရှုခရစ် ကိုယ်တော့်သတင်းစကားက သင့်အတွက် အကျိုးရှိပုံ

“ငါမူကား သိုးတို့ကို အသက်ရစေရန်၊ အသက်တာ ကြွယ်ဝပြည့်စုံစေရန် လာ၏။” —ယောဟန် ၁၀:၁၀

ယေရှုခရစ် ကမ္ဘာပေါ်ကြွလာရသည့် အဓိကရည်ရွယ်ချက်မှာ ရယူရန်မဟုတ်ဘဲ ပေးဆက်ရန်ဖြစ်သည်။ ဓမ္မအမှုဆောင်ခြင်းအားဖြင့် လူသားများအတွက် အဖိုးမဖြတ်နိုင်သော ဆုလက်ဆောင်တစ်ခုကို ကိုယ်တော် ပေးခဲ့သည်။ ၎င်းမှာ ဘုရားသခင်၊ ကိုယ်တော်၏ အလိုတော်တို့နှင့်ပတ်သက်သည့် အမှန်တရားကို ဖော်ပြသော သတင်းစကားဖြစ်သည်။ ထိုသတင်းစကားကို လက်ခံသူများသည် လက်ရှိဘဝတွင် ပိုကောင်းသောအသက်တာဖြင့် နေထိုင်နိုင်ကြသည်။ ယင်းကို သန်းနှင့်ချီသော ခရစ်ယာန်စစ်များက သက်သေထူသည်။ * ယေရှုဟောပြောခဲ့သည့် သတင်းစကား၏ အနှစ်သာရမှာ အကောင်းတကာ့အကောင်းဆုံး လက်ဆောင်ဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့အကျိုးအတွက် ကိုယ်တော်ပေးဆက်ခဲ့သည့် စုံလင်သောအသက်ဖြစ်၏။ လူတို့၏ ထာဝရကောင်းကျိုးသည် ကိုယ်တော့်သတင်းစကား၏ ထိုအရေးကြီးဆုံးအပိုင်းကို တုံ့ပြန်မှုအပေါ် မူတည်သည်။

ဘုရားသခင်နှင့်ခရစ်တော် ပေးဆက်ခဲ့ရာ။ ယေရှုသည် ရန်သူတို့၏လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံရမည်ကို သိတော်မူသည်။ (မဿဲ ၂၀:၁၇-၁၉) သို့တိုင် လူသိများသော ဤစကားကို ကိုယ်တော်မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ထို့ပြင် ယေရှုက “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူ” သည်ဟုလည်း မိန့်ဆို၏။ (မဿဲ ၂၀:၂၈) မိမိအသက်ကို ကာကွယ်မည့်အစား စွန့်မည်ဟု အဘယ်ကြောင့် ကိုယ်တော်မိန့်ဆိုခဲ့သနည်း။

တုနှိုင်းမမီသော မေတ္တာ၏လှုံ့ဆော်မှုကြောင့် ဘုရားသခင်သည် လူသားတို့ အမွေရထားသော အပြစ်၊ ၎င်း၏အကျိုးဆက်များဖြစ်သော မစုံလင်မှုနှင့် သေခြင်းတို့မှ ကယ်နုတ်ရန် ပြင်ဆင်ပေးခဲ့သည်။ တစ်ပါးတည်းသောသားတော်ကို ကမ္ဘာပေါ် စေလွှတ်၍ ပူဇော်ရာယဇ်အနေနှင့် သေဆုံးစေခြင်းဖြင့် ထိုသို့ပြင်ဆင်ပေးခဲ့သည်။ ယေရှုလည်း ကျွန်ုပ်တို့အကျိုးအတွက် စုံလင်သောလူ့အသက်ကို စိတ်လိုကိုယ်လျောက် ပေးဆက်ခဲ့သည်။ ထိုပြင်ဆင်ပေးချက်ကို ရွေးနုတ်ဖိုးဟုခေါ်ပြီး ယင်းသည် လူသားတို့ကို ဘုရားသခင်ပေးသော အကြီးမားဆုံးလက်ဆောင်ဖြစ်သည်။ * ထိုလက်ဆောင်သည် ထာဝရအသက်ရရှိစေနိုင်၏။

သင်လုပ်ဆောင်ရမည့်အရာ။ ရွေးနုတ်ဖိုးသည် သင့်အတွက် ဆုလက်ဆောင်တစ်ခု ဖြစ်သလော။ ယင်းသည် သင့်အပေါ် မူတည်သည်။ ဥပမာ၊ လူတစ်ဦးသည် သင့်ကိုပေးဖို့ လက်ဆောင်တစ်ထုပ် ကိုင်ထားသည်ကို မြင်ယောင်ကြည့်ပါ။ ထိုလက်ဆောင်ကို သင်လှမ်းမယူမချင်း သင်ပိုင်ဆိုင်မည်မဟုတ်ချေ။ ထိုနည်းတူ ယေဟောဝါဘုရားသခင်သည် ရွေးနုတ်ဖိုးကို သင့်အား ကမ်းလှမ်းထားသော်လည်း အဆိုပါလက်ဆောင်ကို သင်လှမ်းမယူလျှင် သင်ပိုင်ဆိုင်မည် မဟုတ်ချေ။ ထိုလက်ဆောင်ကို သင်မည်သို့ လှမ်းယူနိုင်သနည်း။

ယေရှုက မိမိကို “ယုံကြည်ကြောင်း တင်ပြသူ” တို့သည် ထာဝရအသက် ရရှိမည်ဟု မိန့်ဆိုခဲ့၏။ ယုံကြည်ခြင်းသည် သင့်အသက်ရှင်နေထိုင်ပုံနှင့် ဆက်စပ်လျက်ရှိသည်။ (ယာကုပ် ၂:၂၆) ယေရှုကို ယုံကြည်ကြောင်း တင်ပြခြင်းဟူသည် ယေရှုပြောဆို လုပ်ကိုင်ရာများအတိုင်း ပြုမူနေထိုင်ခြင်းကို ဆိုလိုသည်။ သင် ထိုသို့ပြုမူနေထိုင်နိုင်ရန် ယေရှုနှင့် ခမည်းတော်ကို ကောင်းစွာသိကျွမ်းရမည်။ “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” ဟု ယေရှုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၇:၃

လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်တွင် ယေရှုခရစ်သည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူတို့၏အသက်တာကို ပြောင်းလဲစေခဲ့သည့် သတင်းစကားကို ဟောပြောခဲ့သည်။ ထိုသတင်းတရားအကြောင်း၊ သင်နှင့် သင်ချစ်မြတ်နိုးရသူများသည် ယခုတွင်သာမက ထာဝစဉ်အတွက်ပါ ထိုသတင်းတရားမှ အကျိုးရရှိနိုင်ပုံတို့ကို ပိုမိုသိလိုပါသလော။ ယေဟောဝါသက်သေများသည် သင့်ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မည်။

သင့်အသက်တာကို ထာဝစဉ်ပြောင်းလဲစေနိုင်သည့် သတင်းစကားကို ဟောပြောခဲ့သော ယေရှုခရစ်နှင့် ပိုမိုသိကျွမ်းနိုင်ရန် နောက်ဆောင်းပါးများက သင့်ကို ကူညီပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ခရစ်ယာန်ဟုဆိုသူတိုင်း ခရစ်တော်၏ နောက်လိုက်စစ်များ မဖြစ်နိုင်။ ယေရှု၏နောက်လိုက်စစ်များသည် ဘုရားသခင်နှင့် ကိုယ်တော့်အလိုတော်အကြောင်း ယေရှုသင်ပေးသည့် အမှန်တရားများနှင့်အညီ အသက်ရှင်နေထိုင်ကြသူများဖြစ်သည်။—မဿဲ ၇:၂၁-၂၃

^ အပိုဒ်၊ 5 ရွေးနုတ်ဖိုးနှင့်စပ်လျဉ်း၍ ကျမ်းစာသွန်သင်ချက်ကို ပိုမိုသိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၅“ရွေးနုတ်ဖိုး—ဘုရားသခင်ထံမှ အကြီးမြတ်ဆုံးဆုကျေးဇူး” ကိုကြည့်ပါ။